← Chapters

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇

Vol. 40 Ch. 397

အပိုင်း (၃၉၇)

မိစ္ဆာသန္ဓေသားလေးသည် မဟာကမ္ဘာကြီးမှ ချီးမြှင့်လာသည့် ကံကြမ္မာစွမ်းအင်များနှင့် မဟာကမ္ဘာစွမ်းအားများကို အားရပါးရ စုပ်ယူနေသော်လည်း ဖြူဖွေးသန့်စင်သောလက်ဝါးကြီး၏ နောက်ရှိ ကျုံးရှန်သည် တားဆီးခြင်း မပြုခဲ့ချေ။ ကလေးငယ်အား မဟာကမ္ဘာကြီး၏ စွမ်းအားများကို စိတ်ကြိုက်စုပ်ယူကာ ကြီးထွားလာစေရန် ခွင့်ပြုပေးထားသည်။ ကျုံးရှန် လုပ်ဆောင်ရန် လိုအပ်သည့် တစ်ခုတည်းသော အရာမှာ မည်သူမျှ ထိုကလေးငယ်ကို တိုက်ခိုက်ခြင်းမပြုနိုင်ရန်နှင့် သူ၏ ဖြူစင်သော ဝိညာဉ်ကို မကောင်းသည့်အခြမ်းသို့ မပြောင်းလဲသွားစေရန် ကာကွယ်ဖို့ ဖြစ်သည်။ သို့မှသာလျှင် ကလေးငယ်သည် မည်မျှပင် ကောင်းကင်အလိုကျ ပါရမီရှင် ဖြစ်လာပါစေ ကျုံးရှန်အနေဖြင့် သူ့ကို မိမိလက်အောက်သို့ သိမ်းသွင်းရန် အပြည့်အဝ ယုံကြည်ချက် ရှိမည်ဖြစ်သည်။ ဖြူဖွေးသန့်စင်သော လက်ဝါးကြီးသည် မိစ္ဆာသန္ဓေသားလေးကို ပွေ့ချီထားကာ မည်သည့် ရှေ့ဆက်လှုပ်ရှားမှုမျှ မလုပ်ဘဲ ငြိမ်သက်နေသည်။ ထိုငြိမ်သက်မှုသည် ဒဏ်ရာရသွားသော မိစ္ဆာဆိုးကြီးများနှင့် ပတ်ဝန်းကျင်၌ ပုန်းကွယ်နေကြသော အခြားကျွမ်းကျင်သူများကို ပို၍ စိတ်မရှည် ဖြစ်လာစေကာ သူတို့၏ စိတ်နှလုံးထဲရှိ လောဘဇောများ ပြန်လည် ထကြွလာသည်။ မည်သူမဆို မဟာကမ္ဘာ၏ သားတော်ကို လုယူနိုင်မည်ဆိုပါက ကမ္ဘာကြီး၏ ကံကြမ္မာတစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထိူသည်မှာ သူတို့ကို ထာဝရအရှင်အဆင့် သို့မဟုတ် ထျန်းယွမ်အဆင့်အထိ တက်လှမ်းနိုင်စေမည့် နှစ်သန်းပေါင်းများစွာအတွင်း တစ်ကြိမ်သာကြုံရခဲလှသောမဟာအခွင့်အလမ်းကြီး ဖြစ်၏။ ဆိုရိုးစကားအရ စွန့်စားနိုင်မှသာ ရတနာကိုရနိုင်မည်မဟုတ်ပါလော။ အခွင့်အရေးကို လက်လွှတ်လိုက်ရခြင်းသည် ဆုံးရှုံးရခြင်းထက် ပို၍ ရင်နာစရာကောင်းလှသဖြင့် ယခုအချိန်တွင် သူတို့အားလုံးသည် ထိုကဲ့သို့ လောဘစိတ်မျိုး ဝင်လာကြတော့သည်။ ဖြူဖွေးသန့်စင်သော လက်ဝါးကြီး၏ အရှင်သခင်သည် အလွန်အမင်း အစွမ်းထက်ကြောင်း သိနေကြသော်လည်း သူတို့ စိတ်နှလုံးထဲတွင် ကံစမ်းလိုစိတ်များ ဖြစ်ပေါ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ တုံ့ဆိုင်းနေမှုများကြားမှပင် လောဘစိတ်သည် ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားကာ အလိုရမ္မက်မီးတောက်များသည် လူတိုင်း၏ ရင်ထဲတွင် တဖြည်းဖြည်း ပြင်းထန်လာသည်။ သို့ဖြင့်နောက်ဆုံးတွင် စောင့်ကြည့်နေသော ထိပ်သီးကျွမ်းကျင်သူအချို့သည် ပတ်ဝန်းကျင်ရှိ အခြားသော မိစ္ဆာကြီးများကို တိတ်တဆိတ် ဆက်သွယ်လိုက်ကြကာ အားလုံး