← Chapters

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅

Vol. 40 Ch. 395

အပိုင်း (၃၉၅)

နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှ မိစ္ဆာကြီးများသည် မိစ္ဆာသန္ဓေသားကို လမ်းပြသွန်သင်ပြီး သူ၏ မိစ္ဆာစိတ်ကို နှိုးဆွပေးနိုင်မည်ဆိုပါက လောကကို တုန်လှုပ်စေမည့် ပြိုင်ဘက်ကင်း မိစ္ဆာတစ်ကောင် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ထိုမိစ္ဆာသည် ထာဝရအရှင်အဆင့် သို့မဟုတ် ထျန်းယွမ်အဆင့်သို့ပင် ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိလေသည်။ ထိုသည်မှာ သူတို့၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်။ သူတို့သည် ပြုစုပျိုးထောင်ရန် ထိုက်တန်သော မျိုးဆက်သစ်တစ်ခုကို ရှာဖွေနေကြခြင်းဖြစ်ကာ ထိုအချက်သည် ကျုံးရှန်၏ အတွေးနှင့် လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုအချိန်တွင် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှ မိစ္ဆာကြီးများသည် ယင်စွမ်းအင်မြေကြောရှိသည့် တွင်းဝ၌ ပေါ်လာ၏။ သူတို့သည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်ခြင်းများကို စတင်လုပ်ဆောင်ကြတော့သည်။ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှကျင့်ကြံသူများသည် ကောင်းကင်အရှင် အဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်ကြသည့်အပြင် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံထားသောကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် တူညီသောအဆင့်၌ရှိသည့် ကျင့်ကြံသူများထက် များစွာ ပိုမိုအစွမ်းထက်လှကာ သာမန် ကောင်းကင်အရှင်အဆင့်ရှိသူများသည် သူတို့၏ ပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်ခြင်းသည် သိုးအုပ်ထဲသို့ ဝံပုလွေများ ဝင်ရောက်လာသည့်အလားဖြစ်သွားကာ မျက်စိတစ်မှိတ်အတွင်း လူပေါင်း ရာနှင့်ချီ၍ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထိုထဲတွင် စစ်မှန်သော နတ်ဘုရား အထွတ်အထိပ်အဆင့် ရှိသူများပင် ပါဝင်သွားလေသည်။ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှ မိစ္ဆာကြီးများသည် အယုတ်မာဆုံးသော နည်းလမ်းများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကာ ဖိနှိပ်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းမျိုးပင် လုပ်ဆောင်ခြင်းမရှိဘဲ မြေပြင်တစ်ခုလုံး သွေးပင်လယ် ဝေသွား စေခဲ့သည်။ နီကျိုးပြည်နယ်၌ နတ်ဘုရားသွေးများ တောက်ပစွာ စီးဆင်းသွားသည်။ ထိုအချိန်တွင် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ မှမိစ္ဆာများ၏ လမ်းညွှန်မှုအောက်၌ သေဆုံးသူများ၏ ရုပ်အလောင်းများ၊ သွေးများနှင့် ဝိညာဉ်များ၏ နာကျည်းမှုများ အားလုံးသည် မိစ္ဆာသန္ဓေသား ရှိရာ နေရာသို့ စုပြုံစီးဝင်သွားသည်။ တစ်ချိန်တည်း၌ပင် ထိုမိစ္ဆာကြီးများသည် သွေးများကိုအသုံးပြု၍ ဆိုးယုတ်လှသော အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြကာ မိစ္ဆာသန္ဓေသားရှိရာ ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေလိုက်သည်။ မြေပြင်တစ်ခုလုံး သွေးနီရောင်အစီအရင်မျဉ်းကြောင်းများဖြင့် တောက်ပလာပြီး လူသားငရဲဘုံအလား ဖြစ်လာသည်။ ထိုအခါ ဆိုးယုတ်လှသော သတ်ဖြတ်ခြင်း စွမ်းအင်များသည် မိစ္ဆာသန္ဓေသား၏ ခန္ဓာကိုယ်အတွင်းသို့ အစီအရင်၏လမ်းညွှန်မှုမှတစ်ဆင့် စတင် စီးဝင်သွားတော့သည်။ ယင်းစွမ်းအင်များသည် ကြီးမားလှသော ဓာတ်ကူပစ္စည်းတစ်ခုကဲ့သို့ မိစ္ဆာသန္ဓေသားကို အဆက်မပြတ် အာဟာရဖြည့်တင်းပေးကာ ကြီးထွားလာစေ၏။ ကျုံးရှန်သည် လှုပ်ရှားခြင်း မရှိသေးချေ။ ထိုမိစ္ဆာများသည် ကျင့်ကြံသူ သိန်းနှင့်ချီကာ စစ်မှန်သော နတ်ဘုရား အနည်းငယ်ကိုပါ သတ်ဖြတ်၍ မိစ္ဆာသန္ဓေသားအား သွေးယဇ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။ ဆိုးယုတ်လှသော စွမ်းအားများကို မိစ္ဆာသန္ဓေသားလိုအပ်သော စွမ်းအင်အရင်းအမြစ်အဖြစ်ပြောင်းလဲစေပြီး သူ၏ စွမ်းအားကို မြှင့်တင်ကာ စစ်မှန်သော မိစ္ဆာနတ်ဘုရားတစ်ပါးကို ဖန်တီးရန် ကြံစည်နေကြသည်။ သို့သော် မိစ္ဆာသန္ဓေသား၏ အသိစိတ်သည် ဝေဝါးနေဆဲ ဖြစ်ကာ လုံးဝ နိုးထလာမည့်အရိပ်အ ယောင်မပြသေးပေ။ မိစ္ဆာသန္ဓေသား၏ အဓိကအသိစိတ်သာ နိုးထလာမှု မရှိပါက ထိုသွေးပူဇော်မှု စွမ်းအားများသည် မိစ္ဆာသန္ဓေသားအတွက် အာဟာရတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ မိစ္ဆာသန္ဓေသား၏ အသိစိတ်သည် ဆိုးယုတ်သော အတွေးများ၏ စုစည်းမှုမှ မွေးဖွားလာသော အသိစိတ် ဖြစ်သော်လည်း ရွှံ့နွံထဲမှ ပေါက်ဖွားလာသော ကြာပန်းတစ်ပွင့်ကဲ့သို့ ထူးဆန်းလှသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ဆိုးယုတ်သော အတွေးများ၏ စုစည်းမှုထဲတွင် အဖြူစင်ဆုံးသော ဝိညာဉ်တစ်ခု မွေးဖွားလာနိုင်လိမ့်မည်ဟု မည်သူမျှစိတ်ကူးမိကြလိမ့်မည်မဟုတ်ချေ။ သို့သော် အမှန်စင်စစ်တွင် ထိုဆိုးယုတ်သော အတွေးများသည် အဖြူစင်ဆုံးသော မြေဆီလွှာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရား ကမ္ဘာငယ်အတွင်း၌ မိစ္ဆာသန္ဓေသား၏ ပုံတူကို ကြိုတင်လေ့လာခဲ့ခြင်း မရှိပါက ကျုံးရှန်သည်လည်း ထိုလျှို့ဝှက်ချက်ကို သိရှိမည် မဟုတ်ပေ။ လူတိုင်းသည် ဆိုးယုတ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် အယူအဆဟောင်းများ ရှိနေတတ်ကြသောကြောင့်ဖြစ်သည်။ မိစ္ဆာသန္ဓေသားကဲ့သို့ ထူးခြားဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့် မွေးဖွားလာသူသည် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားပြီး လွတ်မြောက်ခြင်းအဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်ကာ ထျန်းယွမ်အဆင့် ထက်ပိုမြှင့်သည့် ထျန်းကျဲအဆင့်သို့ပင် တက်လှမ်းနိုင်သည်။

