အခန်း (၆၈၀-၆၈၁)
Vol. 36 Ch. 680-681
အပိုင်း (၆၈၀) အရာအားလုံး စွမ်းဆောင်နိုင်သော ကျောင်းအုပ်ကြီးဖန်။
ဓာတုဗေဒ အကယ်ဒမီမှ ထွက်လာပြီး မလှမ်းမကမ်းတွင် ရူပဗေဒ အကယ်ဒမီ ရှိနေ၏။
စောစောကကဲ့သို့ပင် တူညီသော အလှဆင်ထားမှုများ ရှိပြီး ခန်းမအတွင်း၌ အမှတ်အသား ဖြစ်သော အရာများကို ထားရှိထား၏။ သို့သော် ဤတစ်ကြိမ်တွင် ထားရှိသော အရာမှာ အနည်းငယ် ထူးဆန်းနေသည်။
ခန်းမအတွင်း၌ စတုရန်းပုံ သေတ္တာ တစ်လုံးကိုသာ ထားရှိပြီး ဖွင့်ကြည့်နိုင်ပုံ ရသည်။ အောက်တွင် [ဖန်ကျန်းရီ၏ ကြောင်] ဟု ရေးသားထား၏။
မိုရှောင်ဟူက အရှေ့သို့ တိုးသွားပြီး သေတ္တာကို ဖွင့်လိုက်သည်။
ရှောင်လဲ့ထျန်သည် ခေါင်းပြူ၍ ကြည့်လိုက်ရာ အတွင်း၌ ကျောက်တုံးဖြင့် ပြုလုပ်ထားသော ကြောင်တစ်ကောင် နှင့် ပုလင်းတစ်လုံးကို တွေ့လိုက်ရသဖြင့် နားမလည်စွာ မေးလိုက်သည်။ "ဒါက ဘာကြီးလဲ။"
မိုရှောင်ဟူက ခဏမျှ ပြန်လည် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒီပုလင်းထဲမှာ အဆိပ် ရှိတယ်။ ဘယ်အချိန်မဆို အလိုအလျောက် ထွက်လာနိုင်တယ်။ တကယ်လို့ မထွက်လာရင် ကြောင်က အသက်ရှင်နေမယ် ... ထွက်လာရင်တော့ သေသွားမယ်။ သေတ္တာကို မဖွင့်ကြည့်ဘူးဆိုရင် ကြောင်က သေနေသလိုလို၊ ရှင်နေသလိုလို အခြေအနေမှာ ရှိနေလိမ့်မယ်။ ဘာအဓိပ္ပာယ်လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိဘူး။ ကျောင်းအုပ်ကြီးဖန် ကလည်း မပြောပြခဲ့ဘူး။"
ရှောင်လဲ့ထျန်က စဉ်းစားခန်း ဝင်လျက် မေးလိုက်သည်။ "အဆိပ်က ဘာလို့ အလိုအလျောက် ထွက်လာမှာလဲ။ အဆိပ်နဲ့ မသေရင်တောင် ကြောင်က အစာငတ်ပြီး လေမွန်းလို့ သေသွားမှာ မဟုတ်ဘူးလား။ ဒါက တကယ်ကို ဘာသဘောလဲ ..."
"ငါလည်း အကြမ်းဖျင်းလောက်ပဲ နားလည်ပါတယ်။ မစဉ်းစားပါနဲ့တော့ ... ငါတို့ ကျောင်းအုပ်ကြီးဖန်က အဲဒီလိုပဲ။ အဖြေကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ ရလဒ် တစ်ခုကိုပဲ ပေးထားပြီး မင်းကို သုတေသန လုပ်ခိုင်းမှာပဲ။ စိတ်ကြည်လာမှ နည်းနည်းပါးပါး လာပြီး လမ်းညွှန်ပေးမှာပါ။" မိုရှောင်ဟူက ပခုံးတွန့်ပြလိုက်၏။
"ဒီလိုကိုး။"
ရှောင်လဲ့ထျန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "အရမ်းကို နက်နဲလွန်းတယ် ... အရမ်းကို နက်နဲလွန်းတယ်။"
"သွားကြစို့ ... နောက်ထပ် နေရာတချို့ကို ထပ်ပြပေးမယ်။"
ထို့နောက် သူတို့နှစ်ဦးသည် ဆက်လက် လေ့လာကြည့်ရှုကြပြီး အဆောက်အအုံတိုင်းလိုလိုတွင် ဖန်ကျန်းရီက ဆန်းသစ်သော အရာများကို ချန်ထားခဲ့၏။
သူတို့နှစ်ဦး အမိုးခုံး ပုံသဏ္ဍာန် အဆောက်အအုံ တစ်ခုရှေ့သို့ ရောက်သွားသောအခါ မိုရှောင်ဟူက ပြောလိုက်သည်။ "ကြည့်ရမယ့် နေရာတွေ အကြမ်းဖျင်း အကုန် ကြည့်ပြီးသွားပြီ။ ဒီနေရာကတော့ နောက်ဆုံး မှတ်တိုင်ပဲ ... အထဲဝင်ကြရအောင်။"
အမိုးခုံး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်သွားသောအခါ ရှောင်လဲ့ထျန်သည် ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ အဆောက်အအုံ အတွင်း၌ နေရာလွတ် တစ်ခုတည်းသာ ရှိပြီး အရှေ့ဘက်တွင် စင်မြင့်ကြီး တစ်ခု ရှိကာ အနောက်ဘက်တွင် အပေါ်ထပ်နှင့် အောက်ထပ် ထိုင်ခုံများ ရှိသည်။ အမိုးတွင် ပြတင်းပေါက် ဖောက်ထားသဖြင့် အလင်းရောင် ကောင်းစွာ ဝင်ရောက်နိုင်ပြီး နံရံများတွင်လည်း ဖယောင်းတိုင်စင်များ အပြည့် ရှိနေ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပြဇာတ်ရုံကြီး တစ်ခုပင် ဖြစ်သည်။
နေရာအလွန် ကျယ်ဝန်းသဖြင့် မြင်ကွင်းမှာ အလွန် ရှင်းလင်းကျယ်ပြန့်နေပြီး လူများကို ပေးစွမ်းနိုင်သော အံ့အားသင့်မှုမှာ လုံးဝ မတူညီချေ။
မိုရှောင်ဟူက မိတ်ဆက်ပေးလိုက်၏။ "ဒီနေရာက တုန်းကျောင်းတက္ကသိုလ်ရဲ့ ခန်းမဆောင်ကြီးပဲ။ နောက်ပိုင်း ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေ၊ ဆုပေးပွဲတွေကို ဒီနေရာမှာ ကျင်းပမှာ။ မင်း ဘယ်လို ခံစားရလဲ။"
"အရမ်းကို လှပတဲ့ ခန်းမဆောင်ကြီးပဲ။" ရှောင်လဲ့ထျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
သူ၏ ထိန်းချုပ်မှု ကင်းမဲ့နေသော အမူအရာကို မြင်သော်လည်း မိုရှောင်ဟူက အများကြီး မပြောခဲ့ချေ။
ယခင်က တောက်ယွမ်ခရိုင်တွင် အဆောက်အအုံ အသစ်များ တည်ဆောက်ပြီးစီးချိန်က သူလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ပြီး အလွန်အမင်း ဆန်းသစ်နေခဲ့သည်။ ခရိုင်ထဲတွင် အချိန်အကြာကြီး နေလာခဲ့သဖြင့် အကုန်လုံးကို မြင်ဖူးနေပြီ ဖြစ်ရာ အစောကြီးကတည်းက ကျင့်သားရနေပြီ ဖြစ်၏။
ရှောင်လဲ့ထျန်ကို ခေါ်ဆောင်ကာ အရှေ့ဆုံးတန်းသို့ သွားရောက်ပြီး ထိုင်ခုံ တစ်ခုကို ရှာ၍ ထိုင်လိုက်သည်။
