အခန်း ၃၉၂
Vol. 40 Ch. 392
အပိုင်း (၃၉၂)
'သခင်က.. တကယ်ပဲ ကျိန်စာကို ဖောက်ထွက်နိုင်ခဲ့တာပဲ''သေးနုပ်လှတဲ့ ကောင်းကင်တာအို ဆန္ဒက သခင့်ကို ချုပ်နှောင်ချင်နေသေးတာ...' 'နောက်ဆုံးတော့ သူတွေးနေတာ စိတ်ကူးယဉ်မှုတစ်ခုဆိုတာ သက်သေပြလိုက်ပြီပဲ'ကျူးကျီသည် ကျုံးရှန်တစ်ယောက် သူတော်စင် နိုင်ငံကို တည်ဆောက်ပြီးပြီဟု ပြောသည်ကို ကြားသောအခါ သူ၏ သခင်သည် ကံတရား ကျိန်စာ၏ အဟန့်အတားကို ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နားလည်သွားသည်။ သခင်သည် ကောင်းကင်တာအိုကို အောင်မြင်စွာ အနိုင်ယူနိုင်သွားပြီ ဖြစ်သည်။ ထိုအခါ ကျူးကျီသည် အခြားသူများကိုဝေ့ဝဲကြည့်ရှုလိုက်ကာပြန်လည် ဖြေကြားလိုက်သည်။"ကျွန်တော်တို့အားလုံး.. သခင့် သဘောအတိုင်းပါပဲ" အခြားသူများသည် ကျူးကျီ၏စကားကိုကြားလျှင် ငြင်းဆန်ခြင်းမရှိကြချေ။ သူတို့၏ အမြင်များသည် အလွန် တူညီကြကာ မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိကြောင်း အသီးသီး ဖော်ပြလိုက်ကြခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် ကျုံးရှန်၏ သူတော်စင် နိုင်ငံထဲသို့ ဝင်ရောက်ကာ ယဉ်ကျေးမှုများ တည်ဆောက်ရာတွင် ကူညီရန်နှင့် ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်းလဲရန်ပင် ဆန္ဒရှိနေကြလေသည်။ ထိုမျှများပြားသော နတ်ဘုရားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များဖြင့်သာ ကမ္ဘာကြီးကို အတူတကွ ပြောင်းလဲမည်ဆိုပါက ဖြစ်ပေါ်လာမည့် အပြောင်းအလဲများသည် အလွန် ကြီးမားလှပေလိမ့်မည်။ လူသားများ၏ တစ်ကိုယ်ကောင်းဆန်သော သဘာဝကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည်ပင်လျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို တစ်ခါမျှ မရရှိခဲ့ဖူးချေ။ သို့သော် ကျုံးရှန်၌မူ ထိုသို့ လုပ်နိုင်သောအစွမ်းအစရှိနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနှီနတ်ဘုရားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များသည် ကျုံးရှန်အပေါ် အကြွင်းမဲ့ သစ္စာရှိကြသောကြောင့် ဖြစ်သည်။ သူတို့သည် မိမိဆန္ဒအလျောက် ကျုံးရှန်ထံ ပေးဆပ်ကာ သူ၏သူတော်စင်နိုင်ငံတည်ဆောက်ရာတွင် အကူအညီပေးလိုကြသည်။ ယင်းသည် သူတော်စင် နိုင်ငံ၏ ဆင့်ကဲပြောင်းလဲမှုကို ပို၍ အရှိန်မြှင့်တင်ကာ အလယ်အလတ်အဆင့် ကမ္ဘာ အဖြစ်သို့ အမြန်ဆုံး ရောက်ရှိသွားစေရန် ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများ၏ စကားကို ကြားသောအခါ ကျုံးရှန် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်မိသည်။ "ဒီလိုဆိုမှတော့... ငါ စလိုက်တော့မယ်" ကျုံးရှန်သည် သူ၏လက်ကို ဆန့်ထုတ်ကာ ပင့်မြှောက်လိုက်သည်။ ထိုအခါ သူကိုယ်တိုင်အပါအဝင် ချင်ထျန်းတောင်ထွတ်အတွင်းရှိ သက်ရှိအားလုံးသည် ရုတ်တရက် လေထဲသို့ မြင့်တက်သွားကာ လေဟာပြင်ထဲတွင် ရပ်တန့်သွားကြသည်။ ထို့အပြင်နောက်ဖေးခြံထဲမှ မျောက်များ၊ ရေကန်ထဲမှ ရွှေငါးများ၊ ကြက်ခြံထဲမှ ကြက်များနှင့် ဝက်ခြံထဲမှ ဝက်များအပြင် အခြားသော ဉာဏ်အလင်းပွင့်ခါစ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည့် သက်ရှိမြောက်မြားစွာလည်း လေထဲသို့ မျောပါလာကြသည်။ နောက်တစ်ခဏတွင် ချင်ထျန်းတောင်ထွတ် တစ်ခုလုံးသည် ပြင်းထန်စွာ လှုပ်ခါလာပြီး နန်ယန်စီရင်စုတောင်ပိုင်းပါ လှုပ်ခါလာသည်။ နန်ယန်စီရင်စုသည် ဂိုဏ်းမဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရချိန်တွင်ပင် အင်မော်တယ်တစ်သန်းတောင်တန်းသည် ပျက်စီးသွားခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းကို ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ ချင်ထျန်းတောင်ထွတ်၏ လှုပ်ခါမှုနှင့်အတူ နန်ယန်စီရင်စု တစ်ခုလုံးသည်ပါ တုန်ခါလာသည်မှာ ချင်ထျန်းတောင်ထွတ်သည် နန်ယန်စီရင်စု၏ အခြေခံ ကောင်းကင်မဏ္ဍိုင်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။ ကံကောင်းစွာဖြင့် ပြင်းထန်သော တုန်ခါမှုသည် အချိန်ကြာမြင့်စွာ မဖြစ်ပေါ်ခဲ့ချေ။ အသက်တစ်ရှိုက်အကြာတွင်ပင် ချင်ထျန်းတောင်ထွတ် တစ်ခုလုံးသည် လေထဲသို့ မြင့်တက်လာသည်။ထိုအခါ ကျုံးရှန်သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ အားကုန်သုံး၍ ဆွဲယူလိုက်လျှင် သူ၏ ခန္ဓာကိုယ်အတွင်းမှ သူတော်စင် နိုင်ငံ ထွက်ပေါ်လာပြီး ချင်ထျန်းတောင်ထွတ်ကို ဝါးမြိုသွားသည်။ မကြာမီ၌ပင် မြင့်မားလှသော ချင်ထျန်းတောင်ထွတ်သည် သူတော်စင် နိုင်ငံအတွင်းသို့ ဝင်ရောက် ပေါင်းစပ်သွားကာ သူတော်စင် နိုင်ငံ၏ ဗဟိုချက်တွင် နေရာချထားခြင်း ခံလိုက်ရသည်။ ကျုံးရှန်၏ သူတော်စင် နိုင်ငံသည် မူလတွင် ကောင်းကင်နန်းတော် ကမ္ဘာငယ် ဖြစ်သဖြင့် ပုံစံပေါ်နေပြီဖြစ်သော ကမ္ဘာငယ် တစ်ခု ဖြစ်ကာ ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြုစုပျိုးထောင်မှုများကြောင့် ကမ္ဘာတစ်ခုလုံးသည် သိသိသာသာ ပြောင်းလဲကြီးထွားလာခဲ့သည်။ စိတ်နှလုံးစွမ်းအားသည် ကမ္ဘာတစ်ခုကို တည်ဆောက်ရာတွင် ပြိုင်ဘက်ကင်းသော အားသာချက်များ ရှိသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးအတွင်းမှ အင်မော်တယ်စွမ်းအားများကို ထုတ်ယူနိုင်သောကြောင့်ဖြစ်သည်။ အင်မော်တယ်စွမ်းအားများသည် ကမ္ဘာတစ်ခု ပြောင်းလဲတိုးတက်ရန်အတွက် အကောင်းဆုံးသော