← Chapters

အခန်း (၆၇၁-၆၇၂)

Vol. 36 Ch. 671-672

အခန်း (၆၇၁-၆၇၂)

Vol. 36 Ch. 671-672

အပိုင်း (၆၇၁) နန်းတွင်းသို့ သတင်းကောင်း သွားရောက် ပြောကြားခြင်း။

ဖန်ကျန်းရီသည် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် နန်းတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်ရာ လက်ချည်းသတ်သတ် သွားရန မဖြစ်နိုင်ချေ။

မိသားစုဝင်များ ဖြစ်သွားပြီ ဆိုသော်လည်း စေတနာကတော့ နှစ်ဆ ပိုရမည် မဟုတ်ပါလား။

ခံစားချက် ဆိုသည်မှာ လှပသော်လည်း ပျက်စီးလွယ်သည့် အရာတစ်ခု ဖြစ်ရာ တစ်သက်လုံး ဂရုတစိုက် ထိန်းသိမ်းထားမှသာ ရနိုင်ပေမည်။

ဖန်ကျန်းရီသည် ဤအချက်ကို ကောင်းစွာ နားလည်ထားသူ ဖြစ်၏။

မင်းသမီးအိမ်တော်တွင် လက်ဆောင်ပစ္စည်းများ ပြင်ဆင်ပြီးနောက် နန်းတွင်းသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။

ရုံးပိတ်ရက် ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ လာရောက် တွေ့ဆုံခြင်း ဖြစ်သဖြင့် ဖန်ကျန်းရီသည် အရာရှိဝတ်စုံကို ဝတ်ဆင်မလာခဲ့ချေ။

ယခုလို ရာသီဥတုမျိုးတွင် အရာရှိဝတ်စုံ ဝတ်ဆင်ရခြင်းမှာ ညှဉ်းပန်းနှိပ်စက်မှု တစ်ခုနှင့် မခြားပေ။ ပြည်သူများပင်လျှင် ရက်လုပ်ထားသော အင်္ကျီတိုများ၊ အင်္ကျီရှည်များကို ပြောင်းလဲ ဝတ်ဆင်နေကြပြီ ဖြစ်ပြီး အချို့ဆိုလျှင် အပေါ်ပိုင်း ဗလာကျင်း၍ပင် နေကြသည်။

ချမ်းသာသော အထက်တန်းလွှာများကမူ ဂုဏ်သိက္ခာကို အရေးထားကြဆဲ ဖြစ်ရာ လက်ရှည်အင်္ကျီများ ဝတ်ဆင်ပြီး အပေါ်မှ ဝတ်ရုံကို ထပ်မံ ဝတ်ဆင်လေ့ ရှိကြသော်လည်း အဝတ်အစားများမှာမူ အားလုံးက ပေါ့ပါးပြီး လေဝင်လေထွက် ကောင်းသော အမျိုးအစားများသာ ဖြစ်ကြ၏။

ဖန်ကျန်းရီကတော့ သူတို့နှင့် မတူပေ။ ဖက်ရှင်ပိုင်းတွင် ... သူ့ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိချေ။

အထည်စက်ရုံတွင် အမှတ်တံဆိပ် ထိုးထားသော ချည်သား အင်္ကျီတို အချို့ကို အထူး ပြုလုပ်ခိုင်းထားပြီး ... အိမ်တွင် နေ့တိုင်း ထိုအင်္ကျီတိုများကိုသာ ဝတ်ဆင်နေလေ့ ရှိသည်။

တာ့ကျင်းတွင် တီရှပ် (T-shirt) ဟူသော စံသတ်မှတ်ချက် မရှိသော်လည်း ပြည်သူများ ဝတ်ဆင်လေ့ရှိသော အင်္ကျီတိုများနှင့် အနည်းငယ် ဆင်တူသဖြင့် ထူးဆန်းနေပုံ မပေါ်ချေ။

သို့သော်ငြား ရင်ဘတ်ပေါ်ရှိ နီရဲနေသော အမှတ်တံဆိပ်ကြီးဖြစ်သည့် [တာ့ကျင်း] ကတော့ အလွန်ကို ထင်ရှားပေါ်လွင်နေပေ၏။

အမျိုးသားဝတ် တီရှပ် အဖြူရောင် အကျပ်၊ တာ့ကျင်း၏ နွေရာသီ အရောင်းရဆုံး ပစ္စည်း။ ဝတ်ဆင်ပြီးနောက် ယဉ်ကျေးမှု ယုံကြည်ချက် +၁၀ ဖြစ်သွားစေသည်။

နန်းတော်စောင့် တပ်သားများ၏ စပ်စုချင်သော အကြည့်များအောက်တွင် ဖန်ကျန်းရီသည် ရင်ကော့၊ ခေါင်းမော့ကာ ယုံကြည်မှု အပြည့်ဖြင့် နန်းတွင်းသို့ ဝင်ရောက်လာခဲ့၏။

ကျင်းဘုရင်မင်းမြတ်သည် အေးမြသော နန်းဆောင်တွင် အပူရှောင်နေကြောင်း စုံစမ်းသိရှိရပြီးနောက် ထိုနေရာသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။

ဖန်ကျန်းရီ လမ်းလျှောက်နေစဉ် လမ်းခုလတ်တွင် ရုတ်တရက် ရင်းနှီးသော လူတစ်ယောက် ထွက်လာပြီး သူ၏ အရှေ့တွင် တည့်တည့်မတ်မတ် ရပ်လိုက်၏။

ခေါင်းမော့ကြည့်လိုက်ရာ လီယွမ်ကျောက်ပင် ဖြစ်နေသည်။

သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာများ ပြည့်နှက်နေပြီး ရင်ဘတ်မှာ အထက်အောက် ပြင်းထန်စွာ လှုပ်ရှားနေသဖြင့် အပြေးအလွှား ရောက်လာခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ဖန်ကျန်းရီသည် တစ်ခဏမျှ ကြောင်အမ်းသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ ပခုံးကို စိတ်လှုပ်ရှားစွာဖြင့် ဖက်လိုက်ပြီး လီယွမ်ကျောက်ကလည်း မျက်နှာအပြည့် အပြုံးများဖြင့် ပြန်လည် ဖက်လိုက်၏။

"ကျုပ် အဖေ ဖြစ်တော့မယ်။”

“ကျုပ် အဖေ ဖြစ်တော့မယ်။"

သူတို့နှစ်ဦး ပြိုင်တူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြရာ လုံခြုံရေး တာဝန်ကျနေသော နန်းတော်စောင့် တပ်သားများ အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။

"..."

