စိုက်ကြည့်ခြင်း (၂)
Vol. 68 Ch. 1101
C
တင်းကျန်းရီက တိုင်းတာကိရိယာကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“၁၅,၈၀၀။ သူမရဲ့ စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးက ဒီလောက်အထိမြင့်တက်သွားတာလား”
ထို့နောက် သူမက ချန်ဆီရွှမ်ကို ကြည့်လိုက်သည်။
“ကျွန်မရဲ့ မှတ်တမ်းတွေအရ ရှင်အရင်က အမြင့်ဆုံးဖြစ်ခဲ့တာ ၆,၅၀၀ ဝန်းကျင်ပဲ မဟုတ်ဘူးလား။ ဒီအချိုးအစားအရဆိုရင် ရှင့်ရဲ့ သလင်းကျောက်က တကယ်တော့ ၁၄၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားတာပဲ”
လင်းရှန်လည်း ချန်ဆီရွှမ်ကို ကြည့်ကာ မမေးဘဲမနေနိုင်ဖြစ်သွားသည်။ “ဘာဖြစ်တာလဲ ဆရာမချန်… ဘယ်လိုခံစားရလဲ”
ချန်ဆီရွှမ်က ဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြပြီးနောက် အသက်ပြင်းပြင်းရှူကာ ခေါင်းငုံ့လိုက်သည်။
“လင်းရှန်… ကျွန်မ အိပ်မက်ဆိုးတစ်ခုမက်ခဲ့တယ်”
“အိုး”
“ကျွန်မ မက်တာက... ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ကြီးတစ်ကောင်။ ဘယ်လူသားမှ သူ့ရဲ့ ဝါးမျိုမှုကို မလွတ်မြောက်နိုင်ဘူး… ဟူး...”
ချန်ဆီရွှမ်က သူမ၏မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားသည်။
“အခုတော့ ရှင်အမြဲတမ်းပြောနေတဲ့ အမှောင်စွမ်းအင်ကို ကျွန်မ တကယ်ခံစားလို့ရပြီ။ အဲဒါက... လေထုထဲမှာ စီးဆင်းနေတဲ့ ရေလှိုင်းတစ်ခုလိုပဲ”
လင်းရှန်က ခပ်ဖွဖွပြုံးလိုက်ပြီး ချန်ဆီရွှမ် အဆင်ပြေသည်ကို မြင်ရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချရင်း သူမကို တွဲကူပေးလိုက်သည်။
“၁၅,၈၀၀ ဆိုရင် မင်း အခု ကျိအန်းမြို့မှာတုန်းက တွေ့ခဲ့တဲ့ အဖြူရောင်တဘက်ကြီးကို ခြေထောက်နဲ့ ကန်သတ်လို့ရပြီ။ အဲဒီအနီရောင်ကင်းခြေများကိုလည်း မင်းက လက်ဗလာနဲ့ ဆွဲဖြဲပစ်လို့ရတယ်”
“ဝါး အစ်မချန်က ဒီလောက်အထိ အားကောင်းသွားတာလား” ရှားရှားက ဝင်ပြောလိုက်သည်။
“ကျွန်မက တကယ်ပဲ အဲဒီလောက်အထိကြမ်းတမ်းသွားတာလား” ချန်ဆီရွှမ်က လင်းရှန်ကို မကျေမနပ်မျက်စောင်းထိုးရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမ၏အကြည့်ကို အခြားအေးခဲအခန်းငယ်များဆီသို့ ရွှေ့လိုက်သည်။
“သူတို့ကော ဘယ်လိုလဲ… အဆင်ပြေရဲ့လား”
“မကြာခင် နိုးလာတော့မှာပါ” လင်းရှန်က ပြောလိုက်၏။
ရှားရှားက လော့ယန်နှင့် ရှောင်ချင်းတို့ ရှိနေသည့် အခန်းငယ်များဆီသို့ တစ်ခုပြီးတစ်ခု အပြေးအလွှားသွားရောက်စစ်ဆေးသည်။ နောက်ဆုံးတွင် သူမ၏ခြေလှမ်းများသည် ကီကီ၏ အခန်းငယ်ရှေ့တွင် ရပ်တန့်သွား၏။ သူမ၏ မျက်နှာလေးရှုံ့မဲ့သွားပြီး အတွင်းထဲသို့ စူးစိုက်ကြည့်ကာ လင်းရှန်ကို ချက်ချင်း လက်ယပ်ခေါ်လိုက်သည်။
