စိုက်ကြည့်ခြင်း (၁)
Vol. 68 Ch. 1100
“အစ်ကိုလင်းနဲ့ အားလုံးပဲ စိတ်အေးအေးထားကြပါ။ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တိုးတက်ဖို့နေရာအများကြီးကျန်ပါသေးတယ်။ နောင်အနာဂတ်မှာ ဒီထက်မကကြီးမားတဲ့ အကျပ်အတည်းတွေကိုလည်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
လင်းရှန်သည် ခပ်ဖွဖွရယ်မောကာ ဤနေရာတွင် စကားဖြတ်ပြောလိုက်သည်။
“ကဲ ငါတို့ ဒီအနက်ရောင်ဓာတ်ငွေ့နယ်မြေကို လုံးဝမဖြတ်ကျော်ရသေးဘူး။ ဒါပေမဲ့ ကင်းထောက်လေယာဉ်က ပို့လိုက်တဲ့ အချက်အလက်တွေအရ အမှောင်ကျူးကျော်မှုအင်အားတွေဟာ တဖြည်းဖြည်းလျော့နည်းလာနေပြီဆိုတော့ ငါတို့အန္တရာယ်ဇုန်ထဲကနေ တကယ်ပဲ ရုန်းထွက်နေရပြီလို့ ပြောလို့ရတယ်”
မိုနီကာက နောက်တွင် ရပ်နေပြီး လင်းရှန်ကို စိုက်ကြည့်ကာ တိုးညင်းစွာ မေးလိုက်သည်။
“ကင်းထောက်လေယာဉ် ဟုတ်လား။ နင် အဲဒါကို ဘယ်တုန်းက လွှတ်လိုက်တာလဲ။ ဒါမှမဟုတ် ခုနက တခြားပြင်ဆင်မှုတွေလုပ်ထားတာလား”
“အာမခံချက်ရှိအောင် လုပ်ထားရုံပါပဲ။ အခု ငါတို့လွတ်မြောက်လာပြီဆိုတော့ ဒီကိစ္စကိုပဲ အာရုံစိုက်ကြရအောင်”
လင်းရှန် လက်ကိုမြှောက်ကာ ညွှန်ပြလိုက်ရာ သူ၏မျက်ဝန်းများတွင် တဖျတ်ဖျတ်တောက်နေသော အပြာရောင်အချက်အလက်လှိုင်းများ ပေါ်လာသည်။ ဗိုင်အိုလာ၏ တွက်ချက်မှုဗဟိုချက်နှင့် နီးကပ်စွာ ဆက်နွှယ်နေသော ယန္တရားနှလုံးသားသည် လူတိုင်း၏ရှေ့တွင် သုံးဖက်မြင် ဟိုလိုဂရမ်မြင်ကွင်းတစ်ခုကို ထုတ်လွှင့်ပြသလိုက်၏။ သူသည် ဒေသအသီးသီးရှိ မြို့ပြစောင့်ကြည့်ရေးကင်မရာများမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများကို စနစ်တကျဖွင့်ပြလိုက်သည်။
ထိုအချိန်တွင် သိပ္ပံသုတေသနခန်းမမှ တင်းကျန်းရီနှင့် ရှောင်ယွမ်တို့လည်း ရောက်ရှိလာပြီး ထိုဗီဒီယိုမှတ်တမ်းများကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။
“အနီရောင်ဒီရေလှိုင်းရဲ့ သက်ရောက်မှုကြောင့် ဖုတ်ကောင်တွေက သန္ဓေပြောင်းသွားတာလား” ရှောင်ယွမ်က တိုးညင်းစွာ မေးလိုက်၏။
“အရှိန်က မြန်လိုက်တာ။ ဖုံးလွှမ်းခံရတာနဲ့ သက်ရောက်မှုက ချက်ချင်းပေါ်လာတာပဲ” နန်ကျင်းသည် မျက်မှောင်ကြုတ်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီအခြေအနေက...”