"..."

“ကျုပ် အဖေ ဖြစ်တော့မယ်ဆိုတာ ခင်ဗျား ဘယ်လို သိတာလဲ။" သူတို့နှစ်ဦး ထပ်မံ၍ ပြိုင်တူ မေးလိုက်ကြပြန်၏။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ပြူးကြောင်ကြောင်ဖြင့် ကြည့်နေကြပြီး ခေါင်းထဲတွင် ရှုပ်ထွေးသွားကြသည်။

လီယွမ်ကျောက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "အာ ... မြောင်ဟန်မှာ ကိုယ်ဝန် ရှိသွားတာလား။"

"ဟုတ်ပါတယ် ... အရှင်မင်းသားဆီမှာလည်း ကိုယ်ဝန် ရှိသွားတာလား။"

လီယွမ်ကျောက်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ရာ ဖန်ကျန်းရီက ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် အရှင်မင်းသား။ နောက်ဆုံးတော့ မျိုးဆက်သစ်လေးကို မျှော်လင့်နိုင်ပြီပေါ့။ နောက်ပိုင်းကျရင် အိမ်ရှေ့စံမင်းသမီးကို သေချာ ဂရုစိုက်ပေးပါ။ သန္ဓေသားကို ဘယ်လို ပညာပေးရမယ်ဆိုတာ ကျုပ် နည်းနည်းပါးပါး နားလည်ပါတယ် ..."

"သူ မဟုတ်ဘူး ... အရှေ့နန်းတော်က အပျိုတော်လေး တစ်ယောက်။"

"..."

လီယွမ်ကျောက်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ "ကျုပ် ညီမလေး ကလေးမွေးတော့မယ်ဆိုတာကို စိတ်ကူးကြည့်လို့ မရဘူး။ သူက ဘယ်လိုလုပ်ပြီး ကလေးမွေးမှာလဲ။"

"ဒီမှာ စိတ်ကူးကြည့်လို့ မရစရာ ဘာရှိလို့လဲ။ ကလေး မမွေးတတ်တဲ့ မိန်းမ ဘယ်မှာ ရှိလို့လဲ။" ဖန်ကျန်းရီက အဓိပ္ပာယ်မရှိသလို ပြောလိုက်သည်။

လီယွမ်ကျောက်က ခေါင်းခါလျက် ပြောလိုက်၏။ "မသိဘူး။ ဘာလို့ ဒီလောက်တောင် အနေရခက်နေရတာလဲ။"

"အနေရမခက်ပါနဲ့။ အိမ်ရှေ့စံမင်းသမီးက ကိုယ်ဝန်မရှိဘဲ အပျိုတော်က ကိုယ်ဝန်ရှိနေတာကရော သင့်တော်လို့လား။" ဖန်ကျန်းရီက မေးလိုက်သည်။

"ဘာမသင့်တော်စရာ ရှိလို့လဲ။ ကျုပ် တစ်ယောက်တည်း ဒီလို လုပ်တာမှ မဟုတ်တာ။ ပြောရရင် ခင်ဗျားကို ကျေးဇူးတင်ရမယ် ... ခင်ဗျားပေးတဲ့ အဲဒီ ညစ်ညမ်းတဲ့ အဝတ်အစားတွေလေ ... အပျိုတော်တွေကလွဲပြီး ဘယ်သူမှ မဝတ်ရဲကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ အဲဒါတွေကို တော်တော် သဘောကျတယ်။"

လီယွမ်ကျောက်သည် ခေါင်းကို စောင်းကာ ပြန်လည် စဉ်းစားနေဟန်ဖြင့် ပြောလိုက်၏။ "အထူးသဖြင့် အဲဒီ ဂျေခိုင် ဆိုတဲ့ ဝတ်စုံက ..."

"အဲဒါကို ဂျေကေ (JK) လို့ ခေါ်တာ။"

"အာ ... ဂျေကေ။ အဝတ်အစားတွေက ကောင်းပေမဲ့ ဖိနပ်ကတော့ တကယ်ကို အရုပ်ဆိုးလွန်းတယ်။ အတော်ကို အရုပ်ဆိုးတာပဲ။"

"အရှင့်သားက တကယ်ကို မျက်စိရှင်တာပဲ။ ကျုပ်လည်း အဲဒီလိုပဲ တွေးမိပါတယ်။"

ဖန်ကျန်းရီက လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။ "အရှင်မင်းသား ... အရင်ဆုံး ဒီလောက်ပဲ ပြောကြတာပေါ့။ ကျုပ် အရှင်မင်းကြီးဆီ သတင်းကောင်း သွားပြောရအုံးမယ်။"

လီယွမ်ကျောက်က ခေါင်းညိတ်ပြလိုက်သည်။ "အတော်ပဲ။ ကျုပ်လည်း ခမည်းတော်ဆီ သွားပြီး ... နေအုံး … ခင်ဗျား ဝတ်ထားတာ ဘာကြီးလဲ။"

စကားတစ်ဝက် ရောက်မှသာ ဖန်ကျန်းရီ ဝတ်ဆင်ထားသော ထူးဆန်းသည့် အဝတ်အစားကို သူ သတိထားမိသွား၏။

