← Chapters

အခန်း (၆၅၇-၆၅၈)

Vol. 36 Ch. 657-658

အခန်း (၆၅၇-၆၅၈)

Vol. 36 Ch. 657-658

အပိုင်း (၆၅၇ ) ကျုပ်ရဲ့ ဧကရာဇ်ဖခင် …။

နေ့စဉ်နေ့တိုင်း အချိန်များကို ပေါ့ပေါ့ဆဆ ဖြတ်သန်းနေရသဖြင့် အချိန်များမှာ အလွန်တရာ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။ သတ်မှတ်ထားသော အလုပ်ဆင်းရမည့် အချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း ဖန်ကျန်းရီသည် တတ်နိုင်သမျှ အချိန်ဆွဲနေခဲ့၏။

ဥက္ကဋ္ဌကြီး၏ သမီးကို လက်ထပ်ပြီးပြီဖြစ်ရာ ရာထူးတက်ရန်လည်း မလိုတော့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် အလုပ်သွားလုပ်ရန် အတင်းအကျပ် ကြိုးစားနေမည်ဆိုလျှင် အရူးတစ်ယောက်နှင့် ဘာကွာတော့မည်နည်း။ အလုပ်မသွားဘဲ နေနိုင်သမျှ နေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ အားလပ်ရက် တစ်ရက် ပိုရခြင်းက အမြဲတမ်း ကောင်းမွန်သောအရာပင် မဟုတ်ပါလား။ အိမ်ကနေ အလုပ်လုပ်ရခြင်းကလည်း အဆင်ပြေသည်ပင်။

ထိုသို့ အချိန်ဆွဲနေရင်း ကျင်းဘုရင်မင်းမြတ်မှာ သည်းမခံနိုင်တော့ဘဲ သူ့ကို ခေါ်ယူတွေ့ဆုံသည့် အချိန်သို့ ရောက်လာခဲ့သည်။ နောက်ဆုံးတွင် ဖန်ကျန်းရီသည် မင်းသမီးအိမ်တော်မှ မလိုလားစွာဖြင့် ထွက်ခွာခဲ့ပြီး နန်းတော်တွင်းသို့ ဝင်ရောက်ကာ တွေ့ဆုံရန် ပြင်ဆင်ခဲ့ရတော့သည်။

နံနက်ခင်း ညီလာခံ အချိန်မှာမူ လွန်သွားခဲ့ပြီ ဖြစ်၏။ ယခုအချိန်တွင် ကျင်းဘုရင်မင်းမြတ်သည် အပူပေးဆောင် တွင် နိုင်ငံရေးကိစ္စများကို ဆွေးနွေးနေပြီး ဝန်ကြီးသုံးလေးဦးခန့်ကလည်း သူ့ဘေးတွင် ဝိုင်းရံထိုင်ကာ သက်သောင့်သက်သာဖြင့် စကားပြောဆိုနေကြသည်။

ဖန်ကျန်းရီ ရောက်လာသောအခါ ကျင်းဘုရင်မင်းမြတ်က ချက်ချင်းပင် ပြုံး၍ ပြောလိုက်၏။ "ကိုယ်တော်ရဲ့ သမက်တော်လေး ရောက်လာပြီပဲ။ ကိုယ်တော်သာ မခေါ်ဘူးဆိုရင် မင်း နောက်ထပ် နှစ်လလောက် ဆက်ပြီး အချိန်ဆွဲနေအုံးမလို့လား။"

နှစ်လ ဆက်ဆွဲမှာလား ... နှစ်နှစ်တောင် ဆွဲချင်ပါသေးတယ်။ အိမ်မှာ အေးအေးဆေးဆေး နေရတာ အရမ်းကို ဇိမ်ကျနေပြီလေ ... အဝတ်အစားတွေ လဲဝတ်ပြီး စမ်းသပ်ရတာကိုက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ။

ဖန်ကျန်းရီသည် အနေရခက်စွာ ပြုံးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ။ မင်္ဂလာကိစ္စတွေနဲ့ ရှုပ်နေလို့ တစ်ခဏလောက် တာဝန်မဲ့သွားခဲ့တာပါ။"

ကျင်းဘုရင်မင်းမြတ်က လုံးဝ ဂရုမစိုက်ဘဲ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "လူတွေ ... နေရာချပေးလိုက်။"

ဖန်ကျန်းရီ ထိုင်လိုက်သောအခါ ကျင်းဘုရင်မင်းမြတ်က ဆက်ပြော၏။ "အခုတော့ တစ်မိသားစုတည်း ဖြစ်သွားကြပြီပဲ။ ဒီနေ့ကလည်း သီးသန့် တွေ့ဆုံတာဖြစ်လို့ စည်းကမ်းတွေ အများကြီး ထားစရာ မလိုပါဘူး။"

ဟုတ်တယ်လေ ... တစ်မိသားစုတည်း ဖြစ်သွားပြီပဲ။

ဖန်ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်နှာမှာ တဖြည်းဖြည်း နီရဲလာခဲ့သည်။ သူ၏ ခေါင်းတစ်ခုလုံး ကြီးလာသကဲ့သို့ ခံစားရပြီးနောက် နောက်ဆုံးတွင် လည်ချောင်းထဲမှ စကားတစ်ခွန်းကို အတင်း ညှစ်ထုတ်လိုက်၏။

"ဖေဖေ ..."