မိုရှောင်ဟူသည် ရှောင်လဲ့ထျန်၏ စိတ်ခံစားချက်များ တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ မေးလိုက်၏။ "နောက်ထပ် ဘာမေးခွန်းတွေ ရှိသေးလဲ ... မင်း အကုန် မေးလို့ ရပါတယ်။ ဒီနေ့ အချိန်ရတုန်း ငါ တစ်ခါတည်း ဖြေပေးပါ့မယ်။ မင်း အကုန်လုံး ရှင်းလင်းသွားမှ မင်းအတွက် ဘာသာရပ်ကို ငါ ရွေးပေးမယ်။"
မေးခွန်း ဟုတ်လား။ တကယ်ကို အရေးကြီးတဲ့ မေးခွန်း တစ်ခု ရှိတာပဲ။
ရှောင်လဲ့ထျန်သည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ခေါင်းထဲတွင် အချိန်အကြာကြီး ကိန်းအောင်းနေသော မေးခွန်း တစ်ခုကို နောက်ဆုံးတွင် မေးလိုက်တော့၏။ "ကျောင်းအုပ်ကြီးဖန်က ဒီလောက်တောင် ပါရမီ ထူးချွန်ပြီး ဘာသာရပ် တိုင်းလိုလိုမှာ သူ့ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်ဆိုတော့ ... ကျောင်းအုပ်ကြီးဖန်က တကယ်တော့ ဘယ်နယ်ပယ်မှာ အကျွမ်းကျင်ဆုံးလဲ။
သခင်လေးက ဘာကို အကျွမ်းကျင်ဆုံးလဲ။
ဤမေးခွန်းကို မိုရှောင်ဟူ တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ သူ၏ မျက်လုံးထဲတွင် ဖန်ကျန်းရီသည် အမြဲတမ်း အရာအားလုံး စွမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်သည်။ ခရိုင်ထဲရှိ တစ်ခါမှ မမြင်ဖူးသော အရာတိုင်းလိုလိုတွင် ဖန်ကျန်းရီ၏ အရိပ်အယောင်များ ပါဝင်နေလေ့ ရှိသည်။
သို့သော်ငြား မည်မျှပင် အစွမ်းထက်နေပါစေ အကျွမ်းကျင်ဆုံး အရာတစ်ခုတော့ ရှိရမည် မဟုတ်ပါလား ... မိုရှောင်ဟူ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လာပြီး မျက်မှောင်ကုတ်လျက် မျက်လုံးများကို မှိတ်ကာ အပြင်းအထန် စဉ်းစားနေတော့၏။
ရှောင်လဲ့ထျန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး အဖြေကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဆယ်မိနစ်ကျော်ခန့် စဉ်းစားပြီးနောက် မိုရှောင်ဟူသည် မျက်လုံးများကို ဖွင့်ကာ ပြောလိုက်၏။ "ဒီမေးခွန်းကို အရင်တုန်းက ငါ တကယ်ပဲ သေချာ မစဉ်းစားခဲ့ဖူးဘူး။ အခုတော့ ငါ့ဆီမှာ အဖြေ ရှိသွားပြီ ... မင်း မေးတာ ကောင်းတယ်။"
"ဘာအဖြေလဲ။" ရှောင်လဲ့ထျန်သည် အသက်ရှူသံများ ပြင်းထန်လာခဲ့၏။ ဖန်ကျန်းရီကဲ့သို့ အဆင့်အတန်း ရှိသူ တစ်ယောက်က သူ့အတွက်တော့ နတ်ဘုရား တစ်ပါးနှင့် မခြားပေ။ ကျောင်းအုပ်ကြီးဖန် မည်သည့် အရာကို အကျွမ်းကျင်ဆုံး ဖြစ်ကြောင်း သိလိုက်ရပါက အနောက်မှ လိုက်သွားရုံသာ ဖြစ်ပြီး ဘာသာရပ် ရွေးချယ်ရန်အတွက် စိတ်ရှုပ်ခံ စဉ်းစားနေစရာ မလိုတော့ချေ။
မိုရှောင်ဟူသည် တိုက်ရိုက် မဖြေကြားဘဲ ပြန်မေးလိုက်သည်။ "သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာပဲဖြစ်ဖြစ် အရာတစ်ခုကို မဖြစ်မနေ သင်ယူရမယ်ဆိုတာ မင်း သိလား။"
"မသိပါဘူး ... အဲဒါက ဘာလဲ။"
"ညီမျှခြင်း ပေါ့။"
"ညီမျှခြင်း ဆိုတာ ဘာကို ခေါ်တာလဲ။"
"မသိကိန်းတွေ ပါဝင်တဲ့ ညီမျှခြင်းလေ ... မင်း သင်ပြီးသွားရင် နားလည်သွားမှာပါ။ ဒါပေမဲ့ ... ညီမျှခြင်းကို ဘာလို့ ညီမျှခြင်းလို့ ခေါ်လဲဆိုတာ သိလား။"
ညီမျှခြင်းကို ဘာလို့ ညီမျှခြင်း (Fangcheng) လို့ ခေါ်တာလဲ။ ရှောင်လဲ့ထျန်၏ ခေါင်းထဲတွင် ကြီးမားသော မေးခွန်းထုတ်စရာ ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး တွေဝေစွာ စဉ်းစားနေစဉ် ရုတ်တရက် ခေါင်းထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။ ထိန်းချုပ်၍ မရနိုင်သော အတွေးတစ်ခု ပေါ်လာခဲ့ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ... ဖန် ... ကျောင်းအုပ်ကြီးဖန်ရဲ့ မျိုးရိုးနာမည်က ဖန် (Fang) ဖြစ်နေလို့လား။"
တကယ်ကို ဉာဏ်ကောင်းတဲ့ ကျောင်းသားပဲ။
မိုရှောင်ဟူသည် အားပါးတရ ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။ "မှန်တယ်။ ညီမျှခြင်းကို ညီမျှခြင်းလို့ ခေါ်ရတဲ့ အကြောင်းရင်းက တခြားကြောင့် မဟုတ်ဘူး။ ငါတို့ ကျောင်းအုပ်ကြီးဖန်ရဲ့ မျိုးရိုးနာမည်က ဖန် ဖြစ်နေလို့ပဲ။ ဒါကြောင့် ညီမျှခြင်းကလည်း ဖန် ဆိုတဲ့ မျိုးရိုးနာမည်ကို ယူရတာပဲ။ ဒါကလွဲပြီး တခြား ရှင်းပြစရာ အကြောင်း မရှိဘူး။
သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဆိုတဲ့ ဘာသာရပ် သုံးခုက တခြား ဘာသာရပ်တွေနဲ့လည်း ရှုပ်ထွေးနက်နဲတဲ့ ဆက်စပ်မှုတွေ အများကြီး ရှိနေတယ်။ ဒါကြောင့် ကျောင်းအုပ်ကြီးဖန်က တကယ်တော့ ဘာကို အကျွမ်းကျင်ဆုံးလဲလို့ မင်း မေးရင် ငါ မပြောပြတတ်ဘူး။ သူက အကုန်လုံးကို အကျွမ်းကျင်ဆုံးပဲ ... ဒါမှမဟုတ်ရင် ဘာကိုမှ မကျွမ်းကျင်ဘူးလို့ ပြောရမယ်။"
" ….."
