အခန်း ၃၉၁
Vol. 40 Ch. 391
အပိုင်း (၃၉၁)
သို့ဖြင့်တစ်ရက်တာ ကြာပြီးနောက်မှသာ ကျုံးရှန်၏ အသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ "ကောင်းပြီ... အခု ငါ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြေညာမယ်" သူ၏ အသံသည် ယခင်အတိုင်းပင် ကျယ်လောင်ခြင်းမရှိသော်လည်း အလွန် ရှင်းလင်းပြတ်သားနေသည်။ သို့သော် ထျန်းဂိုဏ်း တပည့်များအားလုံးသည် ထိုအသံကိုကြားလျှင် ငြိမ်သက် တိတ်ဆိတ်သွားကြသည်။ ကျုံးရှန်သည် သူတို့၏အမိန့်နာခံမှုကိုမြင်လျှင် တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ကာ ချီးကျူးလိုက်သည်။"သိပ်ကောင်းတယ်... " "ဟုတ်ပြီ...ပထမဆုံး ကိစ္စကတော့ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို အခုအချိန်ကစပြီး ဖျက်သိမ်းလိုက်ပြီ" "ဟာ..." ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျုံးရှန်၏ အာဏာစက်သည် လူတိုင်း၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ကိန်းဝပ်နေပြီ ဖြစ်သော်လည်း လူအများသည် မနေနိုင်ဘဲ ဆူညံသွားကြသည်။ လူတိုင်း၏ သစ္စာရှိမှု အမှတ်များသည်ပင်လျှင် ဂဏန်းအနည်းငယ်ခန့် ကျဆင်းသွားသည်အထိ ဖြစ်ပေါ်သွားခြင်းဖြစ်သည်။ကျုံးရှန်သည် လူတိုင်း၏ မျက်နှာအမူအရာများကို အကုန်လုံး မှတ်သားထားလိုက်ကာ ခေတ္တခန့်ရပ်တန့်ပြီးမှ ဆက်လက် ကြေညာလိုက်သည်။ "ထျန်းဂိုဏ်း နတ်ဘုရားမင်းဆက် ကို တည်ထောင်မှာဖြစ်တယ်" "ငါ...ကျုံးရှန်က နတ်ဘုရားမင်းဆက်ရဲ့ ပထမ ဧကရာဇ် ဖြစ်ပြီး... နိုင်ငံအမည်ကို ကျုံး လို့ခေါ်တွင်စေ" "မကြာခင် ရက်ပိုင်းအတွင်းမှာ...နန်းတက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွားမယ်" ထိုသတင်း နှစ်ခုစလုံးသည် အလွန် ကြီးမားလှကာ အင်အားပြင်း ဗုံးတစ်လုံး ပေါက်ကွဲသွားသည်ထက်ပင် လျော့နည်းခြင်းမရှိချေ။ ရှေးဟောင်းခေတ် ကုန်ဆုံးသွားပြီးနောက်ပိုင်းတွင် မည်သူမျှ မိမိကိုယ်မိမိ မဟာဧကရာဇ်ဟု မခေါ်ဝံ့ကြသကဲ့သို့ မည်သည့် အင်အားစုမျှလည်း နတ်ဘုရားမင်းဆက် ဟု မခေါ်ဝံ့ကြတော့ပေ။ အဘယ် ကြောင့်ဆိုသော် ယင်း၏ နောက်ကွယ်တွင် ဖုံးကွယ်နေသော ကံကြမ္မာ အခွင့်အရေးများနှင့် အကြောင်းအကျိုး ဆက်စပ်မှုများသည် အလွန် ကြီးမားလွန်းလှသောကြောင့်ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ရှိ မည်သူမျှ ယင်းကို ခံနိုင်ရည် မရှိကြချေ။ သို့သော် ယခုအခါ ကျုံးရှန်သည် မြင့်မြတ်နယ်မြေကို နတ်ဘုရားမင်းဆက်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကိုရှေ့ဆောင် လမ်းပြမည့် ဧကရာဇ် တစ်ပါးပေါ်ထွက်လာခြင်းကို ဖော်ညွှန်းကာ အလွန် ရဲတင်းလှသည့်လုပ်ရပ်လည်းဖြစ်ပေသည်။ ကျုံးရှန်၏ နတ်ဘုရားမင်းဆက် တည်ထောင်ရခြင်း ရည်မှန်းချက်၏ နောက်ကွယ်၌ လေးနက်သောအဓိပ္ပာယ်များရှိနေကာ နောက်ဆုံးပန်းတိုင်မှာ လူသားမျိုးနွယ်ကို အုပ်ချုပ်ပြီး နတ်ဘုရားများအားလုံးကို ကြီးစိုးရန် ဖြစ်သည်။ ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်တစ် ယောက်သည် စတင် အော်ဟစ်ချီးမြှောက်လိုက်၏။ "ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ""ဧကရာဇ်မင်းမြတ်...