“ဘာနဲ့တူလို့လဲ” တစ်ယောက်ယောက်က မေးလိုက်သည်။
“ကမ္ဘာပျက်ကပ်နေ့နဲ့ တူတာပေါ့ မဟုတ်ဘူးလား” ရှုချင်းက ပြန်ဖြေလိုက်၏။
နန်ကျင်းက ခေါင်းငြိမ့်ပြသည်။
“ဒါဆို ဒါက တွင်းနက်ကနေ လာတဲ့ ဒုတိယအကြိမ်မြောက် မျိုးသုဥ်းပျက်စီးခြင်း ဘေးကပ်ဆိုးကြီးပေါ့ ဟုတ်လား”
ချီလီက လက်ပိုက်ထားရင်း လူအားလုံးထဲတွင် သူ၏အမူအရာကသာ အတော်အတန် တည်ငြိမ်နေသည်။
“ဘာလဲ။ ပထမလှိုင်းတုန်းက ငါတို့ကို အပြတ်မရှင်းနိုင်လို့ အခု တိုက်ခိုက်မှုကို ပိုပြင်းထန်အောင် လုပ်လိုက်တာလား”
လုချန်သည် သက်ပြင်းအနည်းငယ်ချကာ စိတ်ပျက်အားလျော့သောလေသံဖြင့် ပြောလိုက်သည်။
“တကယ်ကို ထူးဆန်းတာပဲ။ အစကတော့ အကြီးမားဆုံး အတားအဆီးက ဖုတ်ကောင်သိုးထိန်းပဲလို့ ထင်ခဲ့တာ။ ငါတို့ရဲ့ စွမ်းရည်တွေကို မနည်းမြှင့်တင်ထားကာမှ တွင်းနက်ကြီးက ပိုပြီး မျှော်လင့်ချက်မဲ့စေတဲ့ စွမ်းအားတွေကို ထုတ်လွှတ်လိုက်ပြန်ပြီ။ ဒါကတော့...”
“လုချန်။ ဒီလိုမျိုးကြီးပဲ တွေးမနေပါနဲ့”
လင်းရှန်သည် သူ့ကိုကြည့်ကာ သူ၏အမြင်ကို ပြောပြလိုက်သည်။
“ယဉ်ကျေးမှုဆိုင်ရာ စမ်းသပ်ချက်တွေအကြောင်း ပူးပေါင်းကြံစည်မှု သီအိုရီတွေကို ခဏဖယ်ထားဦး။ မဟာဗျူဟာအရပြောရင်တော့ တိုက်ပွဲတစ်ပွဲတည်းနဲ့ တာဝန်ကို ပြတ်ပြတ်သားသားအပြီးသတ်နိုင်တာက အကောင်းဆုံးပေါ်လစီပဲ။ တွင်းနက်ကြီးရဲ့ ပြောင်းလဲမှုတွေက လူသားတွေရှင်သန်နိုင်မလားဆိုတာ မရေရာပေမဲ့ အကျိုးအကြောင်းသင့်တွေးကြည့်ရင်တော့ ကမ္ဘာပျက်ကပ်နေ့တုန်းကလောက် ကြောက်စရာမကောင်းပါဘူး”
လုချန်လည်း လုံးဝဝေခွဲမရဖြစ်သွားကာ ညည်းတွားလိုက်သည်။
“အမ် ကပ္ပတိန်လင်း… ခဗျားပြောနေတာတွေကို ကျွန်တော် ဘာလို့နားမလည်ရတာလဲ”
“အိုက်ယား… ငတုံးရဲ့” မြောင်လုက ဤနေရာတွင် စကားဖြတ်ပြောလိုက်သည်။
“ကပ္ပတိန်လင်းဆိုလိုတာက တကယ်လို့ အမှောင်ယဉ်ကျေးမှုမှာ ငါတို့ကို အပြတ်ရှင်းပစ်နိုင်တဲ့ ပိုမြင့်မားတဲ့ စွမ်းအားရှိနေပါလျက်နဲ့ အစကတည်းက အားကုန်မထုတ်ခဲ့ဘူးဆိုရင် အဲဒီရန်သူက ငါတို့အချက်အလက်ကို သေသေချာချာမသိလို့ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း သူတို့ရဲ့ အဲဒီဝှက်ဖဲက ပေးဆပ်ရမယ့်တန်ဖိုး တအားကြီးမားလို့ပဲဖြစ်လိမ့်မယ်”
“အတိအကျပဲ” နန်ကျင်းက ခေါင်းငြိမ့်ပြသည်။
“လူသားတွေကို စမ်းသပ်ခန်းထဲက ကြွက်တွေလို သုံးနေတာဆိုတဲ့ သီအိုရီကို ငါလည်း မယုံဘူး။ ငါ့အမြင်တော့ ဒါဟာ တွင်းနက်က ပိုပြီးကြီးမားတဲ့ အန္တရာယ်တစ်ခုကို ထုတ်လွှတ်လိုက်တာပဲ။ ဒါက ဘာကိုပြလဲဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခုခံမှုကြောင့် အမှောင်ထုက ခြိမ်းခြောက်မှုခံစားနေရပြီဆိုတာပဲ”
“ဒါပေမဲ့...”
