← Chapters

ပင်လယ်ကို ခွဲခြမ်းခြင်း (၃)

Vol. 68 Ch. 1099

ပင်လယ်ကို ခွဲခြမ်းခြင်း (၃)

Vol. 68 Ch. 1099

လုရှင်းချန်သည် မီးလျှံစွမ်းအားကို ကိုင်စွဲထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ကမ္ဘာပျက်ကပ် မီးလျှံဓားသွားအောက်တွင် လေထဲ၌ ရပ်တန့်နေ၏။ သူ၏ဆံပင်များသည် နောက်သို့ လွင့်ပျံနေပြီး မီးတောက်များကြောင့် တောက်လောင်နေသော ရွှေအိုရောင်မီးလျှံများအဖြစ်ပြောင်းလဲနေသည်။ စူးရှတောက်ပသော အလင်းရောင်ကြောင့် သူ၏မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲမမြင်ရသော်လည်း ပြင်းထန်သော အဖြူရောင်မီးလျှံများ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံကမူ ရှေ့တည့်တည့်က ပြိုကျပျက်စီးလာသော မိုးကောင်းကင်ကြီးကဲ့သို့ မီတာရာချီမြင့်မားလှသည့် ဧရာမ အနက်ရောင်ဆူနာမီတံတိုင်းကြီးကို စူးစိုက်ကြည့်နေသည်။

“ပွင့်စမ်း”

လုရှင်းချန်သည် ပြတ်သားစွာဖြင့် ကမ္ဘာတစ်ခုလုံးကို တုန်ဟည်းသွားစေနိုင်သော အရှိန်အဝါတို့နှင့်အတူ သူ၏ညာဘက်လက်မောင်းကို ဦးခေါင်းထက်သို့ မြှောက်ကာ ထိုကမ္ဘာပျက်ကပ် ပင်လယ်တံတိုင်းကြီးဆီသို့ ပြင်းထန်စွာ လွှဲရိုက်ချလိုက်သည်။

ဝုန်း၊၊

လုရှင်းချန်၏ လက်ကအောက်ကျလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသော ဧရာမမီးလျှံဓားကြီးသည်လည်း လိုက်ပါရွေ့လျားသွားသည်။ ထိုအရာသည် ဖိသိပ်ထားသော နျူထရွန်ကြယ်တစ်ပွင့်မှ ရုတ်တရက် စူးရှတောက်ပသော ဂန်မာရောင်ခြည်လှိုင်းများဖြာထွက်လာပြီး နီရဲသော မီးလျှံများကို မှုတ်ထုတ်လိုက်သကဲ့သို့ပင်၊၊ ဓားသွားဖြတ်သန်းသွားရာ လမ်းကြောင်းရှိ လေထုသည် ဓားဖြင့်အလှီးခံရရုံမျှမကဘဲ လုံးဝဥဿုံ အငွေ့ပျံပျက်စီးသွားရသည်။

နောက်တစ်စက္ကန့်တွင် ကီလိုမီတာပေါင်းများစွာ ရှည်လျားသော နတ်ဘုရားကြာပွတ်တစ်ခုကဲ့သို့ မီးလျှံများသည် ဆူနာမီကြီး၏ အထက်မှနေ၍ တည့်တည့်ကြီးရိုက်ချလိုက်တော့သည်။

ရှဲ——————————

ခဏချင်းတွင်ပင် ထစ်ချုန်းနေသော ပင်လယ်ဒီလှိုင်းသံများသည် အခြားအသံဗလံအားလုံးကို ဖုံးလွှမ်းသွားပြီး တန်ချိန်ဘီလီယံချီသော ပင်လယ်ရေထုကြီးမှာ နှစ်ခြမ်းကွဲသွားရသည်။ လှိုင်းလုံးများမှာ လှုပ်ခတ်နေပြီး အလယ်ဗဟိုတွင်မူ မျက်စိကျိန်းမတတ် ဖြူဖွေးသောအလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ ရေနွေးငွေ့နှင့် ဓာတ်ငွေ့များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကောင်းကင်ယံသို့ အဟုန်ပြင်းစွာလွင့်တက်သွား၏။

