အခန်း ၃၉၆
Vol. 40 Ch. 396
အပိုင်း (၃၉၆)
မိစ္ဆာသန္ဓေသား၏ နှလုံးခုန်သံသည် ပိုမို အားကောင်းလာကာ မကြာခင်တွင် ဝမ်ရှန့်မဟာကမ္ဘာတစ်ခုလုံးပါ ထိုလှုပ်ရှားမှုနှင့်အတူ တုန်ခါလာသည်။ ထိုဖြစ်စဉ်အရ မိစ္ဆာသန္ဓေသားသည် ဝမ်ရှန့်ကုန်းမြေတိုက်၏ စစ်မှန်သော ကမ္ဘာ၏သားတော် ဖြစ်ပြီး ဆန်းကြယ်လှသော စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်းဖော်ပြနေသည်။ သို့သော် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းမှ မိစ္ဆာအိုကြီးများ စောင့်ကြပ်နေသောကြောင့် အခြားသော အင်အားစုများသည် ဝင်ရောက် စွက်ဖက်လိုပါက မိမိတို့၏ အစွမ်းအစကို ပြန်လည် ချင့်တွက်ရမည် ဖြစ်သည်။ အချို့သော အင်အားစုများသည် အနှီမိစ္ဆာကြီးများကို ကြောက်ရွံ့ခြင်းမရှိကြချေ။ သို့သော်သူတို့သည်အချင်းချင်း တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် နာကျင်သောအချိန်တွင် အခြားသူများအချောင်နှိုက်မည်ကို စိုးရိမ်နေကြသောကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းမရှိပေ။ ထိုကဲ့သို့သော ကိုယ်ပိုင် အကျိုးစီးပွား တွက်ချက်မှုများအောက်တွင် ထူးဆန်းသော မျှခြေတစ်ခု ဖြစ်ပေါ်နေခဲ့ကာ နီကျိုးနယ်မြေ၏ မိစ္ဆာသန္ဓေသားရှိရာ တောင်ကြီးသည် တိုက်ပွဲများမရှိတော့ဘဲ ငြိမ်သက်နေသည်။ "ဒုန်း... ဒုန်း... ဒုန်း..." မိစ္ဆာသန္ဓေသား၏နှလုံးခုန်သံနှင့် အသိစိတ် လှုပ်ရှားမှုများ ပိုမို ထင်ရှားလာ၏။ ထိုအချိန်တွင် ကျုံးရှန်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ စတင်လှုပ်ရှားရန်အသင့်ပြင်လိုက်သည်။ သို့ဖြင့် နာရီဝက်ခန့်အကြာတွင် မိစ္ဆာသန္ဓေသား၏နှလုံးခုန်သံသည် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ကောင်းကင်နှင့်မြေကြီးအကြားရှိ အနက်ရောင်အလင်းတန်းများ၏ စွမ်းအားသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ ထိုအခါ ဆွဲငင်အားတစ်ခုသည် အနက်ရောင်အလင်းတန်းများကို စတင်စုပ်ယူလာတော့သည်။ မိစ္ဆာသန္ဓေသား နိုးထလာခြင်း။ "လှုပ်ရှားကြ..." ထိုအချိန်တွင် ရှင်းရှန်စီသည် လေသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။
သူ၏အမိန့်သံထွက်ပေါ်လာသည်နှင့် မိစ္ဆာကြီးများအားလုံးသည် မိစ္ဆာသန္ဓေသားကို ဦးတည်၍ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် မိစ္ဆာသန္ဓေသားကို ဝိုင်းဝန်းဖိနှိပ်လိုက်ကြခြင်းဖြစ်သည်။ ထိုအခါ ဧရာမ မိစ္ဆာလက်ဝါးကြီးများသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားကာ မိစ္ဆာသန္ဓေသားထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက် လေသည်။ မိစ္ဆာသန္ဓေသား အနက်ရောင်အလင်းတန်းများအားလုံးကိုစုပ်ယူပြီး တွင်းထဲကထွက်ပေါ်လာပါက သူတို့သည် ချက်ချင်း လုယူ ထွက်ခွာသွားကြမည်ဖြစ်သည်။ ထိုအချိန်၌ ကောင်းကင်ယံထက်မှ ဖြူဖွေးသန့်စင်နေသော လက်ဝါးကြီးတစ်ဖက် ကျဆင်းလာပြီး မိစ္ဆာလက်ဝါးကြီးများဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ပတ်ဝန်းကျင်၌ ပုန်းကွယ်ချောင်းမြောင်းနေကြသော ကျွမ်းကျင်သူများသည် ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်သရော်လိုက်ကြ၏။ "ဒီလောက် မိစ္ဆာအိုကြီးတွေ အများကြီးရှိနေတာကို အတင်းအဓမ္မ ဝင်လုချင်နေတာပဲ..." "ဒီကျင့်ကြံသူက...