ရှားရှားက ပခုံးတွန့်လိုက်သည်။
“ပြောတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အနီရောင်ကပ်ဘေးဆင်းသက်လာမှုက တကယ်ကိုကြောက်စရာကောင်းပုံရတယ်။ တကယ်လို့ ဖီးနစ်နဲ့ အာရုဏ်ဦးဗဟိုစင်တာပါ ပြိုကွဲပျက်စီးသွားရင် လူအများကြီးက ဝင်ရိုးစွန်းဒေသအထိတောင် ရောက်အောင်လာနိုင်ကြတော့မှာ မဟုတ်ဘူး”
“ဝင်ရိုးစွန်းဒေသကို ရောက်သွားရင်တောင် အတူတူပါပဲ။ အခု အခြေအနေရဲ့ မရေရာမှုအဆင့်က တကယ့်ကို ခေါင်းခဲစရာပဲ”
ချီလီက ထိုင်ခုံကို မှီလိုက်ရင်း ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။
“တကယ်လို့ ငါတို့က အနီရောင်မြူနယ်မြေထဲမှာ မနေနိုင်ဘူးဆိုရင် မြို့တွေ၊ ပုံသေစက်ရုံတွေနဲ့ လူနေအခြေစိုက်စခန်းတွေ အားလုံးကို စွန့်ခွာရတော့မယ်။ အနီရောင်နယ်မြေထဲမှာ ဘယ်လိုမိစ္ဆာကောင်တွေရှိနေမလဲ ဒါမှမဟုတ် ခုနက ငါတို့မြင်ခဲ့ရတဲ့ တည်နေရာပြောင်းဒုက္ခပေးမယ့် အရာတွေကို ခဏဖယ်ထားဦး။ ထောက်ပံ့ရေးနဲ့ ရိက္ခာဖြည့်တင်းရေးပြဿနာနဲ့တင် ကြီးမားတဲ့ အခက်အခဲဖြစ်လာလိမ့်မယ်”
သူက လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
“အာရှ-ပစိဖိတ်တိုက်ကြီး၊ တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပစတဲ့ အဓိကဒေသတွေမှာရှိတဲ့ ဘေးကင်းတဲ့ မြို့ပြအခြေစိုက်စခန်းတွေအားလုံး ပျက်စီးသွားလောက်ပြီ။ ဖီးနစ်နဲ့ အခြားအဖွဲ့အစည်းတွေ တည်ဆောက်ထားတဲ့ လက်နက်စက်ရုံတွေ၊ စိုက်ပျိုးရေးအခြေစိုက်စခန်းတွေကိုလည်း ငါတို့နဲ့အတူ သယ်သွားလို့မရဘူး။ ဒါက ဘာကိုဆိုလိုတာလဲ”
“ဒါက နောက်ပိုင်းကျရင် ထုတ်လုပ်မှုနဲ့ လူနေမှုဘဝလှုပ်ရှားမှုအားလုံးကို ရထားပေါ်မှာပဲ လုပ်လို့ရတော့မယ်ဆိုတဲ့ သဘောပဲ”
လင်းရှန်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသဖြင့် လူအုပ်ကြားရှိ လေထုမှာ ရုတ်တရက် အေးခဲသွားတော့သည်။