လူတိုင်း ဤမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေကြစဉ် လင်းရှန်၏ စွမ်းအားဝတ်စုံမြင်ကွင်းစနစ်တွင် အနက်ရောင် ဆူနာမီတံတိုင်းကြီးမှာ အတင်းအကျပ်နှစ်ခြမ်းခွဲခြင်းခံလိုက်ရသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။

နီရဲနေသော ဓားသွားတစ်ခုကြောင့် စုတ်ပြဲသွားသည့် ဧရာမ အနက်ရောင်လိုက်ကာကြီးကဲ့သို့ပင်၊၊

တောင်တစ်လုံးကို ထက်ခြမ်းခြမ်းလိုက်သကဲ့သို့ ပင်လယ်ပြင်ထက်ရှိ ရထားလမ်းသည် ကောင်းကင်ယံမှ ရေနွေးငွေ့များနှင့် မြူခိုးများကြားမှနေ၍ မိုးကုပ်စက်ဝိုင်းတွင် တစ်ဖန်ပြန်လည် ပေါ်ထွက်လာသည်။

“မယုံနိုင်စရာပဲ” တာလို့သည် ဓားတစ်ချက်တည်းဖြင့် ဆူနာမီကြီး နှစ်ခြမ်းကွဲသွားသည်ကို မြင်ပြီး မှင်သက်သွားမိသည်။ မြင့်မားလှသော ရေတံတိုင်းကြီးမှာ ခဏမျှ ခဲပျစ်သွားသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်အမိုးခုံးရထားကြီး၏ ဘေးတစ်ဖက်တစ်ချက်စီသို့ စီးဆင်းသွားရာ သူ ခေတ္တမျှ ကြောင်အမ်းသွားရသည်။

လှိုင်းလုံးများကို ဖြတ်တောက်ပြီး ပင်လယ်ကို နှစ်ခြမ်းခွဲပစ်ခြင်းသည် လူသားတစ်ယောက် လုပ်နိုင်သည့်အရာမျိုးရောဟုတ်ရဲ့လား…

“အားလုံးသေချာကိုင်ထားကြ… ငါတို့ ဖြတ်မောင်းတော့မယ်”

လင်းရှန်၏အသံသည် ရထားဦးပိုင်း ကွပ်ကဲခန်းမအတွင်း၌ ပြတ်သားစွာ ထွက်ပေါ်လာသည်။ ရထားကို ထိန်းချုပ်ရန်အတွက်သာ သူ့အာရုံအားလုံးကို နှစ်မြှုပ်ထားပြီး ကောင်းကင်အမိုးခုံးရထားကြီး၏ အမြီးပိုင်းသည် တိုက်ကြီးဖြတ်အဆင့် စစ်ရထားကြီးကို ဆွဲခေါ်ကာ အင်ဂျင်သံကြီး ဝုန်းဒိုင်းကြဲလျက် အရှိန်အဟုန်ပြင်းစွာ စတင်မောင်းနှင်လိုက်တော့သည်။

ဝူး၊၊

စွမ်းအားအပြည့်ဖြင့် ကောင်းကင်အမိုးခုံးရထားကြီးသည် တည်ငြိမ်လျှပ်စစ်ကွင်းများ တဖျတ်ဖျတ်တောက်လျက် ထိုရေမြူခိုးများထဲသို့ တိုးဝင်သွားသည်။ ထိုအချိန်တွင် ဘေးတစ်ဖက်တစ်ချက်ရှိ ဆူနာမီတံတိုင်းကြီးများသည် ဆက်လက်လိမ်တွန့်ကာပြိုကျနေပြီး အလင်းရောင်မှာလည်း ရုတ်တရက် မှေးမှိန်သွား၏။