ရှောင်လဲ့ထျန်မှာ အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားခဲ့၏။ ဤသည်မှာ မည်သို့သော အဆင့်အတန်းမျိုးနည်း။ မည်သို့သော စွယ်စုံရ ပါရမီရှင်မျိုးနည်း။ သူသည် ယနေ့ ဤကဲ့သို့သော ဂိုဏ်းသစ် တည်ထောင်သူ၊ လမ်းပြရှေ့ဆောင်ကြီးနှင့် တွေ့ဆုံခွင့် ရခဲ့သည်မှာ ... အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်နေသည်။
သို့သော်ငြား အံ့အားသင့်မှုများ ပြီးသွားပြီးနောက် ရောက်ရှိလာသည်မှာ တွေဝေမှုပင် ဖြစ်၏။ "ဆရာ ... ဒါဆိုရင် ကျုပ် ဘယ်ဘာသာရပ်ကို ရွေးရမလဲ။"
မိုရှောင်ဟူသည် ပြုံးလျက် သူ၏ ပခုံးကို ပုတ်လိုက်သည်။ ခင်မင်ရင်းနှီးမှု တည်ဆောက်တာလည်း အတော်လေး ခရီးရောက်နေပြီဆိုတော့ ဒီကောင်လေးကို ဆွဲဆောင်ဖို့ အချိန်ကျပြီ။
"တုန်းကျောင်းတက္ကသိုလ်မှာ ဘာသာရပ်တွေ အများကြီး ရှိတယ်။ ဘာသာရပ်တိုင်းက ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဆိုတာတွေက အခြေခံ သိပ္ပံပညာရပ်တွေပဲ။ အမြန်ဆုံး ငွေရှာချင်တယ် ဆိုရင်တော့ လက်နက်တိုက်ကို ရွေးဖို့ ငါ အကြံပေးချင်တယ်။
အဲဒါကမှ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ရစေနိုင်ပြီး လူတွေကို အံ့အားသင့်စေမယ့် နေရာပဲ။ သေနတ်တွေ၊ အမြောက်တွေ ဘယ်အရာကိုပဲ ထုတ်ပြထုတ်ပြ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲလေ။ ဆရာ … ငါက လက်နက်တိုက်ကို တာဝန်ယူရတာ။ ငါတို့ လက်နက်တိုက်ရဲ့ အမြင်မှာတော့ တခြား ဘာသာရပ်တွေ အကုန်လုံးက အမှိုက်တွေချည်းပဲ ... ပေါက်ကွဲမှု ဆိုတာကမှ တကယ့် အနုပညာပဲ။"
"လက် ... လက်နက်တိုက် ဆိုတာ ဘာလဲ။ အမြောက် ဆိုတာကရော ဘာကြီးလဲ။" ရှောင်လဲ့ထျန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။
အပြင်လောကက သေနတ်နှင့် အမြောက်များ အကြောင်းကို မသိသေးချေ။ မိုရှောင်ဟူသည် သူ စကားမှားသွားမှန်း သိလိုက်သဖြင့် ပြုံးရယ်လျက် ပြောလိုက်သည်။ "မင်း ဝင်ဖို့ ဆုံးဖြတ်ပြီးရင် သိသွားမှာပါ။ ငါတို့ နေရာက အထူး သီးသန့်ဖြစ်လို့ လျှို့ဝှက်ထားရတယ်။ ဒါပေမဲ့ မြို့တော်ထဲမှာ အရောင်းရဆုံး ဖြစ်နေတဲ့ မီးရှူးမီးပန်းတွေကိုတော့ မင်း သိတယ် မဟုတ်လား။ အဲဒီအရာတွေက ငါတို့ လက်နက်တိုက်ကနေ ထွက်လာတဲ့ အစွန်းအစလေးတွေပဲ။"
ရှောင်လဲ့ထျန်၏ မျက်လုံးများထဲတွင် တောက်ပမှုများ ပေါ်လာခဲ့၏။ မီးရှူးမီးပန်းများကို သူ သိသည်။ ပေါ်လာသည်မှာ သိပ်မကြာသေးသော မြို့တော်အတွင်း အရောင်းရဆုံး ပစ္စည်းများဖြစ်ပြီး ချမ်းသာသော သူများက ပွဲတော်ရက်များတွင် ပျော်ရွှင်စရာ လေထု ဖန်တီးရန် အသုံးပြုကြသည်။ ဤမျှ ငွေရသော အရာများကပင် လက်နက်တိုက်၏ အစွန်းအစလေးများသာ ဖြစ်သည်ဆိုလျှင် တကယ်ကို အစွမ်းထက်လှပေ၏။
"ဆရာ ... စောစောက ကျုပ်တို့ လက်နက်တိုက်ရဲ့ အဆောက်အအုံကို ဘာလို့ မတွေ့ခဲ့ရတာလဲ။ လက်နက်တိုက် ခန်းမထဲမှာရော ဘာတွေ ထားထားလဲ။"
"လက်နက်တိုက်က ဆောက်လို့ မပြီးသေးဘူးလေ။ ဒါပေမဲ့ ကျောင်းအုပ်ကြီးဖန်က တစ်ခုခု ချန်ထားခဲ့သလားလို့ မေးရင် ... သူ အရင်တည်းက ကြိုပြီး ချန်ထားခဲ့ပါတယ်။ မင်း ကြည့်ချင်လား။" မိုရှောင်ဟူက မေးလိုက်၏။
"ကြည့်ချင်ပါတယ်။" ရှောင်လဲ့ထျန်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ဖြေကြားလိုက်သည်။
မိုရှောင်ဟူသည် သူ၏ ရင်ခွင်ထဲမှ စာရွက်ပိုင်းလေး တစ်ရွက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီး ထိုစာရွက်လေးကို ကြည့်ရင်း အနည်းငယ် လွမ်းဆွတ်နေသော အမူအရာမျိုး ဖြစ်နေခဲ့၏။ ဤသည်မှာ တောက်ယွမ်ခရိုင်တွင် လက်နက်တိုက်ကို ပထမဆုံး တည်ထောင်စဉ်က ဖန်ကျန်းရီ ကိုယ်တိုင် သူ့အတွက် ရေးပေးခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာသည်အထိ သူ၏ ကိုယ်ပေါ်တွင် အမြဲ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။