ပူးပေါင်း၍ မိစ္ဆာသန္ဓေသားကို လုယူရန် တိုင်ပင်ကြတော့သည်။ ကျုံးရှန်၏ ကြီးမားလှသော ဖိအားများအောက်တွင် တူညီသော အကျိုးစီးပွားအတွက် ယာယီဖွဲ့စည်းလိုက်သည့် မဟာမိတ်အဖွဲ့တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ စောင့်ကြည့်နေသော ကျွမ်းကျင်သူများထဲတွင် လွတ်မြောက်ခြင်းအဆင့်ရှိ ကောင်းကင်အရှင် အနည်းငယ် ပါဝင်နေသည်။ သို့ဖြင့် ထိုကောင်းကင်အရှင်များနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းအဖွဲ့မှ မိစ္ဆာကြီး ဒါဇင်ပေါင်းများစွာ ပူးပေါင်းလိုက်သောအခါ ကျုံးရှန်ကိုဆန့်ကျင်မည့် ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူ အရေအတွက်သည် ၂၀ ကျော်ခန့် ရှိလာ‌လေသည်။ ထိုမျှကြီးမားလှသော စွမ်းအားစုကြီးသည် ထာဝရအရှင်အဆင့်ရှိ ရှေးဟောင်းကျွမ်းကျင်သူကြီးတစ်ဦးကိုပင် ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်း ရှိ၏။ ထိုကျွမ်းကျင်သူများသည် တိတ်တဆိတ် ဆွေးနွေးပြီးနောက် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြကာ ယာယီမဟာမိတ်အဖွဲ့ ဖွဲ့လိုက်ခြင်းဖြစ်သည်။မိစ္ဆာသန္ဓေသားလေး ကံကြမ္မာ၏ စွမ်းအားများကို စုပ်ယူနေသည့် တတိယမြောက်နေ့သို့ ရောက်သောအခါ ထိုကျွမ်းကျင်သူများ အားလုံးသည် တစ်ပြိုင်နက်တည်း စတင်လှုပ်ရှားလာကြတော့သည်။ ထိုအခါ သူတို့၏ ကွဲပြားခြားနားလှသော မဟာကျင့်စဉ် စွမ်းအားများသည် လေထုထဲတွင် ပေါင်းစည်းသွားကာ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရောင်စုံအလင်းတန်းများ တောက်ပနေသော သက်တံဓားတစ်စင်း။ ထိုတိုက်ကွက်၏ စွမ်းအားသည် ထာဝရအရှင်အဆင့်ရှိ ရှေးဟောင်းမိစ္ဆာအိုကြီးတစ်ဦး၏ အစွမ်းထက် တိုက်ကွက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။ ကောင်းကင်အရှင် ကျွမ်းကျင်သူ ၂၀ ကျော်၏ စွမ်းအားအားလုံး စုစည်းထားသော ဧရာမသက်တံဓားကြီးသည် ဖြူဖွေးသန့်စင်သော လက်ဝါးကြီးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလာသည်။ ထိုဓားချက်သာ ဝမ်ရှန့်ကုန်းမြေတိုက်ကြီးပေါ်သို့ ကျရောက်သွားပါက စီရင်စု ဒါဇင်ပေါင်းများစွာ ချက်ချင်း ပျက်စီးပြာကျသွားမည်ဖြစ်သည်။ လူတိုင်း၏ အမြင်တွင် ဖြူဖွေးသန့်စင်သော လက်ဝါးကြီးသည် မည်မျှပင် အစွမ်းထက်စေကာမူ ဓားချက်ကို တားဆီးနိုင်လိမ့်မည်မဟုတ်ဟု တွေးထင်နေကြသည်။ ထိုဓားချက်သည် လက်ဝါးနှင့်ထိတွေ့တော့မည့် အချိန်တွင် ဖြူဖွေးသန့်စင်သော လက်ဝါးကြီးသည် စတင်လှုပ်ရှားလာသည်။ ကျုံးရှန်သည် မိစ္ဆာသန္ဓေသားလေးကို မိမိ၏ လက်ဝါးပြင်ထဲတွင် အသာအယာ ကာကွယ်လိုက်ပြီး လက်ချောင်းတစ်ချောင်းကို သုံး၍ ဧရာမ သက်တံဓားဆီသို့ တစ်ချက် တောက်လွှတ်လိုက်သည်။"ဘုန်း..."

