← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 36 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 36 Ch. 661-662

အပိုင်း (၆၆၁) လမ်းကြောင်းရွေးချယ်ခြင်း။

ထိုသူ သေဆုံးသွားခဲ့သည်။

ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ မိခင်ပင် ဖြစ်၏။

ဖန်ကျန်းရီသည် ကျရှုံးရမည်ကို တစ်ခါမှ မကြောက်ရွံ့ခဲ့ဖူးချေ။ တောက်ယွမ်ခရိုင်ရှိ သုတေသနဌာန အသီးသီး တည်ထောင်ခြင်းမှာ အစမှအဆုံး သူကိုယ်တိုင် ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်မှ ဘွဲ့ရပြီး အလုပ်ခွင်သို့ ဝင်ရောက်လာသော နှစ်အနည်းငယ်အတွင်း ဆရာများ သင်ကြားပေးခဲ့သော အရာများမှာ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

အင်တာနက် ဝတ္ထုများထဲမှ သင်ယူခဲ့ရသော အရာများက ကျောင်းတွင် သင်ခဲ့ရသည်ထက် ပို၍ မှတ်မိလွယ်ပြီး ပို၍လည်း များပြားလှသည်။

တောက်ယွမ်ခရိုင်သည် ယနေ့ကဲ့သို့ ကြီးမားသော အောင်မြင်မှုများ ရရှိလာခြင်းမှာ ခရိုင်အတွင်းရှိ လူအများ စည်းလုံးညီညွတ်စွာ ကြိုးပမ်းခဲ့ကြခြင်းကြောင့် ဖြစ်ပေသည်။ ဤကာလအတွင်း ရေတွက်၍ မရနိုင်သော ကျရှုံးမှုများကို သေချာပေါက် ဖြတ်သန်းခဲ့ရမည်သာ ဖြစ်၏။

ဝမ်မုန်သည်လည်း ဤသို့ပင် ဖြတ်သန်းလာခဲ့သူ ဖြစ်သည်။ စိတ်ဓာတ်များကို ပြန်လည် စုစည်းကာ အတွေ့အကြုံများကို အကျဉ်းချုံး မှတ်တမ်းတင်ပြီးနောက် ထပ်မံ၍ ခွဲစိတ်မှု စတင်ခဲ့သည်။

ဤဒုတိယအကြိမ် ခွဲစိတ်မှုတွင်မူ အနည်းငယ် ပြုပြင်ပြောင်းလဲမှု လုပ်ထားပြီး သီးသန့် ချုပ်လုပ်ထားသော သိုးရေ လက်အိတ်တစ်စုံကို လဲလှယ် ဝတ်ဆင်ထားခဲ့၏။

ဂရုတစိုက် ပိုးသတ်ပြီးနောက် ထပ်မံ စတင်တော့သည်။

ဒုတိယအကြိမ် တိုးတက်မှု အခြေအနေမှာလည်း အလွန် ချောမွေ့လှသည်။ လူနာ သတိရလာပြီးနောက်တွင်လည်း အစားအသောက်များ မကျွေးရဲသဖြင့် သကြားရည်နှင့် အသားပြုတ်ရည် အနည်းငယ်ကိုသာ တိုက်ကျွေးခဲ့၏။

သို့ပေမည့် ထိုသူသည်လည်း နှစ်ရက်ခန့် တောင့်ခံပြီးနောက် ဤလှပသော ကမ္ဘာကြီးကို အပြီးတိုင် စွန့်ခွာသွားခဲ့ပြန်၏။

ဝမ်မုန်၏ မျက်နှာမှာ တည်ငြိမ်နေခဲ့ပြီး ခန္ဓာဗေဒ ဆက်လက် လေ့လာကာ အကျဉ်းချုံး မှတ်တမ်းတင်လျက် နောက်ထပ် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေတော့သည်။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးသည် ဤရက်ပိုင်းအတွင်း ဆေးခန်း၌ မကြာခဏ အချိန်ဖြုန်း နေခဲ့ကြ၏။

သူတို့နှစ်ဦးသည် တတိယအကြိမ် ခွဲစိတ်မှုကို ကြည့်ရှုပြီးနောက် လမ်းဘေးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ရှာကာ ဒုတိယထပ်တွင် ထိုင်လျက် အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေကြသည်။

ဖန်ကျန်းရီ၏ စိတ်အခြေအနေမှာ ပေါ့ပါးနေသည်။ သူတို့ဘက်မှ မကုသနိုင်ပါက တစ်ဖက်လူတွင်လည်း ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းခန့် ကုသနိုင်မည့် နည်းလမ်း မရှိကြောင်း သိထားသောကြောင့် ဖြစ်၏။

မိမိတို့ဘက်က လူနာကို ခေတ်မီ အာဟာရ ဖြည့်တင်းမှုများပါ ပေးထားသေးရာ အချိန်ဆွဲထားမည်ဆိုလျှင် တစ်ဖက်လူ သေချာပေါက် သေဆုံးသွားမည်သာ ဖြစ်သည်။ သူတို့တွင် အချိန်များစွာ ရှိသည်။

သို့သော်ငြား လီယွမ်ကျောက်မှာ အနည်းငယ် စိတ်ပျက်အားငယ်နေဟန် ရှိပြီး ညှိုးငယ်စွာဖြင့် ပြောလိုက်၏။ "ဖန်ကြီး ... ခင်ဗျား တွေးထားတာများ မှားနေသလား။ ဒီနည်းလမ်းက လုံးဝ အဆင်မပြေဘူး ထင်တယ်။ ကျုပ် ဒီရက်ပိုင်း တွေးလေလေ အကြောင်းပြချက် မရှိဘူးလို့ ခံစားရလေလေပဲ။ အဲဒါက ဗိုက်ကို ခွဲထုတ်ရတာလေ ... အတွင်းကလီစာတွေ အကုန်လုံး အပြင်ကို ထွက်လာတာ။ စစ်မြေပြင်မှာတောင် ဒီလို အခြေအနေမျိုးနဲ့ အသက်ရှင်လာတဲ့သူ မကြားဖူးဘူး။"

