← Chapters

အခန်း ၃၉၈

Vol. 40 Ch. 398

အခန်း ၃၉၈

Vol. 40 Ch. 398

အပိုင်း (၃၉၈)

"သူက မင်းပဲ..." "ဒီနေ့ ဆရာက မင်းတို့နှစ်ယောက်ကို တစ်ယောက်ထဲဖြစ်အောင် ပေါင်းစပ်ပေးမယ်..."

"မင်းတို့ရဲ့ စိတ်ဆန္ဒနဲ့ ဝိညာဉ်က ဇစ်မြစ်တစ်ခုတည်းက ဆင်းသက်လာတာဖြစ်တဲ့အတွက်...မင်းတို့နှစ်ယောက်ပေါင်းစပ်ပြီးသွားရင် မင်းက စစ်မှန်တဲ့ မဟာကမ္ဘာရဲ့ သားတော် ဖြစ်လာလိမ့်မယ်""မင်းက..ပြိုင်ဘက်ကင်းတဲ့ ပါရမီနဲ့ မဟာစွမ်းအားတွေကို ပိုင်ဆိုင်လာမှာဖြစ်တယ်..." "ဝူရှန့်... မင်း စမ်းသပ်ကြည့်ရဲလား... မင်းမဝံ့ရဲဘူးဆိုရင် ဆရာ အတင်းအကျပ် လုပ်ခိုင်းမှာမဟုတ်ဘူး..." ကျုံးရှန်၏ စကားကို ကြားရသောအခါ ရှန်းဝူရှန့် မျက်မှောင်ကြုတ်သွားသည်။ သူသည် ပါရမီထက်မြက်သော်လည်း လောကအတွေ့အကြုံ မရှိသေးသဖြင့် ထိုအခြေအနေသည် မည်မျှအထိ အရေးကြီးကြောင်းကို ကောင်းစွာ နားမလည်နိုင်သေးပေ။ သို့ဖြင့် ရှန့်ဝူရှန့်သည် မိစ္ဆာသန္ဓေသားလေးကို တစ်လှည့် ကျုံးရှန်ကို တစ်လှည့် ကြည့်လိုက်ကာ ခေတ္တမျှ မည်သို့ပြန်လည်ဖြေကြားရမည်ကိုမသိဖြစ်နေသည်။ထို့နောက်တွင် သူသည် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။ "ဆရာ... ဒါပေမဲ့ ကျွန်တော်သာ ဒီကလေးငယ်လေးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်... ဒီကလေးငယ်လေး သေသွားသလို ဖြစ်သွားမှာပေါ့..." ရှန့်ဝူရှန်း၏ စကားကိုကြားလျှင် ကျုံးရှန် ခေါင်းခါလိုက်သည်။ "အဲ့ဒီလိုမဖြစ်ပါဘူး... ဒီကလေးငယ်လေးရဲ့ စိတ်ဆန္ဒက စက္ကူဖြူတစ်ရွက်လို ဖြူစင်နေသေးတယ်..." "နောက်ပြီးမင်းတို့နှစ်ယောက်က ဇစ်မြစ်တစ်ခုတည်းက ဆင်းသက်လာတာဖြစ်တဲ့အတွက်... မင်းနဲ့သူ့ရဲ့ ဝိညာဉ်တစ်ခုတည်းလို့ဆိုရမှာပဲ..." ဆရာဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ ရှန်းဝူရှန့်၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားသည်။ "ဒီလိုဆိုမှတော့ ဝူရှန့် စမ်းသပ်ကြည့်ပါ့မယ်... ဆရာ့စကားကို ကျွန်တော် ယုံကြည်တယ်... သေရမယ်ဆိုရင်တောင် နောင်တမရဘူး..." ရှန်းဝူရှန့်သည် ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ ထိုအခါ ကျုံးရှန် ခေါင်းညိတ်လိုက်၏။"ကောင်းပြီ... ဒါဆို အခုပဲ စတင်လိုက်ရအောင်..." သူသည် လက်ကိုဆန့်ထုတ်ကာ မိစ္ဆာသန္ဓေသားလေးကို ရှန်းဝူရှန့်ဆီသို့ ညင်သာစွာ တွန်းပို့လိုက်သည်။ မိစ္ဆာသန္ဓေသားလေးထံမှ တောက်ပသော အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ဧရာမ အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အလင်းလုံးကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျုံးရှန်၏ အလွန်ခိုင်ခံ့သော သူတော်စင်နိုင်ငံ ပင်လျှင် အနည်းငယ်တုန်ခါလာလျှင် ထိုအလင်းတန်းများအတွင်း ကိန်းအောင်းနေသော စွမ်းအင်များကို မခံနိုင်တော့သည့်အလား ဖြစ်လာသည်။ တစ်ချိန်တည်း၌ပင် ရှန်းဝူရှန့်သည်လည်း အလင်းလုံးကြီးနဲ့တူညီသည့်အရှိန်အဝါရှိသော အလင်းလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကျုံးရှန်သည် ထိုအလင်းလုံးနှစ်ခု ပေါင်းစည်းခြင်းကို စတင်လိုက်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူ၏ နဖူးပြင်ထက်တွင် ချွေးသီးချွေးပေါက်များ စတင် ထွက်ပေါ်လာ၏။ သို့သော်လည်း ကျုံးရှန်သည် အလင်းလုံးနှစ်ခုကို တစ်ခုနှင့်တစ်ခု ဖြည်းညင်းစွာ ဆက်လက် တွန်းပို့နေဆဲ ဖြစ်သည်။ သူသည် ဇစ်မြစ်တူညီသော်လည်း ဖြစ်တည်ပြီးသား သက်ရှိစွမ်းအားနှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားနေခြင်းဖြစ်သဖြင့် ကြီးမားလှသော ဖိအားများကို ခံစားနေရသည်။ ရှန်းဝူရှန့်နှင့် မိစ္ဆာသန္ဓေသားကလေးတို့၏ စွမ်းအားနှစ်ခု ပေါင်းစပ်လိုက်ပါက ယွမ်စွမ်းအားယူနစ် တစ်ရာ ကျော်လွန်သွားမည်ဖြစ်သည်။ ကျုံးရှန်၏လုပ်ဆောင်မှုသည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ ယွမ်စွမ်းအားယူနစ် သုံးပုံတစ်ပုံခန့်ကို ခွဲထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

အလင်းလုံးနှစ်ခုသည် ဖြည်းညင်းစွာ စတင်ပေါင်းစပ်လာပြီး အနည်းငယ် ပေါင်းစပ်သွားတိုင်း ကျုံးရှန်၏ နဖူးမှ ချွေးတစ်ပေါက် ပြီးတစ်ပေါက်ကျဆင်းနေသည်။ ပေါင်းစပ်မှု တစ်ဝက်ခန့် ပြီးစီးသွားချိန်တွင်မူ ကျုံးရှန်သည် မောဟိုက်ကာ အသက်ရှူသံများပင် ပြင်းလာ၏။ ထိုဖြစ်စဉ်သည် အလွန်ရဲတင်းလွန်းပြီး ကြီးကျယ်ခမ်းနားသော ပေါင်းစပ်မှုတစ်ခုဖြစ်သည်ကို ကျုံးရှန် တိတ်တဆိတ် နားလည်သဘောပေါက်ထားသည်။ထို့ကြောင့် ပြင်းထန်လှသော တွန်းကန်မှုများကြားမှပင် သူတို့နှစ်ဦး အပြန်အလှန် ပေါင်းစပ်သွားစေရန် ဖြည်းညင်းစွာ တွန်းအားပေးနေခဲ့သည်။ ပေါင်းစပ်မှု၏ တွန်းကန်အားသည် အလွန်ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် ရှန့်ဝူရှန်းနှင့် မိစ္ဆာသန္ဓေသားကလေးတို့နှစ်ဦးသည် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ယင်းတို့အတွင်း