ဖန်ကျန်းရီသည် သူ၏ လက်ထဲရှိ အထုပ်ကို မြှောက်ပြကာ ပြုံးလျက် ပြောလိုက်သည်။ "ကျုပ် အထည်စက်ရုံကို အထူး မှာပြီး ချုပ်ခိုင်းထားတဲ့ အဝတ်အစားပါ။ ပူပြင်းတဲ့ နွေရာသီမှာ ဝတ်ရတာ အေးမြပြီး သက်သောင့်သက်သာ ရှိတယ်။ နေ့တိုင်း အထပ်ထပ် အထူကြီး ဝတ်ရတာ တကယ်ကို နေရခက်တယ်။ အရှင့်သားအတွက်လည်း တစ်ထည် ယူလာခဲ့ပါတယ်။"

လီယွမ်ကျောက်က ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "ကောင်းတာပေါ့။ ကျုပ်ကို ပေး ... ကျုပ် လူရှင်းတဲ့ နေရာ တစ်ခု သွားရှာပြီး အရင် လဲဝတ်လိုက်မယ်။"

သူတို့နှစ်ဦးသည် လူသူကင်းမဲ့သော ထောင့်တစ်နေရာကို ရှာလိုက်ကြသည်။

အရိပ်ထဲတွင် လီယွမ်ကျောက်သည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး အဖြူရောင် အင်္ကျီကို အလျင်အမြန် လဲဝတ်လိုက်ကာ ဘောင်းဘီထဲသို့ ထိုးသွင်းလိုက်၏။

ဖန်ကျန်းရီသည် မျက်ခမ်းထောင့်များ နှစ်ချက်ခန့် တုန်ခါသွားပြီး သူ၏အင်္ကျီကို အလျင်အမြန် ပြန် ဆွဲထုတ်ပေးလိုက်သည်။

"အထဲကို မထိုးသွင်းနဲ့လေ။ အဲဒီလိုဆို ပူအိုက်သွားမှာပေါ့ ... ကျုပ် ဝတ်သလို ဝတ်မှ အေးမြမှာပါ။"

လီယွမ်ကျောက်သည် ဘယ်ဘက်သို့ တစ်ချက် လှည့်၊ ညာဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "တကယ်ကို မဆိုးဘူးပဲ။ ဝတ်ရတာ တော်တော် သက်သောင့်သက်သာ ရှိတယ်။ သွား ... သွား ... သွား ... ခမည်းတော်ဆီ သတင်းကောင်း အရင် သွားပြောကြမယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ... ကျုပ်ကို ကလေး မရနိုင်ဘူးလို့ နောက်ကွယ်ကနေ အတင်းပြောနေတဲ့သူ ဘယ်လောက်တောင် များနေပြီလဲ။ တကယ်ကို ဒေါသထွက်ဖို့ ကောင်းတယ်။ ဒီနေ့တော့ သူတို့ကို သေချာ ပြရမယ်။"

...

အေးမြသော နန်းဆောင်အတွင်း၌ …..

ကျင်းဘုရင်မင်းမြတ်သည် ထုံးစံအတိုင်း လျှောက်လွှာများကို စစ်ဆေးဖတ်ရှုနေပြီး ဘေးတွင် အပျိုတော် တစ်ဦးက ယပ်ခတ်ပေးနေ၏။

သို့ပေမည့် ကျင်းဘုရင်မင်းမြတ်၏ မျက်ခုံးများကြားတွင်မူ စိတ်အနှောင့်အယှက် ဖြစ်မှုများ အနည်းငယ် ရှိနေသည်။

အေးမြသော နန်းဆောင်သည် အပူရှောင်ရန် နေရာတစ်ခု ဖြစ်သော်လည်း အခြားသော နန်းဆောင်များထက် အနည်းငယ်သာ ပိုအေးမြပြီး အလွန်အမင်း အေးမြသည်တော့ မဟုတ်ချေ။

ဖန်ကျန်းရီတို့နှစ်ဦး နန်းဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါမှ ကျင်းဘုရင်မင်းမြတ်သည် ခေါင်းမော့လာပြီး အပြုံးတစ်ခု ပေါ်လာခဲ့၏။

"မင်းတို့ နှစ်ယောက် အတူတူ လာတာ ရှားလှချည်လား။ ကိုယ်တော်နဲ့ ဘာကိစ္စများ ရှိလို့လဲ။ ဟင် ... မင်းတို့ ဝတ်ထားတာ ဘာ အဝတ်အစား ဆန်းဆန်းပြားပြားတွေလဲ။"

ဖန်ကျန်းရီက အရင် အရိုအသေပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် လက်ဆောင် လာပေးတာပါ။ နောက်ပြီး သတင်းကောင်း တစ်ခုလည်း ပါသေးတယ်။"

ထိုသို့ ပြောရင်း လက်ထဲတွင် ထုပ်ပိုးထားသော အင်္ကျီတိုကို ဆက်သလိုက်၏။

ကျင်းဘုရင်မင်းမြတ်သည် အင်္ကျီတိုကို စပ်စုချင်စိတ်ဖြင့် ဖြန့်ကြည့်လိုက်ရာ တစ်ခါမှ မမြင်ဖူးသော ပုံစံမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒီဇိုင်းပိုင်းအရ ဖန်ကျန်းရီ ဝတ်ဆင်ထားသော အင်္ကျီနှင့် ဆင်တူသော်လည်း အနည်းငယ်တော့ ကွာခြားသည်။

ဘယ်ဘက် အပေါ်ထောင့်တွင် အိတ်ကပ်လေး တစ်ခု ပါရှိပြီး အင်္ကျီပေါ်တွင် အစက်အပြောက် ပုံစံများနှင့် အစင်းကျား အချို့ကို အလှဆင်ထား၏။

သေသပ်လှပသော လက်ရာနှင့် ဆန်းသစ်သော ဒီဇိုင်းများ ရှိနေသည်မှာ သိသာထင်ရှားလှသည်။

ကျင်းဘုရင်မင်းမြတ်သည် လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်ကြည့်လိုက်ရာ အထည်သားမှာ ချောမွေ့နေသဖြင့် အနည်းငယ် ဝမ်းသာသွားခဲ့၏။