လင်းရှန်က သက်ပြင်းကို ဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။ “ငါဆိုလိုတာက အခြေအနေက အဲဒီလောက်အထိ ဆိုးချင်မှဆိုးမှာပါ။ ကိုယ်လုံးပြည့်ဖုံးအုပ်ထားတဲ့ ယန္တရားဝတ်စုံရှိတဲ့ ငါတို့တွေကတော့ ဒိအနီရောင်နယ်မြေထဲမှာ နည်းနည်းပါးပါးလှုပ်ရှားနိုင်လိမ့်မယ်။ ဒါပေမဲ့ အရင်က ပိန်းပိတ်အောင်မှောင်တဲ့ ညတွေနဲ့တော့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး။ အန္တရာယ်အဆင့်အတန်းက တအားမြင့်မားလွန်းတယ်။ မဟာမိတ်ယာဉ်တန်းနဲ့ ဆုံပြီးတာနဲ့ အားလုံးက ဒီကမ္ဘာပျက်ကပ်ရထားကြီးပေါ်မှာပဲ ပိတ်မိပြီး တောက်လျှောက်ထွက်ပြေးတိမ်းရှောင်ရလိမ့်မယ်လို့ ငါ ခန့်မှန်းရတယ်”
“ဒါဆိုရင် နင့်ရဲ့ စိုက်ပျိုးရေးတွဲက လုံးဝမလောက်ငှတော့ဘူးပေါ့” မိုနီကာက ပြုံးလျက် ပြောလိုက်သည်။
လင်းရှန်က ခေါင်းစောင်းကြည့်လိုက်သည်။ “အမှန်ပဲ… ငါက အဲဒီတိုက်ကြီးဖြတ်ရထားကြီးကို အနန္တရထားနဲ့ ချိတ်ဆက်ဖို့၊ စိုက်ပျိုးရေးတွဲတွေကို တိုးချဲ့ဖို့၊ ပြီးတော့ မွေးမြူရေးလုပ်ငန်းတချို့ဖြစ်တဲ့ ကြက်၊ ဘဲ၊ နွား၊ သိုးစတာတွေကို မွေးမြူဖို့ ရည်ရွယ်ထားပြီးသားပါ”
နန်ကျင်းက သူ့ကိုကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။ “ကပ္ပတိန်လင်း။ နင့်ခန္ဓာကိုယ်မှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးနဲ့ကြုံရပါစေ… လူတွေကို ဆက်လျှောက်လှမ်းနိုင်စေမယ့် ယုံကြည်မှုတစ်ခုခုကို အမြဲတမ်းရှာဖွေပေးနိုင်တဲ့ စွမ်းအင်မျိုးရှိနေတယ်လို့ ငါအမြဲခံစားရတယ်”
“ငါတို့ ဆက်မလျှောက်လှမ်းရင် တခြားဘာလုပ်စရာရှိလို့လဲ…. ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာလား” လင်းရှန်က ပြက်လုံးထုတ်လိုက်သည်။
“အခု မင်းတို့အားလုံးကို ကြည့်လိုက်ဦး။ တစ်ယောက်ချင်းစီက စူပါဟီးရိုးတွေ ဖြစ်နေကြပြီ။ လက်သီးတစ်ချက်က အမြောက်နဲ့တူတယ်၊ ဓားတစ်ချက်က လှိုင်းလုံးတွေကို ဖြတ်နိုင်တယ်၊ တစ်ယောက်က လူကောင်ကြီးကြီးပြောင်းလဲနိုင်တယ်၊ တစ်ယောက်က ယန္တရားရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်တယ်၊ တစ်ယောက်က လေဆာတွေ ပစ်နိုင်တယ်။ မင်းတို့အားလုံးက အသက်ရှင်ဖို့အတွက် အားကုန်ထုတ်နေကြတာပဲ။ အခြေအနေတွေ ဘယ်လောက်ပဲဆိုးဆိုး၊ ငါတို့က ရင်ဆိုင်ဖြေရှင်းမယ့် နည်းလမ်းကိုပဲ အမြဲရှာဖွေရမှာ မဟုတ်ဘူးလား”
ထိုသို့ပြောပြီးနောက် သူသည် ထရပ်ကာ တံခါးဆီသို့ ဦးတည်လိုက်သည်။