ကိန်းအောင်းနေသည့် စွမ်းအားများမှာ အလွန်အမင်း ကြီးမားလွန်းသောကြောင့်ဖြစ်သည်။ ယွမ်စွမ်းအားယူနစ် တစ်ရာကျော်ပိုင်ဆိုင်ထားသော ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများပင် ထိုကဲ့သို့လုပ်ရပ်မျိုးဆောင်ရွက် ဝံ့မည်မဟုတ်ချေ။ ကျုံးရှန်၏ လုပ်ရပ်သည် အတော်လေး စွန့်စားရလွန်းလှပြီး အကယ်၍ အောင်မြင်သွားခဲ့ပါက ရှန်းဝူရှန့်သည် ကောင်းကင်အလိုကို ဆန့်ကျင်နိုင်သော စစ်မှန်သည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကျုံးရှန်အတွက်လည်း ကျင့်ကြံမှုတစ်ရပ် ဖြစ်လာကာ ကြီးမားလှသော ဖိအားများအောက်တွင် သူ၏ စိတ် စွမ်းအားများသည် ရူးသွပ်စွာ တိုးတက်လာတော့သည်။နောက်ဆုံးတွင် အလင်းလုံးနှစ်ခုသည် တဖြည်းဖြည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ အတိုင်းအဆမဲ့သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား သည်။ ထိုအလင်းတန်းအတွင်း၌ ကမ္ဘာလောက၏ ဖြစ်တည်ခြင်းနှင့် ပျက်စီးခြင်းများ ကိန်းအောင်းနေသကဲ့သို့ စကြဝဠာ၏ နိယာမတရားတစ်ခုကို မွေးဖွားပေးနေသည့် စွမ်းအင်မျိုးလည်း ပိုင်ဆိုင်ထားသည်။ ဇစ်မြစ်တူညီသောစွမ်းအင်အလင်းလုံးနှစ်ခုပေါင်းစည်းမှုမှစွမ်းအားသည် မဟာကမ္ဘာ၏ နယ်နိမိတ်ကို ကျော်လွန်သွားကာ စကြဝဠာအဆင့်အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။ ပေါင်းစပ်မှုသည် ပမာဏပြောင်းလဲမှုမှတစ်ဆင့် အရည်အသွေးပြောင်းလဲမှု နယ်နိမိတ်တစ်ခုသို့ ရောက်ရှိသွားပုံရ၏။ ကျုံးရှန်သည် ထိုအတိုင်းအဆမဲ့သော အလင်းတန်းကို သေချာစွာ လေ့လာအကဲခတ်ခြင်းမှ စကြဝဠာ၏ အငွေ့အသက် အနည်းငယ်ကို ခံစားလိုက်ရသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော အတိုင်းအဆမဲ့ အလင်းတန်းသည် ထွက်သက်ဝင်သက် တစ်ရှိုက်စာမျှသာကြာမြင့်ခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင်မူ အလင်းတန်းသည်တဖြည်းဖြည်း ကျုံ့ဝင်သွားကာ ထူးဆန်းသော အလင်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို ထူးဆန်းသော အလင်းစက်လေးထဲမှ ရှန်းဝူရှန့် ထွက်ပေါ်လာသည်။ ထွက်ပေါ်လာသော ရှန်းဝူရှန့်၏ မျက်ဝန်းများသည် အနည်းငယ် မျှဝေခွဲမရဖြစ်နေ၏။ သို့သော် ကျုံးရှန်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများသည် အနည်းငယ် ပြန်လည်ကြည်လင်လာသည်။ "ဆရာ..." ရှန်းဝူရှန့်သည် ကလေးသံလေးဖြင့် ခေါ်လိုက်လေသည်။ သို့သော် သူ၏ မျက်နှာအမူအရာသည် ထုံထိုင်းနေဆဲပင်ဖြစ်ကာ ဆရာ ဟုခေါ်လိုက်သော သူ၏အသံသည် သတိလွတ်နေချိန် ညည်းတွားလိုက်ခြင်းသာ ဖြစ်သည်။ သူ့တွင် ဖခင်မရှိသဖြင့် ကျုံးရှန်သည် သူ၏ဘဝတွင် ဖခင်သဖွယ်ဖြစ်ကာ အရေးအကြီးဆုံးသော လူလည်း ဖြစ်သည်။မိစ္ဆာသန္ဓေသားကလေး၏ စွမ်းအင်သည် အလွန်တရာ ကြီးမားလွန်းလှ၏။ ထို့ကြောင့်ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း ရှန်းဝူရှန့်၏ စိတ်ဆန္ဒသည် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခက်ခဲကာ အသိစိတ်များ အနည်းငယ် ဝေဝါးနေဆဲဖြစ်သည်။ မိစ္ဆာသန္ဓေသားလေးသည် ဝေဝါးနေသော စိတ်ဆန္ဒဖြင့် မွေးဖွားလာခြင်း ဖြစ်သော်လည်း ရှန်းဝူရှန့်၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်ပြီးနောက်တွင် ကစဉ့်ကလျား စိတ်ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲသွားသည်။အကယ်၍ ရှန်းဝူရှန့်သာ ထိုကစဉ့်ကလျား စိတ်ဆန္ဒကို လျင်မြန်စွာ ဝါးမျိုနိုင်မည်ဆိုပါက သူသည် မိမိန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို အပြည့်အဝ ထိန်းချုပ်နိုင်ကာ စစ်မှန်သော ပြိုင်ဘက်ကင်းသည့် မဟာကမ္ဘာ၏ သားတော် ဖြစ်လာပေမည်။ မဟာကမ္ဘာ၏သားတော်ဖြစ်လာပါက လောကတစ်ခွင် လွှမ်းမိုးနိုင်ပြီး ထျန်းယွမ်အဆင့်အထက်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး ရရှိလာမည်ဖြစ်သည်။ သို့သော် ကစဉ့်ကလျားစိတ်ဆန္ဒကို မထိန်းချုပ်နိုင်ပါက ရှန်းဝူရှန့်၏ စိတ်ဆန္ဒသည် ပျောက်ကွယ်သွားမည်ဖြစ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသောစွမ်းအင်အစုအဝေးသည် စိတ်ဆန္ဒအသစ်တစ်ခု မွေးဖွားလာသည်အထိ တစ်ဖန်ပြန်လည် အိပ်မောကျသွားပေလိမ့်မည်။ သူ၏ခန္ဓာက်ိုယ်အတွင်းရှိ အားပြိုင်မှုကို ရှန်းဝူရှန့် ကိုယ်တိုင်သာ အဆုံးသတ်ရမည် ဖြစ်ကာ ကျုံးရှန် ဝင်ရောက်စွက်ဖက်၍ မရပေ။ သို့မဟုတ်ပါက စိတ်ဆန္ဒနှစ်ခု၏ အချင်းချင်း ပြန်လည်တွန်းကန်မှု ဖြစ်ပေါ်စေနိုင်လေသည်။ ကျုံးရှန်သည် မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေကာ ညင်သာစွာ ထိုင်လိုက်ပြီး ရင်ခွင်ထဲတွင် ငယ်ရွယ်သော ရှန်းဝူရှန့်ကို ပွေ့ချီထားသည်။