ကျုံးရှန်သည် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ မိစ္ဆာကြီးများ သွေးယဇ်ပူဇော်ခြင်း အဆုံးသတ်ပြီး မိစ္ဆာသန္ဓေသား ပိုမို သန်မာလာမည့်အချိန်ကို စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် သူသည် လေထဲတွင် တင်ပလ္လင်ခွေထိုင်ကာ သူ၏ တည်ရှိမှုကို ဖျောက်ကွယ်၍ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ သုံးရက်နှင့် သုံးည ကုန်လွန်သွား၏။သုံးရက်ဟူသော အချိန်သည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးတစ်ခုလုံးအတွက် လက်ဖျစ်တစ်ချက်တီးစာမျှသာ ဖြစ်သော်လည်း မိစ္ဆာသန္ဓေသားတွင် ပြောင်းလဲမှုများစွာ ပေါ်ပေါက်လာလေသည်။ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများသည် သိန်းနှင့်ချီသော ကျင့်ကြံသူတို့၏ စွမ်းအင်များကို ဆိုးယုတ်သည့် သတ်ဖြတ်ခြင်း စွမ်းအားများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲသို့ သွတ်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် မိစ္ဆာသန္ဓေသားအတွက် ကြီးမားသော အာဟာရ ဖြစ်ခဲ့သဖြင့် လက်ရှိမိစ္ဆာသန္ဓေသားသည် မူလအခြေအနေထက် သုံးပုံတစ်ပုံခန့် ပိုမို ကြီးထွားလာ၏။ အနှီမိစ္ဆာသန္ဓေသားသာ လောကထဲသို့ ထွက်ပေါ်လာပါက မည်မျှ အစွမ်းထက်မည်ကို စိတ်ကူးကြည့်ရန်ပင် မလွယ်ကူတော့ပေ။ သုံးရက်အတွင်း ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ကာ အင်အားစုများနှင့် မျိုးနွယ်ခြားများစွာသည် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ကြသည်။ သို့သော်လည်း နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှ မိစ္ဆာကြီးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ မိစ္ဆာသန္ဓေသား၏ အာဟာရများသာ ဖြစ်သွားခဲ့ကြသည်။ ဗုဒ္ဓဂိုဏ်းမှ လူများသာလျှင် ထိုမိစ္ဆာကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ကြခြင်းဖြစ်သည်။ ဗုဒ္ဓဂိုဏ်းသည် လွတ်မြောက်ခြင်းအဆင့်ရှိ ဂိုဏ်းချုပ် သုံးဦး၊ နတ်ဘုရားအဆင့်ရှိ ရဟန္တာများနှင့် ရွှေရောင်ဗောဓိသတ္တများစွာကို စေလွှတ်၍ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့နှင့် တိုက်ခိုက်စေခဲ့သည်။ သို့ဖြင့်နောက်ဆုံးတွင် ဗုဒ္ဓဂိုဏ်း ဆုတ်ခွာသွားခဲ့ရသော်လည်း ထိုမိစ္ဆာကြီးများထဲမှ တစ်ဦးလည်း သေဆုံးသွားခဲ့သည်။ သေဆုံးသွားသော မိစ္ဆာကြီးနှင့် ဗုဒ္ဓဂိုဏ်း တပည့်များသည် အခြားသော မိစ္ဆာများ၏ သွေးယဇ်ပူဇော်ခြင်းကို ခံလိုက်ရပြီး မိစ္ဆာသန္ဓေသားကို အာဟာရဖြည့်တင်းရန် စွမ်းအားအဖြစ် ပြောင်းလဲခံလိုက်ရသည်။အသက်ရှင် ကျန်ရှိနေသော မိစ္ဆာကြီးများသည် မိစ္ဆာသန္ဓေသားကို ပြုစုပျိုးထောင်ရန် စိတ်အားထက်သန်နေကြပြီး မိစ္ဆာသန္ဓေသား၏ နိုးထလာမှုနှင့် ကြီးထွားလာမှုမှတစ်ဆင့် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိရန်တွေးတောနေကြသည်။ သူတို့သည် ကောင်းကင်အရှင် အဆင့် (လွတ်မြောက်ခြင်းအဆင့်) မှ ရှေ့သို့ ထပ်မံ ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို ရယူရန် ကြံစည်နေကြခြင်းဖြစ်သည်။ အနှီရှေးဟောင်းမိစ္ဆာများသည် နတ်ဘုရားအဆင့်မှ ကောင်းကင်အရှင် အဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့ကြသူများဖြစ်သည်။ သို့သော်လည်း