"……"

အပူပေးဆောင်အတွင်းရှိ လေထုမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အမိုးပေါ်တွင် မည်းမှောင်နေသော တိမ်တိုက်ကြီး တစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း …. ။

ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျင်းဘုရင်မင်းမြတ်၊ ကော်ထျန်းယန်နှင့် နန်းတွင်းအမတ်များ အားလုံး အံ့အားသင့်ကာ ထိတ်လန့်သွားကြ၏။ လူတိုင်းက ဖန်ကျန်းရီကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြ၏။

ကော်ထျန်းယန်သည်လည်း သူ့ကို အထင်ကြီးလေးစားသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။ မင်းကတော့ တကယ့်ကို အမြင့်ဆုံး ရောက်သွားပြီပဲ။

အထူးသဖြင့် ကျင်းဘုရင်မင်းမြတ်မှာ အထိတ်တလန့် ဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များပင် ထောင်မတ်သွားကာ ဦးရေပြားများ ထုံကျင်သွားသည်အထိ ခံစားလိုက်ရသည်။ အသက်တစ်ဝက်ခန့် နေလာခဲ့သော်လည်း သူ့ကို ဖေဖေဟု ခေါ်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။ လီယွမ်ကျောက်ပင်လျှင် ဤသို့ တစ်ခါမှ မခေါ်ခဲ့ဖူးဘဲ ခမည်းတော်ဟုသာ ခေါ်လေ့ရှိသည်။

သမီးဖြစ်သူကို လက်ထပ်ပေးလိုက်ရပြီဖြစ်ရာ ဖန်ကျန်းရီ ဤသို့ ခေါ်ဆိုခြင်းမှာ သဘာဝကျသော်လည်း ဖေဖေ ဟူသော အခေါ်အဝေါ်မှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု ခံစားရသည်။ ဖန်ကျန်းရီသည် မည်သည့်စကားမှ မပြောဘဲ အရူးတစ်ယောက်လိုသာ ပြုံးနေခဲ့၏။

နောက်ဆုံးတွင် ကော်ထျန်းယန်မှာ သည်းမခံနိုင်တော့ဘဲ သတိပေးလိုက်သည်။ "အမတ်မင်းဖန် ... ခမည်းတော်လို့ ခေါ်မှ မှန်မှာပါ။"

ကျင်းဘုရင်မင်းမြတ်က လက်ကာပြလိုက်ပြီး ပြော၏။ "ဟမ်း ဟမ်း ... အဆင်ပြေပါတယ်။ ကိုယ်တော်က စည်းကမ်းတွေ မလိုဘူးလို့ ပြောထားပြီးပြီပဲ။ နောက်ပိုင်း ကျန်းရီ နားလည်သွားရင် အဆင်ပြေသွားမှာပါ။"

ကျန်းရီ ... လား။

ဖန်ကျန်းရီမှာလည်း နှုတ်ခမ်းထောင့်များ အနေရခက်သွားပြန်သည်။

"အဟမ်း ... အာ ... ခမည်းတော် ... သားတော်က ဓလေ့ထုံးတမ်းတွေကို သေချာ မလေ့လာခဲ့ရလို့ အရှက်ကွဲရတာပါ။"

ထိုသို့ ပြောပြီးနောက် အပူပေးဆောင်အတွင်း ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

ကျင်းဘုရင်မင်းမြတ်နှင့် ဖန်ကျန်းရီတို့သည် တစ်ယောက်ကိုတစ်ယောက် ပြူးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေကြပြီး မည်သူကမှ စကားမပြောကြသလို မည်သို့ ပြောရမည်ကိုလည်း မသိကြချေ။ ယခင်က ဆွေးနွေးနေခဲ့သော အကြောင်းအရာများမှာလည်း ချက်ချင်း ပြတ်တောက်သွားခဲ့ပြီး ပြန်လည် ဆက်စပ်၍ မရနိုင်တော့ပေ။ အခြားသော အမတ်များမှာလည်း စကားစပြောရန် အကြောင်းပြချက် မရှိတော့ချေ။

ကျိန်စာသင့်နေတဲ့ လေထုကြီး။

ဖန်ကျန်းရီသည် သူ၏ ပေါင်ကို သူကိုယ်တိုင် တိတ်တဆိတ် ဆိတ်ဆွဲလိုက်မိသည်။ သောက်ကျိုးနည်း ... ယောက္ခထီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ အချိန်မှာပဲ ဒီလို အခြေအနေမျိုး ဖြစ်လာရတာလား။ ဘာလို့ လက်ထပ်ပြီးသွားတာတောင် လေထုက ပိုပြီး တင်းမာလာရတာလဲ။

တိတ်ဆိတ်မှုက ဆက်လက် လွှမ်းမိုးနေဆဲပင်။

နောက်ဆုံးတွင် ဖန်ကျန်းရီမှာ တောင့်မခံနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ကိုယ်တိုင် ဖြိုခွင်းလိုက်ရသည်။ "အရှင်မင်းကြီး ... ဒီနေ့ ကျွန်တော်မျိုးကို ခေါ်ယူတွေ့ဆုံတာ ဘာအရေးကြီး ကိစ္စများ ရှိလို့ပါလဲ။"

ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သွားကြ၏။

အဆင်ပြေသွားပြီ ... အဆင်ပြေသွားပြီ။ နောက်ဆုံးတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပြီပဲ။ ဒီလို စကားပြောရတာကမှ ပိုပြီး အဆင်ပြေတယ်။ မင်းသမီးရဲ့ ခင်ပွန်းတွေ အများကြီး ရှိတဲ့အထဲမှာ ဘာဖြစ်လို့ ဖန်ကျန်းရီ တစ်ယောက်တည်းကမှ စကားပြောရတာ ဒီလောက်တောင် အနေရခက်နေရတာလဲ။

အမတ်များ စဉ်းစားနေစဉ် ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "ဒီနေ့ ကိုယ်တော် မင်းကို ခေါ်လိုက်တာက ကစားဖို့ချည်းပဲ အချိန်ဖြုန်းမနေဖို့ သတိပေးချင်လို့ပါ။ မင်းက တခြားလူတွေနဲ့ မတူဘူး ... မင်းသမီးရဲ့ ခင်ပွန်းဖြစ်ပေမဲ့ အရာရှိ ရာထူးကလည်း ရှိနေသေးတယ်လေ။ ဒါကြောင့် ပိုပြီး ကြိုးစားအားထုတ်သင့်တယ်။ မင်း ကိုယ်တိုင် နန်းတော်ထဲကို ဝင်လာပြီး လာတွေ့မယ်လို့ ထင်ထားတာ ... ဘယ်သူက သိမှာလဲ ... ဟမ့်။"

ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး အရှက်ရမိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်က လက်ကာပြလိုက်ပြီး ပြောသည်။ "ဒီကိစ္စကို ထားလိုက်ပါတော့။ မနက်ဖြန်ကစပြီး အရင်အတိုင်း ပုံမှန် ပြန်လုပ်ကြတာပေါ့။ ဒါနဲ့ ဒီနေ့ မင်းကို ခေါ်လိုက်ရတဲ့ တကယ့် အကြောင်းရင်းက နောက်တစ်ကိစ္စ ရှိသေးတယ်။ တောက်ယွမ်ခရိုင်က လူတွေ မြို့တော်မှာ ဆေးခန်းဖွင့်တဲ့ ကိစ္စကို မင်း သိလား။"

ဖန်ကျန်းရီက ဖြေကြားလိုက်၏။ "ကျွန်တော်မျိုး သိပါတယ်။ မြို့တော်ထဲမှာ ဆေးခန်းဖွင့်ပြီး ပင်နီဆီလင်ကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် စီစဉ်ခိုင်းထားတာ ကျွန်တော်မျိုးပါ။ ဒါက တစ်ပြိုင်နက်တည်းမှာပဲ ရောဂါရာဇဝင်တွေကို စုဆောင်းပြီး နည်းပညာကို မြှင့်တင်ဖို့၊ နောက်ပြီး ပြည်သူတွေကို အကျိုးပြုဖို့အတွက် ရည်ရွယ်တာပါ။ ဘာပြဿနာများ ရှိလို့ပါလဲ။"

ဆေးခန်းကိစ္စကို ယခင်က အမဲလိုက်ပွဲတွင် ဝမ်မုန်နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ အချိန်အတော်ကြာသွားပြီဖြစ်ရာ ဆေးခန်းဖွင့်လှစ်ပြီးလောက်ပြီဟု ထင်မှတ်ကာ သူလည်း အသေးစိတ် ထပ်မမေးတော့ချေ။ နောက်ပိုင်းတွင် ရှောင်ထောင်နှင့် အောက်ချန်တို့က ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ရာ ဤအတောအတွင်း အသေးအဖွဲ ကိစ္စရပ်များကို သူမသိခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ကျင်းဘုရင်မင်းမြတ်က ခေါင်းခါလျက် ပြောလိုက်၏။ "ဒီကိစ္စက တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ဆေးခန်းက ပင်နီဆီလင်ကို သုံးပြီး လူသတ်မိသွားတယ်။ မနေ့က မြို့တော်ထဲမှာ တော်တော်လေး ဆူပူသွားပြီး ဂယက်ရိုက်သွားတယ်။"

ဖန်ကျန်းရီ၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့၏။ လက်နက်ကိုင် ပဋိပက္ခများများ ဖြစ်သွားတာလား။

ဆေးခန်းက လူသတ်မိသွားသည်ဆိုခြင်းမှာ မဆန်းကျယ်လှပေ။ လောကရှိ မည်သည့် ဆေးခန်းမဆို လူသတ်မိနိုင်ခြေ ရှိသည်။ လူနာတိုင်းကို ရာခိုင်နှုန်းပြည့် ကုသပေးနိုင်ရမည်ဟု မိမိလူများကိုလည်း မတောင်းဆိုနိုင်ချေ။ ၎င်းမှာ လက်တွေ့မကျသောအရာပင် ဖြစ်သည်။ ပင်နီဆီလင် ထုတ်လုပ်မှုမှာ ကန့်သတ်ချက်များ ရှိပြီး ထိန်းသိမ်းရန်လည်း ခက်ခဲလှရာ ကုသပေးနိုင်သူများမှာ အသက်အန္တရာယ် ရှိသော လူနာများသာ ဖြစ်သင့်သည်။

အမှန်တကယ်တော့ လူသေဆုံးသွားလျှင်ပင် ပြဿနာကြီးကြီးမားမား ဖြစ်မလာသင့်ပေ။ ခရိုင်ထဲမှ လူတွေ၏ အလုပ်လုပ်ပုံကို သူ ကောင်းကောင်း သိထားပြီး ဖြစ်သည်။ ပေးသင့်ပေးထိုက်သော လျော်ကြေးများကို အပြည့်အဝ ပေးလောက်၏။

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပင်နီဆီလင်က ဘယ်လိုလုပ်ပြီး လူသေစေနိုင်ရတာလဲ။"

ဓာတ်မတည့်တာလား ... ဒါမှမဟုတ် တခြား အခြေအနေတွေလား။

သတင်းအချက်အလက် နည်းပါးလွန်းသဖြင့် ဖန်ကျန်းရီလည်း သေချာ မသိနိုင်ချေ။ ထို့ကြောင့် မျက်မှောင်ကုတ်ကာ ပြန်ဖြေလိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ လောကကြီးမှာ ပြီးပြည့်စုံတဲ့ အရာဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ကောင်းတဲ့ ဆေးဖြစ်ဖြစ်၊ လူနာနဲ့ မကိုက်ညီတာမျိုး ကြုံရတတ်ပါတယ်။ ပင်နီဆီလင်က အသုံးဝင်တဲ့ နေရာတွေ များပေမဲ့ လူတစ်စုအတွက်တော့ စိန်စားရသလိုပဲ အဆိပ်ဖြစ်နိုင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် နားလည်သွားသော အမူအရာ ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။ "အဓိက ပြဿနာက အဲဒီမှာ မဟုတ်ဘူး။ မင်းတို့ အသစ်ဖွင့်တဲ့ ဆေးခန်းက သမားတော်သစ်ဆိုပြီး ပြည်သူတွေကြားမှာ အကြီးအကျယ် ကြော်ငြာနေတာက ပြဿနာပဲ။ ကြော်ငြာတာက ထားပါတော့ ... တခြား သမားတော်တွေကိုပါ လိုက်နှိမ့်ချနေတော့ လူအများကြီးက မကျေမနပ် ဖြစ်ကုန်ကြတာပေါ့။