ဝုန်း၊၊

လင်းရှန်သည် တွင်းနက်ကြီးတစ်ခုထဲသို့ ငုပ်လျှိုးသွားသကဲ့သို့ ခံစားလိုက်ရပြီး မြင်ကွင်းတစ်ခုလုံး လုံးဝပိန်းပိတ်အောင် မှောင်အတိကျသွားသည်။ မရေတွက်နိုင်သောလှိုင်းလုံးများနှင့် ရေနွေးငွေ့များသည် ရထားအပြင်ဘက်သံချပ်ကာကို လာရောက်ရိုက်ခတ်နေသည်။ တစ်ချိန်တည်းမှာပင် နောက်ဘက်ရှိ ရထားကြီးပေါ်မှ လုချန်၊ မြောင်လုနှင့် အခြားသူများသည် ပုန်းကွယ်ရန်အတွက် အတွင်းထဲသို့ ဆုတ်ခွာသွားကြပြီးပြီဖြစ်ရာ ကမ္ဘာမြေကြီးတစ်ခုလုံး ပျက်စီးမတတ်ရိုက်ခတ်သံများကိုသာ ကြားနေရတော့သည်။ သူတို့ မျက်စိဖြင့်မမြင်ရသော်လည်း တန်ချိန်ဘီလီယံချီသော လှိုင်းလုံးကြီးများသည် သူတို့၏ ဘေးပတ်ပတ်လည်နှင့် အထက်မှနေ၍ ပြိုကျနေသည်ကို သိရှိနေကြသည်။

ကောင်းကင်တံတားပေါ်တွင်မူ ရူဂျီသည် ယန္တရားရုပ်သေးရုပ်အားလုံးကို ရုပ်သိမ်းလိုက်ပြီး လက်ငါးချောင်းဖြင့် တွန်းထုတ်ကာ မြူခိုးများကို လွင့်စင်သွားစေမည့် တုန်ခါလှိုင်းတစ်ခုကို လွှတ်ထုတ်လိုက်သည်။ ရထား၏အထက်နှင့် ဘေးတွင် ပျက်စီးခြင်းအရှိန်အဝါဖြင့် ပြိုကျလာနေသော ဧရာမလှိုင်းလုံးကြီးများကို ချက်ချင်း မြင်လိုက်ရသည်။ ရှေ့တည့်တည့်တွင်မူ တဖြည်းဖြည်းသေးငယ်လာနေသော ကွေးညွတ်နေသည့် စင်္ကြံလမ်းတစ်ခုသာ ကျန်ရှိတော့ပုံရ၏။

တစ်ချိန်တည်းမှာပင် အနက်ရောင်ပင်လယ်ရေများကြားတွင် ရေဘဝဲလက်တံများနှင့် ဆူးချွန်းများပြည့်နှက်နေသည့် အမျိုးမျိုးသော ထူးဆန်းသည့် သတ္တဝါများသည် အရိပ်များကဲ့သို့ ဖြတ်သန်းသွားလာနေကြသည်။

အချိန်သည် ဆွဲဆန့်ခံထားရသကဲ့သို့ စက္ကန့်တိုင်းသည် ရာစုနှစ်တစ်ခုကဲ့သို့ ကြာရှည်နေပြီး လူတိုင်းအသက်ရှူအောင့်ကာ ရှေ့တွင် တဖြည်းဖြည်းနီးကပ်လာနေသော အလင်းစက်ဆီသို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

နောက်ဆုံးတော့…

ဝူး၊၊

ကောင်းကင်အမိုးခုံးရထားကြီးသည် စစ်ရထားကြီးကို ဆွဲခေါ်လျက် လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ တောက်ပနေသော အလင်းစင်္ကြံလမ်းမှနေ၍ ဝုန်းခနဲ လွတ်ထွက်လာခဲ့တော့သည်။

ရှေ့ရှိမြင်ကွင်းသည် ရုတ်တရက် ပွင့်လင်းကျယ်ပြန့်သွား၏။

သူတို့သည် ဆူနာမီတံတိုင်းကြီး၏ အခြားတစ်ဖက်သို့ အောင်မြင်စွာ ဖြတ်ကျော်ရောက်ရှိသွားကြပြီ ဖြစ်သည်။

ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းများသောင်းကျန်းနေပြီး ပင်လယ်ပြင်တွင်လည်း လှိုင်းလုံးကြီးများထန်နေ၏။ မိနစ်အနည်းငယ်အတွင်းမှာပင် ကောင်းကင်အမိုးခုံးရထားကြီးသည် လေပြင်းမုန်တိုင်းကြား၌ အသံထက်မြန်သောနှုန်းကို ကျော်ဖြတ်ကာ လှိုင်းလုံးများအောက် ခဏခဏမြုပ်နေ၍ မမြင်ရလုနီးပါးဖြစ်နေသော ပင်လယ်ပြင်ရထားလမ်းအတိုင်း စစ်ရထားကြီးကို ဆွဲခေါ်မောင်းနှင်ခဲ့သည်။ လင်းရှန်သည် ရထားဦးပိုင်းကွပ်ကဲခန်းမတွင် ရပ်နေပြီး သူ၏နောက်ကွယ်၌ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သော ကြောက်မက်ဖွယ် ဆူနာမီကြီးနှင့် ကောင်းကင်ယံအဝေးဆီမှ နီရဲသော တိမ်မည်းလှိုင်းလုံးကြီးများကို တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