သူတို့သည် ကောင်းကင်အရှင် အဆင့်မှ ထာဝရအရှင်အဆင့် သို့ တက်လှမ်းရသည်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပိုမိုခက်ခဲလှကြောင်းသိထားသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်အရှင်အဆင့်ကို ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို ရှာဖွေနေကြခြင်း ဖြစ်သည်။ မိစ္ဆာသန္ဓေသားသည် သူတို့အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်ကာ ဝမ်ရှန့်မဟာကမ္ဘာတစ်ခုလုံးကို ဆိုးယုတ်သော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီး ပို၍ ဆိုးယုတ်လာပါက သူတို့အတွက် ကောင်းကင်အရှင်အဆင့်ကို ဖောက်ထွက်ရန် ပို၍ လွယ်ကူလာမည်ဖြစ်သည်။ ထိုသည်မှာ သူတို့၏ အန္တိမ ရည်ရွယ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် သတ်ဖြတ်နိုင်သမျှ သတ်ဖြတ်ကာ သွေးယဇ်ပူဇော်မှုကို အဆက်မပြတ်လုပ်ဆောင်နေပြီး မိစ္ဆာသန္ဓေသား၏ ကြီးထွားမှုကို ထောက်ပံ့နေကြသည်။ ...ခုနစ်ရက်အကြာ၌။ ဤနေ့သည် ကောင်းကင်နှင့်မြေကြီး၏ ယင်စွမ်းအင် လှည့်ပတ်သည့် နေ့ဖြစ်သည်။ ထို့ကြောင့် နီကျိုးပြည်နယ်၌ ယင်စွမ်းအင်များသိပ်သည်းထူထပ်စွာထွက်ပေါ်နေကာ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ ထိုအချိန်တွင် မိစ္ဆာသန္ဓေသား၏ အသိစိတ် လှုပ်ရှားလာကာ တုန်ခါမှုလှိုင်းများကို စတင် ထုတ်လွှတ်လာသည်။ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းကို ဦးဆောင်သည့် မိစ္ဆာမှာ ရှင်းရှန်စီ ဖြစ်သည်။ သူသည် အတိတ် ရှန့်ကျိုးပြည်နယ်၏ အဆိုးဆုံး မိစ္ဆာကြီးဖြစ်သော ရှင်းချုံးစီနှင့် စာလုံးတစ်လုံးသာ ကွာခြားသော်လည်း စစ်မှန်သော မိစ္ဆာဆိုးကြီး ဖြစ်သည်။ ယခုအချိန်တွင် ရှင်းရှန်စီသည် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့မိစ္ဆာကြီးများ၏ ခေါင်းဆောင်ဖြစ်ပြီး သွေးပူဇော်ခြင်း၏ အဓိက အနှစ်သာရပိုင်းကို တာဝန်ယူထားသူ ဖြစ်သည်။ ထိုအချိန်တွင် ရှင်းရှန်စီသည် ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။ သူ၏ မျက်လုံးများသည် အလွန် ကြည်လင်နေပြီး ဆိုးယုတ်မှု သို့မဟုတ် ရက်စက်မှု အငွေ့အသက်များ လုံးဝ မရှိချေ။ ထိုကဲ့သို့ ကြည်လင်သော မျက်လုံးမျိုးသည် ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင်ထံမှ ထွက်ပေါ်လာလိမ့်မည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။"အချိန်ရောက်ပြီ... သွေးယဇ်ပူဇော်ခြင်းကို ရပ်လိုက်ကြတော့...""မိစ္ဆာသန္ဓေသားရဲ့ အသိစိတ်ကို သက်ရောက်သွားပြီး... ငါတို့အပေါ် မကောင်းတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်မလာစေနဲ့"

