← Chapters

အခန်း (၆၈၂-၆၈၃)

Vol. 36 Ch. 682-683

အခန်း (၆၈၂-၆၈၃)

Vol. 36 Ch. 682-683

အပိုင်း (၆၈၂) စစ်မီးစတင်လောင်ကျွမ်းခြင်း။

နောက်ထပ် နှစ်ရက် ကြာပြီးနောက် ရှောင်လဲ့ထျန်သည် နောက်ထပ် ဆရာ အနည်းငယ်ကို ရှာဖွေကာ အသေးစိတ် ထပ်မံ လေ့လာပြီးနောက် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်သည်။

အခြေခံအတန်း၏ စာမေးပွဲကိုတော့ သဘာဝကျစွာပင် ချောမွေ့စွာ အောင်မြင်သွားခဲ့ပြီး မေးခွန်းလွှာပါ အကြောင်းအရာများက အလွန် လွယ်ကူလှသည်။ စာမေးပွဲ ပြီးဆုံးသွားသည်အထိ ရှောင်လဲ့ထျန်က မိုရှောင်ဟူကို သွားရှာရန်ပင် မလိုတော့ချေ။

မိုရှောင်ဟူက ကိုယ်တိုင် လာရှာပြီး ပြုံးရွှင်စွာဖြင့် မေးလိုက်၏။ "ရှောင်လဲ့ထျန် ... စဉ်းစားတာ ဘယ်လိုနေပြီလဲ။"

ရှောင်လဲ့ထျန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကျောင်းသားက နောင်ကျရင် ဆရာနဲ့အတူ ပညာသင်ကြားချင်ပါတယ်။"

"ကောင်းပြီ။"

မိုရှောင်ဟူက လက်ခုပ်တီးကာ အော်ဟစ်လိုက်၏။ "ဒါဆို ခဏနေရင် ကျုပ်နဲ့အတူ စာချုပ် သွားချုပ်ကြမယ်။ လက်နက်တိုက်က ဆောက်လို့ မပြီးသေးတော့ တောက်ယွမ်ခရိုင်ကို သွားပြီး အလုပ်လုပ်ရမယ်။ မင်းရဲ့ ပစ္စည်းတွေကို အမြန်ဆုံး သွားသိမ်းလိုက် ... ငါတို့ အချိန်မဆွဲတော့ဘူး။"

ရှောင်လဲ့ထျန်က အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။

မိုရှောင်ဟူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "လူသစ် နှစ်ယောက်လည်း ရှိသေးတယ်။ ခရိုင်ထဲ ရောက်ရင် မင်းတို့အတွက် ကြိုဆိုပွဲ အရင် လုပ်ပေးပြီး လက်ဖက်ရည် သောက်ဖို့ ခေါ်သွားမယ်။"

"အာ ... လက်ဖက်ရည် သောက်မယ် ဟုတ်လား။ ဘာလက်ဖက်ရည် သောက်မှာလဲ။"

"မက်မွန်ဖြူ ... ဝူလုံ လက်ဖက်ရည်ပေါ့။"

အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်၏ တိုးတက်မှုမှာ အတော်လေး ချောမွေ့နေပြီး မည်သည့်ပြဿနာမှ မပေါ်ပေါက်ခဲ့ပေ။ ဖန်ကျန်းရီကလည်း ဝမ်းသာအားရဖြင့် အလုပ်တာဝန်များကို လွှဲပြောင်းပေးကာ အေးအေးလူလူ နေနေသည်။

မည်သို့ပင်ဖြစ်စေ ခရိုင်ထဲတွင် နှစ်ပေါင်းများစွာတည်းက လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ပေးမည့် အရည်အချင်းရှိသူများ ရှိနေသောကြောင့် သူလွှဲပြောင်းပေးနိုင်သည့်အရာမှန်သမျှကို လွှဲပြောင်း ပေးထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်တွင်လည်း အဓိကအလုပ်အကိုင်ရှိနေသေးရာ တာဝန်ကျချိန်၌ တာဝန်ထမ်းဆောင်ရဦးမည်။

နံနက်ခင်းညီလာခံကို ခါတိုင်းလိုပင် တက်ရောက်ရသည်။ ဖန်ကျန်းရီကလည်း ခါတိုင်းလိုပင် တွေတွေဝေဝေနှင့်ပင်။ သူနှင့်မသက်ဆိုင်သော ကိစ္စများကို မမေးသရွေ့ ကျန်သည်များကို ဘာမှမဖြစ်ခဲ့သလို သဘောထားပြီး ဂရုပင်မစိုက်ပေ။ ဤသည်က အပျင်းကြီးသူတစ်ယောက်၏ ကျင့်စဉ်ပင်ဖြစ်၏။

သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ အခြေအနေက မျှော်လင့်ထားသည်ထက် အနည်းငယ် လွဲချော်သွားခဲ့သည်။

ကျင်းဘုရင်မင်းမြတ်၏ ဒေါသသံက ထွက်ပေါ်လာသည်။ "မင်း နောက်တစ်ခေါက် ပြန်ပြောစမ်း။"

ဖန်ကျန်းရီက မျက်လုံးများကို မှေးစင်းထားရာမှ နားထဲသို့ ကျင်းဘုရင်မင်းမြတ်၏ ဒေါသတကြီး အသံက ရုတ်တရက် ဝင်ရောက်လာသောကြောင့် သူ၏စိတ်အာရုံမှာ လန်းဆန်းသွားရသည်။ ခေါင်းမော့ကြည့်လိုက်ရာ စစ်ရေးအမတ် ဖုန်းကျဲ့က ဘုရင်မင်းမြတ်ရှေ့တွင် လျှောက်တင်နေသည်ကို မြင်လိုက်ရ၏။