တော်ဝင်မိသားစု သီးသန့် အစင်းကျားနှင့် အစက်အပြောက်ပါသော အင်္ကျီတို။ နောင်ခေတ်များတွင် တူးဖော်တွေ့ရှိရမည့် ရှေးဟောင်းပစ္စည်း တစ်ခု ဖြစ်လာပြီး တူးဖော်ပြီးနောက် ပြာအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားမှုများကြောင့် အထောက်အထား ကျန်ရှိနေမည် ဖြစ်သည်။ လေ့လာချက်များအရ ဤအင်္ကျီကို ဝတ်ဆင်ပြီးပါက တည်ငြိမ်မှု စွမ်းအား +၉၉ တိုးလာစေမည်။

"ဒီအင်္ကျီက တကယ် ကောင်းတယ်။ ကိုယ်တော် အရမ်း သဘောကျတယ်။ မင်း တကယ်ကို သိတတ်တာပဲ။"

"ဒါက ကျွန်တော်မျိုး အထည်စက်ရုံမှာ အရှင်မင်းကြီးအတွက် အထူး မှာပြီး ချုပ်ခိုင်းထားတဲ့ အဝတ်အစားပါ။ ပူပြင်းတဲ့ နွေရာသီမှာ အရှင်မင်းကြီး အားလပ်ချိန် ဝတ်ဆင်ရင် အေးမြပြီး သက်သောင့်သက်သာ ရှိစေပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။ အရှင်မင်းကြီး အရင် လဲဝတ်ကြည့်မလား။"

ကျင်းဘုရင်မင်းမြတ်က ပြုံးလျက် ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆို ကိုယ်တော် အရင် အဝတ်အစား သွားလဲလိုက်မယ်။ မင်းတို့ နှစ်ယောက် ခဏ စောင့်နေကြအုံး။"

အချိန်အနည်းငယ် ကြာပြီးနောက် ကျင်းဘုရင်မင်းမြတ်သည် အင်္ကျီကို လဲဝတ်ပြီး ပြန်ထွက်လာခဲ့သည်။

ဖန်ကျန်းရီသည် ခေါင်းမော့ကြည့်လိုက်ရာ ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရ၏။

သူ နန်းပလ္လင်ပေါ်တွင် ထိုင်လိုက်သောအခါ ဩဇာအာဏာများ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွားခဲ့သည်။

အင်္ကျီကို အဝါရောင် ဘောင်းဘီရှည်ထဲသို့ ထိုးသွင်းထားရာ ဘာနှင့်မှ မတူဘဲ အိမ်ရာဝင်းအောက်တွင် စစ်တုရင် ကစားနေသည့် အဘိုးကြီး တစ်ဦးနှင့်ပင် အတော်လေး ဆင်တူနေ၏။

ဘောင်းဘီတို ကြီးကြီး နှစ်ထည်လောက် ထပ်ချုပ်ပေးသင့်တာပဲ ...

"မဆိုးဘူးပဲ။ ဒီအင်္ကျီက လေဝင်လေထွက် ကောင်းပြီး သက်သောင့်သက်သာ ရှိတယ်။ လှလည်း လှပြီး ကြည့်လို့လည်း ကောင်းတယ်။ ကောင်းတယ် ... တကယ်ကို ကောင်းတယ်။"

အဝတ်အစားသစ် လဲဝတ်လိုက်ရသဖြင့် အနည်းငယ် အေးမြသွားရာ ကျင်းဘုရင်မင်းမြတ်သည် သိသိသာသာ ပျော်ရွှင်သွားခဲ့သည်။

"ဘာသတင်းကောင်း ရှိလို့လဲ။ အခု ပြောလို့ ရပြီ။"

ဖန်ကျန်းရီက လေးနက်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ် ... ဝမ်းမြောက်ကြောင်းလည်း ပြောချင်ပါတယ်။ အိမ်ရှေ့စံမင်းသားမှာ မျိုးဆက်သစ် ရသွားပါပြီ။ တာ့ကျင်းရဲ့ နိုင်ငံတော်ကြီး ထာဝရ တည်တံ့ခိုင်မြဲ ..."

"နေအုံး … မင်း ဘာပြောလိုက်တာလဲ။" ကျင်းဘုရင်မင်းမြတ်သည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

လည်ပင်းကို တောင့်တင်းစွာဖြင့် လီယွမ်ကျောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်က ခါးထောက်လျက် အောင်ပွဲခံနေသည့် အမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဟုတ်ပါတယ် ... ဖန်ကြီး ပြောတာ မှန်ပါတယ်။ သားတော်မှာ ကလေး ရသွားပါပြီ ... ကိုယ်ဝန် ရှိသွားပါပြီ။" လီယွမ်ကျောက်က ခေါင်းမော့ကာ ပြောလိုက်၏။

"မျိုးဆက်သစ် ... ကိုယ်တော့်ရဲ့ မျိုးဆက်သစ် ရသွားပြီပဲ ..." ကျင်းဘုရင်မင်းမြတ်သည် အံ့အားသင့်မှုများ လွှမ်းမိုးနေဆဲဖြစ်ပြီး ပါးစပ်မှ အဆက်မပြတ် ရေရွတ်နေမိ၏။

ဝမ်းသာပျော်ရွှင်မှုကြီး တစ်ခုက ရင်ထဲတွင် လှည့်လည်နေခဲ့သည်။

နိုင်ငံတော် ကြီးပွားတိုးတက်နေသော်လည်း မျိုးဆက် ပြတ်တောက်နေခြင်းက အကြီးမားဆုံး အန္တရာယ် တစ်ခု ဖြစ်၏။

အိမ်ရှေ့စံမင်းသားမှာ ဤမျှ ကြီးပြင်းလာပြီ ဖြစ်သော်လည်း ရလဒ် တစ်ခုမှ မရှိခဲ့ချေ။ ယခုအခါတွင်တော့ သူ၏ ခန္ဓာကိုယ်တွင် ပြဿနာ မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

"ကောင်းတယ် ... ကောင်းတယ်။ ဘယ်သူ့ဆီကနေ ရတာလဲ။" ကျင်းဘုရင်မင်းမြတ်က အလျင်စလို မေးလိုက်သည်။

