အခန်း (၆၆၅-၆၇၀)
Vol. 36 Ch. 665-670
အပိုင်း (၆၆၅ - ၆၇၀) - ကိုယ်ဝန်ရှိလာခြင်း
(ဤအပိုင်းသည် မလိုအပ်တာများ ပါဝင်နေသောကြောင့် ငါးပိုင်းစာကို တစ်ပိုင်းစာအဖြစ် ချုံ့ပေးထားသော အပိုင်းဖြစ်ပါသည်။ - ဘာသာပြန်သူ)
ငါ့ကို စီစဉ်မယ် ဟုတ်လား။
မကောင်းသော ခံစားချက် တစ်ခုက ရင်ထဲသို့ ဝင်ရောက်လာပြီး ဟူယွီရှန်းက ထိတ်လန့်တကြား ပြောလိုက်သည်။ "အမတ်မင်းဖန်ဆီမှာ ဘာအစီအစဉ်များ ရှိလဲ မသိဘူး။ ကျုပ် တစ်သွေမတိမ်း လိုက်နာပါ့မယ်။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ခင်ဗျားနဲ့ ဝမ်မုန်ရဲ့ ကိစ္စက ပြီးသွားပြီဆိုတော့ အသေးအဖွဲပဲ သတ်မှတ်လိုက်ကြတာပေါ့။ မနက်ဖြန် သတင်းစာထဲမှာ နှစ်ဖက်စလုံး သရေကျတယ်လို့ ကြေညာလိုက်ရုံပါပဲ ... နောက်ပိုင်း အချင်းချင်း ဝင်မစွက်ဖက်ကြနဲ့တော့။"
"ဗျာ။" ဟူယွီရှန်းသည် ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
သမားတော်ဟူသည်လည်း အလွန်အမင်း တုန်လှုပ်သွားပြီး ဖန်ကျန်းရီ ဤကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
ဖန်ကျန်းရီသည် သူတို့နှစ်ဦး၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ပြုံးပြီး ပြောလိုက်၏။ "ဝမ်မုန်က ဘိုးဘေးအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သွားရင်ရော သူ့ကို ဘယ်သူက လေးစားမှာလဲ။ ပါးစပ်က လက်ခံရင်တောင် စိတ်ထဲက လက်ခံမှာ မဟုတ်ဘူးလေ။ အဲဒီအချိန်ကျရင် အခွံလွတ်ကြီး တစ်ခုကို ရသွားတာ ဘာအကျိုးရှိမှာလဲ။
ခင်ဗျားက ခေါင်းဆောင်နေရာမှာ ဆက်နေ ... ဝမ်မုန်ကို ဒုတိယခေါင်းဆောင် ပေးလိုက်။ သဘောတူလား။"
ဟူယွီရှန်းက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ "ကျေး ... ကျေးဇူးတင်ပါတယ် အမတ်မင်းဖန်။ ဒါပေမဲ့ ဘာကြောင့်များ ..."
"ကျုပ် စကားမဆုံးသေးဘူး။ မြို့တော်ထဲမှာ ဆေးခန်းဖွင့်ချင်ရင်ဖြစ်ဖြစ်၊ နာမည်ကြီး သမားတော်တွေဆီမှာ ပညာသင်ချင်ရင်ဖြစ်ဖြစ် အရင်ဆုံး ဘိုးဘေးအဖွဲ့ဆီကို သွားပြီး လက်ဆောင်ပေးရတယ်ဆိုတာ ဟုတ်လား။"
"အာ ... ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း တတ်ယောင်ကား သမားတော်တွေကို ထိန်းချုပ်ဖို့နဲ့ ဆေးပညာ နယ်ပယ်ကို ..."
ဟူယွီရှန်း ရှင်းပြရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက ဖြတ်ပြောလိုက်၏။ "ဒါတွေက အရေးမကြီးဘူး။ ဒီနေ့ကစပြီး သမားတော်သစ်တွေ ဆေးခန်းဖွင့်ရင် ခင်ဗျားတို့ ဝင်စွက်ဖက်တာ၊ ပြဿနာရှာတာမျိုး မလုပ်ရတော့ဘူး။
တကယ်လို့ လူသစ်တွေက အဖွဲ့ဝင်ချင်တယ်၊ နာမည်ကြီး ဆရာတွေဆီမှာ ပညာသင်ချင်တယ် ဆိုရင်လည်း ခင်ဗျားတို့ လမ်းကြောင်း လွှဲပေးတာမျိုး မလုပ်ရဘူး။ သမားတော်သစ်ကိုပဲ သင်သင်၊ ရှေးဟောင်း သမားတော်ကိုပဲ သင်သင် ကျုပ် ဂရုမစိုက်ဘူး။
နောက်ပိုင်း သမားတော်သစ်နဲ့ ရှေးဟောင်း ပြဿနာတွေကြောင့် အဆုံးမရှိ ငြင်းခုံနေတာတွေ၊ အရှင်မင်းကြီး နားထဲ ရောက်သွားတာတွေ ထပ်မကြားချင်တော့ဘူး။ ခင်ဗျားတို့က ရောဂါကုသပြီး လူ့အသက် ကယ်တင်တဲ့ သူတွေလေ ... အဲဒီလို အားနေရင် ဆေးပညာကို ပိုပြီး သုတေသန လုပ်ပါလား ... အုပ်စုကွဲတာတွေ လျှော့ကြပါ။"
ဟူယွီရှန်း၏ ရင်ဘတ်မှာ အထက်အောက် လှုပ်ရှားနေပြီး ဝမ်းသာနေသလား၊ ဝမ်းနည်းနေသလား မသိတော့ဘဲ ပါးစပ်မှ 'ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့' ဟုသာ အဆက်မပြတ် ဖြေကြားနေတော့သည်။
ဖန်ကျန်းရီက ပြုံးလျက် ဆက်ပြောလိုက်၏။ "ဒီလောက်တင် မကသေးဘူး ... ခင်ဗျားအတွက် နောက်ထပ် အကျိုးအမြတ်တစ်ခု ရှိသေးတယ်။"
"အ ... အကျိုးအမြတ်။"
"ဝမ်မုန် ဘိုးဘေးအဖွဲ့ထဲ ဝင်လာပြီဆိုရင် တောက်ယွမ်ဆေးခန်းရဲ့ သမားတော်သစ် ပညာရပ်တွေနဲ့ ပင်နီဆီလင် အပါအဝင် အကုန်လုံးကို ခင်ဗျားတို့အတွက် လမ်းဖွင့်ပေးမယ်။ ဘယ်လိုသဘောရလဲ။"
"အာ ... ကျုပ် ..."
အမြဲတမ်း မျှော်လင့်နေခဲ့ရသော ပင်နီဆီလင်ကို ဤတိုင်း အလကားပေးလိုက်သည်လား။
ဟူယွီရှန်းမှာ အသက်ရှူမဝသလို ခံစားလိုက်ရပြီး အသက်ကို ပြင်းပြင်းရှိုက်ရှူလိုက်ပြီးမှ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "ဒါပေမဲ့ ... အလဲအလှယ်က ဘာဖြစ်မလဲ။"
"မေးတာ ကောင်းတယ်။ အလဲအလှယ်ကတော့ ခင်ဗျားတို့လည်း တန်ဖိုးညီတဲ့ အရာတစ်ခုကို ထုတ်ပေးရမယ်။ သမားတော်သစ်ရဲ့ အချက်အလက်တွေကို ဖတ်ရှုချင်တဲ့သူ၊ ပင်နီဆီလင်ကို လေ့လာချင်တဲ့သူ ဘယ်သူမဆို ကောင်းမွန်တဲ့ ဆေးညွှန်းတစ်ခုကို ထုတ်ပေးရမယ်။ အသုံးဝင်တယ်လို့ အတည်ပြုပြီးမှသာ လေ့လာခွင့် ပြုမယ်။
ဘိုးဘေးအဖွဲ့ထဲက အူအတက်ရောင် လူနာကို ခင်ဗျားတို့ တော်တော်လေး ကောင်းကောင်း ပြုစုထားနိုင်တယ် ဆိုတာ ကျုပ် သိပါတယ်။ ခင်ဗျားတို့က တကယ် အရည်အချင်း ရှိတဲ့သူတွေပါ ... ဒါပေမဲ့ အမြဲတမ်း ဖုံးကွယ်ထားချင်ကြတယ်။ ဆရာနဲ့ တပည့်ကြားမှာတောင် တစ်ယောက်နဲ့တစ်ယောက် သံသယ ဝင်နေကြတယ်။ လက်ထဲက အဖိုးတန် ဆေးညွှန်းလေးက မျိုးဆက် သုံးဆက်လောက် ရောက်တာနဲ့ ပျောက်ကွယ်သွားတာပဲ မဟုတ်လား။ ဒီအခွင့်အရေးကို အသုံးချပြီး အကုန်ထုတ်ပြကြ၊ အတူတူ တိုးတက်အောင် လုပ်ကြတာက ပိုမကောင်းဘူးလား။
နောက်ပိုင်း ကောင်းမွန်တဲ့ ဆေးညွှန်းတွေ အများကြီး စုမိလာပြီး စာအုပ်တစ်အုပ် ဖြစ်လာတဲ့အခါ ကျုပ် ကိုယ်ပိုင် ငွေကြေးနဲ့ စာအုပ်ထုတ်ပေးမယ်။ ဘယ်သူ ပေးတဲ့ ဆေးညွှန်းလဲဆိုတာ သူ့နာမည်ကို မှတ်တမ်းတင်ပေးမယ်။ ဒါဆိုရင် နောင်လာနောက်သားတွေက အမြဲ သတိရနေမှာ မဟုတ်ဘူးလား။"
ကောင်းကင်ကနေ မုန့်တွေ ကျလာတာပဲ ... တကယ်ကြီး ကောင်းကင်ကနေ မုန့်တွေ ကျလာတာပဲလား။
ဟူယွီရှန်းသည် တိမ်ပေါ် ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မိမိ၏ ပေါင်ကို တိတ်တဆိတ် ဆိတ်ဆွဲ ကြည့်လိုက်၏။
"အမတ်မင်း ပြောတဲ့စကားတွေက တကယ်ပဲ ... အာမခံနိုင်ရဲ့လား။" ဟူယွီရှန်းက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
ဖန်ကျန်းရီ၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားခဲ့၏။ "ကျုပ်က ခင်ဗျားကို နောက်ပြောင်နေစရာ လိုလို့လား။ ကျုပ် ပြောခဲ့တဲ့ စကားတွေကို သေချာ မှတ်ထားပါ။ ဘိုးဘေးအဖွဲ့ထဲမှာ စောင့်ကြည့်ဖို့ ကျင်းယီဝေတွေကို လွှတ်ထားမယ်။
ပြောသင့်တဲ့ စကားကောင်းတွေကိုလည်း ပြောပြီးပြီ၊ ပေးသင့်တဲ့ အကျိုးအမြတ်တွေကိုလည်း ပေးပြီးပြီ။ တောက်ယွမ်ဆေးခန်းက ကျုပ်ရဲ့ စီးပွားရေး လုပ်ငန်းပဲ ... ပြန်သွားရင် ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို သေချာ ထိန်းချုပ်ထား။ နောက်တစ်ခါ ပြဿနာ ထပ်ရှာရဲရင်တော့ ကျုပ်ကို မညှာဘူးလို့ မပြောနဲ့။"
သမားတော်ဟူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "အမတ်မင်းဖန်ကို အမြန် ကျေးဇူးတင်လိုက်လေ။"
"ကျေးဇူးတင်ပါတယ် အမတ်မင်း ... ကျေးဇူးတင်ပါတယ် အမတ်မင်း။" ဟူယွီရှန်းက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကဲ ... စကားတွေလည်း ရှင်းသွားပြီဆိုတော့ ပြန်ကြတော့လေ။ ပြန်ရောက်ရင် ခင်ဗျားတို့ရဲ့ အူအတက်ရောင် လူနာကို ဒီကို ခေါ်ခဲ့။ တစ်ခါတည်း ဖြတ်ပေးလိုက်မယ်။"