သက်တော်ရာကျော် ရှည်ပါစေ" နောက်တစ်ခဏတွင် ထျန်းဂိုဏ်း တပည့်များ အားလုံး ဒူးထောက်လိုက်ကြကာ သူတို့သည် ရိုသေလေးစားစွာဖြင့် ကျုံးရှန်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။ "ချီမင်... ချီထျန်း" "မင်းတို့ နှစ်ယောက်က ဒီကိစ္စကို တာဝန်ယူပြီး စီစဉ်ရမယ်" "နောက်တစ်လ အကြာမှာ...တစ်လောကလုံးကို ကြေညာပြီး နန်းတက်ပွဲ အခမ်းအနားကို စတင်မယ်" "ထျန်းဂိုဏ်း နတ်ဘုရားမင်းဆက်ကို တည်ထောင်ပြီးတာနဲ့ တစ်ပြိုင်နက်... ငါတို့က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို စတင် သိမ်းပိုက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ" "လူသားမျိုးနွယ်ပဲဖြစ်ဖြစ်၊ မျိုးနွယ်ခြားတွေပဲဖြစ်ဖြစ်.. ငါတို့ဆီမှာ အညံ့ခံရမယ်" "ကျုံးနိုင်ငံရဲ့ ရည်ရွယ်ချက်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကိုတစ်ပေါင်းတည်းဖြစ် အောင်ပေါင်းစည်းမှာဖြစ်တယ်" "အခု ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဧကရာဇ်မြို့တော် တစ်ခုအဖြစ် စတင် ပြောင်းလဲ တည်ဆောက်ကြ" "လာမယ့်တစ်လအတွင်း.. ငါ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ သွားရှင်းမှာဖြစ်တဲ့အတွက်...ဒီကိုယ်ပွားကို ကျန်ရစ်ခဲ့မယ်" "သူက ဒီမှာ နေပြီး ဂိုဏ်းတံခါးကို စောင့်ရှောက်ပေးလိမ့်မယ်" ကျုံးရှန်သည် လက်တစ်ချက် ညွှန်ပြလိုက်သောအခါ လေထဲ၌ များပြားလှသော စိတ်နှလုံး စွမ်းအားများ စုဝေးထွက်ပေါ်လာသည်။ ထို စိတ်နှလုံး စွမ်းအားများသည် မယုံနိုင်လောက်အောင် များပြားလွန်းလှ၏။ ထိုအချက်သည် ကျုံးရှန်၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်စွမ်းမှာ သာမန်လူများ တွေးတော၍မရနိုင်သော အဆင့်တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ကျုံးရှန်၏ စိတ်နှလုံး စွမ်းအားများသည် လေထဲတွင်စုစည်းသွားကာ ရွှံ့စေးတစ်တုံးကဲ့သို့ အဆက်မပြတ် ပေါင်းစပ် ပြောင်းလဲနေပြီးတစ်ခါတစ်ရံတွင် စိတ်နှလုံးစွမ်းအင်များမှ ကြီးမားသော အချက်အလက် စီးကြောင်းများ လျှပ်တစ်ပြက် ပေါ်ထွက်လာနေသည်။
ထိုသို့ဖြင့် ရေနွေးအိုးတစ်အိုးဆူစာလောက်ကြာပြီးနောက်တွင် စိတ်နှလုံးစွမ်းအင်အစုအဝေးကြီးသည် တဖြည်းဖြည်းနှင့် ကျုံးရှန်၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွား လေသည်။ ထိုကိုယ်ပွားသည် ကျုံးရှန်နှင့် တစ်ထပ်တည်းတူညီနေခဲ့ကာ တစ်ခုတည်းသော ကွာခြားချက်မှာ ကိုယ်ပွားသည် ကျုံးရှန်ကဲ့သို့ တစ်ကိုယ်လုံးရှိ စွမ်းအင်အရှိန်အဝါများကို သိမ်းဆည်းထားခြင်း မရှိခြင်းပင်ဖြစ်သည်။ ကိုယ်ပွားကျုံးရှန်၏ အရှိန်အဝါများသည် အလွန် ထင်ရှားနေပြီး ကောင်းကင်အရှင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေသည်။ ထိုအဆင့်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအား ဖြစ်ကာ ကြီးမားသော ခြိမ်းခြောက်နိုင်စွမ်း ရှိသဖြင့် ရန်သူများကို ခြောက်လှန့်ရန် လုံလောက်လှပေသည်။ ကောင်းကင်အရှင် အဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်များသည် ဈေးပေါသော