“အစ်ကိုလင်း… အစ်မကီကီက ဘာဖြစ်နေတာလဲ။ ဒါက ပုံမှန်ပဲလား”
ထိုစကားကို ကြားလျှင် လင်းရှန်သည် အမြန်လျှောက်သွားလိုက်ရာ တင်းကျန်းရီနှင့် ချန်ဆီရွှမ်တို့က နောက်ကလိုက်လာပြီး ရှီဇီလည်း သူတို့နှင့်အတူ ပူးပေါင်းလိုက်သည်။ လူစုသည် ကီကီ၏ အခန်းငယ်ဘေးတွင် စုရုံးမိသွားကြပြီး အတွင်းရှိ အခြေအနေကို မြင်လိုက်ရသည့်အခါ အားလုံးမျက်နှာပျက်သွားကြ၏။
ယခုအချိန်တွင် အခန်းငယ်ထဲ၌ လှဲလျောင်းနေသော ကီကီသည် မျက်လုံးများကို ဖွင့်ထားဆဲဖြစ်သည်။ သူမ၏ မျက်လုံးအိမ်ထဲတွင် နက်ရှိုင်းပြီး အတိုင်းအဆမရှိသော အလှတရားတစ်ခုက တုန်ခါတောက်ပနေပြီး ရေတွက်၍မရသော တောက်ပသည့် အရိပ်များသည် ဂလက်ဆီဝဲဂယက်တစ်ခုကဲ့သို့ ဖြည်းဖြည်းချင်းလည်ပတ်နေသည်။ ထိုအရာသည် ခန့်ညားထည်ဝါလှသလို တစ်ဖက်ကလည်း အနည်းငယ် ထူးဆန်းခြောက်ခြားဖွယ်ကောင်းနေ၏။
“ခုနက အနီရောင်ကောင်းကင်ကြီးပျံ့နှံ့သွားတုန်းက သူမက ရုတ်တရက် မျက်လုံးပွင့်လာတာပဲ”
ရှီဇီက စိုးရိမ်တကြီး ပြောလိုက်သည်။
“ကျွန်မ သူမရဲ့ အခြေအနေကို စစ်ဆေးပြီးပြီ။ အားလုံး ပုံမှန်ပဲ။ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရင်ကထက် ပိုပြီးတည်ငြိမ်နေတယ်။ ဒါပေမဲ့ ထူးဆန်းတာက ကျွန်မ သူမကို စွမ်းအားတုန်ခါမှုလှိုင်းချင်း ချိတ်ဆက်ဖို့ ကြိုးစားတဲ့အခါ အရမ်းထူးဆန်းတဲ့... လှိုင်းအတတ်အကျတစ်ခုကို ခံစားလိုက်ရတယ်”
“လှိုင်းအတတ်အကျ ဟုတ်လား” လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ်” ရှီဇီက ဖော်ပြရန် စကားလုံးရှာဖွေရင်း ပြောလိုက်သည်။
“ကျွန်မ တစ်ခါမှ ဒီလိုမျိုးမခံစားဖူးဘူး။ အဲဒါက... တခြားအရာတစ်ခုခုက ကျွန်မကို တုံ့ပြန်နေသလိုမျိုးပဲ”
ချန်ဆီရွှမ် ထိုစကားကို ကြားကြားချင်း လင်းရှန်ကို ချက်ချင်းကြည့်လိုက်သည်။
“လင်းရှန်… ပြဿနာတစ်ခုခုရှိနေလို့လား”
လင်းရှန်က ကီကီကို ကြည့်ရင်း ခေါင်းခါလိုက်သည်။
“ပြဿနာရှိရင်တောင် ငါတို့ မမြင်နိုင်ဘူး။ လူတိုင်းရဲ့ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုက ထူးဆန်းတဲ့ ဖြစ်စဉ်အချို့နဲ့ တွဲပါလာတတ်တာပဲ။ ပြီးတော့ ကီကီက ရှားပါးတဲ့ စိတ်စွမ်းအင်အမျိုးအစားဖြစ်လို့ ပိုပြီးတော့ ရှုပ်ထွေးနိုင်တယ်။ စောင့်ကြည့်ကြတာပေါ့၊၊ အချိန်အကြာကြီးတော့ မလိုလောက်ပါဘူး”
ချန်ဆီရွှမ်က ခေါင်းငြိမ့်ပြလိုက်၏။
မကြာမီ အခြားသော အခန်းငယ်အချို့လည်း တစ်ခုပြီးတစ်ခုပွင့်လာကြပြီး လော့ယန်၊ ရှောင်ချင်းနှင့် အားဖေးတို့အားလုံး သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကို အောင်မြင်စွာ ပြီးဆုံးသွားကြသည်။ လင်းရှန်၏ ထူးဆန်းသောကုဗတုံး၊ သူအထူးပြုလုပ်ထားသော အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာကာကွယ်ရေးတို့အပြင် ရှီဇီ၏ စောင့်ရှောက်မှုကြောင့် အရာအားလုံးသည် မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့စွာ တိုးတက်သွားခဲ့သည်။