“အအေးခန်းထဲက လူတွေဆီမှာ ပြောင်းလဲမှုတချို့ ရှိနေတယ်လို့ ရှီဇီက ပြောတယ်။ မင်းတို့ ဒီမှာပဲ စောင့်ကြည့်နေကြဦး… ငါသွားကြည့်လိုက်မယ်”
“ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်” တင်းကျန်းရီက သူ၏နောက်ကနေ လိုက်လာသည်။
“ညီမလည်း လိုက်မယ်” ရှားရှား၏ မျက်လုံးများ တောက်ပသွားပြီး လင်းရှန်နောက်သို့ အပြေးလိုက်လာခဲ့သည်။
လင်းရှန်သည် ကာကွယ်ရေးတာဝန်ကို မိုနီကာနှင့် အခြားသူများထံ လွှဲအပ်ခဲ့သည်။ သူတို့၏ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုအပြီးတွင် ထိုလူအနည်းငယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းနေပြီဖြစ်သည်။ ထို့ပြင် ဗိုင်အိုလာနှင့် ကောင်းကင်အမိုးခုံးရထား၏ စွမ်းအားများက ကွပ်ကဲခန်းမတွင်ရှိနေသဖြင့် သူ စိတ်ချလက်ချထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်၏။ သူနှင့် ရှားရှားသည် အေးခဲခန်းမဆီသို့ အမြန်ဦးတည်လိုက်ကြသည်။
ယခုအချိန်အထိ နံနက် ၁၁ နာရီပင် မရှိသေးသော်လည်း ပြင်ပကမ္ဘာ၏ ကောင်းကင်ယံမှာမူ ပိန်းပိတ်အောင် မှောင်မည်းနေဆဲဖြစ်သည်။ အပြင်ဘက်တွင် လှိုင်းလုံးကြီးများထန်နေသော်လည်း ကောင်းကင်အမိုးခုံးရထား၏ အတွင်းပိုင်းမှာမူ လုံးဝတည်ငြိမ်နေဆဲဖြစ်၏။
လင်းရှန် ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်မှာ နာနိုအတွင်းခံဝတ်စုံကို ဝတ်ဆင်ထားပြီး အခန်းငယ်တစ်ခုထဲတွင် ထိုင်နေသော ချန်ဆီရွှမ်ဖြစ်သည်။ သူမ၏မျက်နှာတွင် ချွေးများစိုရွှဲနေပြီး ဆံပင်အရှည်ကြီးများမှာလည်း ရွှဲရွှဲစိုနေကာ လုံးဝပင်ပန်းနွမ်းနယ်နေပုံရ၏။ ရှီဇီက သူမ၏ဘေးတွင် ရှိနေပြီး ချန်ဆီရွှမ်၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ လှုပ်ရှားနေသော အမှောင်စွမ်းအင်လှိုင်းများကို သူမ၏ အစိမ်းရောင်ကုသခြင်းစွမ်းအားဖြင့် ငြိမ်သက်အောင်ကူညီပေးနေသည်။
“သူမရဲ့ နှလုံးခုန်နှုန်းက တအားမြန်နေပေမဲ့ စိတ်ဝိညာဉ်စွမ်းအားကတော့ ကြီးမားတဲ့ပြဿနာမရှိပါဘူး” လင်းရှန် ချဉ်းကပ်လာသည်ကို မြင်လျှင် ရှီဇီက ချက်ချင်း ပြောလိုက်သည်။