ဖုန်းကျဲ့က စိုးရိမ်တကြီး လျှောက်တင်လိုက်သည်။ "ရီရွှန်းက ဒေသခံတွေ ပုန်ကန်နေပါတယ်။ သူတို့က ဆန်းဝေ့မြို့ကို တိုက်ခိုက်ပြီး စစ်သည်တော် နှစ်ထောင့်ခုနစ်ရာကို သတ်ဖြတ်ခဲ့ပါတယ်... လုယက်ပြီးတဲ့နောက် သူတို့ရဲ့ ရွာကို ပြန်သွားကြပါပြီ အရှင်မင်းကြီး။ ဒေသခံ အာဏာပိုင်တွေက အနီးဆုံးကနေ စစ်ကူတွေ စေလွှတ်ထားတယ်လို့ သတင်းပို့ထားပါတယ် အရှင်မင်းကြီး။"

ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ "နတ်မင်းတပ်ဖွဲ့ကို အခု သုံးလို့ရပြီလား။"

ဖုန်းကျဲ့က လျှောက်တင်လိုက်သည်။ "တပ်ဖွဲ့ကို ပြန်လည်ပြင်ဆင်နေဆဲမို့ အခုထိ သုံးလို့ မရသေးပါဘူး အရှင်မင်းကြီး။"

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်မှ ဒေါသများက မပြေပျောက်သေးဘဲ သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။ "လက်ဝဲဒုစစ်ဆေးရေးမှူး ချွေ့ကျွန်းကို စစ်ဆေးရေးမှူးရာထူးနဲ့ ရီရွှန်းဆီကို စစ်တပ်စစ်ဆေးဖို့ စေလွှတ်လိုက်။ ပုန်ကန်မှုကို နှိမ်နင်းပြီးရင် ပြန်လည်နှစ်သိမ့်ပေးဖို့နဲ့ အချိန်မီ သတင်းပို့ဖို့ သတိရစေ။"

ဖုန်းကျဲ့က ခေါင်းညိတ်ကာ အမိန့်ခံပြီးနောက် နောက်ဆုတ်သွားခဲ့သည်။

တစ်ဝက်လောက်သာ ကြားလိုက်ရသော်လည်း ဖန်ကျန်းရီမှာ ဝေခွဲမရဖြစ်သွားသည်။ သို့ပေမည့် သူ အနည်းငယ်တော့ ဂရုစိုက်မိသွား၏။ နယ်ဘက်များတွင် ကြီးငယ်မဟူ စစ်ပွဲနှင့် ပဋိပက္ခများက တကယ်တမ်းတွင် ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ သို့သော်ငြား ကြီးမားသော စစ်ပွဲမျိုးမရှိဘဲ လူအနည်းငယ်၊ ဆယ်ဂဏန်းလောက်သာ သေဆုံးလေ့ရှိသည်။ ယခုလို တစ်ပြိုင်နက်တည်း လူနှစ်ထောင့်ခုနစ်ရာ သေဆုံးသွားခြင်းက သူ နန်းတွင်းသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ သို့ပေမည့် ထပ်တွေးကြည့်လိုက်လျှင် မိုင်ထောင်ချီဝေးသော နေရာက ကိစ္စရပ်များက သူနှင့် ဘာမှမဆိုင်ပေ။ ထို့ကြောင့် ဆက်၍သာ ငိုက်မြည်းနေလိုက်တော့၏။

ညီလာခံပြီးဆုံးသွားချိန်မှာတော့ လီယွမ်ကျောက်က လျှို့ဝှက်ဆန်းကြယ်သောဟန်ဖြင့် ချဉ်းကပ်လာပြီး ပြောလိုက်သည်။ "ဖန်ကြီး... ရီရွှန်းမှာ စစ်ဖြစ်နေတယ်တဲ့ ခင်ဗျား ကြားလိုက်လား။"

ဖန်ကျန်းရီက ပြန်မေးလိုက်၏။ "ကျုပ်နဲ့ ဘာဆိုင်လို့လဲ။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "ဒါတောင် စိတ်မဝင်စားဘူးဆိုတော့ ခင်ဗျားက ယောက်ျားရော ဟုတ်ရဲ့လား။ လာ လာ လာ... ကျုပ်နဲ့ အရှေ့နန်းဆောင်ကို လိုက်ခဲ့။ အဲဒီရောက်မှ ပြောကြတာပေါ့။"

အရှေ့နန်းဆောင်ထဲတွင် လီယွမ်ကျောက်က အလောတကြီးဖြင့် ဘယ်နေရာက ရှာတွေ့လာမှန်းမသိသော ဟောင်းနွမ်းနေသည့် မြေပုံတစ်ခုကို ဆွဲထုတ်ကာ နံရံတွင် ချိတ်ဆွဲလိုက်သည်။ ဖန်ကျန်းရီကမူ အောက်ဘက်တွင် မူလတန်းကျောင်းသားလေးတစ်ယောက်လို ထိုင်၍ နားထောင်နေ၏။

လီယွမ်ကျောက်က လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ မြေပုံပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။ "ဒီနေရာက ချန်တိုင်းပြည်ရဲ့ နယ်မြေဟောင်းဖြစ်တဲ့ ရီရွှန်းပဲ။ လူရိုင်းတွေက အဲဒီနေရာမှာ စုဝေးနေကြပြီး နောက်ပိုင်းတော့ ကျုပ်တို့ တာ့ကျင်းဆီကို အညံ့ခံလာကြတယ်။ ရုံးတော်ကလည်း ဒီနှစ်တွေတစ်လျှောက်လုံး အဲဒီနေရာကို ငွေနဲ့ ရိက္ခာတွေ အမြဲ ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ လူရိုင်းတွေက ယဉ်ကျေးအောင် သင်ပေးလို့မရဘဲ အမြဲတမ်း ပြဿနာတွေ ဖြစ်နေကြတာ။

အခု တစ်ခေါက် ပဋိပက္ခဖြစ်ရတာကလည်း ဒေသခံ အရာရှိတွေက သူတို့ရဲ့ ဓလေ့ထုံးစံတွေကို သွားထိခိုက်မိလို့ပဲ။ အဲဒီ လူရိုင်းတွေက ပြဿနာ အတော်ရှာတတ်ကြတယ်။ ဘယ်နတ်ဘုရားကို သွားစော်ကားမိလို့ အခုလို ထဖြစ်ကြမှန်းလည်း မသိဘူး။ ဒီလိုကိစ္စမျိုးက ခဏခဏ ဖြစ်နေကျဆိုပေမဲ့ ဒီတစ်ခေါက် ဒီလောက်အထိ ကြီးကျယ်သွားမယ်လို့တော့ မထင်ထားခဲ့ဘူး။"