ဟူယွီရှန်း ထွက်သွားသော်လည်း သမားတော်ဟူကမူ ထိုနေရာတွင် တုံ့ဆိုင်းစွာ ကျန်ရစ်ခဲ့သည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သေသပ်စွာ အရိုအသေ ပေးလိုက်၏။ "ဒီနေ့အတွက် အမတ်မင်းဖန်ကို ကျေးဇူးတင်ပါတယ်။ တကယ်ကို သဘောထား ကြီးမြတ်လှပါတယ်။"
"ကိစ္စသေးသေးလေးတွေပါ။ သမားတော်ဆောင်က သမားတော်သစ် အယူအဆနဲ့ ပင်နီဆီလင်ကို လေ့လာချင်တယ် ဆိုရင်လည်း အတူတူ လာလေ့လာလို့ ရပါတယ်။ ခင်ဗျားနဲ့ ဝမ်မုန်ရဲ့ ပြဿနာတွေလည်း ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့။"
သမားတော်ဟူလည်း အခြားစကားများ မပြောတော့ဘဲ နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုကာ နောက်လှည့် ထွက်ခွာသွားတော့သည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် ဝမ်မုန်က စကားစလိုက်၏။ "သခင်လေး ... ကျုပ်တို့ ခရိုင်ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတဲ့ အရာတွေကို သူတို့ကို ဒီတိုင်း ပေးလိုက်တော့မှာလား။"
ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။
ပေးလိုက်ရုံပေါ့ ... အခြေခံ သီအိုရီကို သိထားရုံနဲ့ ဘာမှ အသုံးမဝင်ဘူး။ ဖန်တီးထုတ်လုပ်ဖို့က အရမ်း ခက်ခဲတယ်။ အမြောက်အမြား ထုတ်လုပ်ဖို့ဆိုတာ တောက်ယွမ်ခရိုင် တစ်ခုတည်းကပဲ လုပ်နိုင်သည်။
လုပ်ငန်းစဉ်ကို အသာထားအုံး ... အဲဒီ သေသပ်လှပတဲ့ ဖန်ထည်ပစ္စည်းတွေကိုတောင် အပြင်လောကက လူတွေ ရနိုင်မှာ မဟုတ်ဘူး။
“ခင်ဗျားတို့ရဲ့ အမြင်က အရမ်းကို ကျဉ်းမြောင်းလွန်းတယ်။ ခင်ဗျားတို့ဆီမှာ ရှိတဲ့ အရာလေးတွေက နည်းနည်းလေးတွေ။ ဘာလို့ ဖုံးကွယ်ထားချင်နေရတာလဲ။ အတူတူ ဆွေးနွေးပြီး မစစ်ဆေးဘဲနဲ့ ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။
အရပ်ထဲက သမားတော်ဟောင်းတွေက သူတို့ရဲ့ ပညာလေးတွေကို အဖိုးတန် ရတနာတွေလို သဘောထားပြီး ဖုံးကွယ်ထားကြတယ်။ ဆရာကနေ တပည့်ကို လက်ဆင့်ကမ်းတဲ့ နေရာမှာလည်း တစ်သက်လုံးနေမှ လူရည်ချွန် သုံးလေးယောက်လောက်ပဲ မွေးထုတ်ပေးနိုင်တယ်။ အသက်ရှင်နေတဲ့ လူကိုလည်း မခွဲစိတ်ရဲဘူး၊ သေသွားတဲ့ လူကိုလည်း မထိရဲဘူး။ အဲဒါကို ရှောင်၊ ဒီဟာကို ရှောင်နဲ့ ... ခင်ဗျားက သူတို့ဆီကနေ ပညာသင်ချင်သေးလို့လား။