သူ၏ အသံသည် အလွန် ကြည်လင်ပြတ်သားပြီး တည်ငြိမ်လှသည်။ ထိုအမိန့်ကိုကြားလျှင် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့မှမိစ္ဆာကြီးများအားလုံး ခေါင်းညိတ်လိုက်ကာ ငြင်းဆန်မှုမရှိလိုက်နာလိုက်ကြသည်။ ရှင်းရှန်စီနှင့် အနှီမိစ္ဆာကြီးများသည် ဆိုးယုတ်မှုများ အထူထပ်ဆုံးသော နေရာတွင် အဖြူစင်ဆုံးသော အရာများ မွေးဖွားလာနိုင်သည်ဟူသောအချက်ကို နားလည်ထားကြ၏။သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ရာတွင် မျက်တောင်မခတ်ကြသော်လည်း သူတို့၏ စိတ်နှလုံးသည် မူလသဘာဝအတိုင်း ပြန်လည် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုအချက်သည် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဆန့်ကျင်ဘက် မဟုတ်ချေ။ လောကရှိအရာအားလုံးသည် အထွတ်အထိပ်သို့ ရောက်ရှိပါက ပြောင်းပြန် ဖြစ်သွားတတ်သည်ဟူသော သဘောတရားရှိသောကြောင့် ဖြစ်သည်။ဆိုးယုတ်မှု၏ အဆုံးစွန်သည် ဖြူစင်မှု ဖြစ်ပြီး ဖြောင့်မတ်မှု၏ အဆုံးစွန်သည် ဆိုးယုတ်မှု ဖြစ်သည်။ ဆန့်ကျင်ဘက်သဘောတရားများသည် အချင်းချင်း ပြောင်းလဲဖြစ်တည်နေကြပြီး တစ်ခုနှင့်တစ်ခုကူးပြောင်းမှုတွင် မည်သည့် အဟန့်အတားမျှ မရှိပေ။ စွမ်းအားတစ်ခုသည် အဆုံးစွန်သို့ ရောက်ရှိသွားပါက အခြားစွမ်းအားတစ်ခု၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိစ္ဆာသန္ဓေသား၏ အသိစိတ်အား မည်မျှအထိ လမ်းပြပုံဖော်နိုင်မည်ကို မည်သူထက်မဆို ပိုမို နားလည်ထားကြသည်။ မိစ္ဆာသန္ဓေသား၏ အသိစိတ်သည် ပိုမို ထင်ရှားလာသည်နှင့်အမျှ သူ၏ နှလုံးခုန်သံသည်လည်း ထိုလှုပ်ရှားမှုနှင့်အတူ မြန်ဆန်လာသည်။ ထို့နောက်တွင် မြေပြင်တစ်ခုလုံးသည် ထိုနှလုံးခုန်သံနှင့်အတူ အနည်းငယ် တုန်ခါလာ၏။ ဝမ်ရှန့်ကုန်းမြေတိုက်ရှိ လူများသည် ထိုကဲ့သို့သော အခြေအနေမျိုးကို အသားကျနေကြပြီ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးတွင် အပြောင်းအလဲ ဖြစ်ပေါ်လာသည့်အချိန်မှစ၍ ကျွမ်းကျင်သူအမြောက်အမြား လောကထဲသို့ ထွက်ပေါ်လာခဲ့ကာ ထိုအထဲတွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော တည်ရှိမှုများလည်း ပါဝင်သည်။ ထိုသူတစ်ဦးချင်းစီတိုင်းသည် လောက၏ အစွမ်းထက်ဆုံးသူများ ဖြစ်ကြပြီး ရှေးဟောင်းကာလတွင် ပြိုင်ဘက်ကင်း အရှင်သခင်ကြီးများ ဖြစ်ကြသည်။တိုတောင်းလှသော ဆယ်စုနှစ်အနည်းငယ်အတွင်း ထိုကဲ့သို့သော ပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာပြီး ဖြစ်သည်။ အင်အားစုများ၊ အင်ပါယာများ၊ ဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏ ဘိုးဘေးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် လောကထဲသို့ ပြန်လည် ရောက်ရှိလာကြကာ ကာလကြာရှည်စွာ ပိတ်ဆို့ထားသော နတ်ဘုံနယ်မြေများနှင့် ကမ္ဘာငယ်များစွာလည်း ပွင့်လာသည်။ ဘိုးဘေးကြီးအမြောက်အမြားသည် လောကထဲသို့ ပြန်လည်ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသဖြင့် ဝမ်ရှန့်ကုန်းမြေတိုက်၌ နှစ်ပေါင်းများစွာ စုဆောင်းထားသော ကျွမ်းကျင်သူများနှင့် အသစ်ထွက်ပေါ်လာသော ပါရမီရှင်များသည် ကောင်းကင်နှင့်မြေကြီးအောက်တွင် စုဝေးတည်လာကြကုန်၏။ သူတို့သည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးတွင် ရှုပ်ထွေးမှုများဖြစ်ပေါ်စေသည့် အဓိကတရားခံများပင်ဖြစ်လေတော့သည်။

All Chapters