ဖန်ကျန်းရီက လက်ကာပြရင်း ပြောလိုက်သည်။ "ခဏနေအုံး … မင်းသား... ခင်ဗျား ကျုပ်ကို ဒါတွေလာပြောနေတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ မထင်ဘူးလား။ ကျင်းဘုရင်မင်းမြတ်ကလည်း သွားတိုက်ဖို့ လူလွှတ်လိုက်ပြီပဲ။ ဒါတွေကို ပြောနေသေးတာ ဘာလုပ်ဖို့လဲ။"

လီယွမ်ကျောက်က နှုတ်ခမ်းကို သပ်လိုက်ရင်း ပြောလိုက်၏။ "ကျုပ် ခန့်မှန်းရသလောက်တော့ နိုင်မှာ မဟုတ်ဘူး... အလွန်ဆုံး သရေလောက်ပဲ ဖြစ်လိမ့်မယ်။ ဘယ်လိုတွက်တွက် ကျုပ်တို့ဘက်က ရှုံးတာချည်းပဲ။ တကယ်လို့သာ တိုက်ခိုက်လို့ရမယ်ဆိုရင် ခမည်းတော်က လူလွှတ်ပြီး အတင်းဝင်တိုက်ခိုင်းတာ ကြာလှပေါ့။

ရီရွှန်းက တောင်တန်းတွေများပြီး သစ်တောတွေ ထူထပ်တယ်။ အဆိပ်ငွေ့တွေလည်း ပြည့်နှက်နေတော့ ကာကွယ်ဖို့လွယ်ပြီး တိုက်ခိုက်ဖို့ ခက်ခဲတယ်။ သေနတ်တွေက လေးနဲ့မြားလောက် အဆင်မပြေသလို အမြောက်တွေကလည်း လေးလံလွန်းလို့ ပစ်မှတ်ကို သေချာချိန်ရွယ်ဖို့ မဖြစ်နိုင်ဘူး။ ဒေသခံတွေက ကျုပ်တို့ရဲ့ စစ်သည်တွေထက် ပတ်ဝန်းကျင်ကို အများကြီး ပိုကျွမ်းကျင်ကြတယ်။ အခုတစ်ခေါက် သွားတာက အလွန်ဆုံး ပဋိပက္ခတွေကို နှိမ်နင်းဖို့လောက်ပဲ။ သူတို့ကို လုံးဝ အညံ့ခံလာအောင် လုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

ဒီစစ်ပွဲက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တကယ်တမ်းတော့ ကျုပ်တို့ ရှုံးတာပဲ။ ဒီရှုံးပွဲတစ်ခုတည်းနဲ့တင် ရုံးတော်ရဲ့ ဂုဏ်သိက္ခာက ကျဆင်းသွားပြီ။ မူလကတည်းက အဲဒီလူရိုင်းတွေက ယဉ်ကျေးအောင် သင်ပေးလို့ မရတဲ့အပြင် တခြား မျိုးနွယ်စုတွေကလည်း အခွင့်အရေးကို ချောင်းကြည့်နေကြတာလေ။ တစ်ခါတည်းနဲ့ အပြတ်အသတ် မနှိမ်နင်းနိုင်ရင် နောင်တစ်ချိန်မှာ ပြဿနာတွေ အများကြီး တက်လာနိုင်တယ်။ ကံကောင်းတာက ဒီတစ်ခါ ရီရွှန်း တစ်နေရာတည်း ဖြစ်နေလို့ပဲ။"

လီယွမ်ကျောက်က ပြောရင်းဖြင့် နောက်ထပ် မြေပုံအသေးတစ်ချပ်ကို ထုတ်ကာ ချိတ်ဆွဲလိုက်ပြန်သည်။ သူက မြေပုံပေါ်ရှိ အိမ်လေးတစ်လုံးနှင့်တူသော ပုံစံကို ညွှန်ပြရင်း ပြောလိုက်၏။ "ဒီနေရာက ရီရွှန်းရဲ့ အဓိက ရွာကြီးပဲ။ မျိုးနွယ်စု တော်တော်များများက ဒီနေရာမှာ စုဝေးနေကြပြီး တချို့ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာတွေကို ပူဇော်ကြတယ်လို့ ကြားတယ်။ တကယ်လို့ ကျုပ်သာ စစ်တပ်ကို ဦးဆောင်ရမယ်ဆိုရင်...။"

ဖန်ကျန်းရီက လီယွမ်ကျောက်ကို သံသယမျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ခဏနေပါအုံး … မင်းသားရဲ့ စကားအဓိပ္ပာယ်ကို နားထောင်ကြည့်ရတာ... စစ်သွားတိုက်ချင်နေတဲ့ပုံပဲ။"

လီယွမ်ကျောက်က ချောင်းနှစ်ချက်ဟန့်လိုက်ပြီး မြေပုံပေါ်တွင် ဆက်လက်ညွှန်ပြနေ၏။

လီယွမ်ကျောက်က ပြောလိုက်သည်။ "ကျုပ် ပြောတာကို ဆုံးအောင် နားထောင်ပါအုံး။ တကယ်လို့ ကျုပ်သာ စစ်တပ်ကို ဦးဆောင်ရမယ်ဆိုရင် အရင်ဆုံး စစ်တပ်ကြီးနဲ့ နယ်စပ်ကို ဖိအားပေးမယ်... ပြီးရင် စစ်ကြောင်းသုံးကြောင်းခွဲပြီး ဒေသခံတွေကို ရွာထဲ ရောက်သွားအောင် ခြောက်လှန့်မယ်။

အရင်က အတွေ့အကြုံတွေအရဆိုရင် ဒေသခံတွေက သေချာပေါက် နောက်ဆုတ်သွားပြီး ရွာကို ကာကွယ်ကြလိမ့်မယ်။ ကျုပ်တို့လူတွေက ရွာပြင်မှာ ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးလေ။ ရက်အနည်းငယ်လောက်တောင် မတောင့်ခံနိုင်ဘဲ အလိုလို ဆုတ်ခွာရလိမ့်မယ်။