လော့ယန်သည် ၆,၃၀၀ မှ ၁၃,၈၀၀ အထိ တိုးတက်သွားပြီး အားဖေးမှာမူ ၆,၉၀၀ မှ ၁၅,၅၀၀ အထိ မြင့်တက်သွားသည်။ အထင်ကြီးစရာအကောင်းဆုံးမှာ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူဖြစ်သည့် ရှောင်ချင်းဖြစ်ပြီး သူမသည် ၇,၀၀၀ ကျော်မှ ၁၆,၈၀၀ အထိ တိုးတက်သွားရာ အံ့ဩဖွယ်ကောင်းသော စွမ်းအားတိုးမြင့်မှုဖြစ်၏။
ထိုသုံးယောက်ထဲတွင် အားဖေးတစ်ယောက်သာ အနည်းငယ်ထူးဆန်းသောပြောင်းလဲမှုရှိသည်။ သူ၏မျက်လုံးများမှာ ၁၀၀% အနက်ရောင်ပြောင်းလဲသွားသဖြင့် အနည်းငယ်ကြောက်စရာကောင်းနေ၏။ အားသာချက်မှာ သူသည် သူ၏အမြင်အာရုံကို ထိန်းချုပ်ရန်အတွက် မျက်မှန်အနက်ကြီးများကို တပ်ဆင်ထားရန် မလိုတော့ခြင်း ဖြစ်သော်လည်း အားနည်းချက်မှာ... ကြည့်ရသည်မှာ အတော်လေး စိတ်မသက်မသာဖြစ်စရာကောင်းနေခြင်းပင်။
ထို့ကြောင့် အားဖေးသည် လင်းရှန် အထူးပြုလုပ်ပေးထားသော လေဆာမျက်မှန်ကို ဆက်၍ဝတ်ဆင်ထားလေသည်၊၊
ရှောင်ချင်း၏ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုသည် ၁၇,၀၀၀ နီးပါးအပြီးတွင် သူမ၏အေးစက်သော မျက်နှာ၌ ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုများ စွန်းထင်နေလေသည်။ မျက်စိဖြင့် မမြင်ရသော်လည်း လင်းရှန်က ချက်ချင်းသတိပြုမိလိုက်ပြီး အပြင်ဘက်တွင် အန္တရာယ်ရှိနေနိုင်သေးသဖြင့် သွားရောက်ကူညီရန် အကြံပြုလိုက်သည်။ ဓားသမားမလေးက ချက်ချင်း ခေါင်းငြိမ့်ပြကာ သူမ၏သေနတ်ဓားကို ဆွဲကိုင်လျက် လှည့်ထွက်သွား၏။ သူမ၏ နှုတ်ခမ်းထောင့်စွန်းရှိ ဖျော့တော့သောအပြုံးလေးက ထိုအခိုက်အတန့်တွင် သူမ၏ တိုက်ခိုက်လိုစိတ်ပြင်းပြနေမှုကို သိသာစေသည်။
လင်းရှန်နှင့် အခြားသူများသည် နောက်ထပ်တစ်နာရီနီးပါးခန့် စောင့်ဆိုင်းခဲ့ကြသော်လည်း ကီကီသည် နိုးထလာမည့် အရိပ်အယောင်မရှိသေးပေ။ ထိုအချိန်တွင် မွန်းတည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြင်ပရှိ ပြင်းထန်နေသော လှိုင်းလုံးကြီးများလည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်အမိုးခုံးရထားသည် မုန်တိုင်းဇုန်ထဲမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ရာ အောက်ခြေရှိ ပင်လယ်ပြင်သည် နေရောင်အောက်တွင် တောက်ပစွာ လင်းလက်နေပြီး အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင်မူ ခြိမ်းခြောက်နေသော အနက်ရောင်လိုက်ကာတံတိုင်းကြီးကို မြင်နေရဆဲဖြစ်သည်။