အရပ်ထဲက သမားတော်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဘိုးဘေးအဖွဲ့ဆိုတာ ရှိတယ်။ မြို့တော်ထဲက သမားတော် တစ်ဝက်လောက်က အဲဒီအဖွဲ့ထဲမှာ ပါတယ်။ မြို့တော်စောင့်တပ်က သတင်းပို့လာတာကတော့ အဲဒီ ဘိုးဘေးအဖွဲ့က ဒီအခွင့်အရေးကို ယူပြီး ပြဿနာရှာနေတာတဲ့။ အရပ်ထဲက သမားတော် အများအပြားက အဲဒီ သမားတော်သစ်ဆိုတာကို မကျေနပ်ကြတာ ကြာပြီ။ ဆေးခန်းတော်တော်များများကလည်း အဲဒီကိစ္စကြောင့် ဆိုင်ပိတ်ပြီး မင်းတို့ ဆေးခန်းကို သွားဝိုင်းထားကြတယ်။ ပြီးတော့ ရှင်းလင်းချက် တောင်းနေကြတယ်။"

"ဟင် ... ဒီလိုကိစ္စမျိုး ဖြစ်သွားတာလား။ အဲဒါ လူဆိုးတွေ လုပ်ရပ်ပဲ မဟုတ်လား။ မြို့တော်စောင့်တပ်က လူလွှတ်ပြီး သူတို့ အကုန်လုံးကို ဖမ်းမဆီးဘူးလား။" ဖန်ကျန်းရီက မကျေမနပ်ဖြင့် ပြောလိုက်၏။

ဝမ်မုန်ဆိုတဲ့ကောင် သွားပြီး ရန်စမိပြန်ပြီ ထင်တယ်။ ကိုယ့်လူတွေက စကား နှစ်ခွန်းသုံးခွန်းလောက် ပြောတာ ဘာဖြစ်လို့လဲ ... အသားမှ မပဲ့သွားတာကို ဘာလို့ ပြဿနာ လာရှာနေကြတာလဲ။

ကျင်းဘုရင်မင်းမြတ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြော၏။ "ကိစ္စတိုင်းကို အင်အားသုံးပြီး ဖြေရှင်းလို့ ရတယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ ရောဂါကုသပြီး လူ့အသက် ကယ်တင်တယ်ဆိုတာက ပြည်သူတွေရဲ့ အရေးကြီးတဲ့ ကိစ္စရပ် တစ်ခုပဲ။ ဒီကိစ္စက ပိုပိုပြီး ကြီးလာနေပြီ ... အပြစ်ကင်းတဲ့ ပြည်သူ ဘယ်လောက်တောင် ဒီအထဲမှာ ပါသွားပြီလဲ ဆိုတာ မသိနိုင်ဘူး။ ဘိုးဘေးအဖွဲ့နဲ့ ဆေးခန်းသစ်ကြားက ပဋိပက္ခကို တစ်ခဏလောက် တားထားလို့ ရပေမဲ့ တစ်သက်လုံး တားထားလို့ မရဘူးလေ။ နောက်ပြီး နန်းတော်ကလည်း ဘက်လိုက်ပြီး ကူညီလို့ မရဘူး။"

"ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ အောက်က လူတွေမှာ အပြစ်မရှိဘူးလို့ ထင်ပါတယ်။ ဘိုးဘေးအဖွဲ့က အိမ်ရှေ့လာပြီး ပြဿနာရှာတာကမှ ဥပဒေကို ချိုးဖောက်တာပါ။" ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။

"ကိုယ်တော် သိပါတယ်။ ပင်နီဆီလင်က ပစ္စည်းကောင်း တစ်ခုဆိုတာကိုလည်း ကိုယ်တော် သိတယ်။ ဒါပေမဲ့ ပြဿနာရှာတဲ့ သမားတော်တွေ အကုန်လုံးကို ကိုယ်တော် ဖမ်းချုပ်ထားလိုက်မယ်ဆိုရင် မြို့တော်ထဲက ပြည်သူတွေကို ကုသပေးဖို့ မင်းတို့ရဲ့ ဆေးခန်းသစ် တစ်ခုတည်းကိုပဲ အားကိုးလို့ ရမှာလား။ တခြား သမားတော်တွေကိုလည်း အားကိုးရအုံးမှာပဲလေ။ ဒီနေ့ မင်းကို ခေါ်လိုက်တာက ဒီကိစ္စကို ဖြေရှင်းဖို့ သွားခိုင်းမလို့ပဲ။ ဝမ်မုန်က လူရည်ချွန် တစ်ယောက်ဆိုပေမဲ့ စရိုက်က နည်းနည်း ကြမ်းတယ်။ ပြဿနာတွေ ထပ်မဖြစ်အောင် သူ့ကို အပြင်မှာ လျှောက်မအော်ဖို့ ပြောလိုက်ပါ။ ဒီကိစ္စမှာ မင်း ဝင်ပြောလို့ ရတာမို့ အမြန်ဆုံး ဖြေရှင်းလိုက်ပါ။ အရပ်ထဲမှာ ပဋိပက္ခတွေ အများကြီး မဖြစ်စေနဲ့တော့။"

အပိုင်း (၆၅၈) ဘိုးဘေးအသင်း။

နွေးထွေးသော အခန်းဆောင်ထဲမှ ထွက်လာပြီးနောက် ဖန်ကျန်းရီ ခေါင်းအနည်းငယ် ကိုက်သွားမိသည်။ နောက်ဆက်တွဲကိစ္စများမှာ အိမ်တွင်းရေး စကားစမြည်ပြောဆိုခြင်းများသာ ဖြစ်၍ အလွန်ပေါ့ပါးလွယ်ကူလှ၏။