ဒါပေမဲ့ ထိပ်တန်းစစ်သည် နှစ်ရာလောက်ကို ရွေးထုတ်ပြီး ရွာကို ညဘက် ဝင်တိုက်မယ်၊ ပြီးရင် ယမ်းမှုန့်တွေကို သုံးပြီး မြို့တံခါးကို ဖောက်ခွဲလိုက်မယ်ဆိုရင်တော့... စစ်တပ်ကြီးက တန်းပြီး ဝင်သွားလို့ရပြီ...။"

ဖန်ကျန်းရီက ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ မေးလိုက်၏။ "အင်း... ပြီးတော့ရော။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "ပြီးရင်တော့ ခင်ဗျားဆီက တောက်ယွမ်ခရိုင်ရဲ့ ထိပ်တန်းစစ်သည် နှစ်ရာကို ကျုပ်ကို ငှားပေး။ ကျုပ်ကိုယ်တိုင် အဲဒီလူရိုင်းတွေကို သွားနှိမ်နင်းမယ်။"

ဖန်ကျန်းရီ၏ နှုတ်ခမ်းများက ချက်ချင်း တွဲကျသွားကာ ပြောလိုက်သည်။ "တွေးတောင် မတွေးနဲ့။ မင်းသား... ခင်ဗျား ရူးနေပြီလား။ အဝေးကြီးကို စစ်သွားတိုက်မယ့်အပြင် ကျုပ်လူတွေကိုပါ ငှားချင်သေးတယ်။ ကျင်းဘုရင်မင်းမြတ်သာ သိသွားရင် ကျုပ်ကို အရင် ခုတ်သတ်လိမ့်မယ်။ နောက်ပြီး ဘာလို့ ကျုပ်လူတွေကို ငှားရမှာလဲ။ ဘယ်လို အကြောင်းပြချက်နဲ့ သူတို့ကို စစ်မြေပြင်ကို ပို့ရမှာလဲ။"

လီယွမ်ကျောက်က ခေါင်းမော့ကာ သက်ပြင်းချရင်း ပြောလိုက်၏။ "ဖန်ကြီး... ကျုပ်လည်း ဒီအရွယ်ရောက်နေပြီဆိုတော့ ဒီဘဝမှာ စစ်မြေပြင်ကို သွားရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားနေရတယ်။ ကျုပ်မှာ ဒီဆန္ဒတစ်ခုပဲ ရှိတာပါဗျာ၊ တကယ်ပါ။

ညဘက် ဝင်တိုက်ပြီး မြို့တံခါးကို ဖောက်ခွဲချင်ရင် သာမန်စစ်သည်တွေနဲ့ အဆင်မပြေဘူး။ ခင်ဗျားရဲ့ တောက်ယွမ်ခရိုင်က လူတွေက ခန္ဓာကိုယ် တောင့်တင်းသန်စွမ်းပြီး ခွန်အားကြီးတဲ့အပြင် ယမ်းမှုန့်တွေကိုလည်း ကိုင်တွယ်ဖူးတယ်... သူတို့ထက် သင့်တော်တဲ့သူ မရှိတော့ဘူး။ နယ်ဘက်က စစ်သူကြီးတွေက သတ္တိမရှိကြဘူး။ နောက်ပြီး ယမ်းမှုန့်ရဲ့ အစွမ်းကိုလည်း မသိကြဘူး။

ခမည်းတော် စေလွှတ်လိုက်တဲ့ စစ်ဆေးရေးမှူး ချွေ့ကျွန်းကလည်း နန်းတွင်းအမတ်တစ်ယောက်ပဲဆိုတော့ သူက ဘာနားလည်မှာလဲ။ တကယ်လို့ သူသာ စစ်ရေးစစ်ရာတွေမှာ ဝင်စွက်ဖက်ပြီး လူတွေကို အတင်း ဝင်တိုက်ခိုင်းလိုက်ရင် လူဘယ်လောက်တောင် သေကြေဒဏ်ရာရမလဲ မသိနိုင်ဘူး။"

ဖန်ကျန်းရီ၏ မျက်နှာက ရှည်ထွက်သွားပြီး ခေါင်းကို အပြင်းအထန် ခါယမ်းရင်း ပြောလိုက်သည်။ "သူတို့က မြို့တော်မှာ အကောင်းကြီး ရှိနေတာကို။ ဒီလိုကိစ္စမျိုး လုပ်ရတာ အရမ်းအန္တရာယ်များတယ်။ ကျုပ် မငှားနိုင်ဘူး... ခင်ဗျားလည်း သွားလို့ မရဘူး။"

လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အချိန်ကျရင် ကျုပ်က ရှေ့ဆုံးကနေ ဦးဆောင်ပြီး တိုက်ခိုက်လိုက်လို့ တစ်ပွဲတည်းနဲ့ အောင်ပွဲရသွားရင် အသက်ပေါင်း ဘယ်လောက်တောင် ကယ်တင်နိုင်မလဲ မသိဘူး။ ဖန်ကြီး... ခင်ဗျား ဘယ်တုန်းက ဒီလောက် သတ္တိနည်းသွားတာလဲ။"

ဖန်ကျန်းရီက သက်ပြင်းချကာ ဖျောင်းဖျလိုက်သည်။ "မင်းသား... အရာအားလုံး အဆင်ပြေသွားလို့ အသွားအပြန် ဆိုရင်တောင် အချိန်ဘယ်လောက် ကုန်မလဲ မသိဘူး။ ခင်ဗျား ကလေးမွေးလာတာကို မျက်စိနဲ့ ကိုယ်တိုင် မမြင်ချင်ဘူးလား။ ဒါ့အပြင် ရုံးတော်က သေချာပေါက် ရှုံးမယ်လို့ ခင်ဗျား ဘယ်လိုလုပ် သေချာနေရတာလဲ။ လအနည်းငယ်လောက် နေရင် ကြီးမားတဲ့ အောင်ပွဲနဲ့ ပြန်လာချင်လည်း ပြန်လာမှာပေါ့။ ကျင်းဘုရင်မင်းမြတ်က စစ်ရေးစစ်ရာမှာ နတ်ဘုရားတစ်ပါးလို ကျွမ်းကျင်တာဆိုတော့ မှားမှာ မဟုတ်ပါဘူး။"