ဖန်ကျန်းရီသည် လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ပြီး ပြုံးလျက် ဖြေကြားလိုက်၏။ "လောကကြီးမှာ ချက်ချင်းလက်ငင်း အောင်မြင်သွားတဲ့ ကိစ္စမျိုး ဘယ်မှာရှိလို့လဲ။ ကျုပ်တို့ လုပ်ရမယ့်အရာက သမိုင်းတွင်မဲ့ ကြီးမြတ်တဲ့ အလုပ်ကြီးပဲ။ ဒီရက်ပိုင်းလောက် အချိန်ပေးရတာ ဘာများ အရေးကြီးလို့လဲ။ အကယ်၍ သုံးနှစ် ငါးနှစ်လောက် အချိန်ယူရမယ် ဆိုရင်တောင်မှ ကျုပ် အရာအားလုံးကို စတေးပြီး ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပါတယ်။"

လီယွမ်ကျောက်သည် ခေါင်းမော့လာပြီး သူ၏ ယုံကြည်မှု အပြည့်ရှိနေသော အမူအရာကို မြင်သောအခါ ပခုံးတွန့်ပြလိုက်သည်။ "ကောင်းပြီ ... ခင်ဗျား ပြောတာ မှန်တယ်လို့ သတ်မှတ်လိုက်မယ်။ နိုင်သွားရင်ရော ... အကယ်၍ ဝမ်မုန်သာ ဘိုးဘေးအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သွားရင် တခြား သမားတော်တွေ အကုန်လုံးကို သမားတော်သစ် အယူအဆတွေ သင်ယူခိုင်းမလို့လား။"

ဖန်ကျန်းရီက ခေါင်းခါလျက် ပြောလိုက်၏။ "ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့။ သမားတော်သစ်က အများကြီး လိုပါသေးတယ်။"

လီယွမ်ကျောက်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဟင် ... မဟုတ်သေးပါဘူး။ ခင်ဗျားရဲ့ သဘောအရဆိုရင် သမားတော်သစ်က ရှေးဟောင်း သမားတော်တွေထက် အများကြီး သာလွန်တယ် မဟုတ်လား။ ပြည်သူတွေအတွက် အရေးတကြီး လုပ်ရမှာက သူတို့ကို အရင်ဆုံး အစားထိုးပစ်ဖို့ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "အရှင်မင်းသား ... အခုမှ မွေးကာစ ကလေးလေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ သမားတော်သစ်ဆိုတာ ပင်နီဆီလင်ကို အားကိုးပြီးမှ စျေးကွက်ထဲမှာ နေရာတစ်နေရာ ရလာတာပါ။ အဲဒီ လက်နက် တစ်ခုတည်းကို အားကိုးပြီး သမားတော်လောကရဲ့ အဓိက ကျောရိုး ဖြစ်ချင်တယ်ဆိုတာက အများကြီး လိုပါသေးတယ်။

ဆေးပညာ လမ်းကြောင်းဆိုတာ သူ့အားသာချက်၊ အားနည်းချက်နဲ့သူ ရှိကြတာပါပဲ။ အခု ရှေးဟောင်း သမားတော်တွေကလည်း နှစ်ထောင်ပေါင်းများစွာ အတွေ့အကြုံတွေကို အကျဉ်းချုံးထားတဲ့ ရလဒ်တွေပါ။ အဲဒီအထဲမှာ ရောဂါကုသနိုင်တဲ့ ဆေးညွှန်းကောင်းတွေ၊ နည်းလမ်းကောင်းတွေ အများကြီး ရှိနေမှာ သေချာတယ်။

ဒါကြောင့် ရေတိုမှာ ကြည့်မယ်ဆိုရင် နှစ်ခုစလုံးကို ပေါင်းစပ်ပြီး အချင်းချင်း ဖြည့်ဆည်းပေးရမှာပါ။ အခု လက်ရှိ တကယ့် အရည်အချင်းရှိတဲ့ သူတွေကို အများကြီး အားပေးကူညီရမယ်။ သမားတော်သစ် ပညာရပ် ရင့်ကျက်လာတဲ့ အချိန်ကျမှ အစားထိုးလိုက်ရင် မနှောင်းသေးပါဘူး။"

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်၏။ "နှစ်ခုစလုံးက အချင်းချင်း ဖြည့်ဆည်းပေးရမယ် ဆိုမှတော့ နောင်ကျရင် ဘာလို့ တစ်လမ်းတည်းကို ရွေးပြီး အစားထိုးရတော့မှာလဲ။ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာက ပိုကောင်းတာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက လေးနက်စွာဖြင့် ပြောလိုက်သည်။ "မကောင်းပါဘူး။ အရှင်မင်းသား ... ကျုပ်တို့ စဉ်းစားရမှာက ဆေးပညာ ပြဿနာ မဟုတ်ဘူး။ ငွေကို ဘယ်လို သုံးရမလဲဆိုတဲ့ ပြဿနာပါ။

လောကကြီးမှာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေက ရေတွက်လို့ မရအောင် များပြားတယ်။ ဒါပေမဲ့ ကျုပ်တို့က အထိရောက်ဆုံး နည်းလမ်း တစ်ခုတည်းကိုပဲ ရွေးချယ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ငွေဆိုတာ လေတိုက်လို့ ပါလာတာမှ မဟုတ်တာ။