"ဒါက ကျောင်းအုပ်ကြီးဖန် ငါ့ကို ချန်ထားခဲ့တဲ့ ဟောကိန်းပဲ။ ငါသာ ဒါကို အပြည့်အဝ နားလည်သွားမယ် ဆိုရင် ... ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ပေါက်ကွဲမှုကြီးကိုတောင် ဖန်တီးနိုင်မယ်လို့ ပြောခဲ့တယ်။"
ရှောင်လဲ့ထျန်သည် စာရွက်ကို မစောင့်နိုင်တော့ဘဲ လှမ်းယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။
E = MC 2
"ဆရာ ... ဒါက ဘာကြီးလဲ။ စာလုံးလည်း မဟုတ်ဘူးဆိုတော့ နားမလည်ဘူး။" ရှောင်လဲ့ထျန်မှာ ကြောင်အမ်းသွားခဲ့၏။
မိုရှောင်ဟူက ပြောလိုက်သည်။ "နားမလည်တာက မှန်တာပေါ့။ ငါလည်း နားမလည်ဘူး ... ဘယ်သူမှလည်း နားမလည်နိုင်ဘူး။ မင်း မှတ်ထားပါ ... ကျောင်းအုပ်ကြီးဖန်ရဲ့ လက်ထဲကနေ ပေါ့ပေါ့ဆဆ ပစ်ချလိုက်တဲ့ အရာလေးတွေကတောင် သာမန်လူတွေအတွက် ဘဝဆယ်ဆက်လောက် သုတေသန လုပ်ဖို့ လုံလောက်တယ်။"
"ဒါဆို ဆရာက ဘာလို့ ကျောင်းအုပ်ကြီးဖန်ကို တိုက်ရိုက် သွားမမေးတာလဲ။"
မိုရှောင်ဟူသည် ခေါင်းခါ၍ သက်ပြင်းချကာ ပြောလိုက်၏။ "ငါ သွားမမေးဘဲ နေမလား ... နောက်ဆုံးတော့ အဆဲခံလိုက်ရတာပါပဲ။ ကျောင်းအုပ်ကြီးဖန်က ငါ့ကို ဒီလောက် လွယ်တဲ့ဟာကိုတောင် နားမလည်ဘူးလား၊ လာမေးရဲသေးတယ် ဆိုပြီး ဆဲလွှတ်လိုက်တယ်။
ငါ နားလည်ပါတယ်။ တကယ်တော့ ကျောင်းအုပ်ကြီးဖန်က မသင်ပေးချင်တာ မဟုတ်ဘူး၊ တကယ်ကို သင်ပေးလို့ မရတာပါ။ မင်း သိလား ... လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ပါရမီက မတူညီကြပါဘူး။ တချို့ ပြဿနာတွေက ဉာဏ်ကောင်းတဲ့ သူတွေအတွက်တော့ တစ်ချက်ကြည့်လိုက်တာနဲ့ ဘာသဘောတရားလဲ ဆိုတာကို သိနိုင်ပေမဲ့ သာမန် လူတွေအတွက်တော့ နည်းနည်းလေး နားလည်ဖို့အတွက်တောင် အများကြီး ကြိုးစားအားထုတ်ရတယ်။ ဒါကြောင့် အရူးကပဲ အရူးကို သင်ပေးနိုင်တယ်လို့ ပြောကြတာ။
ဒါက နွားရှေ့ စောင်းတီးပြနေသလိုပါပဲ ... လူလည်း ပင်ပန်းတယ်၊ နွားလည်း ပင်ပန်းတယ် ... နောက်ဆုံးတော့ ငါတို့တွေက အရမ်းကို သာမန်ဆန်လွန်းနေလို့ပါ။"
"ဟူး ..." ရှောင်လဲ့ထျန်သည် ရင်ထုမနာဖြင့် သက်ပြင်းချလိုက်၏။ သူသည် စာသင်ရာတွင် မတော်သော်လည်း စိတ်ထဲတွင်တော့ သူများထက် ပို၍ ဉာဏ်ကောင်းသည်ဟု အမြဲ ထင်မှတ်ထားခဲ့သည်။ ယခုမှသာ တောင်တစ်တောင်ထက် ပိုမြင့်သော တောင်တစ်တောင် ရှိသေးသည် ဆိုသည်ကို သိရှိသွားတော့သည်။
သူတို့နှစ်ဦး အချိန်အတော်ကြာ သက်ပြင်းချနေပြီးနောက် မိုရှောင်ဟူက ပြောလိုက်၏။ "ကောင်းပြီ ... ခင်ဗျားရဲ့ ဘာသာရပ် အကြောင်းကို ပြောကြတာပေါ့။
လက်နက်တိုက်က အခုထိ ဆောက်လို့ မပြီးသေးဘူး။ တကယ်လို့ မင်း အခြေခံအတန်းကို အောင်မြင်ပြီးသွားရင် ဝင်ဖို့ ဆုံးဖြတ်လိုက်ပါ။ ငါ မင်းအတွက် နေရာတစ်ခု ကြိုတင် ဖယ်ထားပေးမယ်။
ဒါတင်မကသေးဘူး ... လက်နက်တိုက်ထဲမှာ အခု နောက်ဆုံးပေါ် စီမံကိန်း တစ်ခု ရှိသေးတယ်။ မင်း ပါဝင်မယ်ဆိုရင် လုပ်အားခတောင် ရအုံးမယ် ... ဘယ်လိုသဘောရလဲ။"
"ဘာစီမံကိန်းလဲ။"
"လျှို့ဝှက်ချက်ပဲ ... ဝင်ပြီး စာချုပ် လက်မှတ်ထိုးပြီးမှ သိခွင့်ရှိမယ်။"
ဒီလောက်တောင် တင်းကျပ်တာလား။
ရှောင်လဲ့ထျန်၏ မျက်နှာပေါ်တွင် လေးနက်မှု အနည်းငယ် ပေါ်လာခဲ့၏။ အမှန်တိုင်း ပြောရလျှင် နားထောင်ကြည့်ရသည်မှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ သို့ပေမည့် အခြား ဘာသာရပ်များနှင့် အလွန် ကွာခြားလွန်းနေသဖြင့် ရင်ထဲတွင် သေချာမှု မရှိသလို ခံစားနေရသည်။
မိုရှောင်ဟူသည် သူ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဆက်လက် ဆွဲဆောင်လိုက်၏။ "တကယ်လို့ မင်း ငါတို့ အဖွဲ့ထဲကို ဝင်လာရင် ... သိပ္ပံပညာရှင် တစ်ယောက်အတွက် အရေးအကြီးဆုံး ကျွမ်းကျင်မှုတွေကို ငါ ကိုယ်တိုင် သင်ပေးမယ်။"