မိမိတွင် ကလေးရတော့မည်ဆိုသည့် အသိဝင်လာသောအခါ လီယွမ်ကျောက်တစ်ယောက် စိတ်ပျက် အားငယ်သွားရသည်။ သူက ဖန်ကျန်းရီ၏ ဘေးတွင် ဝင်ထိုင်ကာ သက်ပြင်းချရင်း ပြောလိုက်၏။ "ခင်ဗျား ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ကျုပ်က ခင်ဗျား ထောက်ခံပေးမယ် ထင်နေတာ။ ဒါပေမဲ့ ကျုပ်ကို ယုံလိုက်စမ်းပါ။

ဒီစစ်ပွဲက တိုက်ပြီးရင် ရလဒ်ကောင်းထွက်လာမှာ မဟုတ်ဘူး။ နှစ်ဖက်စလုံး အင်အားတွေ ကုန်ခမ်းသွားပြီး နောက်ဆုံးတော့ အပြန်အလှန် အလျှော့ပေးလိုက်ရတာမျိုးပဲ ဖြစ်လိမ့်မယ်။ ဒီအချက်ကိုတော့ ကျုပ် သေချာပေါက် မှန်မယ်လို့ ယုံတယ်။ တကယ်လို့ ရီရွှန်းက သာမန်စစ်ရေးနည်းဗျူဟာတွေနဲ့ နိုင်နိုင်တယ်ဆိုရင် ချန်တိုင်းပြည်ရဲ့ စစ်တပ်က အစောကြီးကတည်းက သိမ်းပိုက်ပြီးသွားလောက်ပြီ။"

ဖန်ကျန်းရီက လီယွမ်ကျောက် လက်လျှော့သွားသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး မြေပုံကို စိုက်ကြည့်ကာ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ "တကယ်လို့ လူတွေကို ရွာထဲ ရောက်အောင် ခြောက်လှန့်ပြီး ကောင်းကင်ပေါ်ကနေ ရေနံဆီတွေ ပစ်ချလိုက်ရင် တစ်ပွဲတည်းနဲ့ အောင်ပွဲရသွားနိုင်တယ် မဟုတ်ဘူးလား။ ခင်ဗျား ဘယ်လိုထင်လဲ။"

လီယွမ်ကျောက်က လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်၏။ "ဟက်ဟက်... အဲဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ကျုပ်ထင်တာကတော့ ကောင်းကင်ကနေ မိုးကြိုးတွေပစ်ချရင် ကောင်းမယ်။ ရန်သူတွေ အကုန်လုံးကို သတ်ပစ်လိုက်တာက ပိုအဆင်ပြေမယ်ထင်တယ်။"

ဖန်ကျန်းရီက ပခုံးတွန့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ မိမိကျွမ်းကျင်သော နယ်ပယ်မဟုတ်သည့် ကိစ္စများတွင် သူက အပိုစကားမဆိုချင်ပေ။ မီးပုံးပျံကိစ္စကလည်း အရိပ်အယောင်မျှပင် မရှိသေးချေ။ သာမန် လူရိုင်းလောက်ကို ရုံးတော်က ဒေါသတကြီးဖြင့် စစ်တပ်အင်အားအများအပြား စေလွှတ်လိုက်မှတော့ မနိုင်စရာ အကြောင်းမရှိဟု သူတွေးလိုက်သည်။

အပိုင်း (၆၈၃) ဧရာမသင်္ဘောကြီး ရောက်ရှိလာခြင်း။

သာယာကြည်လင်နေသော ကောင်းကင်ပြာကြီးအောက်ရှိ ကျယ်ဝန်းလှသော ပင်လယ်ပြင်ကြီးထက်တွင် ဧရာမ သင်္ဘောကြီးတစ်စင်းက တည်ငြိမ်စွာ ခုတ်မောင်းနေသည်။

သင်္ဘော၏ ကင်းစင်ပေါ်တွင် အပေါ်ပိုင်း ဗလာကျင်းထားသော တောင့်တင်းသန်စွမ်းသည့် အမျိုးသား တစ်ယောက်က မျက်ခုံးပေါ် လက်တင်ကာ အဝေးသို့ လှမ်းကြည့်နေသည်။ ကမ်းရိုးတန်းကို ဝေဝေဝါးဝါး မြင်လိုက်ရပြီး ပစ်မှတ်ဆီသို့ ရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များက ပြုံးယောင်သန်းသွားသည်။ သူက လက်နှစ်ဖက်ကို ကားထားပြီး ပင်လယ်လေနုအေးကို ခံစားကာ စိတ်လှုပ်ရှားမှု၊ တက်ကြွမှုများနှင့်အတူ အနည်းငယ် ဆွဲဆောင်မှုရှိသော ပုံစံမျိုးဖြင့် ရပ်နေ၏။

"လိုင်ကော်အာ... ထမင်းစားတော့မယ်။"

ရုတ်တရက် သင်္ဘောကုန်းပတ်ပေါ်မှ ထွက်ပေါ်လာသော အော်သံကြောင့် ထိုအမျိုးသားမှာ အသိ ဝင်လာတော့သည်။ သူက မျောက်တစ်ကောင်လို သွက်လက်စွာဖြင့် ကင်းစင်ပေါ်မှ လျင်မြန်စွာ ဆင်းသက်လာသည်။ သင်္ဘောကုန်းပတ်နှင့် သုံးမီတာခန့် အကွာသို့ရောက်သောအခါ အောက်သို့ ခုန်ချလိုက်ပြီး ပေါ့ပါးစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူက ဖြူဖွေးနေသော သွားနှစ်တန်းကို ပေါ်အောင် ပြုံးပြရင်း ပြောလိုက်၏။ "သခင်မ... မျက်စိရှေ့တင် ရောက်တော့မယ်ဆိုတော့လေ... ကျုပ် သူ့ကို သွားမတွေ့ခင် သင့်တော်တဲ့ အဝတ်အစားလေး ဘာလေး လဲသင့်တယ် မဟုတ်ဘူးလား။"