ဖန်ကျန်းရီက နှုတ်ခမ်းကို မဲ့လိုက်၏။

ကြည့်ရတာ ကျင်းဘုရင်မင်းမြတ်က သူ၏ သားတော် နောက်ကွယ်တွင် မည်သို့ နေထိုင်သည်ကို အကုန် သိနေပုံရသည်။ ကလေးရနိုင်ခြေကို မြှင့်တင်ရန် ပိုက်ကွန် အကျယ်ကြီး ဖြန့်ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤသို့ အမေးခံလိုက်ရသောအခါ လီယွမ်ကျောက်သည် အနည်းငယ် ရှက်ရွံ့သွားသဖြင့် ဖန်ကျန်းရီက အလျင်အမြန် ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး ... အရှေ့နန်းတော်က အပျိုတော် တစ်ဦးဆီကပါ။"

"အပျိုတော် ဟုတ်လား ... ကော်ပန်ပန် ... အမြန်ဆုံး သမားတော်တွေကို စေလွှတ်ပြီး စစ်ဆေးခိုင်းလိုက်။ ပြီးရင် အနားယူဖို့ နန်းဆောင် တစ်ခု သီးသန့် ပေးပြီး ကောင်းကောင်း စောင့်ရှောက်ထားဖို့ စီစဉ်ပေးလိုက်။ လျန်တီ (ကိုယ်လုပ်တော်) အဖြစ် ချီးမြှင့်လိုက်။"

အပိုင်း (၆၇၂) ကျောင်းတော်၏ အန္တရာယ်။

ရိုးရှင်းသော အစီအစဉ်များ ချမှတ်ပြီးနောက် ကျင်းဘုရင်မင်းမြတ်က ဝမ်းသာအားရ မေးလိုက်၏။ "ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုတာ သိရပြီလား။"

"အရှင်မင်းကြီး မလောပါနဲ့။ မွေးလာမှပဲ သိရမှာပေါ့။"

ဖန်ကျန်းရီက ပြုံးကာ ပြန်ဖြေလိုက်သည်။ "ဒါ့အပြင် ကျွန်တော်မျိုးဆီမှာလည်း သတင်းကောင်း တစ်ခု ရှိပါသေးတယ်။"

"သတင်းကောင်း ထပ်ရှိသေးတယ် ဟုတ်လား။ မြန်မြန် ပြောစမ်း။"

ကျင်းဘုရင်မင်းမြတ်သည် ယခုအခါ စိတ်ကြည်လင်လန်းဆန်းနေပြီး တစ်ကိုယ်လုံး ပေါ့ပါးနေ၏။

"ကျွန်တော်မျိုး ... ဘက်မှာလည်း ကိုယ်ဝန် ရှိသွားပါပြီ။"

"ဟားဟား ... ရှိတာ ကောင်းတယ်။ ရှိတာ ... ဘာပြောတယ်။"

ကျင်းဘုရင်မင်းမြတ်မှာ အလွန်အမင်း အံ့ဩသွားခဲ့သည်။ "မြောင်ဟန်မှာလည်း ကိုယ်ဝန် ရှိသွားပြီလား။"

"ရှိသွားပါပြီ။"

ဖန်ကျန်းရီက ပြုံးလျက် ဖြေကြားလိုက်၏။ "မကြာသေးခင်ကမှ သိရတာပါ။ ကျွန်တော်မျိုး သေချာ အတည်ပြုပြီးတာနဲ့ နန်းတော်ထဲကို သတင်းကောင်း လာပြောတာပါ။"

ကျင်းဘုရင်မင်းမြတ်သည် ပြုံးရယ်လျက် ဘယ်ညာသို့ လျှောက်လှမ်းနေပြီး သူ၏ ပျော်ရွှင်မှုများမှာ ဖုံးကွယ်၍ပင် မရနိုင်တော့ချေ။

ဖန်ကျန်းရီသည်လည်း အရူးတစ်ယောက်လို လိုက်လံ ပြုံးရယ်နေမိသည်။ ဘုရင်တစ်ပါးက ဤမျှအထိ ထိန်းချုပ်မှု ကင်းမဲ့သွားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

"ဝမ်းသာစရာ နှစ်ထပ်ကွမ်းပဲ ... တကယ့်ကို ဝမ်းသာစရာ နှစ်ထပ်ကွမ်းပဲ။"

ကျင်းဘုရင်မင်းမြတ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဖန်ကျန်းရီ၏ အနီးသို့ လျှောက်သွားကာ ပခုံးကို အားပါးတရ ပုတ်လိုက်၏။

"ကိုယ်တော် မင်းကို ပိုးထည် အလိပ် တစ်ထောင်နဲ့ လယ်မြေ ဧက တစ်ရာ ချီးမြှင့်မယ်။ တော်ဝင် လယ်မြေထဲကနေ ခွဲပေးလိုက်မယ်။ ပြန်သွားရင် နန်းတော်ထဲက အားဖြည့်ဆေးတွေ ပိုပြီး ယူသွားဖို့ မမေ့နဲ့။ မြောင်ဟန်ကို သေချာ အနားယူဖို့ ပြောထား ... အလွယ်တကူ လျှောက်မသွားခိုင်းနဲ့။ ဟုတ်ပြီ ... သမားတော် တချို့ကိုလည်း ထပ်ခေါ်သွားလိုက်အုံး။ နေမကောင်း ဖြစ်သွားမှာကို လုံးဝ ခွင့်မပြုဘူး။"

ဖန်ကျန်းရီက ပြုံးလျက် ဖြေကြားလိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါပေမဲ့ မင်းသမီးအိမ်တော်မှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ကျွန်တော်မျိုး ပြင်ဆင်ထားပြီးပါပြီ။ ဆုလာဘ်တွေကိုတော့ ..."