မိစ္ဆာသန္ဓေသားကို ရအောင်ယူမယ်လို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်" "ဒီလူက တကယ့်ကို အသက်မနှမြောတတ်တာပဲ... ဒီလောက် ရက်စက်တဲ့ မိစ္ဆာဆိုးကြီးတွေကြားထဲမှာတောင် လက်ရဲဇက်ရဲ လှုပ်ရှားရဲတယ်ပေါ့" "မျက်စိတစ်မှိတ်အတွင်းမှာတင်... အဲ့ဒီမိစ္ဆာအိုကြီးတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး သွေးယဇ်ပူဇော်တာ ခံရတော့မှာ သေချာတယ်" သို့သော် နောက်တစ်စက္ကန့်တွင် ထိုကျွမ်းကျင်သူများအားလုံး ဆွံ့အသွားကြရလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မြင်လိုက်ရသည်မှာ ကောင်းကင်မှ ကျဆင်းလာသော ဖြူဖွေးသန့်စင်သည့် လက်ဝါးကြီးသည် ပူပြင်းလှသော နေရောင်အောက်တွင် ဆီးနှင်းများ အရည်ပျော်သွားသည့်အလား မိစ္ဆာလက်ဝါးကြီးများအားလုံးကို ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားစေခဲ့ သောကြောင့်ဖြစ်သည်။ ထိုလက်ဝါးကြီးသည် အရှိန်အနည်းငယ်မျှပင် တုံ့ဆိုင်းသွားခြင်း မရှိဘဲ ကျဆင်းလာကာ မိစ္ဆာဆိုးကြီးများ၏ မိစ္ဆာလက်ဝါးကြီးများကို ရွှံ့စေးဖြင့် လုပ်ထားသည့်အလား လွယ်ကူစွာ ပျက်စီးသွားစေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းအဖွဲ့အစည်းမှမိစ္ဆာကြီးများအားလုံး တစ်ပြိုင်နက်တည်း ဒဏ်ရာအပြင်းအထန် ရရှိသွားကာ ညည်းတွားသံများ ထွက်ပေါ်လာသည်။ အစွမ်းထက်ဆုံးဖြစ်သည့် ရှင်းရှန်စီပင်လျှင် ထိုဒဏ်ရာမှ ကင်းလွတ်ခြင်း မရှိခဲ့ချေ။ ထိုသူများသည် တူညီသောအဆင့်အတန်းတွင် အထက်စီးမှ ရပ်တည်နေကြသော ကောင်းကင်အရှင်အဆင့် မိစ္ဆာကြီးများ ဖြစ်ကြသည်ကို သတိပြုရမည်ဖြစ်သည်။ သူတို့သည် ပုံမှန်အချိန်တွင် ကောင်းကင်နှင့်မြေကြီးကိုပင် မကြောက်ဘဲ မောက်မာရိုင်းစိုင်းစွာ ပြုမူတတ်ကြသူများဖြစ်သည်။သို့သော်လည်း ယခုအခါတွင်မူ သိမ်းငှက်နှင့် တိုးမိသွားသော ငုံးငယ်လေးများအလား တုန်လှုပ်ချောက်ချားသွားကြလေသည်။ ထိတွေ့မှုတစ်ခုတည်းဖြင့်ပင် ထိုဖြူဖွေးသန့်စင်သော လက်ဝါးကြီးအတွင်း၌ မည်မျှကြီးမားလှသော မဟာစွမ်းအားများ ကိန်းအောင်းနေသည်ကို သူတို့ ကောင်းစွာ ခံစားလိုက်ရ သောကြောင့်ဖြစ်သည်။ ထိုစွမ်းအားသည် သူတို့အားလုံး ပူးပေါင်းလျှင်ပင် မည်သို့မျှယှဉ်ပြိုင်နိုင်စွမ်းမရှိသော အတိုင်းအဆမဲ့ စွမ်းအားတစ်ခု ဖြစ်သည်။"အခုရောက်ရှိလာတာ... ဘယ်နေရာက စီနီယာဆိုတာ...ဂျူနီယာ ရှင်းရှန်စီ သိခွင့်ရှိပါသလားခင်ဗျ..." ရှင်းရှန်စီသည် ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်သည်။ ဖြူစင်သော ဧရာမလက်ဝါးကြီးနှင့် တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း ထိုလက်ဝါးသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူတို့ လုံးဝ ရှာမတွေ့ခဲ့ကြချေ။ ထိုလက်ဝါးပိုင်ရှင်သည် မည်သည့်နေရာတွင် ပုန်းကွယ်နေပါသနည်း။ သို့သော် သူ၏မေးခွန်းကို မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ လက်ဝါးကြီး၏ ရည်ရွယ်ချက်မှာ မိစ္ဆာသန္ဓေသားကို ဖမ်းယူရန်သာ ဖြစ်သဖြင့် ယင်စွမ်းအင်မြေကြောတွင်းဝထဲသို့သာ ဆက်လက် ဆန့်ဝင်သွားသည်။ ထိုအဖြစ်သည် ဘေးမှ ကြည့်နေကြသော ကျွမ်းကျင်သူများအားလုံးကို အံ့ဩမှင်သက်သွားစေ၏။ရုတ်တရက် လှုပ်ရှားလိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူ၏ အစွမ်းသည် အံ့မခန်းပင်ဖြစ်သည်။ ထိုသူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မည်သည့်နေရာမှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် ဖြစ်သည်ကို မည်သူမျှ မသိနိုင်ကြချေ။ အမှန်စင်စစ် ထိုကဲ့သို့သောအခြေအနေမျိုးမှာ ဝမ်ရှန့်ကုန်းမြေတိုက်ကြီးတွင် ထူးဆန်းခြင်းမရှိတော့ပေ။အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲဖြစ်ပေါ်လာချိန်မှစ၍ လူသိနည်းလှသော ကျွမ်းကျင်သူအမြောက်အမြား လောကထဲသို့ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ နာမည်မရှိသော ကျွမ်းကျင်သူများသည် ဝါရင့်ကျွမ်းကျင်သူကြီးများကို အပြတ်အသတ် အနိုင်ယူကာ လောကကို တုန်လှုပ်စေခဲ့ကြ၏။ ထိုသည်မှာ လက်ရှိ ဝမ်ရှန့်ကုန်းမြေတိုက်၏ အခြေအနေပင် ဖြစ်သည်။ မည်သည့်နေရာ သို့မဟုတ် မည်သည့် ကမ္ဘာငယ်လေးထဲတွင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး တိတ်တဆိတ် မွေးဖွားလာနေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ သို့သော်ငြား ယခုလှုပ်ရှားလိုက်သောသူ၏ အစွမ်းသည် လူအများကို သာ၍ ထိတ်လန့်စေခဲ့သည်။ ပြိုင်ဘက်ကင်း မိစ္ဆာကြီး ဒါဇင်ပေါင်းများစွာ ပါဝင်သော နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းကို တစ်ယောက်တည်းဖြင့် အလွယ်တကူ ဖြိုခွဲခြင်း။
ပို၍ ထူးဆန်းသည့်အချက်မှာ ထိုလျှို့ဝှက်ကျွမ်းကျင်သူသည် ရှင်းရှန်စီ၏ စကားကို ဂရုမစိုက်သကဲ့သို့ မျက်နှာကိုပင် ထုတ်ဖော်ပြသလာခြင်းမရှိပေ။ ဖြူဖွေးသန့်စင်သော လက်ဝါးကြီး ယင်စွမ်းအင်မြေကြောတွင်းထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ကမ္ဘာမြေကြီး၏ တုန်ခါလှုပ်ရှားမှုများ အားလုံး ချက်ချင်း ရပ်တန့်သွားသည်။ မိစ္ဆာသန္ဓေသားသည် လောကထဲသို့ ရောက်ရှိလာပြီဖြစ်သည်။လက်ဝါးကြီးသည် အနက်ရောင် အလင်းတန်းတစ်ခုကို ဆုပ်ကိုင်ကာ မြေကြောထဲမှ ဖြည်းညင်းစွာ ပြန်လည်ထွက်ပေါ်လာသည်။ လက်ဝါးပြင်ကိုဖြန့်လိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင် ရှေးဟောင်းသင်္ကေတများဖြင့် ပြည့်နှက်နေသော မွေးကင်းစကလေးငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ကလေးငယ်လေးသည် ကြီးမားသော မျက်လုံးဝိုင်းကြီးများကို ဖွင့်ကာ ကမ္ဘာကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေ၏။ သူ၏ မျက်ဝန်းများသည် မည်သည့် စိတ်ခံစားမှု သို့မဟုတ် အညစ်အကြေးမျှ မရှိဘဲ ကြည်လင်အေးမြလှသော ရေကန်ကြီးတစ်ခုအလား ဖြူစင်တောက်ပနေသည်။ ထိုကလေးငယ်သည် ဖြူဖွေးသန့်စင်သော လက်ဝါးကြီးပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေခြင်းဖြစ်သည်။ ကလေးငယ်လေး လောကထဲသို့ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအင်များ ပြင်းထန်စွာ လှုပ်ခါသွားသည်။ ထို့နောက် အတိုင်းအဆမဲ့လှသော