ကောင်းကင်နှင့်မြေကြီးကြားတွင် ပြတ်သားလှသော အသံကြီးတစ်ချက် ပဲ့တင်ထပ်သွားသည်။ လူအများ မြင်လိုက်ရသည်မှာ ဖြူဖွေးသော လက်ဝါးကြီး၏ သာမန်ကာလျှံကာ တောက်လွှတ်လိုက်မှုတစ်ခုသည် ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူ ၂၀ ကျော်၏ စွမ်းအားများ ဖြင့် စုစည်းထားသော ဧရာမ သက်တံဓားကို တစ်စစီ ကြေမွသွားစေခြင်းဖြစ်သည်။"အား..." "ဘုရားရေ... တကယ့်ကို ထိတ်လန့်စရာပဲ..."

"မြန်မြန်ပြေး..." "ဒါက ဘယ်လိုမှ မယှဉ်နိုင်တဲ့ စီနီယာကြီးတစ်ယောက်ပဲ..." "စီနီယာကြီး... အသက်ချမ်းသာပေးပါ..." ကောင်းကင်အရှင် ကျွမ်းကျင်သူများသည် ထိုအချိန်မှသာ လောဘစိတ်များ ပြယ်လွင့်သွားပြီး သတိပြန်ဝင်လာကြကာ မိမိတို့၏ အသက်ရှင်သန်ရေး နည်းလမ်းများကို အသုံးပြု၍ အသက်လုထွက်ပြေးကြတော့သည်။ ထိုကောင်းကင်အရှင်များ တစ်ပြိုင်နက်တည်း ထွက်ပြေးကြခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များပင်လျှင် အက်ကွဲပျက်စီးသွားကာ လေဟာနယ်ဖရိုဖရဲဖြစ်သွား‌သည်။ ကျုံးရှန်၏ လက်ချောင်းတစ်ချက် တောက်လွှတ်မှုသည် ဧရာမ သက်တံဓားကိုသာမက ထိုကောင်းကင်အရှင် ကျွမ်းကျင်သူများ၏ မောက်မာမှုနှင့် ကံစမ်းလိုစိတ်များကိုပါ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ သူသည် ထိုသူများကို လိုက်လံသတ်ဖြတ်ရန် စိတ်မဝင်စားသဖြင့် ထွက်ပြေးခွင့် ပြုလိုက်သည်။ ကျုံးရှန်သည် ရန်သူများကို သတ်ဖြတ်ရာတွင် ညှာတာလေ့မရှိသော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် အစီအစဉ် မရှိချေ။ ကောင်းကင်အရှင် ကျွမ်းကျင်သူ တစ်ဦးချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ ကြီးမားလှသော ကံကြမ္မာစွမ်းအားများကို ပိုင်ဆိုင်ထားသူများ ဖြစ်သဖြင့် သူတို့ကို အသက်ရှင်ခွင့်ပေးထားခြင်းသည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ ကံကြမ္မာနှင့် အခွင့်အလမ်းများကို သာ၍ စုံလင်တိုးပွားလာစေပေလိမ့်မည်။ ဥပမာ အားဖြင့် ရေကန်တစ်ခုကဲ့သို့ဖြစ်သည်။‌ရေကန်တစ်ကန်သည် အလွန်အမင်း တည်ငြိမ်လွန်းနေပါက သန်မာထွားကျိုင်းသော ငါးကြီးများ မွေးဖွားလာမည်မဟုတ်ချေ။ ရေသည် တစ်ခါတစ်ရံတွင် အလွန်အမင်း ကြည်လင်နေရန် မလိုအပ်ပေ။ အရာအားလုံးကို မိမိ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရန်သာ လိုအပ်ခြင်းဖြစ်သည်။ ကျုံးရှန်သည် ထိုသဘောတရားကို အလွန် ကောင်းမွန်စွာ နားလည်ထားသည်။ သူ၏ အမြင်သည် သာမန် ဂိုဏ်းအဖွဲ့အစည်းတစ်ခု သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးတည်းအပေါ်၌သာ အခြေခံထားခြင်းမဟုတ်ဘဲ ကောင်းကင်တာအို၏ အမြင်ဖြင့် မဟာကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုကာ စကြဝဠာမျိုးစုံ၏ အ‌တွေးအ‌ခေါ်ဖြင့် အကဲခတ်နေခြင်း ဖြစ်သည်။ ထိုသည်မှာပင် သာမန်လူများနှင့် မတူကွဲပြားသည့် ကျုံးရှန်၏ အမြင်နှင့် စိတ်နေသဘောထားပင် ဖြစ်၏။ နောက်ဆုံးတွင် သူ၏ ဧရာမလက်ဝါးပြင်ပေါ်ရှိ မိစ္ဆာသန္ဓေသားလေးသည် ဝမ်ရှန့်မဟာကမ္ဘာကြီးမှ ပေးအပ်သော မဟာစွမ်းအားများကို အပြည့်အဝ စုပ်ယူပြီးသွားလေသည်။ ကျုံးရှန်သည် ထိုကလေးငယ်ကို စစ်ဆေးကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေသော ဆိုးယုတ်သည့် စွမ်းအားများနှင့် မဟာကမ္ဘာစွမ်းအားစုစုပေါင်းသည် ယွမ်စွမ်းအားယူနစ်ဒါဇင်ပေါင်းများစွာရှိနေသည်ကို တွေ့လိုက်ရ သည်။ တစ်နည်းအားဖြင့်ဆိုရသော် မိစ္ဆာကလေးငယ်၏ အလားအလာသည် သာမန် မဟာကမ္ဘာငယ် ဒါဇင်ပေါင်းများစွာကို ဖန်တီးနိုင်စွမ်းရှိပြီး ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ သုံးပုံတစ်ပုံမျှရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ စွမ်းအားများကို အားလုံးကို စုပ်ယူပြီးနောက် မိစ္ဆာသန္ဓေသားလေးသည် အိပ်မောကျသွားကာ ညှင်သာသော အသက်ရှူသံလေးများ ထွက်ပေါ်လာသည်။ ယင်းသည် လူသားလောကရှိ နို့ဝပြီး အိပ်ပျော်သွားသော ကလေးငယ်လေးတစ်ဦးနှင့် အလားသဏ္ဌာန်တူလှ၏။ ထိုအချိန်မှသာ ကျုံးရှန်သည် သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် မိမိ၏ နတ်ဘုရားစွမ်းရည်ဖြင့် ဖန်တီးထားသော ဖြူဖွေးသန့်စင်သည့် လက်ဝါးကြီးပေါ်တွင် ရပ်တန့်ကာ မိစ္ဆာသန္ဓေသားလေးကို အသာအယာ ပွေ့ချီလိုက်သည်။ ထို့နောက် သူသည် သူတော်စင်နိုင်ငံ ကို ဖွင့်လှစ်ကာ အိပ်ပျော်နေသော ကလေးငယ်ကို ခေါ်ဆောင်၍ အတွင်းသို့ ဝင်ရောက်သွားလေသည်။ သူရောက်ရှိသွားသော နေရာသည် စိမ်းလန်းစိုပြည်ပြီး ဝိညာဉ်စွမ်းအင်များ ထူထပ်လှသော ရိုးရှင်းသည့် အိမ်ဝင်းလေးတစ်ခု ဖြစ်သည်။ ထိုနေရာတွင် ရှန်းဝူရှန့် နှင့်မိုသိမ်ထျန်း ဟူသော ကလေးငယ်နှစ်ဦးသည် ကျုံးရှန်ကိုယ်ပွား၏ သင်ကြားပြသမှုအောက်တွင် ကျင့်စဉ်များကို ကြိုးစား