သို့သော်ငြား ခရိုင်ထဲတွင် ဆေးခန်းတစ်ခုဖွင့်ပြီး ပင်နီဆီလင် သီးသန့် ထုတ်လုပ်ရုံမျှဖြင့် သူတစ်ပါးနှင့် မည်သို့ ပြဿနာတက်နိုင်မည်နည်း။ ဘိုးဘေးအသင်းသည် မြို့တော်ရှိ သမားတော်တစ်ဝက်ခန့်ကို လွှမ်းမိုးထားရာ ဝမ်မုန်၏ ပြဿနာရှာနိုင်စွမ်းက ဤမျှတိုင် ကြီးမားနေသည်လား။ အမှန်တကယ်ပင် စဉ်းစား၍မရနိုင်ပေ။

စဉ်းစား၍ မရနိုင်သောကြောင့် ဖန်ကျန်းရီ ဆက်၍မတွေးတော့ဘဲ သမားတော်ကြီးများရုံးတော်သို့ တိုက်ရိုက် သွားရောက်လိုက်သည်။ ဘိုးဘေးအသင်းကဲ့သို့ ဩဇာကြီးမားသော အဖွဲ့အစည်းအကြောင်းကို သမားတော်ကြီးများ ရုံးတော်က မလွဲမသွေ သိရှိထားမည်မှာ သေချာ၏။

သမားတော်ကြီးများရုံးတော်အတွင်းသို့ ရောက်ရှိသွားချိန်တွင် သူနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်သည့် သမားတော်ဟူနှင့် အတိအကျ ဆုံတွေ့လိုက်ရသည်။

ထိုအချိန်၌ သမားတော်ဟူသည် ဆေးကျမ်းတစ်အုပ်ကို လှန်လှောဖတ်ရှုရင်း လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်သုံးနေလေသည်။ ပါးစပ်မှလည်း မည်သည့်ဆေးနည်းဂါထာကို ရွတ်ဆိုနေသည်မသိ တစ်ခါတစ်ရံတွင် ခေါင်းကို ဟိုဒီယမ်းလျက်ရှိ၏။ ဖန်ကျန်းရီ ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်း လန့်ဖြန့်သွားပြီး မတ်တတ်ရပ်ကာ အရိုအသေပေး၍ ပြောလိုက်သည် "ဖန်သခင်လေးကို ဂါရဝပြုပါတယ်”

ဖန်ကျန်းရီက ခေါင်းအနည်းငယ် ညိတ်ပြ၍ ပြောလိုက်၏။ "အနှောင့်အယှက်ပေးမိပြီ သမားတော်ဟူ ကျုပ် ဒီနေ့ လာခဲ့တာ မေးစရာကိစ္စလေးရှိလို့ပါ ခင်ဗျား ဘိုးဘေးအသင်းဆိုတာကို ကြားဖူးသလား။"

သမားတော်ဟူက တံတွေးတစ်ချက် မြိုချလိုက်ပြီး တိုးတိတ်သောအသံဖြင့် ပြောလိုက်သည်။ "ကြား... ကြားဖူးပါတယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "ခင်ဗျား သူတို့နဲ့ အဆက်အသွယ်ရှိလား။"

သမားတော်ဟူသည် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသည့်အလား ပထမတွင် ခေါင်းညိတ်ပြပြီးနောက် ချက်ချင်းပင် ခေါင်းကို အပြင်းအထန် ခါယမ်း၍ ပြောလိုက်သည်။ "မရှိပါဘူး .. အဆက်အသွယ် မရှိပါဘူး”

အင်း... ဒီအဘိုးကြီးရဲ့ တုံ့ပြန်ပုံက ဘာလို့ ဒီလောက်တောင် သံသယဖြစ်စရာကောင်းနေရတာလဲ။

ဖန်ကျန်းရီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "တကယ်ပဲ ပတ်သက်မှုရှိသလား မရှိဘူးလား”

သမားတော်ဟူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "အဟမ်း... အာ... သခင်လေးဖန် ပတ်သက်မှုရှိတယ် ပြောရင်လည်း ရှိတယ်လို့ ဆိုရမှာပဲ ၊ မရှိဘူးပြောရင်လည်း...”

ဖန်ကျန်းရီက ဖြတ်၍ ပြောလိုက်၏။ "လိုရင်းကိုပဲ ပြောစမ်းပါ။ ခင်ဗျားက ဘာလို့ ဒီလောက်တောင် အချိန်ဆွဲနေရတာလဲ။”

သမားတော်ဟူက အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီး၍ ပြောလိုက်သည်။ "ရုံးပိတ်ရက်တွေဆိုရင် ပြည်သူတွေက ကျုပ်တို့ သမားတော်ကြီးများရုံးတော်က လူတွေကို လာရောက် လမ်းညွှန်ပြသပေးဖို့ ဖိတ်ကြားတတ်ကြပါတယ်။ မြို့တော်ထဲမှာ ဆေးကုသနေတဲ့ သမားတော်တွေဆိုရင် အခြေခံအားဖြင့် ဘိုးဘေးအသင်းဆိုတဲ့ လမ်းကြောင်းကို မဖြတ်သန်းရတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ တင်းတင်းကျပ်ကျပ် ပြောရမယ်ဆိုရင်တော့ ကျုပ်လည်း ဘိုးဘေးအသင်းထဲကို ဝင်ရောက်ထားတာမျိုး မရှိတဲ့အတွက် ပတ်သက်မှု မရှိပါဘူး”

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒီလိုကိုး ဘိုးဘေးအသင်းက ဒီလောက်တောင် အစွမ်းထက်နေရအောင် အတိအကျ ဘာတွေများ လုပ်တာလဲ။”