ဘေးနားရှိ မိုသိမ်ထျန်းသည် သူတို့ကို စိုးရိမ်တကြီး ကြည့်ရှုနေ၏။ မိုသိမ်ထျန်းသည် တက်လှမ်းခြင်းအဘိုးအိုဝင်စားခြင်းဖြစ်ကာ ယခင်ဘဝမှ မှတ်ဉာဏ်များ လုံးဝမရှိတော့ချေ။ သူသည် အသစ်တစ်ဖန် မွေးဖွားလာသော သက်ရှိဖြစ်ပြီး ကံကြမ္မာအသစ်နှင့် ငယ်ရွယ်နုပျိုသော အသက်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ သူနှင့် ရှန်းဝူရှန့်သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာကြခြင်း ဖြစ်ကာ ညီအစ်ကိုအရင်းများသကဲ့သို့ နက်ရှိုင်းသည့်သံယောဇဉ် ရှိနေပြီဖြစ်သည်။ သူသည် ကျုံးရှန်ဖြင့် စိတ်နှလုံးကွန်ရက်ချိတ်ဆက် ထားပြီး ထျန်းယွမ်အဆင့် စွမ်းအားများကို ယဇ်ပူဇော်ထားသဖြင့် နျန်းဘီဒင်္ဂါး အများအပြားကို ပိုင်ဆိုင်ထားကာ စိတ်နှလုံးစွမ်းအား ဖွံ့ဖြိုးမှုအဆင့်သည်လည်း အလွန်မြင့်မားလှသည်။ ထို့အပြင် သူသည်ကျုံးရှန်၏ အငယ်ဆုံး တပည့်လည်း ဖြစ်သည်။ထိုစဉ် ကျုံးရှန်ရှေ့၌ လူရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုသည် ဓားတစ်လက်ကဲ့သို့ ထက်မြက်အေးစက်နေပြီး အခြားပုံရိပ်တစ်ခုမူ ငှက်ငယ်လေးတစ်ကောင်အလား ဖြစ်သည်။ ထိုသူနှစ်ဦးသည် ကျုံးရှန်ကို မြင်သည်နှင့် အလျင်အမြန်ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ "ဆရာ... ညီလေး ဘာဖြစ်သွားတာလဲ..." ရောက်ရှိလာသူများသည် ရွေ့ဝူတိ ဇနီးမောင်နှံ ဖြစ်သည်။ ထိုစကားကြားလျှင် ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းပြလိုက်၏။"ဘာမှမဖြစ်ပါဘူး... မင်းရဲ့ ညီလေးက ကောင်းကင်လောက်ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ရသွားတာ..." "အခု နောက်ဆုံး အားပြိုင်မှုကို လုပ်နေတယ်... မကြာခင် အောင်မြင်တော့မယ့်ပုံပဲ..." ကျုံးရှန်သည် ရှန်းဝူရှန့်၏ လက်ရှိအခြေအနေကို အပြည့်အဝ သိမြင်နိုင်စွမ်းရှိသဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ တည်ငြိမ်သောလေသံဖြင့် ခိုင်မာစွာ ပြောဆိုလိုက်သည်။ယခုအချိန်တွင် ရှန်းဝူရှန့်၏ စိတ်ဆန္ဒသည် ကစဉ့်ကလျားစိတ်ဆန္ဒကို ဝါးမြိုရာ၌ တဖြည်းဖြည်း အသာစီးရလာပြီဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှန်းဝူရှန့်သည် နှစ်အနည်းငယ်အတွင်း ကျုံးရှန်၏ သွန်သင်မှုအောက်တွင် သူ၏ စိတ်နှလုံးစွမ်းအားများကို တစ်ဆင့်ချင်း ထုတ်ယူအသုံးပြုလာနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျုံးရှန်သည် ရွေ့ဝူတိဇနီးမောင်နှံ၏ရောက်ရှိလာမှုကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်မိသည်။ထို့နောက်လက်တစ်ချက်ဝှေ့ယမ်းလိုက်လျှင် သူတော်စင်နိုင်ငံ၏ ဗဟိုချက်တွင် ဖိနှိပ်ထားသော ချင်ထျန်းတောင်ထွတ်သည် တစ်ချက် တုန်ခါသွားကာ ကျုံးရှန်၏ လက်ထဲ၌ ဝိုင်အိုးတစ်အိုးပေါ်လာသည်။ "ဝူတိ... ဒီ စကြာဝဠာပန်းရနံ့ဝိုင် က မင်း ချင်ထျန်းတောင်ထွတ်ကိုပြန်လာပြီး မင်းရဲ့မင်္ဂလာဆောင်ကို ဖိတ်တဲ့အချိန်တုန်းက ချင်ထျန်းတောင်ထွတ်ရဲ့ နတ်ဘုရားမူလပုံဆောင်ခဲ အောက်ခြေမှာ ငါမြှုပ်နှံထားခဲ့တာပဲ... " "မူလကတော့ မင်းရဲ့ မင်္ဂလာရက်မြတ်မှာ အိုးဖွင့်ပြီး အတူသောက်ကြမယ်လို့ ကတိပြုထားခဲ့ကြတာ... ဒါပေမဲ့ လောကကြီးရဲ့ ကံကြမ္မာ အပြောင်းအလဲဖြစ်သွားပြီး ကောင်းကင်နဲ့မြေပြင်လည်း အကြီးအကျယ် ပြောင်းလဲသွားတယ်""ပြောရရင် အမျိုးမျိုးသော အကြောင်းရင်းတွေကြောင့် ငါတို့ကတိ တွေနှောင့်နှေးသွားခဲ့ရတာပဲ... ဒါပေမဲ့ အခု မင်းနဲ့အတူ သောက်ရတာလည်း သိပ်နောက်ကျသေးမယ်မထင်ပါဘူး..." "မင်းတို့လာကြပါ..."ကျုံးရှန်သည် စကြာဝဠာပန်းရနံ့ဝိုင်အိုးကို သူ၏ရှေ့ရှိ မြက်ခင်းပြင်ပေါ်သို့ ချထားလိုက်ကာ လက်ချောင်းတစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်နှင့် စားပွဲခင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ထိုစားပွဲခင်းအပေါ်တွင် အလွန်ရှားပါးလှသော ရတနာ ဟင်းလျာအချို့ကိုလည်းခင်းကျင်းထားကာ နတ်ဘုရားသားရဲ နွားပြာကင်၊ နှစ်တစ်သန်းသက်တမ်းရှိ ရွှမ်းဟွမ်ကြက်စွပ်ပြုတ်၊ ခရမ်းရောင်ကွန်ငါးစသည်ဖြင့် ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ ဟင်းလျာများ ပါဝင်လေသည်။ နတ်ဘုရားသားရဲများကို အစားအစာအဖြစ် စားသုံးခြင်း။ ထိုဟင်းလျာအားလုံးသည် ကျုံးရှန်၏ စိတ်နှလုံးစွမ်းအားဖြင့် ဖန်တီးထားခြင်းမျှသာ ဖြစ်သည်။ သို့သော် ရွေ့ဝူတိဇနီးမောင်နှံအတွက်မူ ကောင်းကင်လောက် ကြီးမားသော အခွင့်အရေးကြီးတစ်ခုနှင့် မခြားနားပေ။ ကျုံးရှန်၏ အတွေးတစ်ချက်ဖြင့် ဝိုင်အိုးအဖုံး ပွင့်ဟသွားကာ သူ၏ရှေ့တွင် ဝိုင်ခွက် သုံးခွက်နှင့် ပန်းကန်လုံးအသေး တစ်လုံး ထွက်ပေါ်လာသည်။ထို့နောက် သူသည် မိုသိမ်ထျန်းကိုလည်း အတူစားရန် ခေါ်လိုက်ပြီး ဆရာတပည့်နှင့် ဇနှီးမောင်နှံတို့လေးဦးသည် ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်ဘဲ စတင် စားသောက်လိုက်ကြတော့သည်။

All Chapters