ထိရောက်မှု နည်းတဲ့ နည်းလမ်းတွေက ထိရောက်မှု မြင့်တဲ့ နည်းလမ်းတွေရဲ့ ဖယ်ရှားခံရမှုကို သေချာပေါက် ကြုံရမှာပဲ။ လက်ရှိ ရှေးဟောင်း သမားတော်တွေမှာ တကယ်တော့ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ရှေးလူဟောင်းတွေက အသုံးဝင်တဲ့ ဆေးညွှန်း အများအပြားကို မှတ်တမ်းတင်ထားခဲ့ပေမဲ့ နှစ်ထောင်ပေါင်းများစွာ ကြာပြီး လူအများကြီးရဲ့ လက်ကို ဖြတ်သန်းလာရတော့ အခုအချိန်မှာ အမှားအမှန် ခွဲခြားဖို့ အရမ်းကို ခက်ခဲနေပါပြီ။

ဒုတိယအချက်က ဆေးပညာ အယူအဆတွေထဲမှာ မှန်းဆ တွေးတောထားတာတွေ၊ ဒဏ္ဍာရီတွေ အရမ်း များလွန်းနေတယ်။ တာအိုဘုန်းကြီးတွေ၊ နတ်ဝင်သည်တွေက ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို သမားတော်အဖြစ် ပြောင်းလဲပြီး ရောဂါကုပေးနေကြတာပဲ။ မသေချာ မရေရာတဲ့ အရာတွေ အရမ်းများလွန်းတာက လူလိမ်တွေ ပေါများလာပြီး ပြည်သူတွေ ဒုက္ခရောက်ဖို့ သေချာစေတယ်။"

လီယွမ်ကျောက်က ရုတ်တရက် ဝင်ရောက် တားမြစ်လိုက်၏။ "ခဏနေဦး။ ဖန်ကြီး ... ခင်ဗျား လျှောက်ပြောနေပြီ။ နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာပြီး လက်တွေ့ အသုံးကျတဲ့ အရာတွေက ဘယ်လိုလုပ်ပြီး မှန်းဆ တွေးတောထားတာတွေ အများကြီး ရှိနိုင်မှာလဲ။"

ဖန်ကျန်းရီသည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းသား ... လူဆိုတာ ပုံပြင်တွေ နားထောင်ရင်း ကြီးပြင်းလာရတဲ့ သတ္တဝါတွေပါ။

လူတစ်ယောက်က ကမ္ဘာကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ စာတစ်အုပ်မှ မဖတ်ဖူးရင်တောင် သူတတ်နိုင်သမျှ စိတ်ကူးယဉ် တွေးတောမှုတွေ သုံးပြီး ဒီကမ္ဘာကြီးကို ရှင်းပြဖို့ ကြိုးစားတတ်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ တစ်ရက်လေးတောင် အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး။

ရှေးလူဟောင်းတွေကလည်း အဲဒီလိုပါပဲ။ အရှင်မင်းသားလည်း အဏုကြည့်မှန်ဘီလူးကို သုံးပြီး သေးငယ်တဲ့ ကမ္ဘာကြီးကို မြင်ဖူးတယ် မဟုတ်လား။ ဒါဆိုရင် အဏုကြည့်မှန်ဘီလူး မရှိတဲ့ ရှေးလူဟောင်းတွေက ဘယ်လို လုပ်မလဲ။ သူတို့ရဲ့ စိတ်ကူးယဉ် တွေးတောမှုတွေကို သုံးပြီး ယုတ္တိရှိတဲ့ ရှင်းလင်းချက်တစ်ခုကို အတင်းအကျပ် ပေးရတော့တာပေါ့။"

လီယွမ်ကျောက်က ပြန်လည် မေးခွန်းထုတ်လိုက်၏။ "ဟူး ... အကြောင်းပြချက် ရှိသလိုပဲ။ ဒါပေမဲ့ ရှေးလူဟောင်းတွေရဲ့ မှန်းဆ တွေးတောမှုတွေ မှားနေတယ်ဆိုတာကို ခင်ဗျား ဘယ်လို သက်သေပြမှာလဲ။"

ဖန်ကျန်းရီသည် လက်ဆန့်ထုတ်ကာ လက်ဖက်ရည်ဆိုင်၏ ခန်းမဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ "အရှင်မင်းသား ကြည့်စမ်းပါ ... ဟိုမှာ ဖီးနစ်ငှက်ကြီး တစ်ကောင် ရှိတယ်။"

လီယွမ်ကျောက်သည် ဖီးနစ်ငှက်ကို ကြည့်ရန် အလျင်စလို ခေါင်းပြူကြည့်လိုက်၏။ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လွတ်နေသော စားပွဲ အနည်းငယ်ကိုသာ တွေ့လိုက်ရသဖြင့် မေးလိုက်၏။ "ဘယ်မှာလဲ ... ဘယ်မှာလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဒီရှေ့တည့်တည့်မှာလေ။ အနီရောင် အမွေးအတောင်တွေနဲ့ မီးတွေတောင် တောက်လောင်နေသေးတယ်။"

လီယွမ်ကျောက်သည် ဖန်ကျန်းရီ လက်ညှိုးထိုးပြသော နေရာသို့ အတင်း စိုက်ကြည့်ရင်း မေးလိုက်၏။ "ရုတ်တရက်ကြီး ဒီလိုလုပ်ပြီး ခင်ဗျား ကျုပ်ကို လိမ်နေတာလား ဖန်ကြီး။ ဘာမှ မမြင်ရပါဘူး ... မီးတောက်နေရင် ဘာလို့ မပူရတာလဲ။"