ဖြတ်လမ်း ... သိပ္ပံပညာရှင် ဖြစ်ဖို့တောင် လျှို့ဝှက် ကျင့်စဉ်တွေ ရှိသေးတာလား။
"အဲဒါက ဘာလဲ။" ရှောင်လဲ့ထျန်မှာ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့၏။
"ရန်ပုံငွေ ရှာတာပေါ့။"
မိုရှောင်ဟူက ခပ်ဖွဖွ ပြုံးလိုက်သည်။ "ငွေမရှိရင် ဘာအလုပ်မှ လုပ်လို့ မရဘူးလေ ... မင်း ရန်ပုံငွေ ရှာတတ်ရမယ်။ ဘယ်ဘာသာရပ်မဆို အတူတူပဲ၊ ဒါပေမဲ့ ငါတို့ လက်နက်တိုက်က အဲဒီနေရာမှာ အထူး ကျွမ်းကျင်တယ်။"
နားထောင်ကြည့်ရတာ လိမ်ပြီး ငွေတောင်းနေတာနဲ့ တူနေသလိုပဲ ... ရှောင်လဲ့ထျန်သည် တံတွေး တစ်ချက် မြိုချလိုက်၏။ "ဆရာ ... ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးလို့ ရမလား။"
"ရတာပေါ့ ... တုန်းကျောင်းတက္ကသိုလ်က လူတစ်ဦးချင်းစီရဲ့ ဆန္ဒကို လေးစားပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အားပေးပါတယ်။ ဒါကြောင့် ငါက မင်းကို ဒီလောက် အများကြီး ပြောပြနေတာပါ။ မင်း အရင်ဆုံး အခြေခံအတန်းကို သွားတက်လိုက်ပါ ... မင်း ရဲ့ အခြေခံက ပြဿနာ မရှိဘူး။ နှစ်ရက် သုံးရက်လောက်ဆို အောင်သွားမှာပါ။ အောင်ပြီးသွားရင် ငါ့ကို မြန်မြန် အဖြေလာပေးရင် ရပြီ။"
"ကျေးဇူးတင်ပါတယ် ဆရာ။"
အပိုင်း (၆၈၁) လက်နက်တိုက်ကို ရွေးချယ်လိုက်ခြင်း
ကျောင်းဝင်းအတွင်း၌ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးသည် ရည်ရွယ်ချက် မရှိဘဲ လမ်းလျှောက်နေကြသည်။
လီယွမ်ကျောက်က မေးလိုက်၏။ "ဖန်ကြီး ... ခင်ဗျား စာသင်ဆောင်တွေထဲမှာ ထားထားတဲ့ ရှုပ်ရှုပ်ယှက်ယှက် အရာတွေက ဘာတွေလဲ ... ကျုပ် တစ်ခုမှ နားမလည်ပါလား။"
"အာ ... ကျောင်းဆောက်တာက လောသွားတော့ ခန်းမထဲမှာ အလွတ်ကြီး ဖြစ်နေလို့လေ။ အဲဒါနဲ့ လျှောက်ရှာပြီး ဖြစ်သလို တင်ထားလိုက်တာပါ ... ကျုပ်လည်း နားမလည်ပါဘူး။"
ဖန်ကျန်းရီသည် လက်ဖြင့် အဆက်မပြတ် ယပ်ခတ်ရင်း ပြောလိုက်သည်။ "အရှင်မင်းသား ... မြန်မြန် အရိပ်ရတဲ့ နေရာတစ်ခု ရှာပြီး နေကြရအောင်။ ဒီနေ့က သောက်ကျိုးနည်း ဘာလို့ ဒီလောက်တောင် ပူနေရတာလဲ။"
………
ထိုညတွင် ရှောင်လဲ့ထျန်သည် အိပ်ဆောင် တစ်ခုသို့ နေရာချထားခြင်း ခံရပြီး အိပ်ဆောင်အတွင်း၌ စဉ်းစားခန်း ဝင်နေခဲ့၏။ မိုရှောင်ဟူအပေါ် သူ၏ အမြင်မှာ အလွန် ကောင်းမွန်လှသည်။ တက်ကြွလှုပ်ရှားပြီး ရိုးသား ပွင့်လင်းစွာ စကားပြောဆိုတတ်သူ ဖြစ်သည်။
သို့သော် ဘာသာရပ် ရွေးချယ်ရေး ကိစ္စကိုတော့ သေချာစွာ စဉ်းစားရဦးမည်။ ယခင်က စာသင်ကြားရာတွင် အလွန် ဆိုးရွားခဲ့ပြီ ဖြစ်ရာ လမ်းသစ် တစ်ခုကို ပြောင်းလဲ လျှောက်လှမ်းရာတွင်လည်း ဤကဲ့သို့ပင် ဖြစ်နေဦးမည် ဆိုလျှင် အိမ်ပြန်ပြီး ဖင်ဖြစ်သူကို မျက်နှာပြရဲတော့မည် မဟုတ်ချေ။ ကြိုးတစ်ချောင်း ရှာပြီး ဆွဲကြိုးချ သေလိုက်သည်ကမှ ပိုကောင်းဦးမည်။
အသစ် တွေ့ဆုံရသော အခန်းဖော် အချို့သည် မည်သည့် ဘာသာရပ်ကို ရွေးချယ်မည်ကို အပြိုင်အဆိုင် ဆွေးနွေး နေကြသော်လည်း လက်နက်တိုက် ဆိုသည့် ထူးဆန်းသော နာမည်ကို ပြောဆိုသူ တစ်ဦးမှ မရှိချေ။
သန်းခေါင်ယံ အချိန်အထိ စဉ်းစားနေခဲ့ပြီး ရှောင်လဲ့ထျန်သည် ဟိုဘက်ဒီဘက် လှိမ့်ကာ အိပ်မပျော်နိုင်ဘဲ နောက်ဆုံးတွင်တော့ အိပ်ဆောင်အတွင်း ဖြည်းညင်းစွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လူတစ်ယောက်က အိပ်ဆောင်ကို လာရောက် စစ်ဆေး၏။
အိပ်ဆောင် လာစစ်သူသည် အိပ်ဆောင်အတွင်း တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့ အားလုံးကို အတင်း လှုပ်နှိုးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ထကြတော့ ... အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ရမယ်။ ပြီးရင် ထမင်းစားပြီး စာသွားသင်ရမယ်။ အခြေခံအတန်းကို မအောင်ရင် တန်းပြီး အိမ်ပြန်လို့ ရပြီ။ အားလုံးပဲ သေချာ ဂရုစိုက်ကြ။"