ချူချင်ဟန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေါ့ .. ကမ်းကပ်ပြီးတာနဲ့ အဝတ်အစားအသစ်တစ်စုံ မြန်မြန်ဝယ်လိုက်။ မဟုတ်ရင် ရိုင်းရာကျလိမ့်မယ်။"

သူတို့နှစ်ယောက် စကားပြောနေစဉ် သင်္ဘောခန်းထဲမှ နောက်ထပ် လူတစ်ယောက် ထွက်လာသည်။ ချူချင်ဟန်နှင့် လိုင်ကော်အာတို့က အလျင်အမြန် အရိုအသေပေးလိုက်ကြသည်။ "အမတ်မင်းရှန်...။"

ရှန်ရီက ပြုံးလိုက်ရင်း ပြောလိုက်၏။ "ဒီလောက် ကြာနေပြီကို အားနာနေတုန်းပဲလား။ ကော်အာ... ဟို နိုင်ငံခြားသားတွေ ဘာပြဿနာမှ မရှိဘူးမလား။ မြို့တော်ရောက်ခါနီးမှ ပြဿနာ မတက်စေနဲ့နော်။"

လိုင်ကော်အာက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ "ကျန်းမာရေးကတော့ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး။ တစ်နေ့လုံး ဘာတွေပြောနေမှန်းကို နားမလည်အောင် အသံတွေ ထွက်နေကြတာပါပဲ။ ဒါပေမဲ့ တစ်ယောက်ကတော့ ထပ်ပြီး နေမကောင်းဖြစ်နေတယ်။ ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေ စထွက်နေပြီ... ပြဿနာတော့ မကြီးပါဘူး။ ကမ်းကပ်ပြီးရင် အရင်လိုပဲ ရက်အနည်းငယ်လောက် အနားပေးလိုက်ရင် သက်သာသွားမှာပါ။"

ရှန်ရီက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ဆိပ်ကမ်းဘက်သို့ အဝေးကနေ လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ဒါဆိုလည်း ကောင်းတာပေါ့။"

လိုင်ကော်အာက ဆက်ပြောလိုက်သည်။ "သခင်မလေးက အခုထိ ဘာမှ မစားမသောက်ဘဲ သင်္ဘောမူးတာ တော်တော်ဆိုးနေတယ်။ သခင်မ... ကျုပ်တို့ ယူလာတဲ့ ဆေးတွေလည်း ကုန်သွားပြီ။"

ချူချင်ဟန်က ခြေဆောင့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သူကိုယ်တိုင် လိုက်ချင်လွန်းလို့ ဒီလို ဒုက္ခခံရတာလေ၊ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကမ်းကပ်ပြီးမှပဲ ဆေးတချို့ ထပ်ဝယ်တာပေါ့။"

ကျင်းယီဝေ ဌာနချုပ်ထဲတွင် ဖန်ကျန်းရီက နေရာအနှံ့မှ ပေးပို့လာသော သတင်းများကို ပျင်းရိငြီးငွေ့စွာဖြင့် ဖတ်ရှုနေသည်။ မြို့တော်တွင် ကြီးကြီးမားမား ကိစ္စများ မရှိဘဲ များသောအားဖြင့် အရာရှိငယ်လေးများက အာဏာပြကာ ပြည်သူများကို အနိုင်ကျင့်သည့် ကိစ္စများသာ ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအရာများကို ချန်တယ်ရှန်းထံ လွှဲပြောင်းပေးထားပြီး သူကိုယ်တိုင်ကတော့ လုပ်ချင်ရာ လုပ်နေတတ်၏။

သို့ပေမည့် အလုပ်မလုပ်ဘဲ အမြဲတမ်း နေ၍တော့ မဖြစ်ပေ။ အချိန်ကြာလာလျှင် လက်အောက်ငယ်သားများက မကျေမနပ်ဖြစ်လာနိုင်သလို တစ်စုံတစ်ယောက်က သိသွားပြီး တိုင်ကြားခံရလျှင်လည်း မကောင်းပေ။ ထို့ကြောင့် တစ်ခါတစ်ရံ အချိန်ပေးပြီး ဟန်ပြအနေဖြင့် လာရောက်လုပ်ဆောင်ရခြင်းဖြစ်သည်။

ထို့အပြင် သခင်လေးဖန်က မိမိကိုယ်တိုင်အတွက် အချိန်ဇယားတစ်ခု သတ်မှတ်ထားပြီး တမင်သတ်သတ်ဖြစ်စေ၊ မတော်တဆဖြစ်စေ ကျင်းယီဝေတပ်ဖွဲ့အတွင်းသို့ ပျံ့နှံ့သွားစေခဲ့သည်။ နံနက် မိုးမလင်းခင် ညီလာခံတက်ရမည်။ ညီလာခံအပြီးတွင် အစည်းအဝေးများ အမျိုးမျိုးရှိပြီး တစ်နေ့တာလုံး အချိန်ဇယားများ ပြည့်ကျပ်နေကာ ခြေမချရအောင် အလုပ်များနေသည်ဟူ၍ ဖြစ်သည်။ နေ့ဘက်တွင် လူရေးရာကိစ္စများကို စီမံခန့်ခွဲပြီး နေ့လယ်စာ တစ်နပ်သာ စားသည်။ ညအိပ်ရာမဝင်မီတွင် ရှေးပညာရှိများ၏ ကျမ်းစာများကို ပြန်လည်လေ့လာခြင်း သို့မဟုတ် ခေတ်အဆက်ဆက် ပထမအဆင့်အောင်မြင်သူများ၏ စာစီစာကုံးများကို ဖတ်ရှုခြင်း စသည်ဖြင့် လုပ်ဆောင်ရသည်ဟု ဝါဒမှိုင်းတိုက်ထား၏။

အားလုံးက အလိမ်အညာချည်းတော့ မဟုတ်ပေ။ ယခင်ဘဝကလည်း သူသည် အိပ်ရာမဝင်မီ တားမြစ်စာအုပ် အချို့ကို ဖတ်ရသည်ကို နှစ်သက်ပြီး နိုဘယ်သင်္ချာဆုရှင်များ၏ ဆောင်းပါးများကိုလည်း အတော်လေး ဖတ်ရှုခဲ့ဖူးသည်။