ဖန်ကျန်းရီသည် စိတ်ဝင်တစားဖြင့် လွတ်နေသော နေရာကို အကဲခတ် ကြည့်ရှုရင်း ပြောလိုက်သည်။ "ရေစက်ရှိတဲ့ သူတွေပဲ မြင်နိုင်တာ နေမှာပါ။ တောက်လောင်နေတာက အေးစက်တဲ့ မီးတောက်လေ ... အပူချိန် မရှိဘူး။"

လီယွမ်ကျောက်၏ မျက်နှာသည် ရှည်ထွက်သွားခဲ့၏။ "သောက်ကျိုးနည်း ... လျှောက်မနောက်နဲ့တော့။ ခင်ဗျား ကျုပ်ကို ရယ်စရာ လုပ်နေတာလား။"

ဖန်ကျန်းရီက ပြန်မေးလိုက်သည်။ "အရှင်မင်းသား ... လောကမှာ ဖီးနစ်ငှက်ကို မြင်ဖူးတယ်လို့ ပြောကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ဘာလို့ ကျုပ် ပြောတာကို အလိမ်အညာလို့ ထင်ရတာလဲ။ ဖီးနစ်ငှက် မရှိဘူးဆိုတာကိုရော အရှင်မင်းသားက ဘယ်လို သက်သေပြမလဲ။"

လီယွမ်ကျောက်မှာ တစ်ခဏမျှ ကြောင်အမ်းသွားခဲ့ပြီး မျက်မှောင်ကုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။

ဖန်ကျန်းရီက ဆက်လက် ရှင်းပြလိုက်၏။ "အရှင်မင်းသား နားလည်လောက်ပါပြီ။ ရှေးလူဟောင်းတွေရဲ့ ဆေးပညာ သီအိုရီက ဖီးနစ်ငှက်နဲ့ အတူတူပါပဲ။ ဒါကြောင့် ရှေးလူဟောင်းတွေက စိတ်ကူးယဉ် မှန်းဆထားတာပါလို့ ဘယ်လို သက်သေပြမလဲလို့ မေးရင် ကျုပ်လည်း သက်သေမပြနိုင်ပါဘူး။

သက်သေမပြနိုင်ဘူး၊ နားလည်အောင် မရှင်းပြနိုင်ဘူး ဆိုရင်တော့ မရှိဘူးလို့ပဲ အရင် သတ်မှတ်ထားရမယ်။ လုံးဝ အသုံးမပြုသင့်ဘူး။ အဲဒါက သမားတော်သစ်ကို ဘာလို့ ရွေးချယ်ရလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

ခိုင်လုံတဲ့ အထောက်အထားတွေ၊ ယုတ္တိဗေဒတွေ သုံးပြီး စနစ်တစ်ခု တည်ဆောက်နိုင်မှသာ တိုးတက် ဖွံ့ဖြိုးလာနိုင်မှာပါ။ စျေးကွက်ထဲက အသုံးဝင်တဲ့ ဆေးညွှန်းတွေကိုလည်း ပြန်ယူပြီး ရောဂါကုသနိုင်တဲ့ တကယ့် အကြောင်းရင်းက ဘာလဲဆိုတာကို သေသေချာချာ ပြန်လည် သုတေသန လုပ်သင့်ပါတယ်။"

အမှန်တကယ်တော့ နောင်ခေတ်များတွင် လျှောက်လှမ်းခဲ့သော လမ်းကြောင်းမှာ ဤလမ်းကြောင်းပင် ဖြစ်သည်။ သမိုင်းက အဖြေပေးထားပြီး ဖြစ်ရာ သူ စဉ်းစားနေစရာ မလိုတော့ချေ။

သူ့ဘာသာ စဉ်းစားရမည် ဆိုလျှင်လည်း အကြမ်းဖျင်း ဤသို့ပင် ဖြစ်ပေလိမ့်မည်။

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "သမားတော်သစ်က အစပြုခါစ အဆင့်မှာပဲ ရှိပါသေးတယ်။ အကျဉ်းချုံး စုဆောင်းရမယ့် အရာတွေ အများကြီး ရှိသေးပြီး အဓိက တာဝန်ကို ယူနိုင်ဖို့ အများကြီး လိုပါသေးတယ်။ နောက်ပိုင်း ဘယ်သူက သာတယ်၊ ဘယ်သူက နိမ့်တယ် ဆိုတာကို အချိန်ကပဲ အဖြေပေးပါလိမ့်မယ်။"

လီယွမ်ကျောက်က သက်ပြင်းချကာ ပြောလိုက်၏။ "ဟူး ... ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်က သမားတော်သစ်ကို ပိုပြီး သဘောကျတယ်။ အနည်းဆုံးတော့ သူတို့က ဖားလောင်းလေးတွေကို မြင်ရတယ်လေ။"

ဖန်ကျန်းရီမှာ စကားပင် မပြောနိုင်တော့ချေ။ သူတို့နှစ်ဦးသည် လက်ဖက်ရည် သောက်ရင်း အချင်းချင်း စိုက်ကြည့်ကာ အသံတိတ်နေကြတော့သည်။

ထိုစဉ် လှေကားထိပ်မှ လျိုယီရှို၏ ခေါင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးကို မြင်သောအခါ အံ့ဩဝမ်းသာစွာဖြင့် အော်ဟစ်လိုက်၏။ "အမတ်မင်းဖန် ... လူနာ သတိရလာပါပြီ။ ဒီတစ်ခေါက် အခြေအနေက အရမ်း ကောင်းပါတယ်။"