ရှောင်လဲ့ထျန်သည် အိပ်ရေးမဝသေးသော မျက်လုံးများကို ပွတ်သပ်ကာ ဖြည်းညင်းစွာ ထလိုက်သည်။ ကျန်သော အခန်းဖော် များလည်း လိုက်လံ နိုးလာကြ၏။
အိပ်ဆောင် လာစစ်သူကို အားလုံးက ဝိုင်းကြည့်လိုက်ကြရာ သူက အိပ်ဆောင်အတွင်းရှိ အမှိုက်ပုံးကို လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ကြက်ရိုးတွေကို ဘယ်သူ စားထားတာလဲ။ နောက်ပိုင်း အမှိုက်ပုံးထဲမှာ အမှိုက် မရှိရဘူးဆိုတာ သိကြလား။ ထကြတော့ ... နောက်တစ်ခါ ခွင့်မပြုတော့ဘူးနော်။ စစ်ဆေးတွေ့ရှိရင် အမှတ်နှုတ်မယ်၊ မင်းတို့ အတန်းတက်ဖို့ အထိခိုက် ရှိလိမ့်မယ်။"
ထိုသို့ ပြောပြီးနောက် အိပ်ဆောင် လာစစ်သူသည် နောက်လှည့် ထွက်ခွာသွားခဲ့သည်။
မူလကတည်းက အိပ်ရေးမဝသေးရာ ဤကဲ့သို့သော အရူးစကားမျိုးကို ကြားရသောအခါ ရှောင်လဲ့ထျန်၏ ရင်ထဲတွင် ဒေါသများ ချက်ချင်း ထွက်ပေါ်လာခဲ့သော်လည်း အလျင်အမြန် ပြန်လည် ဖိနှိပ်ထားလိုက်ရ၏။ ခေါင်းထဲတွင် မနေ့က မိုရှောင်ဟူက မြက်ခင်းကို ကာကွယ်သည့် ဆိုင်းဘုတ်ကို ခြေထောက်ဖြင့် ကန်ချလိုက်သည့် မြင်ကွင်းကို အလိုအလျောက် ပြန်လည် အမှတ်ရလာခဲ့၏။
ငါလည်း ဒီလို မိုက်မိုက်လေး နေနိုင်ရင် သိပ်ကောင်းမှာပဲ ...
သူများအိမ်အောက် ရောက်နေတော့လည်း ခေါင်းငုံ့ရတာပါပဲလေ ... ဤအတွေးမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။ ထ၍ အဝတ်အစားများ သေချာ ဝတ်ဆင်ပြီး အပြင်ဘက်ရှိ ရေတွင်းမှ ရေခပ်ကာ မျက်နှာသစ်၊ ခြေလက်ဆေးပြီးနောက် ရှောင်လဲ့ထျန်သည် လူအုပ်ကြီးနှင့်အတူ ရင်ပြင်သို့ ကိုယ်လက်လှုပ်ရှားမှု လုပ်ရန် ထွက်လာခဲ့သည်။
ရင်ပြင်ပေါ်တွင် အသံချဲ့စက် ကိုင်ထားသူများက အသင့် စောင့်ဆိုင်းနေကြပြီး ကိုယ်လက်လှုပ်ရှားမှု သင်ပေးမည့် ဆရာများလည်း ရှိနေသည်။ ရှက်ရွံ့မှုကို အတင်းအကျပ် ထိန်းချုပ်ကာ ရှောင်လဲ့ထျန်သည် တစ်နိုင်ငံလုံး၏ ပထမဆုံးသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဖြစ်သည့် အေရိုးဗစ် ကို အောင်မြင်စွာ တတ်မြောက်သွားခဲ့၏။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးနောက် စားသောက်ဆောင်သို့ နံနက်စာ သွားစားကြသည်။ နံနက်စာမှာ အလွန် စျေးပေါပြီး ကြေးပြား အနည်းငယ်ဖြင့်ပင် ဗိုက်ဝအောင် စားနိုင်ကာ ပေါက်စီ၊ ဆန်ပြုတ်၊ ဟင်းရံ စသည်တို့ အစုံအလင် ပါဝင်သည်။
အိမ်တွင် စားရသည်ထက် အများကြီး ပိုကောင်းနေသဖြင့် ဤတစ်နပ်ကို သူ အလွန်အမင်း ကျေနပ်စွာ စားသောက်ခဲ့၏။ စားသောက်ဆောင်က ဤမျှ စျေးပေါရခြင်းမှာလည်း ဖန်ကျန်းရီက သူ၏ ကိုယ်ပိုင်ငွေဖြင့် ထောက်ပံ့ပေးထားသောကြောင့် ဖြစ်၏။
ထမင်းစားပြီးနောက် စာသွားသင်ကြရာ အတန်းများကို ကြိုတင်၍ တစ်ရက်ကြို ခွဲထားပြီး ဖြစ်သည်။ အခြေခံ အလွန် အားနည်းသော ကျောင်းသားများအတွက်မူ စာလုံးများနှင့် ဂဏန်းများကဲ့သို့သော အသိပညာများကို သင်ကြားပေးပြီး အခြေခံ ရှိသူများကိုတော့ အထွေထွေ ဗဟုသုတကို တိုက်ရိုက် သင်ကြားပေးသည်။
ရှောင်လဲ့ထျန်သည် စိုးရိမ်ထိတ်လန့်စွာဖြင့် စာသင်ခန်း အတွင်းသို့ ဝင်သွားသောအခါ ဆရာဖြစ်သူက ကျောက်သင်ပုန်းတွင် စာများ ကြိုတင် ရေးသားထားပြီး ဖြစ်၏။ ကျောက်သင်ပုန်းပေါ်တွင် စာလုံးများ အပြည့် ရေးသားထားပြီး ရိုးရှင်းသော ပုံကြမ်း အချို့လည်း ပါဝင်၏။
လူအားလုံး ရောက်ရှိသွားသောအခါ ဆရာဖြစ်သူက ချက်ချင်း စတင် သင်ကြားတော့သည်။ ကျောက်သင်ပုန်း ပေါ်ရှိ စက်ဝိုင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒါက ကျုပ်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပဲ ..."