သမားတော်ဟူက ခေါင်းငုံ့ကာ နဖူးပေါ်မှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်၏။ "တကယ်တော့ လုပ်ငန်းတူသူတွေ စုစည်းထားကြတာပါပဲ။ ပုံမှန်အားဖြင့်တော့ ပညာရပ်တွေကို အပြန်အလှန် ဖလှယ်ကြတယ် အတွေ့အကြုံတွေကို ဆွေးနွေးကြတယ်။ အချိန်ကြာလာတော့ အားလုံးကလည်း ဒီလိုအဖွဲ့အစည်းတစ်ခု ရှိနေတာကို လက်ခံလိုက်ကြတာပေါ့။ ပြင်ပလူတွေက မြို့တော်ထဲကို ဝင်ရောက်ပြီး ဆေးကုသချင်တယ်ဆိုရင် ဘိုးဘေးအသင်းကို အရင်ဆုံး အသိပေးရတယ်။ ဒီလောက်ပါပဲ”

ဒါက သမဂ္ဂတစ်ခုလို ဖြစ်မနေဘူးလား။ အတားအဆီးတစ်ခု ဖန်တီးပြီး ပြင်ပလူတွေကို သီးသန့် အခက်တွေ့အောင် လုပ်နေတာပဲ။ ဒီခွေးကောင်တွေက ငါ့အပေါ်ကိုတောင် အနိုင်ကျင့်ဖို့ ကြိုးစားနေကြတာလား။

ဖန်ကျန်းရီက မျက်လုံးတစ်ချက် လှန်ကာ ပြောလိုက်သည်။ "ခင်ဗျားက... ဘိုးဘေးအသင်းထဲမှာ စကားပြောခွင့်ရတဲ့သူလား”

သမားတော်ဟူက အနေခက်စွာ ပြုံး၍ ပြောလိုက်၏။ "ပြောခွင့်ရတယ်လို့ မဆိုနိုင်ပါဘူး ကျုပ်ကလည်း အဲဒီအထဲကလူမှ မဟုတ်တာ ပုံမှန်ဆိုရင် ဆေးပညာကိုပဲ လေ့လာနေရတော့ သွားရတာ နည်းပါတယ် .. သွားရတာ နည်းပါတယ်”

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါဆိုလည်း ထားလိုက်ပါတော့ .. ကျေးဇူးပါပဲ .. ကျုပ် အရင်သွားနှင့်တော့မယ်။”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် စတင်ကာ လှည့်ထွက်သွားသည်။ ဖန်ကျန်းရီ ထွက်ခွာသွားသည်ကို လိုက်ကြည့်ရင်း သမားတော်ဟူသည် ဟာလာဟင်းလင်းဖြစ်နေသော တံခါးပေါက်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

ဒီကပ်ဆိုးကောင်ကြီး... ထပ်မလာပါစေနဲ့တော့ သူ့ကိုတွေ့လိုက်ရရင် ကောင်းတဲ့ကိစ္စဆိုတာ မရှိဘူး။

သမားတော်ကြီးများရုံးတော်မှ ထွက်ခွာလာပြီးနောက် ဖန်ကျန်းရီသည် ကျန်းပြောင်ကို ခေါ်ကာ ဆေးခန်းဆီသို့ မရပ်မနား အမြန်နှင်လာခဲ့သည်။ အသစ်ဖွင့်လှစ်ထားသော ဆေးခန်းနှင့် ပတ်သက်၍ သူ သိပ်ပြီး ဝင်မစွက်ဖက်ခဲ့သော်လည်း ရှောင်ထောင်ထံမှ စကားစအချို့ကိုတော့ အတော်များများ ကြားသိခဲ့ရ၏။ ထို့ကြောင့် ယေဘုယျ တည်နေရာကိုတော့ သူ သိရှိထားသည်။

တောက်ယွမ်ခရိုင်သည် မိမိလူများကို အမြဲတစေ အထူးအခွင့်အရေး ပေးလေ့ရှိပြီး ပင်နီဆီလင်နှင့် ပတ်သက်သည့် ကိစ္စရပ်များဆိုလျှင် ပို၍ပင် အရေးကြီးသေးသည်။ ဝမ်မုန်အတွက် ခွင့်ပြုပေးလိုက်သော ငွေကြေးပမာဏမှာလည်း မနည်းလှပေ။ ရွေးချယ်ထားသော တည်နေရာမှာ တောက်ယွမ်မှ လူများ အများစု စုဝေးနေထိုင်သည့် ပန်းရှန်းရပ်ကွက်တွင် မဟုတ်ချေ။ ထိုအစား မြို့လယ်နှင့် နီးကပ်နေသော ရွှေလိုတန်ဖိုးရှိသည့် အချက်အချာ ကျသော နေရာကို ရွေးချယ်ထားခြင်း ဖြစ်၏။

ဖောက်သည်များ လာရောက်ရန် အဆင်ပြေစေပြီး လူနာများများ လက်ခံနိုင်လေ နောက်ပိုင်း သုတေသန ပြုလုပ်ရန် ပို၍လွယ်ကူလေ ဖြစ်သည်။

ဖန်ကျန်းရီသည် ဆေးခန်းအပြင်ဘက်သို့ မြင်းအမြန်နှင်၍ ရောက်ရှိလာချိန်တွင် တံခါးဝ၌ ပွဲကြည့်နေသော ပြည်သူအများအပြား ဝိုင်းအုံနေကြပြီး အလယ်ဗဟိုတွင် လူအချို့ အငြင်းပွားနေကြပုံရ၏။

ဆေးခန်းအထက်တွင် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားပြီး တောက်ယွမ်ဆေးခန်း ဟူသော စာလုံးလေးလုံးကို ရေးသားထားသည်။