အပိုင်း (၆၆၂) ခွဲစိတ်မှု အောင်မြင်ခြင်း။

တော်ဝင်ဥယျာဉ်တော်အတွင်း၌။ ကျင်းဘုရင်မင်းမြတ်သည် သိုင်းကွက် တစ်ကွက်ကို လေ့ကျင့်ပြီးနောက် နန်းဆောင်အတွင်း ထိုင်ကာ အနားယူနေ၏။

ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်သည်။ "မြို့တော်ထဲက သမားတော်သစ်နဲ့ ရှေးဟောင်း သမားတော်တွေရဲ့ အငြင်းပွားမှု ဘယ်လိုနေပြီလဲ။ တစ်လလောက် ရှိပြီ မဟုတ်လား။"

ကော်ထျန်းယန်သည် ကိုယ်ကိုကိုင်း၍ ခပ်တိုးတိုး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... မနက်ဖြန်ဆိုရင် ရလဒ် ထွက်ပေါ်လာတော့မှာပါ။ တောက်ယွမ်ဆေးခန်းဘက်က ကြေညာထားတာကတော့ နောက်ဆုံးနေ့မှာ လူနာကို ခွဲစိတ်ပြီး ရောဂါဇာစ်မြစ်ကို တစ်ခါတည်း ဖယ်ရှားပစ်မယ်တဲ့။ အရပ်ထဲမှာလည်း အကြီးအကျယ် လှုပ်လှုပ်ရှားရှား ဖြစ်နေပြီး ပြည်သူတော်တော်များများက ပွဲကြည့်ဖို့ စောင့်နေကြပါတယ်။"

ကျင်းဘုရင်မင်းမြတ်သည် ထရယ်မိမတတ် ဖြစ်သွားကာ ပြောလိုက်သည်။ "ဒီဖန်ကျန်းရီကတော့ တကယ်ကို တစ်ခဏလေးတောင် အငြိမ်မနေဘူးပဲ။ ကိစ္စတိုင်းကို အမြဲတမ်း ဆူညံပွက်လောရိုက်အောင် လုပ်နိုင်တယ်။ သူတို့ဘက်က အခြေအနေ ဘယ်လို ရှိလဲ။"

ကော်ထျန်းယန်က ဖြေကြားလိုက်၏။ "ကျွန်တော်မျိုး လူလွှတ်ပြီး မေးကြည့်တော့ ... သေဒဏ်ကျ အကျဉ်းသား တချို့ကို ရှာပြီး ဗိုက်ကို ခွဲထုတ် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ ဗိုက်ခွဲခံရတဲ့ လူနာတွေက ပြန်ချုပ်ပြီးသွားတော့ အခု ပြန်လည် ကျန်းမာလာပြီး ပုံမှန် အစားအသောက်တွေတောင် စားနိုင်နေပြီတဲ့။ လူသိရှင်ကြား ကြေညာထားတယ် ဆိုမှတော့ ရာနှုန်းပြည့် ယုံကြည်မှု ရှိနေလောက်ပြီလို့ ထင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ်သည် မနေနိုင်ဘဲ အံ့ဩတကြီး ညည်းတွားလိုက်သည်။ "တကယ်ကို နတ်ဘုရားတွေလို အစွမ်းထက်တာပဲ။ မနက်ဖြန်က ရုံးပိတ်ရက် မဟုတ်လား ... ကိုယ်တော်နဲ့ အတူတူ သွားပြီး သူတို့ ဘယ်လို ရောဂါကုသပြီး လူ့အသက် ကယ်တင်လဲဆိုတာ သွားကြည့်ကြတာပေါ့။"

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် တောက်ယွမ်ဆေးခန်း အပြင်ဘက်၌ လူများ ကြိတ်ကြိတ်တိုး စည်ကားနေ၏။

ဖန်ကျန်းရီသည် လှေကားထစ်ပေါ်တွင် ရပ်လျက် လက်နောက်ပစ်ကာ ပွဲလာကြည့်ကြသော များပြားလှသည့် လူအုပ်ကြီးကို ကြည့်ရင်း စကားပင် မပြောနိုင်အောင် ဖြစ်နေမိသည်။

ဘိုးဘေးအဖွဲ့က လူများလည်း ပွဲလာကြည့်ကြပြီး ဟူယွီရှန်းလည်း ထိုအထဲတွင် ပါဝင်နေသည်။ ယင်းကို သူ နားလည်ပေးနိုင်၏။

သို့သော်ငြား မြို့တော်ရှိ ပြည်သူများက ဤကိစ္စအပေါ် ဤမျှ စိတ်ဝင်စားကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပေသည်။

လူနာကို ဓားဖြင့် ခွဲစိတ်ကုသနေသည်ကို လူအများအပြား လာရောက် ကြည့်ရှုနေကြသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။

လူနာကို လမ်းမကြီးပေါ်တွင် ခွဲစိတ်ပေး၍တော့ မဖြစ်နိုင်ချေ။

ထို့ကြောင့် မတော်တဆမှုများ မဖြစ်ပေါ်စေရန် ကျင်းယီဝေများကို ခေါ်ယူကာ လူစုခွဲရန် ကြိုတင် စီစဉ်ထားလိုက်သည်။

ကျင်းယီဝေများ ရောက်လာသောအခါ လူအုပ်ကြီးကို စတင် ရှင်းလင်းကြတော့၏။

အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာ ဆယ်ယောက်ကျော်ခန့်ကို တွေ့လိုက်ရ၏။ သူတို့မှာ ပုံမှန် မြင်တွေ့နေရသော လုပ်ဖော်ကိုင်ဖက်များပင် ဖြစ်နေသည်။