အောက်ဘက်ရှိ ကျောင်းသားများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တောက်ယွမ်ခရိုင်မှ ကထိကသည် ကျောင်းသားသစ်များကို စာသင်ကြားပေးနေခဲ့၏။
နာရီဝက် ကြာပြီးနောက် အတန်းဆင်းသွားခဲ့သည်။ အခြေခံအတန်းမှ ကျောင်းသားများသည် ဖုတ်ကောင်များ ကဲ့သို့ ဝိညာဉ် လွင့်ထွက်နေသူများအလား စာသင်ခန်း အတွင်းမှ ထွက်လာကြသည်။
ရှောင်လဲ့ထျန်လည်း ချွင်းချက် မဟုတ်ချေ။ တစ်ကိုယ်လုံး မျက်နှာများ ဖြူရော်နေခဲ့၏။ အတန်းထဲတွင် သင်ကြားပေးခဲ့သော အရာများကို သူ လုံးဝ လက်မခံနိုင်ခဲ့ပေ ... သူ၏ အမြင်များ အားလုံး တစ်စစီ ကွဲကြေသွားခဲ့ပြီ ဖြစ်၏။
ခြေအောက်က မြေကြီးက နေကို လှည့်ပတ်နေတဲ့ စက်လုံးကြီးတဲ့၊ နေကြတ်လကြတ်တဲ့ အကြောင်းရင်း မှန်တဲ့ ... နောက်ပြီး ရိုးရှင်းတဲ့ သဘာဝ ဖြစ်စဉ်တွေ အများကြီးပဲ။
သင်ခန်းစာများမှာ သေချာပေါက် ဖန်ကျန်းရီ၏ ခေါင်းထဲရှိ အထွေထွေ ဗဟုသုတ အနည်းငယ်နှင့် သိပ္ပံပညာ လေ့လာရေး အစီအစဉ်များကို နှစ်ပေါင်းများစွာ ကြည့်ရှုခဲ့မှုများကို ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်သည်။ တာ့ကျင်းရှိ ပြည်သူများကြားတွင် အယူသည်းမှုများ အရမ်း များပြားလွန်းသဖြင့် အခြေခံ သင်ခန်းစာများ အားလုံးမှာ အယူသည်းမှုများကို ချေဖျက်ရန်၊ ယုံကြည်မှု အလွဲများကို ဖျက်ဆီးရန်နှင့် ခိုင်မာသော ရုပ်ဝါဒ တိုက်ခိုက်ရေးသမားများကို ကနဦး ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
တာ့ကျင်း ပြည်သူများသည် ပုံသေ ယုံကြည်ကိုးကွယ်မှု မရှိသလို ဖြစ်နေပြီး မည်သည့် နတ်ဘုရားကိုမဆို ကိုးကွယ်ကာ အသုံးလိုလျှင် လိုသလို ကိုးကွယ်ကြသော်လည်း ... ထိုအရာက ဘာသာမဲ့ ဝါဒနှင့် အလွန် ကွာခြားလှသည်။ ထို့ကြောင့် သိပ္ပံပညာနှင့် ဦးနှောက်ဆေးဖို့က တကယ်ကို လိုအပ်၏။
ဖန်ကျန်းရီသည် သင်ရိုးညွှန်းတမ်း ရေးဆွဲသူ တစ်ဦးအနေဖြင့် တကယ်တော့ စိတ်ထဲတွင် သေချာမှု မရှိလှပေ ... ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပေါ်က ကိစ္စကိုတောင် သူကိုယ်တိုင် မရှင်းပြနိုင်ပေ။ သို့သော်ငြား လက်တွေ့ဝါဒီ တစ်ဦးအနေဖြင့် သူ အများကြီး စဉ်းစားနေရန် စိတ်မကူးခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ထုတ်လုပ်နိုင်စွမ်းကသာ အဓိက အမှန်တရား ဖြစ်သည် မဟုတ်ပါလား။
အနားယူချိန်တွင် စာသင်ဆောင်အတွင်း၌ လူများက မျက်နှာများ နီရဲလာသည်အထိ ငြင်းခုံနေကြသည်ကို နေရာအနှံ့ တွေ့မြင်ရသည်။ အများစုမှာ အတန်းထဲတွင် ယခုလေးတင် သင်ခဲ့ရသော အသိပညာများကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ငယ်စဉ်တည်းက အမြစ်တွယ်နေခဲ့သော အယူအဆများ လှုပ်ခတ်သွားသဖြင့် မည်သူကမှ လွယ်လွယ်ကူကူ လက်မခံနိုင်ကြချေ။
အဆောက်အအုံ အတွင်းရှိ ဆရာများကလည်း မတားဆီးကြဘဲ ဆွေးနွေးမှုများတွင်ပင် တက်ကြွစွာ ပါဝင်ကြ၏။ တကယ်တော့ သူတို့ နားလည်ထားသည်ကလည်း သိပ်မနက်ရှိုင်းလှဘဲ နောက်ထပ် အဆင့် တစ်ဆင့် နှစ်ဆင့်လောက် ထပ်မေးလိုက်လျှင်ပင် ဘယ်လို ရှင်းပြရမည်ကို မသိတော့ချေ။
ဤကဲ့သို့သော အချိန်မျိုးတွင် ဆရာများသည် အမြဲတမ်း ကျောင်းသားများကို ကြင်နာယုယသော အကြည့်များဖြင့် ကြည့်ကာ ပြောလေ့ ရှိကြသည်။ "သိပ္ပံပညာ ဆိုတာ ကိုယ်တိုင် သုတေသန လုပ်ဖို့ လိုအပ်တယ်။ တကယ်လို့ ငါက အကုန်လုံးကို ပြောပြလိုက်မယ် ဆိုရင် အဲဒါက ပညာသင်တယ်လို့ ခေါ်နိုင်ပါ့မလား။"
ကျောင်းသားများက ထိုစကားကို ကြားသောအခါ ရှက်ရွံ့သွားကြပြီး ဆက်မမေးရဲကြတော့ချေ။