ကျုပ်အစီအစဉ်ကို နားထောင်။ ဘိုးဘေးအဖွဲ့ထဲ ဝင်ပြီးသွားရင် လူရည်ချွန်တွေကို အများကြီး ခေါ်ယူ ပျိုးထောင်ပြီး ဆေးခန်းတွေ အများကြီး ဖွင့်။ ရှေးဟောင်း သမားတော်တွေရဲ့ ကောင်းတဲ့ အချက်တွေကိုလည်း လေ့လာပြီး သေချာ နားလည်အောင် လုပ်။
နောက်တစ်ခါ နန်းတော်ထဲ ဝင်ရင်ဖြစ်ဖြစ်၊ ဘိုးဘေးအဖွဲ့ဆီ သွားရင်ဖြစ်ဖြစ် ... ခရိုင်ထဲကနေ အဏုကြည့် မှန်ဘီလူး တချို့ ယူသွားပြီး သူတို့ကို လက်ဆောင်ပေးလိုက်။ ကိုယ်တိုင် မြင်တွေ့ရရင် သူတို့ရဲ့ အတွေးအခေါ်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ အချင်းချင်း ငြင်းခုံနေရတဲ့ ပြဿနာတွေလည်း လျော့သွားမှာပေါ့။"
ဝမ်မုန်လည်း အခြားစကားများ မပြောတော့ဘဲ ခေါင်းညိတ်ကာ ပစ္စည်းများ သိမ်းဆည်းရန် ပြန်သွားတော့သည်။
ဖန်ကျန်းရီလည်း မင်းသမီးအိမ်တော်သို့ ပြန်လာခဲ့သည်။ ပြဿနာများ အားလုံး အဆင်ပြေပြေ ဖြေရှင်းပြီးပြီဖြစ်ရာ နောက်ပိုင်းတွင် သူတို့ဘာသာသူတို့ ဆက်လုပ်ကြလိမ့်မည်။ လတ်တလောတွင် သိပ္ပံအကယ်ဒမီ ကိစ္စကသာ တကယ့် အရေးကြီးသော ကိစ္စဖြစ်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်လပိုင်းသို့ ရောက်ရှိလာခဲ့ပြီး ရာသီဥတုမှာလည်း တဖြည်းဖြည်း ပူပြင်းလာခဲ့သည်။
သိပ္ပံအကယ်ဒမီနှင့် ကျောင်းတော် တည်ဆောက်ရေး လုပ်ငန်းများမှာလည်း လျင်မြန်စွာ တိုးတက်လျက်ရှိပြီး မကြာမီ အချိန်အတွင်းတွင် အသုံးပြုနိုင်တော့မည်။
ဤအချိန်အတောအတွင်း ဖန်ကျန်းရီသည် မင်းသမီးအိမ်တော်နှင့် သူ၏ ကိုယ်ပိုင်အိမ်တော် နှစ်ခုကြားတွင် ပျော်ရွှင်လွတ်လပ်စွာ သွားလာနေခဲ့၏။
သို့သော်လည်း မင်းသမီးအိမ်တော်တွင် အချိန်ပိုမို ကုန်ဆုံးခဲ့ပြီး ထိုနေရာတွင် စားသောက်နေထိုင်စရိတ် အားလုံးကို တော်ဝင်မိသားစုက ထောက်ပံ့ပေးထားသည် မဟုတ်ပါလား။
အစိုးရထမင်း ၊ အစိုးရဟင်းကို စားရသည်မှာ တကယ့်ကို အရသာရှိလှသည်။ ယခင်ဘဝက အစိုးရဝန်ထမ်း တစ်ယောက်၏ ခြေမွေးကိုပင် မမှီခဲ့ဖူးရာ ဤဘဝတွင်တော့ အားပါးတရ စားသောက်ရမည်။
သူများဆီက အလကားရတာက ကောင်းတယ်၊ အလကားရတဲ့ အကျိုးအမြတ် သေးသေးလေးတွေက ပိုတောင် ကောင်းသေးတယ်။
ဖန်ကျန်းရီသည် စိတ်အေးချမ်းသာစွာဖြင့် ပျော်ပါးနေခဲ့၏ ... လီမြောင်ဟန်သည်လည်း အိမ်ရှိ မိန်းမနှစ်ယောက် နှင့် အစောကြီးကတည်းက တွေ့ဆုံပြီးဖြစ်သည်။
သူတို့ ဘာတွေ ပြောခဲ့ကြလဲ ဆိုတာကိုတော့ ဖန်ကျန်းရီ မမေးဖြစ်ခဲ့သော်လည်း မြောင်ဟန်က နှစ်ရက်လောက်တော့ သူ့ကို အိပ်ရာပေါ် တက်ခွင့်မပေးခဲ့ချေ။
မိသားစု ကိစ္စများအပြင် ရုံးလုပ်ငန်းများလည်း ရှိသေးသည်။
ကျင်းယီဝေ၏ လည်ပတ်မှုမှာ အတော်လေး ချောမွေ့နေပြီး တစ်ခါတစ်ရံတွင် သတင်းစာတိုက်နှင့် အထည်စက်ရုံများ ကိုလည်း ဂရုစိုက်ပေးရသေး၏။
လီမြောင်ဟန်၏ ခန္ဓာကိုယ်တွင် ထူးခြားမှုများ စတင် ဖြစ်ပေါ်လာသည့် အချိန်အထိပင်။ သူမသည် အမြဲတမ်း ပျို့အန်ချင်နေပြီး အစားအသောက်များကိုလည်း ရွေးချယ် စားသောက်လာခဲ့သည်။
ဖန်ကျန်းရီ သိသွားသောအခါ လုံးဝကို အထိတ်တလန့် ဖြစ်သွားခဲ့၏။
ဒါက ကိုယ်ဝန်ရှိလာတဲ့ လက္ခဏာ မဟုတ်ဘူးလား။ ရုတ်တရက်ကြီး ကလေးရပြီး အဖေ ဖြစ်တော့မယ် ဟုတ်လား။
ရင်ထဲတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်နေသည်ကို ဖော်ပြ၍ မရနိုင်ချေ။ ယခင်ဘဝက ဤကဲ့သို့သော အတွေ့အကြုံမျိုး လုံးဝ မရှိခဲ့ဖူးပေ။
ထို့အပြင် မျိုးဆက်ပြန့်ပွားရေးနှင့် ပတ်သက်၍လည်း သိပ်ပြီး စိတ်အားထက်သန်မှု မရှိခဲ့ချေ။ သို့ပေမည့် သေချာ ပြန်စဉ်းစားကြည့်သောအခါ ဝမ်းသာပျော်ရွှင်မှုများက ချက်ချင်း ရောက်ရှိလာခဲ့၏။
ငယ်စဉ်က ခံစားခဲ့ရသော ကလေးဘဝ စိတ်ဒဏ်ရာများကို ကလေးများအပေါ်တွင် ပြန်လည် ကုစားနိုင်ပြီ မဟုတ်ပါလား။
သူ၏ ပညာရေး အယူအဆများကိုလည်း လက်တွေ့ အသုံးချခွင့် ရလာပြီ ဖြစ်သည်။
သို့သော်ငြား ဤကိစ္စကို အတည်မပြုရသေးပေ။ ဖန်ကျန်းရီသည် နာမည်ကြီး သမားတော် နှစ်ဦးကို လျှို့ဝှက်စွာ ခေါ်ယူ၍ စစ်ဆေးခိုင်းခဲ့သည်။
အကြိမ်ကြိမ် အတည်ပြုပြီးနောက် ကိုယ်ဝန်ရှိနေသည်မှာ သေချာသွားခဲ့၏။
မူလကတည်းက ချစ်ခင်ကြင်နာမှု နက်ရှိုင်းသော သူတို့နှစ်ဦးသည် ယခုအခါ ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သေချာသွားသောအခါ ဖန်ကျန်းရီက ပို၍ပင် ဂရုတစိုက် ယုယလာခဲ့သည်။
လီမြောင်ဟန်သည်လည်း ကြီးကြီးမားမား လှုပ်ရှားမှုများ မပြုလုပ်ရဲတော့ဘဲ ပြန့်ပြူးနေသော ဗိုက်လေးကို ပွတ်သပ်ကာ နေ့စဉ်နေ့တိုင်း အရူးတစ်ယောက်လို ပြုံးရယ်နေ၏။
ရက်အနည်းငယ် ကြာပြီးနောက် ဖန်ကျန်းရီမှာ သည်းမခံနိုင်တော့ချေ။
ရုံးပိတ်ရက် အခွင့်အရေးကို အသုံးချကာ နန်းတော်တွင်းသို့ ဝင်ရောက်ပြီး သတင်းကောင်း သွားရောက် ပြောကြားရန် ဆုံးဖြတ်လိုက်သည်။