ရုတ်တရက် ဖန်ကျန်းရီ၏ အကြည့်သည် တစ်နေရာတွင် ရပ်တန့်သွားပြီး မျက်နှာပေါ်၌ နွေဦးလေနုအေးလေးကဲ့သို့ နွေးထွေးသော အပြုံးများ ပေါ်လာကာ အရှေ့သို့ လျှောက်သွားပြီး ဆီးကြိုလိုက်၏။

ဘေးဘယ်ညာရှိ ကျင်းယီဝေများက လမ်းဖယ်ပေးကြပြီး ထိုသူ၏ အရှေ့သို့ အလျင်စလို ရောက်သွားကာ ခပ်တိုးတိုး မေးလိုက်သည်။ "အရှင်မင်းကြီး ... အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။"

ကျင်းဘုရင်မင်းမြတ်က ပြုံးလျက် ပြောလိုက်၏။ "တကယ်ကို ကြီးကျယ်တဲ့ အခမ်းအနားပဲ။ ကိုယ်တော် မလာကြည့်ရင် နှမြောစရာ ကောင်းနေမှာပေါ့။"

သူတို့နှစ်ဦး စကားပြောပြီးသည်နှင့် လူအုပ်ထဲတွင် ချုံခိုနေကြသော အခြား လုပ်ဖော်ကိုင်ဖက်များ အားလုံး စုရုံးရောက်ရှိလာကြပြီး တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးကြတော့သည်။

ကျင်းဘုရင်မင်းမြတ်က ပြုံးလျက် ပြောလိုက်၏။ "ကောင်းပြီ ... အားလုံးက သမားတော်သစ်ရဲ့ ဆေးပညာကို စိတ်ဝင်စားနေကြပုံရတယ်။ ဒါဆိုလည်း အတူတူ သွားကြည့်ကြတာပေါ့။ ကျန်းရီ ... ပြည်သူတွေကို အမြန်ဆုံး လူစုခွဲလိုက်တော့။ ကိုယ်တော်တို့ အထဲဝင်ပြီး ကြည့်ကြရအောင်။"

ဖန်ကျန်းရီသည် ခေါင်းညိတ်၍ အမိန့်နာခံလိုက်သည်။ အနည်းငယ် စီစဉ်ညွှန်ကြားပြီးနောက် လူအုပ်ကြီးကို ဆေးခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လူအများစုမှာ ဤဆေးခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ အခြား ဆေးခန်းများကဲ့သို့ ဆေးဘက်ဝင် အပင်များ၏ အနံ့များ လွှမ်းမိုးနေခြင်း မဟုတ်ဘဲ အလွန် စူးရှသော အနံ့များ ရှိနေသည်မှာ သိသာထင်ရှားလှ၏။

လူတိုင်းသည် အခန်းတွင်းရှိ ဆန်းသစ်သော အလှဆင်ထားမှုများကို စပ်စုချင်စိတ်ဖြင့် အကဲခတ် ကြည့်ရှုနေကြပြီး ခဏအကြာတွင် ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။ "လူနာက ဘယ်မှာလဲ။ ဘယ်အချိန် ကုသမှာလဲ။"

ဖန်ကျန်းရီက ဖြေကြားလိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး နောက်ကို လိုက်ခဲ့ပါ။ တခြားလူတွေကတော့ ဒီမှာပဲ ရလဒ်ကို စောင့်နေကြပါ။ အပေါ်မှာ နေရာကျဉ်းလို့ ဒီလောက် လူအများကြီးဆိုရင် သိပ်အဆင်မပြေပါဘူး။"

ထိုသို့ပြောပြီးနောက် ကျင်းဘုရင်မင်းမြတ်ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ကျင်းဘုရင်မင်းမြတ်အတွက် အဝတ်အစားသစ် တစ်စုံကို ဂရုတစိုက် ပြင်ဆင်ပေးခဲ့သည်။

ဆေးခန်းအတွင်း၌ အဖြူရောင် ဂျာကင်များ၊ နှာခေါင်းစည်းများ အများအပြား ရှိသည်။ ကျင်းဘုရင်မင်းမြတ် လာရောက် ကြည့်ရှုစဉ် ညစ်ပတ်သော အရာများ ပါသွားမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်၏။

ခွဲစိတ်ခန်းအတွင်း၌ လူနာကို အစောကြီးတည်းက သေချာစွာ ပြင်ဆင်ထားပြီးဖြစ်ကာ အဖွဲ့သား အားလုံး ဝင်ရောက်သွားကြသည်။

မည်သည့်အရာများ ဖြစ်ပျက်မည်ကို မသိသေးသော လူနာမှာ လူနာကုတင်ပေါ်တွင် ကြောင်အမ်းအမ်းဖြင့် လှဲလျောင်းနေပြီး မေးလိုက်၏။ "ဘာလို့ ဆေးသောက်တာကို ကုတင်ပေါ် လှဲနေရတာလဲ။ ဘာလို့ ကျုပ်ကို အဝတ်တွေ အကုန်ချွတ်ပြီး ကြိုးနဲ့ တုပ်ထားရတာလဲ။"

ဝမ်မုန်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ "အကုန်လုံးက မင်း ကောင်းဖို့အတွက်ပဲ။ မမေးသင့်တာတွေ မမေးနဲ့။"

လူနာလည်း ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် ပါးစပ်ပိတ်သွား၏။

ဤကာလအတွင်း သူ၏ ဘဝလေးမှာ အလွန် သာယာလှပနေခဲ့သည်ဟု ဆိုရမည်။ အပြင်ထွက်၍ လျှောက်သွားခွင့် မပြုသည်မှလွဲ၍ အစားအသောက်၊ အိပ်စက်ခြင်းနှင့် အိမ်သာတက်ခြင်းများ အားလုံးကို အစေခံများက ပြုစုပေးထားကြသည်။