အာဟာရများ ဖြစ်သည်။ထို့အပြင် စိတ်နှလုံးစွမ်းအားထဲတွင် အမျိုးအမည်မသိရသော စွမ်းအားများစွာလည်း ရှိနေသေးသည်။ လူ့စိတ်နှလုံးသည် အတိုင်းအဆမသိမှန်းဆရန် ခက်ခဲလှကာ ထိုအမျိုးအမည်မသိရသော စွမ်းအားများကိုမွေးဖွားပေးသည်။ ထိုအရာသည် ကျုံးရှန်၏ သူတော်စင်နိုင်ငံ ဆင့်ကဲပြောင်းလဲမှုတွင် များစွာ အထောက်အပံ့ပေးခဲ့သည်။ ချင်ထျန်းတောင်ထွတ်ကို သူတော်စင် နိုင်ငံ၏ ဗဟိုတွင် နေရာချထားပြီးနောက် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် နိုင်ငံသည် အပြောင်းအလဲအသစ်များ ထပ်မံ ဖြစ်ပေါ်လာသည်။ ကမ္ဘာ၏ အကာအကွယ် တံတိုင်းများ ကျိုးပျက်သွားကာ အဆပေါင်းများစွာ ကျယ်ပြန့်လာသည်။ ထိုအချိန်တွင် ကျုံးရှန်သည် ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်ကို ထုတ်ယူလိုက်ပြီး သူ၏ စိတ်ဆန္ဒဖြင့် ဆက်သွယ်လိုက်ကာ ချင်ထျန်းတောင်ထွတ်၏ တောင်ခြေတွင် စိုက်ပျိုးလိုက်သည်။ ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်သည် ချင်ထျန်းတောင်ထွတ်ကို ရစ်ပတ် ကြီးထွားလာကာ တောင်ထွတ်ကြီးအား အစိမ်းရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သွားစေသည်။ နတ်ဘုရားနွယ်ပင်နှင့် ကောင်းကင်မဏ္ဍိုင်။ထူးဆန်းအံ့သြဖွယ်ကောင်းသော အစီအရင်တစ်ခု ဖြစ်ပေါ်လာကာ ကျုံးရှန်၏ သူတော်စင် နိုင်ငံ တစ်ခုလုံး အလွန်တောင့်တင်းခိုင်ခံသွားပြီး သာမန် မဟာကမ္ဘာများနှင့်ပင် ယှဉ်နိုင်လာသည်။ ထို့အပြင် ကျုံးရှန်သည် မဟာကမ္ဘာ၏ အကာအကွယ်တံတိုင်းများအပေါ် အာရုံခံစားနိုင်စွမ်းသိသိသာသာတိုးမြင့်လာကာ အလွယ်တကူဖြတ်သန်းကြည့်ရှုနိုင်လာသည်။ မဟာကမ္ဘာတံတိုင်းများသည် ပိုင်ရွှီနယ်မြေ အတွင်း တည်ရှိနေကာ ပြင်ပကမ္ဘာများ၏ ကျူးကျော်မှုကို ခုခံရန်နှင့် မဟာကမ္ဘာ၏ တည်ရှိမှုကို ကာကွယ်ပေးထားသောကြောင့် နတ်ဘုရားအာရုံဖြင့်ဖောက်ထွက်ကြည့်ရှုရန် အလွန် ခက်ခဲလှသည်။ ကျုံးရှန်သည်ပင် ကောင်းကင်အရှင် အဆင့်ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်လာချိန်၌မူ ကမ္ဘာနှစ်ခုကြားရှိ အက်ကွဲကြောင်း နေရာမှသာ ဝင်ရောက်ရန် ရွေးချယ်ခဲ့ရခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။ ယခင် ဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်ဖြစ်သော အလယ်အလတ်ကမ္ဘာဖြစ်သည့် ပိအန်းရွှေတောင်ပင်လျှင် မဟာကမ္ဘာ၏ တံတိုင်းကို ဖောက်ထွက်ရန် အချိန်နှင့် ခွန်အားများစွာ ရင်းနှီးခဲ့ရသည်။ သို့သော်လည်း ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်နှင့် ပေါင်းစပ်ထားသော ကျုံးရှန်အတွက်မူ ယခုအခါ မဟာကမ္ဘာများအတွင်းသို့ စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်စွမ်းရှိသွားလေသည်။ မည်သည့် မဟာကမ္ဘာတံတိုင်း၏ ဟန့်တားမှုမျိုးမဆို သူ့အပေါ်တွင် အဆပေါင်းများစွာ လျော့ကျသွားမည် ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် နိုင်ငံသည် အလယ်အလတ်ကမ္ဘာ တစ်ခု ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ကျုံးရှန်သည် လက်ဟန်တစ်ခုဖော်လိုက်ကာ သူတော်စင် နိုင်ငံ၏ တံခါးပေါက်ကို ဆင့်ခေါ်လိုက်သည်။ထိုအခါ တံခါးမှတစ်ဆင့် ချင်ထျန်းတောင်ထွတ်ရှိ သက်ရှိအားလုံး သူတော်စင် နိုင်ငံ၏ မြင့်မြတ်တံခါးမအတွင်းသို့ ဝင်ရောက်သွားကြလေသည်။ ထိုအထဲတွင် ကျူးကျီ၊ ကျွမ်းလီ နှင့် ရွေ့ဝူတိ တို့လည်း ပါဝင်၏။ တစ်ချိန်တည်း၌ပင် ရှန်းဝူရှန့် နှင့် မိုသိမ်ထျန်း တို့ ကလေးငယ် နှစ်ဦးကိုလည်း သူတော်စင် နိုင်ငံအတွင်းသို့ ပို့ဆောင်လိုက်သည်။ သူတို့နှစ်ဦးသည် ရွေ့ဝူတိ၏ ဂျူနီယာညီငယ်များဖြစ်ကြပေသည်။ ချင်ထျန်းတောင်ထွတ်၏ တိုက်ရိုက်မျိုးဆက်များအားလုံးနီးပါး ကျုံးရှန်၏ သူတော်စင် နိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ သို့သော် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ နောက်ပိုင်း မျိုးဆက် တပည့်များကိုမူ ထိုသို့ ပြုလုပ်ရန် မရည်ရွယ်ထားချေ။
နတ်ဘုရားမင်းဆက် တစ်ခုကို တည်ထောင်ပြီး တစ်လောကလုံးကို ကြီးစိုးမည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် စီမံခန့်ခွဲမည့် အရည်အချင်းရှိသူများစွာ လိုအပ်သည်။ ထိုတာဝန်များကို ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ တပည့်များကို လွှဲပြောင်းပေးအပ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ မူလနေရာတွင် ချင်ထျန်းတောင်ထွတ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ မြေပြင်မှ ခွာထွက်သွားပြီးနောက် တောင်အောက်တွင် ဖိနှိပ်ထားခြင်းခံရသော ကမ္ဘာဦး နဂါးနန်းတော်၏ နံရံတစ်ဖက်သည် ချုပ်နှောင်မှုမှ ကင်းလွတ်သွားကာ အလင်းရောင်များ စတင် ထုတ်လွှတ်လာသည်။ ထို အလင်းရောင်များသည် တဖြည်းဖြည်းနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လေဟာပြင် အလွှာများကို ဖြတ်သန်း၍ မရေမတွက်နိုင်သော ကမ္ဘာငယ်များ၊ အလယ်အလတ် ကမ္ဘာများနှင့် မြေမှုန်ကမ္ဘာများအထိပါ ပျံ့နှံ့သွားသည်။ အလင်းတန်းများထဲတွင် ဟိန်းဟောက် ပျံသန်းနေသော နဂါးပုံရိပ်များပင် ထွက်ပေါ်လာလေသည်။ ထိုအလင်းရောင်မျိုးသည် ထူးခြားသော ရတနာများ ပေါ်ထွက်လာချိန်မှသာမြင်တွေ့နိုင်သည့် မဟာကမ္ဘာ တစ်ခုလုံးကို လင်းထိန်စေနိုင်သော