"ဒါက မြောင်ဟန်အတွက် ချီးမြှင့်တာလေ။ မင်းနဲ့ ဘာဆိုင်လို့လဲ။" ကျင်းဘုရင်မင်းမြတ်က မျက်လုံးပြူးကာ ကပ်သတ် ပြောလိုက်၏။

မူလက နှိမ့်ချဟန်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ဖန်ကျန်းရီသည် အလျင်အမြန် ပါးစပ်ပိတ်သွားရတော့သည်။

ကောင်းလိုက်တာ ... အလကားရတဲ့ အရာတွေက တကယ်ကို ကောင်းတာပဲ။

ကျင်းဘုရင်မင်းမြတ်သည် ထိုသို့ ပြောပြီးနောက် မူလနေရာတွင် ပြန်ထိုင်ကာ ပြုံးလျက် ပြောလိုက်၏။ "မင်းတို့ နှစ်ယောက်ကတော့ ကိုယ်တော့်ကို တကယ်ကို စိတ်ချမ်းသာစေတာပဲ။ ရောက်လာတာနဲ့ သတင်းကောင်း နှစ်ခုတောင် သယ်လာတယ်ဆိုတော့ တကယ်ကို ရှားပါးတယ်။"

"ခမည်းတော် မလောပါနဲ့။ ကလေးလေး တစ်ယောက်တည်းပဲ ရှိသေးတာလေ။ နောက်ပိုင်း သားတော်က ဆယ့်ခုနစ်ယောက်၊ ဆယ့်ရှစ်ယောက်လောက် ထပ်မွေးပေးတာက သိပ်ခက်ခဲတဲ့ ကိစ္စမှ မဟုတ်တာ။" လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ထိုသို့ ပြောနေစဉ် ဖန်ကျန်းရီအား မျက်စောင်းထိုး၍ အချက်ပြလိုက်၏။

အင်္ကျီသစ် နှစ်စုံလောက် ထပ်ပို့ပေးဖို့ မြန်မြန် လုပ်။

ဖန်ကျန်းရီသည် ခေါင်းကို မသိမသာ ညိတ်ပြလိုက်သည်။

ယောကျ်ားတွေက အဝတ်အစား လဲဝတ်ထားတဲ့ ကစားနည်းကို တကယ်ပဲ သဘောကျကြတာပဲ ... အားလုံးက အတူတူပါပဲ။

လီယွမ်ကျောက်က ကြွားဝါနေသော်လည်း ကျင်းဘုရင်မင်းမြတ်၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေသဖြင့် ကျေနပ်အားရစွာ ခေါင်းညိတ်ပြနေခဲ့၏။

မွေးပါစေ ... ဘယ်လောက်များများ မွေးမွေး အပိုမဖြစ်ဘူး။

သူ့လိုမျိုး သားတစ်ယောက်တည်းသာ ရှိပြီး ဒေါသထွက်စရာတွေ အမြဲ ကြုံနေရတာမျိုး မဖြစ်ရင် တော်ပါပြီ ... နောက်ပြီး ရွေးချယ်စရာလည်း မရှိဘူးလေ။

ကျင်းဘုရင်မင်းမြတ်၏ စိတ်ခံစားချက်များ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသောအခါ ဖန်ကျန်းရီသည် ခါးကြားမှ အစီရင်ခံစာ တစ်စောင်ကို ထုတ်ယူကာ ဆက်သလိုက်၏။

"အရှင်မင်းကြီး ... သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတော် ဘက်မှာလည်း တည်ဆောက်ရေး လုပ်ငန်းတွေ ပြီးသလောက် ဖြစ်နေပါပြီ။ မကြာခင်မှာ အသုံးပြုလို့ ရတော့မှာပါ။

နောက်ဆက်တွဲ အနေနဲ့ ပြည်သူတွေထဲကနေ ကျောင်းသားတွေ ခေါ်ယူရပါတော့မယ်။ ဒါက အကြမ်းဖျင်း ရေးဆွဲထားတဲ့ စည်းမျဉ်းတွေပါ။ အရှင်မင်းကြီး ကြည့်ရှုစစ်ဆေးပေးတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်သည် အစီရင်ခံစာကို ယူ၍ ဖတ်ရှုကြည့်လိုက်သည်။

အထဲတွင် ကျောင်းစည်းကမ်းများ၊ ဘာသာရပ်များ၊ အဆင့်အတန်းများနှင့် သိပ္ပံအကယ်ဒမီသို့ ဝင်ရောက်ရန် ရွေးချယ်မည့် စံနှုန်းများကို အသေးစိတ် ရေးသားထား၏။

"ဒီ အခြေခံအတန်း၊ ပထမအဆင့်၊ ဒုတိယအဆင့် ဆိုတာက ဘာကို ဆိုလိုတာလဲ။" ကျင်းဘုရင်မင်းမြတ်က နားမလည်စွာဖြင့် မေးလိုက်သည်။

ဖန်ကျန်းရီက ပြန်လည် ဖြေကြားလိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒါက ရိုးရှင်းတဲ့ အဆင့်ခွဲခြားမှုလေး ပါပဲ။ အရပ်ထဲကနေ လာတဲ့ ကျောင်းသားတွေက အခြေခံ မရှိကြသေးတော့ အားလုံးက အခြေခံအတန်းကို အရင် တက်ရပါမယ်။ စာမေးပွဲ အောင်မှ ပထမအဆင့်ကို တက်ခွင့်ရမယ်။ အဲဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် စာမေးပွဲဖြေပြီး နောက်ဆုံး ကောလိပ်အဆင့်အထိ တက်ရပါမယ်။ ကောလိပ်အဆင့် ပြီးဆုံးရင် စာတမ်းပြုစုတာ ဒါမှမဟုတ် တီထွင်ဖန်တီးမှု တစ်ခုခု ရှိမှသာ တော်ဝင် သိပ္ပံအကယ်ဒမီကို ဝင်ခွင့်ရမှာပါ ... ဒါမှမဟုတ် ကျောင်းမှာ ဆရာအဖြစ် ဆက်နေခွင့် ရမှာပါ။

တကယ်လို့ အရည်အချင်း အရမ်း ထူးချွန်တဲ့သူတွေ ဆိုရင်လည်း အဆင့်ကျော်ပြီး တက်ခွင့်ပြုမှာပါ။ ပထမအဆင့်ကနေ ကောလိပ်အဆင့်ကို တန်းတက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။"