တောက်ယွမ်ခရိုင်မှ လာသော ဆရာများက ဤမျှ စိတ်ရှည်သည်းခံနိုင်ရခြင်းမှာ သဘာဝကျစွာပင် သခင်လေးဖန်၏ သွန်သင်ဆုံးမမှုများနှင့် မကင်းနိုင်ချေ။ ခရိုင်ထဲတွင် ပုံမှန်အားဖြင့် ဤလူစုက သိပ္ပံပညာ ဖြန့်ဝေရေး လုပ်ငန်းများကို အများအပြား လုပ်ဆောင်ခဲ့ကြပြီး ကောင်းမွန်သော စိတ်ရှည်သည်းခံနိုင်မှုများက ထိုလုပ်ငန်းစဉ် အတွင်းမှ လေ့ကျင့်ရရှိလာခဲ့ခြင်း ဖြစ်သည်။
သိပ္ပံပညာ ဖြန့်ဝေခြင်း ဆိုသည်မှာ လူ့သဘာဝနှင့် ဆန့်ကျင်သော၊ အလိုအလျောက် သိမြင်နိုင်စွမ်းနှင့် ဆန့်ကျင်သော၊ အထွေထွေ ဗဟုသုတများနှင့် ဆန့်ကျင်သော အလုပ်တစ်ခု ဖြစ်သည်။ ပြန့်နှံ့မှု အရ ပြောရလျှင် ယုတ္တိဗေဒနှင့် အထောက်အထားများကို အရမ်း အလေးပေးလွန်းသော အရာများက ပြန့်နှံ့ရန် အလွန် ခက်ခဲလှပေသည်။ ထို့အပြင် သိပ္ပံပညာ လေ့လာသူများက အကျိုးအကြောင်း ဆင်ခြင်မှုကို ပိုမို အလေးပေးပြီး နေရာတကာတွင် လူတွေကို အထင်သေးကာ ဘယ်သူ့ကို ကြည့်ကြည့် အရူးတွေလို မြင်နေတတ်သဖြင့် ကိစ္စတွေက ပိုပြီး ခက်ခဲသွားစေသည်။
ဗုဒ္ဓဘာသာ၊ တာအိုဘာသာများ၏ မှန်ကန်သော ကျမ်းစာများမှတစ်ဆင့် ပြောင်းလဲလာခဲ့သော အပေါ်ယံ အယူသည်းမှု အတွေးအခေါ်များကတော့ လုံးဝကို ကွာခြားလှသည်။ ဦးနှောက် သုံးစရာ မလိုဘဲ စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေသည်။ ဖြန့်ဝေသူများကလည်း သာမန် ပြည်သူများအပေါ် သနားကြင်နာမှုများ ပါဝင်နေပြီး သူတို့ကိုယ်သူတို့ စကြာဝဠာရဲ့ သစ္စာတရားကို ရင်ခွင်ထဲမှာ ပိုက်ထားကာ ပြည်သူတွေကို ဒုက္ခတွင်းထဲက ကယ်တင်နေသည်။ ကြီးမြတ်သော တာဝန်ကို ထမ်းဆောင်နေသည်ဟု ထင်မှတ်ထားကြသဖြင့် တရားဟောရာတွင် ပို၍ပင် ဇွဲမလျှော့ဘဲ လုပ်ဆောင်တတ်ကြ၏။
နှိုင်းယှဉ်ကြည့်လိုက်လျှင် အေးစက်စက် သိပ္ပံပညာ ဖြန့်ဝေခြင်းက တရားဟောခြင်းထက် အဆဆယ်ဆလောက် စိတ်အားထက်သန်မှုကို ထုတ်ပြနိုင်မှသာ သူတို့၏ အဆင့်ကို မီနိုင်ပေမည်။
ဤအခြေအနေကြောင့် ဖန်ကျန်းရီသည် တုတ်ဖြင့် ရိုက်နှက်၍ ပညာပေးခြင်းအပြင် အပိုဆုကြေးများဖြင့် အားပေးခြင်း စသည်တို့ဖြင့် နှစ်ပေါင်း အတော်ကြာ အချိန်ယူကာ ဤလူစု၏ စရိုက်များကို အောင်မြင်စွာ အနည်းငယ် ပြန်လည် ပြုပြင်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ ဆရာများ၏ သဘောထားက ရှောင်လဲ့ထျန်၏ မျက်လုံးထဲတွင်တော့ နွေဦးလေနုအေးလေးကဲ့သို့ နွေးထွေးနေသည်။ ယခင် ဆရာများက ထိုသို့မဟုတ်ပေ။ နည်းနည်းလေး မှားသည် ရိုက်ဖို့သာ စဉ်းစားကြသည်။ သူ စာသွားမေးချင်လျှင်ပင် တုန်တုန်ယင်ယင်ဖြင့် သွားမေးရသည်။
အချိန်အတော်ကြာ မတ်တပ်ရပ်နေပြီးနောက် ရှောင်လဲ့ထျန်သည် အရှေ့သို့ သွား၍ ဘာသာရပ်အကြောင်း မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ ဆရာ့အရှေ့သို့ သတိကြီးစွာဖြင့် လျှောက်သွားကာ တိုးတိုးလေး မေးလိုက်၏ "ဆရာ ... ကျုပ်တို့ ကျောင်းထဲမှာ လက်နက်တိုက် ရှိမရှိ သိချင်လို့ပါ။"
ထိုဆရာသည် အခြားသူများနှင့် ပျော်ရွှင်စွာ စကားပြောနေစဉ် မေးခွန်းကို ကြားလိုက်ရသဖြင့် တစ်ချက် ရပ်တန့်သွားပြီး ပြန်ဖြေလိုက်၏။ "ရှိတယ်။ ဒါပေမဲ့ လက်နက်တိုက်က ဆောက်လို့ မပြီးသေးဘူး၊ အရမ်းကို သီးသန့်ဖြစ်တယ်။ မင်း ဘယ်လိုသိတာလဲ။"
"ဆရာမို ပြောပြတာပါ။ ကျုပ်ကို လက်နက်တိုက်ကို လာဖို့ ခေါ်ထားပါတယ်။"
ဆရာက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ "ဒါက ကောင်းတဲ့ ကိစ္စပဲ။ လက်နက်တိုက်မှာ သင်ရမယ့် အရာတွေက နည်းနည်း ရှုပ်ထွေးပြီး တခြား ဘာသာရပ်တွေနဲ့ မတူဘူး။ မကြာခဏလည်း စမ်းသပ်မှုတွေ၊ ထုတ်လုပ်မှုတွေ လုပ်ရလိမ့်မယ်။
မိုရှောင်ဟူက လက်နက်တိုက်ကို တာဝန်ယူရတာပါ ... သူပြောတာကို နားထောင်ရင် မမှားပါဘူး။ ကျုပ်တို့ အခု ..."
"ကျေးဇူးတင်ပါတယ် ဆရာ။"
ရှင်းပြချက်များကို နားထောင်ပြီးနောက် ရှောင်လဲ့ထျန်၏ မျက်လုံးများထဲတွင် တောက်ပမှုများ ထွက်ပေါ်လာခဲ့၏။