ကံကြမ္မာစွမ်းအင်များသည် ရွှေရောင် ကံတရားသရဖူများအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်မှ ကျဆင်းလာပြီး မိစ္ဆာသန္ဓေသား ကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ အတိတ်ကာလက ကျုံးကျဲသည် လင်ချန်ကို သတ်ဖြတ်၍ သူ၏ ကံကြမ္မာစွမ်းအင်များကို လုယူခဲ့ပြီးနောက်မှသာ ရွှေရောင်ကံတရားသရဖူ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ သို့သော် ယခု မိစ္ဆာသန္ဓေသားလေး မွေးဖွားလာသည်နှင့် ရွှေရောင်ကံရားသရဖူ ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ယင်းသည် အနှီကလေးငယ်၏ ကံကြမ္မာမှာ ကောင်းကင်နှင့်မြေကြီး၏ အလွန်အမင်း မျက်နှာသာပေးမှုကို ခံထားရကြောင်း ပြသနေသည်။ ယခုအခြေအနေသည် ကံကြမ္မာအရှင်သခင် (ကံတရားသားတော်) ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း မွေးဖွားလာခြင်းနှင့် ညီမျှလှသည်။ ထိုအချိန်တွင် ကောင်းကင်ယံထက်တွင် လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ဆူညံလာပြီး မဟာကမ္ဘာ၏စွမ်းအား များ စတင်စုစည်းလာသည်။ ထို့နောက်တွင် မဟာကမ္ဘာ၏စွမ်းအားများသည် ဖြူဖွေးသန့်စင်သောလက်ဝါးကြီးပေါ်ရှိကလေးငယ်ပေါ်သို့ ကျဆင်းသွားသည်။မဟာကမ္ဘာစွမ်းအားဟူသည် အလွန်မြင့်မားသောအဆင့်ရှိ စွမ်းအားတစ်ခုဖြစ်ပြီး မဟာစကြဝဠာ သို့မဟုတ် ထျန်းယွမ်အဆင့်ရှိ ကျွမ်းကျင်သူများသာ ထိန်းချုပ်အသုံးပြုနိုင်သောအရာ ဖြစ်သည်။ ယခုဖြစ်စဉ်သည် မိစ္ဆာသန္ဓေသားလေးသည် မဟာကမ္ဘာကြီးတစ်ခုလုံး၏ ချစ်ခင်မြတ်နိုးမှုကို ရရှိထားကြောင်း ပို၍သက်သေပြနေပေသည်။ ထိုအချက်ကြောင့် အနှီကလေးငယ်သည် မဟာကမ္ဘာ၏ သားတော် ဖြစ်လာနိုင်ချေရှိပြီး အနာဂတ်တွင် မဟာကမ္ဘာကြီး၏ စိတ်ဆန္ဒကို ဆက်ခံမည့်သူ ဖြစ်လာနိုင်သည်။ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် ထျန်းယွမ်အဆင့်သို့ ရောက်ရှိရန်မှာ အလွန်လွယ်ကူလှသော ကိစ္စတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်မဟာကမ္ဘာကြီးတွင် ယွမ်စွမ်းအားယူနစ် ရာပေါင်းများစွာရှိနေသောကြောင့် ဖြစ်သည်။ မဟာကမ္ဘာ၏ သားတော်အား ယွမ် စွမ်းအား တစ်ယူနစ် သို့မဟုတ် ဆယ်ယူနစ် မျှသော စွမ်းအားများကို ပေးအပ်ခြင်းသည် ဆန်းကြယ်လှသောအရာ မဟုတ်ချေ။ ပုံမှန်အားဖြင့် ထာဝရအရှင်အဆင့်နှင့် ကောင်းကင်အရှင် အဆင့်များသည်ပင် မြင်တွေ့ရခဲလှသော ကျွမ်းကျင်သူကြီးများ ဖြစ်ကြကာ ထျန်းယွမ်အဆင့်ဆိုသည်မှာ ဆိုဖွယ်ရာပင်မရှိပေ။ ယခုအခါ ကောင်းကင်တာအို၏ အပြောင်းအလဲဖြစ်ပေါ်လာခြင်းကြောင့်သာ နတ်ဘုရားအဆင့်သို့ ဖောက်ထွက်ရန် အဟန့်အတားများသည် ယခင်ကထက် ဆယ်ဆခန့် လွယ်ကူသွားခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဝါရင့်ကျွမ်းကျင်သူကြီးများသည် ထိုအခွင့်အရေးကို အသုံးချကာ တစ်ယောက်ပြီးတစ်ယောက် ဖောက်ထွက်ခဲ့ကြသည်။ ထိုသို့မဟုတ်ပါက ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၌ လွတ်မြောက်ခြင်းအဆင့် (ကောင်းကင်အရှင်) များအလွယ်တကူထွက်ပေါ်လာရန်မဖြစ်နိုင်ချေ။ ယခင်နှစ်သန်းပေါင်းများစွာအတွင်းတွင် ထိုအဆင့်ကျွမ်းကျင်သူအရေအတွက်သည် လက်ချိုးရေတွက်ရုံမျှသာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။