ယခုကဲ့သို့ ထူးဆန်းသော အခြေအနေမျိုးနှင့် ကြုံတွေ့ရသော်လည်း စိတ်ထဲတွင် သိပ်ပြီး မကြောက်ရွံ့လှပေ။ ထို့အပြင် ခန္ဓာကိုယ် ကျန်းမာရေးမှာလည်း ယခင်ကထက် များစွာ ကောင်းမွန်လာခဲ့ရာ အကျဉ်းချခံထားရသော သေဒဏ်ကျ အကျဉ်းသားများထက် အများကြီး ပိုကောင်းနေ၏။

လူနာ၏ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်မှုနှင့် ဝမ်မုန်၏ လက်ရာတို့ ပေါင်းစပ်လိုက်သောအခါ ခွဲစိတ်မှုအတွက် အခြေခံအားဖြင့် ကြီးမားသော ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် လျိုယီရှိုသည် အပြင်ဘက်မှ ဆေးရည်တစ်ခွက်ကို ကိုင်ဆောင်လာပြီး ပြောလိုက်သည်။ "ဆေးရည် ရပြီ။ ဒီဆေးရည်ကို သောက်လိုက်ရင် အိပ်ပျော်သွားလိမ့်မယ်။ အိပ်ရာက နိုးလာရင် ရောဂါ ပျောက်သွားပြီပဲ။"

လူနာသည် ဝမ်းသာအားရဖြင့် နှုတ်ခမ်းကို စူလိုက်ပြီး လျိုယီရှိုက မေ့ဆေးများကို စတင် လောင်းထည့်ပေးလိုက်ရာ ဂလု ဂလု ဂလုနှင့် တစ်ခွက်လုံး ဗိုက်ထဲ ရောက်သွားပြီးနောက် မေ့မြောသွားတော့၏။

ကျွမ်းကျင် မေ့ဆေးဆရာဝန် လျိုယီရှိုသည် အကျင့်ပါနေသည့်အတိုင်း အရက်ပျံကို ယူကာ မှိုပွင့် (လိင်တံ) အပေါ်သို့ ရေလောင်းချလိုက်၏။ ထို့နောက် မှိုပွင့်ပေါ်သို့ အားကုန်သုံး၍ ခုနစ်ချက် ရှစ်ချက်ခန့် ခေါက်ကြည့်လိုက်ပြီး လူနာဘက်မှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။ "မေ့ဆေးအောင်မြင်ပြီ။"

“……”

နှာခေါင်းစည်း တပ်ထားသော ကျင်းဘုရင်မင်းမြတ်သည် ဤမျှ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ထောင့်များ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ဤခရီးစဉ်ကို လာခဲ့မိသည့်အတွက် ရုတ်တရက် နောင်တရမိသွား၏။

ပန်းပင်ကို ရေလောင်းနေတာလား။ ရောဂါကုသတာက ဒီလောက်တောင် အတည်မကျ ဖြစ်နေရသလား။ တကယ်ကို ထူးဆန်းလွန်းတယ်။

ဖန်ကျန်းရီသည်လည်း အတော်လေး အနေရခက်သွားခဲ့၏။ ဝမ်မုန်က အကျင့်ဆိုးတွေကို စပြီး သင်ပေးလိုက်တာပဲ။

နောင်ခေတ်များတွင် စမ်းသပ်မှု နည်းပညာများ မပြည့်စုံပါက မေ့ဆေးဆရာဝန်များ အားလုံး ဤကဲ့သို့သော နည်းလမ်းဖြင့် လူနာ၏ အခြေအနေကို အတည်ပြုကြမည်လား မပြောတတ်ပေ။

ထို့နောက် ဝမ်မုန်က ဖန်ကျန်းရီအား ကြည့်လိုက်ရာ သူ ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ခွဲစိတ်ဓားကို ကိုင်လိုက်၏။

ဝမ်မုန်၏ မျက်နှာမှာ တည်ငြိမ်အေးချမ်းနေပြီး ဓားချက်များမှာ ရေစီးသကဲ့သို့ ချောမွေ့လှပသည်။

ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ခေါ်လာသော သေဒဏ်ကျ အကျဉ်းသားများ အားလုံး ကုန်သွားမှ တကယ့် လူနာဆီသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ယခုအခါ နည်းပညာပိုင်းတွင် အလွန် ကျွမ်းကျင်နေပြီဟု ဆိုနိုင်သည်။

လျိုယီရှိုက ပစ္စည်းကိရိယာ အမျိုးမျိုးကို အဆက်မပြတ် ကမ်းပေးနေပြီး ချွေးသုတ်ပေးခြင်းများကိုပါ ပြုလုပ်ပေးနေရာ သူတို့၏ လှုပ်ရှားမှုတိုင်းတွင် အချိတ်အဆက် မိလှ၏။

ကျင်းဘုရင်မင်းမြတ်မှာ ကြည့်နေရင်း ငေးမောသွားခဲ့ပြီး ဤကဲ့သို့သော ကုသမှု နည်းလမ်းက သူ့အတွက် တကယ်ကို အမြင်သစ် တစ်ခု ဖြစ်စေခဲ့သည်။

ဝမ်မုန်၏ အကြည့်များမှာ စူးရှထက်မြက်နေပြီး ရောဂါဖြစ်ပွားနေသော အူအတက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားကာ တစ်ချက်တည်း ဖြတ်တောက်ပစ်လိုက်သဖြင့် ရောဂါကင်းစင်သွား၏။