လက်အောက်ရှိ ကျင်းယီဝေများက ထိုအားတက်ဖွယ် အချိန်ဇယားကို မြင်သောအခါ အရေးပါသော ပုဂ္ဂိုလ်များက အရေးပါလာရသည့် အကြောင်းရင်းရှိသည်ဟု ပြောဆိုနေကြသည်။ တကယ်ကို ကြိုးစားလွန်းအားကြီးနေသည်။ မိမိထက် ပါရမီပါသူက မိမိထက် ပိုကြိုးစားနေမှတော့ မိမိအနေဖြင့် အစွမ်းကုန် မကြိုးစားဘဲ နေခွင့်ရှိပါဦးမလား။ ဤသို့ဖြင့် အသံတိတ် အားဆေးတစ်ခွက်က အားလုံး၏ ရင်ထဲသို့ ရောက်ရှိသွားခဲ့၏။

ဖန်ကျန်းရီ ကိုယ်တိုင်သာလျှင် သူမည်မျှ ဇိမ်ကျကျ နေနေရသည်ကို သိသည်။ သို့သော်ငြား ယနေ့ ရုတ်တရက် ရောက်လာရခြင်းမှာ ချန်တယ်ရှန်းက အရေးပေါ် အကြောင်းကြားလာသောကြောင့် ဖြစ်သည်။

ဖန်ကျန်းရီက ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ချန်တယ်ရှန်းက ဘေးဘက်အခန်းမှ ပြေးထွက်လာသည်။ သူက မောကြီးပန်းကြီးဖြင့် စာအိတ်တစ်အိတ်ကို ကိုင်ကာ ဖန်ကျန်းရီရှေ့သို့ ပြေးလာရင်း ပြောလိုက်၏။ "သခင်လေး... ဒါက မနက်က ရှန်ရီ လွှတ်လိုက်တဲ့လူ ပေးသွားတဲ့စာပါ။ စာလာပို့တဲ့သူက အရေးပေါ်ကိစ္စမို့ သခင်လေးကို ချက်ချင်း ဖတ်ခိုင်းဖို့ ပြောသွားပါတယ်။"

အရေးပေါ်ကိစ္စဟုတ်လား။ သင်္ဘော တည်ဆောက်လို့ ပြီးသွားပြီလား၊ ဒါမှမဟုတ်... နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေများ တွေ့နေလို့လား။

ဖန်ကျန်းရီက စာအိတ်ကို ဖောက်ကာ သေချာဖတ်ရှုလိုက်သည်။ စာတစ်စောင်လုံး ဖတ်ပြီးသွားသောအခါ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားကာ ပြုံးလျက် စာကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ချန်တယ်ရှန်းက မေးလိုက်၏။ "သခင်လေး... သတင်းကောင်းလား။"

ဖန်ကျန်းရီက ခေါင်းညိတ်ကာ ပြုံးရင်း ပြောလိုက်သည်။ "သတင်းကောင်းပဲ။ ယူတိန့်မြို့ဘက်ကနေ သင်္ဘောဆောက်ပြီးလို့ မောင်းလာကြပြီတဲ့။ နိုင်ငံခြားသား တချို့ကိုလည်း ခေါ်လာတယ်... ဒါကြောင့် ဒီလောက်ကြာတဲ့အထိ ကျုပ်ဆီကို စာမရေးတာကိုး။ ကြည့်ရတာ အံ့သြသွားအောင် တမင် လုပ်ချင်တဲ့ပုံပဲ။ မနက်ဖြန်ဆို သူတို့ မြို့တော်ကို ရောက်တော့မယ်။ လူတွေ စီစဉ်ပြီး သူတို့ကို ကျုပ်အိမ်ကို ခေါ်လာခဲ့။ အရက်နဲ့ ဟင်းလျာတွေလည်း ပြင်ဆင်ထားလိုက်။"

ချန်တယ်ရှန်းက မေးလိုက်၏။ "ဘယ်အိမ်ကိုလဲ သခင်လေး။"

ဖန်ကျန်းရီက မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "ကျုပ်ကိုယ်ပိုင်အိမ်ပေါ့၊ ဘယ်အိမ်ရှိရအုံးမှာလဲ။ နိုင်ငံခြားသားတွေတဲ့... ဘယ်လို နိုင်ငံခြားသားတွေလဲတော့ မသိဘူး။ သခင်လေး .. ကျုပ်ကတောင် သူတို့နဲ့ စကားနည်းနည်းပါးပါး ပြောနိုင်လောက်တယ်။ လုဖာကို ခေါ်လိုက်၊ မနက်ဖြန် လူသွားကြိုတဲ့အခါ သူ့ကိုပါ ခေါ်သွား။"

ချန်တယ်ရှန်းက အံ့သြစွာဖြင့် ပြောလိုက်၏။ "သခင်လေးက နိုင်ငံခြားစကားကိုလည်း ပြောတတ်တာလား။ အနောက်နိုင်ငံက လူတွေကို ကျုပ်တို့ထဲက ဘယ်သူမှ မမြင်ဖူးကြဘူးလေ။"

ဖန်ကျန်းရီက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။ "ဟယ်လို မိုင်နိမ်းအစ်... ဒီလို နိုင်ငံခြားစကားလောက်က ဘာခက်လို့လဲ။ ကျုပ် ဝူမင်းသားဆီက သင်ထားတာ နှစ်ရက်တည်းနဲ့ တတ်သွားတာပဲ။ ဘာမှ မခက်ဘူး။"

ချန်တယ်ရှန်းက အံ့သြလေးစားဟန်ဖြင့် လက်မထောင်ပြကာ ပြောလိုက်၏။ "သခင်လေးက တကယ် တော်တာပဲ။ နိုင်ငံခြားစကားကို သွက်နေတာပဲ။ ဒါနဲ့ ခုနက စကားက ဘာအဓိပ္ပာယ်လဲဗျ...။"

ဖန်ကျန်းရီက နှုတ်ခမ်းတွန့်လိုက်ပြီး ပြောလိုက်သည်။ "ဟမ့် .. ပြောလည်း ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။ သွားတော့။"