ကျန်းပြောင်က လူအုပ်ကြီးကို တွန်းဖယ်ပေးလိုက်ရာ ဖန်ကျန်းရီလည်း သူ့နောက်မှ ကပ်လျက် လူအုပ်ထဲသို့ တိုးဝင်သွားသည်။ ထိုအခါ ပင်မတံခါးပေါက်၌ မတ်တတ်ရပ်နေသော ဝမ်မုန်ကို တွေ့လိုက်ရပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအို လေးငါးယောက်ခန့်မှာ မုတ်ဆိတ်မွေးများ ထောင်လာသည်အထိ မျက်လုံးပြူးမျက်ဆံပြူးဖြင့် စကားပြောဆိုနေကြသည်။ သူတို့၏ အရှေ့တွင်လည်း အလောင်းတစ်လောင်းကို ချထား၏။

"ခင်ဗျားတို့ တောက်ယွမ်ဆေးခန်းက လူ့အသက်ကို မြက်ပင်လေးလို သဘောထားပြီး မတရားသတ်ဖြတ်နေတာပဲ ရှင်းပြချက်တစ်ခုမှ မပေးတော့ဘူးလား အခုလို အခြေအနေရောက်နေပြီဆိုတော့ ဆိုင်ကို ချက်ချင်းပိတ်ပြီး ကျုပ်တို့နဲ့အတူ ရုံးတော်ကို လိုက်ခဲ့ဖို့ မစဉ်းစားဘူးလား"

"သေဆုံးသွားတဲ့သူရဲ့ အလောင်းကို ဒီမှာချထားတာ တစ်ညလုံး ရှိနေပြီ .. ဝမ်မုန် ခင်ဗျား အပြစ် ဝန်မခံသေးဘူးလား"

"ဘိုးဘေးအသင်းရဲ့ ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးခန်းဖွင့်တာ ဒါက ပြည်သူတွေကို ဒုက္ခပေးတာပဲ။ ခင်ဗျားတို့ လက်ထဲမှာ လူ့အသက်ဘယ်လောက်တောင် စတေးခံရအုံးမှာလဲ။"

ဝမ်မုန်၏ ဘေးတွင်ရှိနေသော လက်ထောက်ဖြစ်သူမှာ လည်ချောင်းများပင် ကွဲအက်နေပြီဖြစ်သော်လည်း ဆက်တိုက်ဆိုသလို ချေပပြောဆိုနေဆဲ ဖြစ်သည်။ သူက အော်ဟစ်၍ ပြောလိုက်သည်။ "အဲဒီလူနာက အရင်တည်းက ရောဂါကျွမ်းနေပြီလေ။ ဆက်ပြီး တောင့်ခံထားနိုင်စွမ်း မရှိတော့တာကို ကျုပ်တို့က တမင်သတ်သတ် သတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ ကျုပ်တို့ဘက်က သေဆုံးသူရဲ့ မိသားစုဝင်တွေကို နစ်နာကြေးပေးပြီးသွားပြီပဲ။ ခင်ဗျားတို့ရဲ့ ဆေးခန်းတွေမှာရော လူမသေဖူးဘူးလား … ခင်ဗျားတို့က မရှိတဲ့အပြစ်ကို အတင်းလုပ်ကြံဖန်တီးနေကြတာပဲ။”

ဖန်ကျန်းရီသည် လူအုပ်ထဲတွင် ရပ်နေရင်း မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်မိ၏။

ကြည့်ရသည်မှာ ဤအခြေအနေက အချိန်အတန်ကြာ ဖြစ်ပွားနေခဲ့ပုံရ၏။ ဤအဘိုးကြီးအုပ်စုမှာ အတွေ့အကြုံ ရင့်ကျက်လှသော သမားတော်ကြီးများ ဖြစ်ကြပါလျက်နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို အောက်ချကာ ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်နေကြသည်မှာ အမှန်တကယ်ပင် နားလည်ရခက်လှသည်။

ငြင်းခုံမှုများ ဆက်လက်ဖြစ်ပွားနေဆဲတွင် ဖန်ကျန်းရီသည် လူအုပ်ကို ကျော်ဖြတ်ကာ ဝင်လာခဲ့သည်။ သူက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။ "တော်ကြတော့”

ထိုသို့ အော်ဟစ်ပြီးနောက် ပွဲကြည့်နေသော ပြည်သူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ ဝမ်မုန်၏ အရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားကာ မေးလိုက်သည်။ "ဘာအခြေအနေလဲ ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးကျယ်သွားရတာလဲ”

အမြဲတစေ တည်ငြိမ်နေတတ်သော ဝမ်မုန်သည် ဖန်ကျန်းရီကို မြင်လိုက်ရသည့် ခဏ၌ပင် သူ၏ တစ်ကိုယ်လုံးရှိ အကြောအခြင်များ ပြေလျော့သွားသည်။ ဤလူများကို အရေးမစိုက်လှသော်လည်း အလှည့်ကျစနစ်ဖြင့် ဆက်တိုက်ဆိုသလို အဆုံးအစမရှိ အော်ဟစ်ဆဲဆိုနေကြသည်ကိုတော့ အမှန်တကယ်ပင် ခုခံနိုင်စွမ်း မရှိတော့ချေ။ ယခုတော့ ကယ်တင်ရှင် ရောက်လာခဲ့ပြီဟု ဆိုရမည်။