အလင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် နန်ယန်စီရင်စုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံး၏ အာရုံစိုက်မှု အခံရဆုံး နေရာတစ်ခု ထပ်မံ ဖြစ်လာပြန်သည်။ မြောက်မြားစွာသောအကြည့်များသည် အာကာသနှင့် အချိန် အလွှာပေါင်းများစွာကို ဖြတ်ကျော်ကာ ထိုနေရာသို့ လှမ်းကြည့်လာကြသည်။ ထိုအထဲတွင် စစ်မှန်သော နတ်ဘုရား အထွတ်အထိပ် အဆင့်နှင့် ကောင်းကင်အရှင်အဆင့်ရှိအဖိုးကြီးများပင် ပါဝင်နေ၏။ သို့သော် ကျုံးရှန်သည် လက်တစ်ချက်ဝှေ့ယမ်းကာ ထို ခိုးကြည့်နေသော အကြည့်များကို စိတ်နှလုံး တိုက်ခိုက်မှုများဖြင့် ပြန်လည် ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းပင် ခိုးကြည့်နေသော အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး စိတ်နှလုံး တိုက်ခိုက်မှု၏ သက်ရောက်မှုကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်ကြကာ နောက်ထပ် မကြည့်ရဲကြတော့ချေ။ ထိုအချိန်တွင် ထိပ်သီး ဂိုဏ်းကြီးဆယ်ခု၏ မဟာမိတ်တပ်ဖွဲ့ကြီး တစ်ခုလုံး ပျက်စီးသွားသည့် သတင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် တဖြည်းဖြည်း ပြန့်နှံ့သွားပြီဖြစ်သည်။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေတွင် အလွန် အစွမ်းထက်သည့် ဘိုးဘေးကြီး တစ်ဦး ရှိနေသည်ဆိုသော သတင်းသည်လည်း အလျင်အမြန်ပင် ပြန့်နှံ့သွားတော့သည်။ ထိုသတင်းသည် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေအပေါ် ကာလကြာရှည်စွာ မျက်စိကျနေခဲ့သော အင်အားစုများစွာကို ရမ်းကားစွာ မလှုပ်ရှားရဲအောင် တားဆီးလိုက်သည်။ မူလက မဟာမိတ်တပ်ဖွဲ့များ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို တိုက်ခိုက်ချေမှုန်းချိန်တွင် အချောင်နှိုက်ရန် ပြင်ဆင်နေကြသော မျိုးနွယ်ခြားများနှင့် အခြား အစွမ်းထက် အင်အားစုများစွာ ရှိနေခဲ့သေးသည်။သို့သော် ယခုအခါတွင်မူ မည်သူမျှ ထိုသို့ လုပ်ဆောင်ရန်မကြံစည်ဝံ့ကြတော့ချေ။ ထိပ်သီး ဂိုဏ်းကြီးဆယ်ခု၏ မဟာမိတ်တပ်ဖွဲ့ကြီး တစ်ခုလုံး ပျက်စီးသွားသည့် အမှန်တရားသည် သူတို့၏ မျက်စိရှေ့တွင် ရှိနေသဖြင့် ထိုအင်အားစုများသည် မည်မျှပင် ရူးသွပ်နေပါစေ ရမ်းကားစွာ မလှုပ်ရှားရဲကြတော့ခြင်းဖြစ်သည်။ ထွက်ပေါ်လာသော နဂါးပုံရိပ်များနှင့် ကမ္ဘာပေါင်းများစွာထိပျံ့နှံ့ လင်းထိန်စေသော အလင်းရောင်သည် ကမ္ဘာဦး နဂါးနန်းတော်၏ နံရံတစ်ခုမှ မြစ်ဖျားခံလာသည်။ ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ကမ္ဘာငယ်အတွင်း၌ ထိုအရာ၏ ပုံတူကို လေ့လာခဲ့ဖူး၏။ ယခုအခါ အစစ်အမှန်နံရံသည် နောက်ဆုံးတွင် သူ့ရှေ့၌ ရောက်ရှိလာလေသည်။