ချန်တယ်ရှန်း ထွက်သွားပြီးနောက် ဖန်ကျန်းရီက ကျေနပ်စွာဖြင့် နောက်သို့ မှီချလိုက်သည်။ ယခင်ဘဝက ပညာရေးမှာ ညံ့ဖျင်းခဲ့ပေမည့် ဤခေတ်ကို ရောက်လာတော့ တာ့ကျင်း၏ အင်္ဂလိပ်စာ အတော်ဆုံးလူ ဖြစ်နေပြီ။ ဟို နိုင်ငံခြားသားတွေမှာ ဘာထူးခြားတဲ့ စွမ်းရည်တွေ ပါလာမလဲ မသိဘူး။ ချူညီအစ်မတွေပါ အတူတူ လိုက်လာကြတယ်ဆိုတော့... ဘာနားလည်မှုလွဲတာမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ။

နောက်တစ်နေ့၊ မြို့တံခါးအပြင်ဘက်။

ဖန်ကျန်းရီက တာဝန်ပြီးဆုံးသည်နှင့် စောစောစီးစီး မြို့ပြင်သို့ ထွက်လာခဲ့သည်။ ရှန်ရီ မြို့တော်သို့ ပြန်လာမည်ကို ကြားသောအခါ လီယွမ်ကျောက်ကလည်း ကိုယ်တိုင် လိုက်လာရန် တောင်းဆိုခဲ့သည်။ ယခုအချိန်တွင် မြို့တံခါးအပြင်ဘက်၌ ကျင်းယီဝေ အယောက်နှစ်ဆယ်ကျော်က တန်းစီကာ ရှန်ရီတို့ ရောက်လာမည့်အချိန်ကို အသင့်စောင့်ဆိုင်းနေကြသည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ သာမန်ရိုးကျ မြင်းလှည်းနှစ်စီး ပေါ်လာသည်။ မြို့တံခါးအနီးသို့ ရောက်သောအခါမှ တဖြည်းဖြည်း ရပ်တန့်သွား၏။

ကျင်းယီဝေများက ရှေ့တိုးကာ စစ်ဆေးမေးမြန်းပြီး စကားအနည်းငယ် ပြောပြီးနောက် ရှန်ရီက ကန့်လန့်ကာကို လှန်ကာ မြင်းလှည်းပေါ်မှ ခုန်ဆင်းလာသည်။

ဖန်ကျန်းရီက အရိပ်ထဲတွင် ရပ်နေစဉ် ကျင်းယီဝေများ၏ သတင်းပို့သံကို ကြားမှ ခေါင်းမော့ကြည့်လိုက်သည်။ ရှန်ရီကို မြင်သည်နှင့် သူက ဘေးတွင် ငိုက်မျည်းနေသော လီယွမ်ကျောက်ကို လက်ဖြင့်တို့လိုက်ပြီး အပြုံးလေးဖြင့် ရှေ့သို့ တိုးသွားကာ နှုတ်ဆက်လိုက်၏။ "ရှန်ရီ... အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ်။"

ရှန်ရီကလည်း ဝမ်းသာအားရဖြင့် ရှေ့တိုးကာ လက်သီးဆုပ်ကာ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား … အမတ်မင်းဖန်... ကျုပ်ကို ဂါရဝပြုခွင့်ပြုပါ။"

လီယွမ်ကျောက်က ရယ်မောရင်း မေးလိုက်၏။ "ဒါနဲ့ ယူတိန့်မြို့မှာ အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား။"

ရှန်ရီ၏ မျက်နှာက ရုတ်တရက် အနည်းငယ် ထူးဆန်းသွားသည်။ အစပိုင်း ယူတိန့်မြို့သို့ ရောက်ခါစက နေထိုင်ရသည်မှာ တကယ်ကို အဆင်ပြေခဲ့ပြီး လူတော်တော်များများက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး ကြိုဆိုခဲ့ကြသည်။ သို့ပေမည့် အချိန်ကြာလာသည်နှင့်အမျှ... မြို့ထဲတွင် ဖော်ပြ၍မရသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဘာကြောင့်မှန်းမသိ မြို့တစ်ခုလုံးရှိ ပြည့်တန်ဆာရုံများက သူ့ကို အရက်နတ်ဘုရား ရှန်ထန်းဟွာ ဟု နာမည်ပေးလိုက်ကြသည်။ နောက်ပိုင်းတွင် အားလုံးက သူ့ကို မိန်းမကြူးသူဟု ထင်မှတ်လာကြပြီး ဘာကိစ္စလုပ်လုပ် မိန်းမတွေချည်း လာပို့နေကြသည်။ နောက်ပိုင်းတွင် တကယ်ကို သည်းမခံနိုင်တော့၍ အားလုံးကို ငြင်းပယ်လိုက်ရသည်။

သို့သော်ငြား ထိုသို့ ငြင်းပယ်လိုက်သည်က ပြဿနာပိုကြီးသွားစေခဲ့သည်။ ယခု မြို့ထဲတွင် သူက မိန်းမလိုက်စားလွန်း၍ ခန္ဓာကိုယ် ထိခိုက်သွားပြီဟု သတင်းများ ထွက်နေသည်။ နောက်ပိုင်းမှ ဤအရာများအားလုံးက မြို့တော်တွင် ရှိနေသော အမတ်မင်းဖန်၏ လက်ချက်ဖြစ်ကြောင်း သူ သိလိုက်ရ၏။

ဤအကြောင်းကို တွေးမိသောအခါ ရှန်ရီက ဖန်ကျန်းရီကို နာကြည်းစွာဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "အခြေအနေက အရမ်းကောင်းလွန်းလို့ပါ... ဟင်းဟင်း။"

ဖန်ကျန်းရီက တဟားဟား ရယ်မောရင်း ရှေ့တိုးကာ ရှန်ရီ၏ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။ "အဆင်ပြေရင် ပြီးတာပါပဲ။ ရှန်ရီရာ... ကျုပ်က ခင်ဗျားကို အမြဲတမ်း သတိရနေတာပါ။"

All Chapters