ထိုထက် ပိုမြင့်သော အဆင့်တော့ မရှိတော့ချေ။ သူ၏ အစီအစဉ်အရလည်း ထပ်မံ ထည့်သွင်းရန် မရည်ရွယ်ထားပေ။

တောက်ယွမ်ခရိုင်တွင် အတွေ့အကြုံများ စုဆောင်းထားသဖြင့် သိပ္ပံအကယ်ဒမီကို တည်ထောင်ရန် အခက်အခဲ မရှိသော်လည်း ခြုံငုံကြည့်လျှင် အရာအားလုံးသည် အခြေခံ အဆင့်တွင်သာ ရှိသေးပြီး စနစ်အမျိုးမျိုးကိုလည်း လက်တွေ့ လုပ်ဆောင်ရင်း ပြုပြင်ပြောင်းလဲသွားရမည်။

"ကောင်းပြီ။ အစီအစဉ်တွေက တော်တော်လေး အသေးစိတ်ကျတယ်။ ဒါဆိုလည်း မင်းပဲ တိုက်ရိုက် တာဝန်ယူ စီစဉ်လိုက်တော့။"

"အရှင်မင်းကြီး ... ဒီအထဲမှာ အရှင်မင်းကြီးရဲ့ အကူအညီ လိုအပ်တဲ့ ပြဿနာ တစ်ခု ရှိနေပါတယ်။"

ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုးက အရပ်ထဲကနေ ကျောင်းသား ခေါ်ယူမှာပါ။ ဒါပေမဲ့ အရပ်ထဲက အလုပ်အကိုင် အသီးသီးကို လုပ်ကိုင်နေကြတဲ့ သူတွေမှာ မိသားစု နောက်ခံ အမျိုးအစား အကြီးအသေး ဆိုပြီး ခွဲခြားထားတာ ရှိပါတယ်။ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရပြီး ဘိုးဘေးတွေရဲ့ အလုပ်ကိုပဲ ဆက်လုပ်ခွင့် ရှိကြတယ်။

ဒါပေမဲ့ အခြေခံအတန်းကနေ သင်တန်းပေးပြီးသွားရင် ကျောင်းသားတွေကို ခွဲထုတ်ပြီး သူတို့ရဲ့ ဝါသနာနဲ့ အရည်အချင်းပေါ် မူတည်ပြီး လေ့ကျင့်ပေးရမှာပါ။ အဲဒီလို လုပ်လိုက်ရင် နန်းတွင်းက အမတ်တွေရဲ့ ဝေဖန်မှုတွေကို ခံရမှာ စိုးရိမ်မိပါတယ်။

ဒါကြောင့် ကျောင်းဝင်မယ့် ကျောင်းသားတွေကို မိသားစု နောက်ခံ အမျိုးအစား ပြောင်းလဲခွင့် တစ်ကြိမ် ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်။ အဲဒါမှသာ သူတို့တွေ စိတ်အေးချမ်းသာစွာ ပညာသင်နိုင်ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ ကင်းဝေးမှာပါ။"

မိသားစု နောက်ခံ အမျိုးအစား ဆိုသည်မှာ စစ်သား၊ အရပ်သား၊ လက်မှုပညာရှင်၊ ဆားချက်သမား ဟူ၍ အဓိက လေးမျိုး ခွဲခြားထားပြီး ၎င်းတို့အောက်တွင် ထပ်မံ၍ အသေးစိတ် ခွဲခြားထားကာ အားလုံးကို အဝါရောင် မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားလေ့ ရှိသည်။

အမျိုးအစား အားလုံးက နိုင်ငံတော် စာမေးပွဲကို ဖြေဆိုခွင့် ရှိသော်လည်း စာမေးပွဲ မအောင်မြင်ပါက ... တစ်သက်လုံး မိမိ၏ မူလ အလုပ်အကိုင်ကိုသာ လုပ်ကိုင်ရမည်ဖြစ်ပြီး ပြောင်းလဲခွင့် လုံးဝ မရှိချေ။

လက်တွေ့တွင်တော့ စည်းမျဉ်းစည်းကမ်း၏ ကွက်လပ်များကို ရှာဖွေနိုင်သူ အမြဲ ရှိတတ်ရာ စနစ်က ဤမျှအထိ တင်းကျပ်မှုတော့ မရှိလှပေ။

သို့သော်ငြား ကျောင်းတော်ကတော့ ထိုသို့ မဟုတ်ချေ။ အစုလိုက်အပြုံလိုက် ကျောင်းသားများ ခေါ်ယူပြီး မိသားစု နောက်ခံ အမျိုးအစားကို ပြောင်းလဲပေးမည် ဆိုပါက နန်းတွင်းမှ ဝေဖန်မှုများ သေချာပေါက် ထွက်ပေါ်လာမည်။ ထို့ကြောင့် နောက်ပိုင်း ပြဿနာများ မဖြစ်ပေါ်စေရန် ကျောင်းသားများအတွက် လမ်းကြောင်းကို ကြိုတင် ခင်းပေးထားရမည်။

ကျင်းဘုရင်မင်းမြတ်၏ စိတ်အခြေအနေ အလွန် ကောင်းမွန်နေချိန်ဖြစ်ရာ တောင်းဆိုမှု ပြုလုပ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

သို့ပေမည့် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လာခဲ့၏။

ဤသည်မှာ ဘိုးဘေးများ သတ်မှတ်ခဲ့သော စည်းမျဉ်းဖြစ်ပြီး ရှေးခေတ် အဆက်ဆက်တည်းက ဤအတိုင်း ကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။

"ကျောင်းမှာ သင်ကြားမယ့် ဘာသာရပ်တွေကို ခွဲခြားထားတယ် ဆိုမှတော့ အဲဒီ အလုပ်အကိုင် အသီးသီး လုပ်ကိုင်နေတဲ့ သူတွေဆီကနေပဲ ကျောင်းသား ခေါ်ယူလို့ မရဘူးလား။"