ထို့နောက် ပြန်လည် ချုပ်နှောင်ခြင်း၊ ဆေးထည့်ခြင်းများကို ပြုလုပ်ကာ ... လျင်မြန်စွာဖြင့် ခွဲစိတ်မှု ပြီးဆုံးသွားတော့သည်။

ခွဲစိတ်မှု တစ်ခုလုံးအတွက် အချိန် မိနစ်သုံးဆယ်ပင် မပြည့်ခဲ့ချေ။

ဝမ်မုန်က ခွဲစိတ်မှု ပြီးဆုံးပြီဟု ပြောလိုက်ချိန်မှသာ အသက်အောင့်ထားသော ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချနိုင်တော့၏။

အံ့မခန်းပါပဲ ... တကယ်ကို အံ့မခန်းပါပဲ။

လူကို အသက်ရှင်အောင် ကယ်တင်နိုင်သည်ဖြစ်စေ၊ မကယ်တင်နိုင်သည်ဖြစ်စေ ဤကဲ့သို့ ဗိုက်ကို ခွဲထုတ်ပြီးနောက် ပြန်လည် ကုစားနိုင်သည့် ပညာရပ် တစ်ခုတည်းကပင် လူအများကို မျက်စိပွင့်သွားစေရန် လုံလောက်လှသည်။

ဝမ်မုန်သည် ယခုလေးတင် ဖြတ်ထုတ်ထားသော အူအတက်ကို ဗန်းတစ်ခုဖြင့် သယ်ဆောင်လာပြီး ဖန်ကျန်းရီတို့ နှစ်ဦး၏ အရှေ့သို့ လာချပေးကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး၊ သခင်လေး ... လူနာရဲ့ ရောဂါဇာစ်မြစ်ကို အမြစ်ပြတ် ဖယ်ရှားပြီးပါပြီ။ နောက်ပိုင်း အသက်ရှင်နိုင်မလား ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရအုံးမှာပါ။ တကယ်လို့ ခဏနေ မေ့ဆေး အရှိန်ပြယ်သွားလို့ အရင် အတွေ့အကြုံတွေအရ လူက ပြန်နိုးလာနိုင်မယ် ဆိုရင်တော့ သေချာပေါက် အဆင်ပြေသွားမှာပါ။"

ကျင်းဘုရင်မင်းမြတ်သည် ဗန်းကို လှမ်းယူလိုက်ပြီး ဘေးရှိ ခွဲစိတ်ဓားကို ကိုင်ကာ အူအတက်ကို သေချာစွာ နှစ်ချက်ခန့် လှန်လှော ကြည့်ရှုလိုက်ရာ ညှီစော်နံသော အနံ့တစ်မျိုး ထွက်ပေါ်လာခဲ့သည်။

သူက မျက်မှောင်ကုတ်ကာ မေးလိုက်၏။ "အတွင်းကလီစာတွေထဲမှာ တစ်ခု လျော့သွားတာလေ။ ရောဂါ ပျောက်သွားရင်တောင် ဘဝအတွက် ထိခိုက်မှု မရှိနိုင်ဘူးလား။"

ဝမ်မုန်က စဉ်းစားပင် မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ "မသိပါဘူး။ ဆက်ပြီး စောင့်ကြည့်ရအုံးမှာပါ။"

သူ၏ စရိုက်က ဤသို့ပင် ဖြစ်သည်။ သိလျှင် သိသည်၊ မသိလျှင် မသိဟုသာ ပြောတတ်ပြီး နောက်ပိုင်း သုတေသန လုပ်၍ နားလည်သွားမှသာ ဆက်ပြောလေ့ရှိ၏။

သို့သော်ငြား ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ ရှေ့တွင် ဤကဲ့သို့ ပြောဆိုခြင်းမှာ လုံးဝ မသင့်တော်သည်ကတော့ အမှန်ပင်။

ဖန်ကျန်းရီသည် အလျင်အမြန် ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။ "အရှင်မင်းကြီး ... ထိခိုက်မှု ရှိမရှိ ဆိုတာကို နောက်ပိုင်း ဆက်ပြီး စောင့်ကြည့်ရမှာပါ။ အသက်သေဆုံးရတာနဲ့ ယှဉ်ရင်တော့ အဆပေါင်းများစွာ ပိုကောင်းတာပေါ့။ သိတာကို သိတယ်၊ မသိတာကို မသိဘူးလို့ ဝန်ခံတာက ပညာရှိတွေရဲ့ အလုပ်ပါပဲ။ ဝမ်မုန်က စရိုက်ဖြောင့်မှန်တဲ့ သူပါ။"

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "ကိုယ်တော် နားလည်ပါပြီ။ ဒါဆိုလည်း အောက်ဆင်းပြီး စောင့်ကြတာပေါ့။"

အောက်ထပ်တွင်မူ လူအများအပြား အတူတကွ ထိုင်ကာ သူတို့၏ ကျန်းမာရေး ထိန်းသိမ်းမှု နည်းလမ်းများကို အုပ်စုဖွဲ့၍ ပြောဆိုနေကြသည်။

ကျင်းဘုရင်မင်းမြတ် ဆင်းလာသည်ကို မြင်သောအခါ ရုတ်တရက် စကားပြောဆိုမှုများကို ရပ်တန့်လိုက်ကြ၏။

ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ်၏ အနောက်မှနေ၍ ဗန်းကို မြှောက်ပြကာ ပြုံးလျက် ပြောလိုက်သည်။ "အားလုံးပဲ စောင့်နေရတာ ကြာသွားပြီ။ လူနာရဲ့ ကုသမှု ပြီးဆုံးသွားပါပြီ။ ရောဂါဇာစ်မြစ်က ဒီမှာပါ ... အားလုံးပဲ ကြည့်ရှုနိုင်ပါတယ်။"

All Chapters