ဝမ်မုန်က ရှင်းပြလိုက်၏။ "သခင်လေး … သခင်လေး မသိတာတွေ ရှိပါသေးတယ်။ ကျုပ်တို့ရဲ့ ဆေးခန်းက လူနာကို ကုသရင်း သေဆုံးသွားစေခဲ့တာတော့ မှန်ပါတယ်။ အဲဒီလူနာက တကယ်ကို အားနည်းနေခဲ့တာပါ။ ဒီကို ပို့လာတုန်းက သက်တမ်းကုန်တော့မဲ့ အနေအထားဖြစ်နေပြီ။ ဒါတွေအကုန်လုံးက ပုံမှန် အခြေအနေတွေပါပဲ။ ပေးသင့်ပေးထိုက်တဲ့ လျော်ကြေးကိုလည်း ပေးပြီးသွားပါပြီ။ ဒါပေမဲ့ ဒီလူတွေက အလျှော့မပေးဘဲ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ငွေနဲ့ပေါက်ပြီး ကျုပ်တို့ကို ပြဿနာလာရှာဖို့ အလောင်းကို ထမ်းလာကြတာပါ။ သူတို့ လာရတဲ့ အကြောင်းရင်းက ကျုပ်တို့ရဲ့ ဆေးခန်းကို ပိတ်ပစ်စေချင်လို့ပါပဲ”

သမားတော်များကိုယ်တိုင် ဦးဆောင်ပြီး ဆေးခန်းကို ပြဿနာရှာနေကြတာပဲ။ စိတ်ဝင်စားစရာကောင်းသား။

ဖန်ကျန်းရီက ရယ်မော၍ ပြောလိုက်သည်။ "ကျုပ်က ခင်ဗျား ဆေးခန်းကနေ ငွေရှာပေးမယ့်အချိန်ကို စောင့်နေတာလေ။ ဆိုင်ဖွင့်တာ ဘယ်လောက်မှတောင် မကြာသေးဘူး ခင်ဗျားက ဖြေရှင်းလို့ မရတော့ဘူးလား”

ဝမ်မုန်၏ တောင့်တင်းနေသော မျက်နှာပေါ်တွင် အနေခက်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး သူက ချေပ၍ ပြောလိုက်၏။ "ပညာရပ်တစ်ခုစီမှာ သူ့အထူးပြုနဲ့သူ ရှိတာဆိုတော့... ကြည့်ရတာ ဆေးခန်းကို စီမံခန့်ခွဲဖို့ စီးပွားရေးသမားတစ်ယောက် ရှာသင့်တယ်နဲ့တူတယ်”

ဖန်ကျန်းရီက မေးလိုက်သည်။ "သူတို့က ဘာလို့ ကျုပ်တို့ရဲ့ ဆေးခန်းကို ပိတ်ခိုင်းချင်ရတာလဲ။”

ဝမ်မုန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျုပ်တို့က သူတို့ရဲ့ စီးပွားရေးကို လုယူလိုက်မိလို့များလား မသိဘူး။ တောက်ယွမ်ဆေးခန်း ဖွင့်ပြီးတည်းက ပင်နီဆီလင်ကိုပဲ သုံးပြီး ရောဂါကုသခဲ့တာပါ။ ပြီးတော့ ရောဂါရာဇဝင်တွေကို မှတ်တမ်းတင်ပြီး အချက်အလက်တွေ စုဆောင်းနေတာလေ။

ရောဂါကုသတဲ့ နည်းလမ်းကလည်း ဈေးကွက်ထဲမှာရှိနေတဲ့ ဟာတွေနဲ့ လုံးဝ ကွာခြားနေတယ်။ အဲဒါကြောင့် စပ်စုချင်တဲ့သူတွေက ကျုပ်တို့ကို ဆေးပညာသစ်လို့ ခေါ်ကြပြီး မူလသမားတော်တွေကိုတော့ ဆေးပညာဟောင်း လို့ ခေါ်ကြတယ်။ ကျုပ်လည်း နားထောင်လို့ကောင်းတာနဲ့ ဒီလိုပဲ ခေါ်လိုက်တာပါပဲ။

ဆေးခန်းရဲ့ နာမည်က အရမ်းမြန်မြန် ကြီးထွားလာတယ်။ ကုလို့မရတဲ့ ရောဂါတွေကိုလည်း အများကြီး ကုသပေးနိုင်ခဲ့တယ်။ နေ့စဉ်နဲ့အမျှ ဒီကိုလာတဲ့ လူနာတွေကိုတောင် ကုလို့မကုန်နိုင်ဘူး။ ပင်နီဆီလင်နဲ့ ကုလို့ရတဲ့ လူနာတွေကိုတော့ ကျုပ် တတ်နိုင်သလောက် လက်ခံပေးခဲ့တယ်။

အချိန်ကြာလာတော့ ပြည်သူတွေက ဆေးပညာဟောင်းက ဆေးပညာသစ်ကို မမီဘူးလို့ ထင်လာကြပြီး သူတို့ရဲ့ စီးပွားရေးတွေလည်း ထိခိုက်လာတာပေါ့။ နောက်တော့ ဘိုးဘေးအသင်းက လူတွေရောက်လာပြီး ဆေးပညာ သဘောတရားတွေကို ဆွေးနွေးဖို့ ကျုပ်ကို ဖိတ်ခေါ်ခဲ့တယ်။ ကျုပ် သွားတဲ့အခါ သူတို့က ကျုပ်ကို မိစ္ဆာအယူဝါဒတွေ ဖြန့်ဝေနေတယ်လို့ တိုက်ရိုက် စွပ်စွဲကြတယ်။ ကျုပ်ကလည်း အရှုံးမပေးနိုင်တာနဲ့ ပြန်ပြီး ဆဲဆိုလိုက်တာပေါ့။ နောက်ပိုင်းတော့ သဘောထားမတိုက်ဆိုင်ဘဲ လမ်းခွဲခဲ့ကြတယ်။ အဲဒီတည်းက ပြဿနာတွေက အမြဲလိုလို ဖြစ်နေတာပဲ။”

ဖန်ကျန်းရီသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ခေတ္တမျှ ဆွံ့အသွားသည်။

ဆေးပညာသဘောတရား အငြင်းပွားမှုလား။ မဖြစ်နိုင်ဘူး။ တာ့ကျင်းမှာ ဒီလိုကိစ္စမျိုးက ပြဿနာကြီးဖြစ်လာနိုင်သေးတာလား။

All Chapters