ဖန်ကျန်းရီက ခေါင်းခါလျက် ဖြေကြားလိုက်သည်။ "အရှင်မင်းကြီး ... အဲဒီလို လုပ်တာက အရမ်း တင်းကျပ်လွန်းပြီး ထိရောက်မှုလည်း အရမ်း နည်းပါတယ်။

အရပ်ထဲမှာ လိပ်က လိပ်မွေးတယ်၊ ကြွက်က ကြွက်မွေးပြီး မြေတွင်းတူးတယ် လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး အမြင်မှာတော့ ဒါက လူတွေကို လုံးဝ စော်ကားတာပါပဲ။ လူတွေရဲ့ အရည်အချင်းက မွေးရာပါ နောက်ခံအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။

သာမန် ပန်းဘဲဆရာ တစ်ယောက်ကလည်း တိုက်ပွဲ ရာပေါင်းများစွာကို အောင်နိုင်တဲ့ စစ်သူကြီး တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။

ကျွန်တော်မျိုး သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတော်ကို မဖြစ်မနေ တည်ထောင်ချင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကလည်း ဒီလို ထူးချွန်တဲ့ အရည်အချင်း ရှိသူတွေကို ရှာဖွေ ဖော်ထုတ်ဖို့ပါပဲ။ အရင်စည်းမျဉ်းတွေ အတိုင်းသာ သွားနေမယ်ဆိုရင် ဒီကိစ္စက လုပ်ရခက်သွားပါလိမ့်မယ်။"

"ဟုတ်ပါတယ်။ ခမည်းတော် ... ဖန်ကြီး ပြောတာ မှန်ပါတယ်။ သားတော်ရဲ့ အရည်အချင်းက စစ်မြေပြင်မှာပါ ... ဒါပေမဲ့ အခုတော့ သားတော်ရဲ့ အရည်အချင်းတွေကို အသုံးချခွင့် မရသေးဘူး။" လီယွမ်ကျောက်က မနေနိုင်ဘဲ ဝင်အော်လိုက်၏။

ကျင်းဘုရင်မင်းမြတ်သည် သူ့ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး မျက်ခုံးနှစ်ဖက် ကြားကို ပွတ်သပ်လိုက်သည်။

"ကျန်းရီ ... မင်းက ကိုယ်တော့်ကို တကယ် ပြဿနာ ပေးတာပဲ။ ဒီလမ်းကြောင်းကို ဖွင့်ပေးလိုက်ရင် နန်းတွင်းမှာ ဝေဖန်မှု ဘယ်လောက်တောင် များလာမလဲ မသိဘူး။ ဖိအားတွေ အကုန်လုံးက ကိုယ်တော့်ဆီ ရောက်လာမှာပဲ။"

ဖန်ကျန်းရီ၏ မျက်နှာမှာ တောင့်တင်းသွားခဲ့၏။

မူလက သတင်းကောင်း ပြောရင်း ဤကိစ္စကိုပါ တစ်ပါတည်း တင်ပြလိုက်လျှင် အလွယ်တကူ အောင်မြင်သွားမည်ဟု ထင်မှတ်ထားခဲ့သည်။ ကျောင်းတော် တစ်ခုတည်းအတွက် ခြွင်းချက် လုပ်ပေးရန်မှာ သိပ်ခက်ခဲမည် မဟုတ်ဟု ထင်ခဲ့မိသည်။

သို့ပေမည့် ယခုတစ်ကြိမ်တွင်တော့ ဘိုးဘေးများ၏ စည်းမျဉ်း ဩဇာအာဏာကို အထင်သေးမိသွားပုံ ရ၏။

ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီသည် အံကြိတ်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ... အိန္ဒိယလို့ ခေါ်တဲ့ နေရာတစ်ခု အကြောင်း ကျွန်တော်မျိုး ကြားဖူးပါတယ်။"

"ဒီကိစ္စက အိန္ဒိယနဲ့ ဘာဆိုင်လို့လဲ။" ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။

"ကျွန်တော်မျိုး ပြောတာကို ဆုံးအောင် နားထောင်ပေးပါအုံး .. အရှင်မင်းကြီး။ အိန္ဒိယ ဆိုတဲ့ နေရာမှာ လူတွေ မွေးလာတာနဲ့ သူတို့ရဲ့ သွေးသား နောက်ခံအပေါ် မူတည်ပြီး ဗြာဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဆိုပြီး အမျိုးအစား လေးမျိုး ခွဲခြားထားပါတယ်။ ဒီစနစ်ကို ဇာတ်စနစ် လို့ ခေါ်ပါတယ်။

ဒီလူလေးမျိုးဟာ တစ်သက်လုံး ကိုယ့်ရဲ့ အဆင့်အတန်း အတွင်းမှာပဲ နေရပြီး ဘယ်တော့မှ အထက်ကို တက်ခွင့် မရှိပါဘူး။ အထက်တန်းလွှာတွေက အောက်ခြေက လူတွေကို ဝက်တွေ၊ ခွေးတွေလို သဘောထားပြီး အောက်ခြေက လူတွေကလည်း ဒါကို ကျေကျေနပ်နပ် လက်ခံထားကြတယ်။"

ကျင်းဘုရင်မင်းမြတ်သည် ရုတ်တရက် သဘောပေါက်သွားပြီး မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "မိသားစု နောက်ခံ ခွဲခြားထားတာက ဇာတ်စနစ် ခွဲခြားတာနဲ့ အတူတူပဲလို့ မင်း ပြောချင်တာလား။

တကယ်ကို အဓိပ္ပာယ် မရှိတာပဲ။ ငါတို့ တာ့ကျင်းမှာ နိုင်ငံတော် စာမေးပွဲ စနစ် ရှိတယ်။ ဘယ်ပြည်သူ မဆို စာမေးပွဲ ဖြေပြီး ရာထူးတက်နိုင်တယ်။ နောက်ပြီး ပညာတတ်တွေ အားလုံးက နိုင်ငံတော်ရဲ့ အတက်အကျကို ကိုယ့်တာဝန်လို့ သဘောထားကြတယ်။ အိန္ဒိယနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။"

All Chapters