ယခုအချိန်တွင် သူတို့သည် ပျံ့နှံ့နေသော အနက်ရောင်လိုက်ကာနံရံကြီး၏ အတိုင်းအတာအတွင်းမှ သိသိသာသာရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပြီး သူတို့အပေါ်ရှိ အမှောင်အမှတ်အသားသည်လည်း အကုန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် လုရှင်းချန်၏ ပင်လယ်ခွဲဓားချက်အရှိန်အဝါကြောင့် ဆူနာမီအတွင်းရှိ အမည်မသိ ထူးဆန်းသောသတ္တဝါအများအပြားလည်း လုံးဝပျက်စီးသွားခဲ့ရသည်။

ခဏချင်းမှာပင် ယခင်က ပြင်းထန်စွာ တောက်လောင်ခဲ့သော ကောင်းကင်အမိုးခုံးရထားကြီး၏ စွမ်းအားများသည် ရုတ်တရက်ငြိမ်သက်သွားပြီး တဟူးဟူးတိုက်ခတ်နေသော လေပြင်းသံနှင့် အောက်ခြေပင်လယ်နက်ထဲတွင် မီတာရာချီလှုပ်ခတ်နေသော ဧရာမလှိုင်းလုံးကြီးများသာ ကျန်ရှိတော့၏။

“ငါတို့ လွတ်လာပြီထင်တယ်… တော်သေးတာပေါ့”

နန်ကျင်းသည် ကွပ်ကဲခန်းမသို့ ပြန်ရောက်လာသည်။ သူမ၏ ခန္ဓာကိုယ်အရွယ်အစားမှာ ယခုအခါ ထက်ဝက်နီးပါး ပြန်လည်ကျုံ့ဝင်သွားခဲ့ပြီဖြစ်ရာ ၁ ဒသမ ၉ မီတာခန့်သာ ရှိတော့သည်။ ယခင်နှင့်နှိုင်းယှဉ်ပါက အရပ်ရှည်နေဆဲဖြစ်သော်လည်း ယခုအခါ သိသိသာသာပုံမှန်ပြန်ဖြစ်လာပုံရ၏။

“ငါတို့ ကံကောင်းသွားတယ်။ တကယ်လို့ အနီရောင်ဒီရေလှိုင်းသာ မနေ့ညက ပေါက်ကွဲခဲ့ရင် ငါတို့အားလုံး အဲ့နေရာမှာတင် အဆုံးသတ်သွားလောက်တယ်”

လင်းရှန်သည် သူမဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်ရင်း မေးလိုက်သည်။

“မင်းက အခု ခန္ဓာကိုယ်အရွယ်အစားကို ထိန်းချုပ်လို့ရနေပြီလား”

နန်ကျင်းသည် သူမ၏ ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ချွေးများစိုရွှဲနေသော ခေါင်းကို ငြိမ့်ပြကာ လင်းရှန်ကို ပြောလိုက်သည်။

“နည်းနည်းတော့ ရှုပ်ထွေးနေတုန်းပဲ။ ဒါပေမဲ့ သလင်းကျောက်ကို အပြည့်အဝအသက်သွင်းပြီးတဲ့နောက် နည်းလမ်းတချို့ကို ရှာတွေ့ခဲ့တယ်။ ငါ့ရဲ့ စွမ်းအားအမျိုးအစားကို ဖီးနစ်က စူပါခန္ဓာကိုယ်နည်းပညာ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုအမျိုးအစားလို့ သတ်မှတ်ခဲ့ပေမဲ့ အခုကြည့်ရတာ နည်းနည်းကွာခြားနေသေးတယ်လို့ အမြဲသံသယဝင်မိတယ်”

“မင်းကိုယ်မင်း စွမ်းအားရှင်အမျိုးအစားတစ်ခုခုလို့ သံသယဝင်နေတာလား” လင်းရှန်က မေးလိုက်၏။

“ဒါက သိသာနေတာပဲ မဟုတ်ဘူးလား”

နန်ကျင်းက မျက်မှောင်ကုတ်လျက် ပြောသည်။

“တကယ်လို့ ငါသာ အခုအဲဒီစွမ်းရည်ကို အတင်းထုတ်လွှတ်လိုက်ရင် အရင်ခန္ဓာကိုယ်အရွယ်အစားအတိုင်း ချက်ချင်းပြန်ဖြစ်သွားလိမ့်မယ်။ ဒါမှမဟုတ် အဲဒါထက်တောင်...”

သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

ထိုအချိန်တွင် ရူဂျီ၊ လုရှင်းချန်နှင့် တာလို့တို့အဖွဲ့သည် ကွပ်ကဲခန်းမအတွင်းသို့ အမြန်ဝင်ရောက်လာကြသည်။ လို့ရှားရှားလည်း လုရှင်းချန်ပြန်လာသည်ကို မြင်လျှင် ထိုင်ခုံပေါ်မှ ချက်ချင်းထရပ်ကာ သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“ဝါး မဆိုးဘူး မီးတောက်… ဒီနေ့တော့ နင့်ကို နည်းနည်းအထင်ကြီးသွားပြီ”

“တကယ်ကို အားကျဖို့ကောင်းပါတယ်”

ရှုချင်းကလည်း နောက်ကနေ လိုက်ဝင်လာပြီး လုရှင်းချန်ကို ကြည့်ကာ ထောက်ခံပြောလာသည်။

“စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုမရှိဘဲ ဒါဟာ လူသားတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားမျိုးလို့ ယုံကြည်ဖို့ ခက်ခဲလိမ့်မယ်။ အခု မီးတောက်က S-Class အဆင့်နဲ့တောင် တိုက်ခိုက်နိုင်ပြီလို့ ငါ ခံစားနေရတယ်”

“ဟုတ်တယ် ဟုတ်တယ်” လုချန်သည် ဤအချိန်တွင် အမာခံပရိသတ်တစ်ဦးကဲ့သို့ အမူအရာဖြင့် ပြောလိုက်သည်။

“သောက်ရမ်းလန်းတယ်။ ရဲဘော်… ဓားတစ်ချက်တည်းနဲ့ ဆူနာမီကို နှစ်ခြမ်းခွဲပစ်တာကတော့ လွန်လွန်းရာကျနေပြီ”

“ဆုံးဖြတ်လိုက်ပြီ။ အရင်ကတော့ ဒါက နည်းနည်းကလေးဆန်တယ်လို့ ထင်ခဲ့ပေမဲ့ ဒီနေ့ကစပြီး မင်းက ငါ့အတွက်တော့ မီးနတ်ဘုရားပဲ”

အလိုအလျောက်တံခါးပွင့်သွားပြီး ချီလီနှင့် မိုနီကာတို့ တစ်ယောက်ပြီးတစ်ယောက်ဝင်လာစဉ် ချီလီ၏အသံ ထွက်ပေါ်လာသည်။

အခြားသူများဖြစ်သည့် တာလို့နှင့် ရူဂျီတို့သည်လည်း လုရှင်းချန်ဘက်သို့ လှည့်ကြည့်ကြပြီး သူ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသည့်သဘောပြသကြ၏။

“အသေးအဖွဲပါပဲ။ ခုနက အကျပ်အတည်းကို အားလုံးရဲ့ စုပေါင်းအင်အားနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ”

လုရှင်းချန်သည် လူတိုင်း၏ ချီးမွမ်းမှုကို အလွန်သဘောကျနေပြီး ဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း သူ၏မျက်ဝန်းများတွင် ငြင်း၍မရသော ဂုဏ်ယူဝမ်းမြောက်မှုများပြည့်နှက်နေသည်။ ဤအခိုက်အတန့်တွင် သူသည် မကြုံစဖူးရဲရင့်စွန့်စားလိုစိတ်ကို အံ့ဩဖွယ်ခံစားလိုက်ရပြီး ယခင်က စီလန်နှင့် အာရုဏ်ဦးမြို့တော်တွင် ခံစားခဲ့ရသော ဖိနှိပ်ချုပ်ချယ်မှုများလည်း လုံးဝကွယ်ပျောက်သွားပုံရ၏။

All Chapters