ဂေါ်ဖီထုပ်များ မဟုတ်ကြချေ။ ကျုံးရှန်သည် ကောင်းကင်အရှင်များကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏စွမ်းအားကို အထင်မသေးသင့်ပေ။ ထိုသူတို့သည် မဟာကမ္ဘာအတွင်းရှိ မည်သည့်နေရာတွင်မဆို အလွန် အစွမ်းထက်သော ကြီးစိုးသူများ ဖြစ်ကြကာ ထိပ်သီး ဂိုဏ်းကြီးများကို တည်ထောင်နိုင်ကြသူများ ဖြစ်ကြသည်။ ယခုအခါ ကျုံးရှန်သည်မြောက်ပိုင်းဓားကုန်းမြေတိုက် နှင့် နန်ယန်စီရင်စု တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပြီး ကြီးမားသော စီရင်စုကြီး တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြန်လည် စုစည်း တည်ဆောက်ရန် လိုအပ်သော နေရာများစွာ ရှိနေလေ၏။ ထို့အပြင်စစ်ပွဲ ပြီးဆုံးသွားသည်မှာ မကြာသေးသောကြောင့် ပြုပြင်ရန် လိုအပ်သော နေရာများစွာလည်း ရှိနေသေးသည်။ စစ်ပွဲအပြီးတွင် စီရင်စုကြီးတစ်ခုလုံးသည် မြက်တစ်ပင်မျှပင် မပေါက်နိုင်တော့ဘဲသာမန်လူများလည်း အကုန်လုံးနီးပါးခန့်အသက်ခံလိုက်ရသည်။ ပန်းမန် သစ်ပင်များ၊ တောင်ကုန်း တောင်တန်းများသည် လုံးဝ ပြောင်သလင်းခါသွားခဲ့ကာ ကုန်းမြေတိုက်ကြီးနှင့် စီရင်စုအကြားရှိ ကြီးမားသော အစီအရင်များဖြင့် ကာကွယ်ထားသည့် မြို့များနှင့် ဂိုဏ်းတံခါးများမှလွဲ၍ ကျန်နေရာများအားလုံး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းတို့သည် မြက်တစ်ပင်မျှ မပေါက်နိုင်သော ကျက်တီးမြေများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အစွမ်းထက် ပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုများအောက်တွင် အလွန်ကို အားနည်းလွန်းလှကြောင်း ထိုအချက်က ဖော်ပြနေသည်။ သို့သော် ယခုအခါ အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် နိယာမနယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ်များသာ ညီညွတ်စွာ ပူးပေါင်းကြမည်ဆိုပါက စီရင်စုကြီး တစ်ခုလုံး၏ ပတ်ဝန်းကျင်ကို အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်ပေလိမ့်မည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ အစွမ်းထက် ပုဂ္ဂိုလ်များသည် ကမ္ဘာကြီးကို ပြုပြင်ရန်နှင့် ပြောင်းလဲရန်အတွက် သူတို့၏ စွမ်းအားများကို အသုံးချခဲလှသည်။ ထိုသို့သာ မဟုတ်ပါက ယခုလက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အနည်းဆုံး နှစ်ဆခန့် ပို၍ အစွမ်းထက်နေမည် ဖြစ်သည်။ မဟာကမ္ဘာတစ်ခုသည် ယွမ် စွမ်းအားယူနစ်ပေါင်း ထောင်ချီပြီးပိုင်ဆိုင်လာပါက ထိုကမ္ဘာအတွင်းရှိစီရင်စုများ ၊ ကုန်းမြေတိုက်ငယ်များသည်လည်း ပိုမို ခိုင်မာလာမည် ဖြစ်ကာ သာမန် တိုက်ခိုက်မှုများဖြင့် ယင်းတို့ကို ဖျက်ဆီးရန် ခက်ခဲသွားပေမည်။ အမှန်စင်စစ်တွင် မဟာကမ္ဘာကောင်းကင်တာအို၏ သက်ရှိ မြောက်မြားစွာကို ပြုစုပျိုးထောင်ပေးရခြင်းမှာ မိမိ၏ကုန်းမြေတိုက်ကို ထိုသို့ခိုင်မာတောင့်တင်းလာအောင် ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ဖြစ်သည်။ ဝမ်းနည်းစရာကောင်းစွာဖြင့် သက်ရှိ အများစုသည် တောင်းဆိုရန်သာ သိကြပြီး