ကျင့်ကြံနေကြသည်။ အသက်အနည်းငယ်မျှသာ ရှိသေးသော ထိုကလေးငယ်နှစ်ဦးသည် အားမာန်အပြည့်ဖြင့် လက်သီးချက်များကို လေ့ကျင့်နေကြကာ သူတို့၏ လက်သီးချက်များသည် အလွန် ပြင်းထန်လှ၏။ နိယာမအဆင့် အဆင့် ၂၀ ရှိသော ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူတို့၏ လက်သီးချက်ကို တိုက်ရိုက်ရင်ဆိုင်ရန် ဝံ့ရဲလိမ့်မည်မဟုတ်ချေ။ သူတို့သည် အသက်ဆယ်နှစ်ပင် မပြည့်သေး သည့် ကလေးငယ်များ ဖြစ်ကြသည်ကို သတိပြုရမည်ဖြစ်သည်။ ကျုံးရှန် မိစ္ဆာသန္ဓေသားကလေးကို ပွေ့ချီကာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှန်းဝူရှန့်နှင့် မိုသိမ်ထျန်းတို့သည် ချက်ချင်း သတိပြုမိသွားကြကာ လေ့ကျင့်နေမှုကို ရပ်တန့်ပြီး သူ၏ဆီသို့ ဝမ်းသာအားရ ပြေးလာကြတော့သည်။"ဆရာ... ဆရာ ရောက်လာပြီ..."

သူတို့သည် ကလေးသံလေးများဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ကျုံးရှန်သည် သူတို့ကိုမြင်လျှင် ခေါင်းတစ်ချက်ညိတ်ကာ ပြုံးပြလိုက်သည်။ "မင်းတို့နှစ်ယောက်... အပျင်းမကြီးကြဘူးပဲ... ကောင်းတယ်..." "အဲ့ဒီလက်သီးကွက်တွေက စစ်မှန်တဲ့ စိတ်နှလုံးကို ပွင့်လင်းစေမည့် မဟာသိုင်းကွက်တွေ ဖြစ်တယ်... ဒါကြောင့် အခြေခံခိုင်မာအောင် သေချာလေ့ကျင့်ရမယ်..." သူသည် ကလေးနှစ်ယောက်ကို တည်ငြိမ်သောအသံဖြင့် ဆုံးမလိုက်သည်။ ကလေးငယ်နှစ်ဦးသည် ချက်ချင်းပင် ဦးညွှတ်လိုက်ကြကာ သံပြိုင် ဖြေကြားလိုက်ကြသည်။ "ဆရာ့ရဲ့ သွန်သင်ဆုံးမမှုကို စိတ်နှလုံးထဲမှာ သေချာမှတ်သားထားပါ့မယ်..." ထိုကလေးငယ်နှစ်ဦးသည် လူ့လောကရှိ စည်းကမ်းနှင့် ကျင့်ဝတ်များကို ကောင်းမွန်စွာ သင်ယူထားပုံရပေသည်။ ထိုအချိန်တွင် ရှန်းဝူရှန့်သည် ကျုံးရှန် ပွေ့ချီထားသော မိစ္ဆာသန္ဓေသားကလေးငယ်ကို မြင်တွေ့သွားသည်။ "ဟမ်... ဆရာ... ဆရာက ကျွန်တော်တို့အတွက် နောက်ထပ် ညီလေးတစ်ယောက် ရှာပေးပြန်ပြီလား... " "ဒါပေမဲ့ သူ့ကိုကြည့်ရတာ ကျွန်တော့်စိတ်ထဲမှာ ရင်းနှီးနေသလိုမျိုး ခံစားနေရတယ်..." ရှန်ဝူရှန့်သည် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ ရှန်ဝူရှန့်၏ မူလခန္ဓာကိုယ်သည် ဝမ်ရှန့်ကမ္ဘာငယ်လေးအတွင်းရှိ မိစ္ဆာသန္ဓေသားပုံတူ ဖြစ်သဖြင့် ယခု စစ်မှန်သော မိစ္ဆာသန္ဓေသားနှင့် တွေ့ဆုံချိန်တွင် ဝိညာဉ်ချင်း ဆက်နွယ်မှု ဖြစ်ပေါ်လာခြင်းသာ ဖြစ်‌လေသည်။

All Chapters