ပြန်လည် ပေးဆပ်ရန် မသိရှိကြချေ။ လွတ်မြောက်ခြင်းအဆင့် ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသည်နှင့်အမျှ စွမ်းအားများစွာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်းမှ ဆွဲထုတ်ခြင်းခံရကာ လွတ်မြောက်ခြင်းအဆင့် ပုဂ္ဂိုလ်များကို အင်အားဖြည့်တင်းပေးခဲ့သည်။ ထိုဖြစ်စဥ်သည် ကောင်းကင်တာအိုကိုယ်တိုင်ပင် ထိန်းချုပ်၍မရသော အခြေအနေ ဖြစ်သည်။ ကောင်းကင်တာအို သည် ကြီးထွားရန် လိုအပ်သကဲ့သို့ သက်ရှိများအားလုံးသည်လည်း ကြီးထွားရန် လိုအပ်သည်။ ထို့ပြင်ကျင့်ကြံသူတိုင်းသည် လွတ်မြောက်ခြင်းကို ရရှိလိုကြသည်။ မဟာကမ္ဘာအပါအဝင် စကြဝဠာအတွင်းရှိ အရာအားလုံးသည် မွေးဖွားဖြစ်တည်လာသည်မှအစပြုကာ ပိုမိုကြီးထွားသန်မာလာရန် လိုလားကြသည်။ထိုသည်က လောကကြီး၌ မပြောင်းလဲဘဲတည်ရှိနေသော ဝိရောဓိ အခြေအနေပင် ဖြစ်သည်။ ကျုံးရှန်သည် နတ်ဘုရားမင်းဆက် တည်ထောင်မည့် အကြောင်းကို ကြေညာပြီးနောက်တွင် ကောင်းကင်အရှင် အဆင့် ကိုယ်ပွားကို ချန်ရစ်ထားခဲ့ကာ ထို နေရာမှထွက်ခွာသွားသည်။ သူသည် သူ၏ ဘေးနားရှိ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများနှင့် ရွေ့ဝူတိ ဇနီးမောင်နှံ တို့အားလုံးကို ခေါ်ဆောင်သွားကာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့နောက် ကျုံးရှန်သည် ခြေတစ်လှမ်းလှုပ်ရှားရုံဖြင့်ပင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ပင်မခန်းမဆောင်မှပျောက်ကွယ်ကာ ချင်ထျန်းတောင်ထွတ်တွင် ပြန်၍ပေါ်လာသည်။ ချင်ထျန်းတောင်ထွတ်သည် သူ နှစ်တစ်သိန်းချီ တံခါးပိတ် ကျင့်ကြံ နေထိုင်ခဲ့သော နေရာ ဖြစ်သည်။ ယခုအခါ သူသည် ကောင်းကင်နန်းတော် ကမ္ဘာငယ်ကို အခြေခံ၍ သူ၏ သူတော်စင် နိုင်ငံကို အကြမ်းဖျင်း တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ ကျုံးရှန်သည် ဆက်လက်၍ ချင်ထျန်းတောင်ထွတ်ကိုလည်း သူ၏ သူတော်စင် နိုင်ငံထဲသို့ ရွှေ့ပြောင်း ထည့်သွင်းရန် ကြံရွယ်ထားလေသည်။ ယင်းကို သူ၏သူတော်စင်နိုင်ငံအတွင်းရှိ ပထမဆုံးသော အမြင့်ဆုံး တောင်ထွတ်အဖြစ် ပျိုးထောင်မည်ဖြစ်သည်။ ထိုတောင်ထွတ်သည် သူ၏ သူတော်စင် နိုင်ငံတွင် အဓိကကောင်းကင်မဏ္ဍိုင် ဖြစ်လာပေလိမ့်မည်။ "ချင်ထျန်းတောင်ထွတ်ကို... ငါ့ရဲ့ သူတော်စင် နိုင်ငံထဲကို ရွှေ့ပြောင်းထည့်သွင်းဖို့ ဆုံးဖြတ်ထားတယ်" "မင်းတို့မှာ ပြောချင်တာ.. တစ်ခုခု ရှိကြလား" ကျုံးရှန်သည် သူတို့ကို ခေါ်ဆောင်ကာ ချင်ထျန်းတောင်ထွတ်၏ အနောက်ဘက်ရှိတောင်သို့ တိုက်ရိုက် ကူးပြောင်းရောက်ရှိလာခဲ့သည်။ ထိုနေရာသည် သူ အရင်က တာအိုဟောပြခဲ့သော နေရာပင် ဖြစ်သည်။ သူသည် ထိုနေရာတွင်တင်ပျဉ်ခွေ ထိုင်လိုက်ကာ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများ၏ အမြင်များကို မေးမြန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ချင်ထျန်းတောင်ထွတ်သည် သူ တစ်ယောက်တည်း၏ နယ်မြေ မဟုတ် ချေ။ ထိုနေရာသည် သူ၏ရှေ့ရှိ မိစ္ဆာနတ်ဘုရားများ ကြီးပြင်းခဲ့သည့် အိမ်လည်းဖြစ်သဖြင့် သူတို့၏ သဘောထားကိုမေးမြန်းရန်လည်း လိုအပ်လှသည်။