ဤအချိန်အတွင်း လင်းရှန်သည် ကီကီ၏ အသက်လက္ခဏာများကို အဆက်မပြတ်စောင့်ကြည့်နေခဲ့သည်။ သူမ ယူနေသော အချိန်သည် မီးတောက်ယူခဲ့သော အချိန်ထက်ပင် ကျော်လွန်နေသဖြင့် လင်းရှန်လည်း တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရ၏။
“လင်းရှန်… သူမရဲ့ အသက်ရှူသံတွေ အားနည်းလာပြီ” ချန်ဆီရွှမ်၏ မျက်နှာမှာ အတော်လေး စိုးရိမ်ပူပန်နေလေသည်။
တင်းကျန်းရီက လက်ကိုင်ကိရိယာကို ကြည့်လိုက်သည်။
“သူမရဲ့ အသက်လက္ခဏာတွေကလည်း ပုံမှန်မဟုတ်တော့ဘူး”
ထိုစဥ် ရှီဇီက လက်နှစ်ဖက်ကို ချက်ချင်းမြှောက်ကာ စိတ်စွမ်းအားဖြင့် ကီကီကို ချိတ်ဆက်ရန် ကြိုးစားရင်း ထိတ်လန့်တကြား အော်လိုက်သည်။
“သူမရဲ့... သူမရဲ့ စွမ်းအားတွေက... ပျောက်ကွယ်သွားနေတာလား”
“ကီကီ” လင်းရှန်က လှမ်းခေါ်လိုက်သည်။
အခန်းငယ်ဘေးတွင် ရပ်ရင်း လင်းရှန်သည် အဖုံးအောက်ရှိ မိန်းကလေးကို တည်ငြိမ်လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ထို ခရမ်းရောင်ကြယ်တာရာဝဲဂယက်မျက်ဝန်းများထဲတွင် သူသည် အေးစက်လှသောအမှောင်စွမ်းအင်လှိုင်းအတတ်အကျကို ခံစားလိုက်ရ၏။ ထို့နောက် အကြောင်းရင်းမရှိဘဲ သူ မော့ကြည့်လိုက်ရာ အမှောင်စွမ်းအင်လှိုင်းအတတ်အကျ၏ ဦးတည်ရာ ဖမ်းဆုပ်သွားသည်။ ထိုအရာသည် ယခင်သွေးကပ်ဘေးပန်းက အမှောင်စွမ်းအင်ကို ပြောင်းလဲပြီးနောက် ထုတ်လွှတ်လိုက်သော စွမ်းအင်အစစ်အမှန်များနှင့်ဆင်တူနေသည်။
လင်းရှန်သည် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ သူသည် မလှမ်းမကမ်းတွင် သူပြင်ဆင်ထားသော အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာဆီသို့ ချက်ချင်းလှည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းပင် သူဖန်တီးထားသော ထိုကာကွယ်ရေးကိရိယာသည် သူ၏ ယန္တရားဝါးမျိုမှုကြောင့် လျင်မြန်စွာ ဝါးမျိုခြင်းခံလိုက်ရပြီး ဖုန်မှုန့်များအဖြစ် ပျက်စီးသွားတော့သည်။
“လင်းရှန်… ရှင် ဘာလုပ်လိုက်တာလဲ”
“သူမက အမှောင်စွမ်းအင်တွေကို စုပ်ယူဖို့ လိုအပ်နေတယ်”
လင်းရှန် စကားပြောပြီးသည်နှင့် ယခင်က သီးခြားခွဲထုတ်ထားသော ထူးဆန်းသည့် အမှောင်စွမ်းအင်များသည် ကီကီ၏ မျက်ဝန်းများထဲသို့ အဟုန်ပြင်းစွာ တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။ ခရမ်းရောင် အမှောင်အလင်းတန်းများသည် စူးရှတောက်ပစွာ ပေါက်ကွဲထွက်လာပြီး လင်းရှန် ထိုအလင်းတန်းကို ကြည့်လိုက်မိသည့်အခါ အားကောင်းလှသော စိတ်ဝိညာဉ်ဆွဲငင်အားတစ်ခုက သူ့ကို အမှောင်ထု၏ ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်သွားတော့သည်။
ဝူး~
ဝူး~
နက်ရှိုင်းလှသော တွင်းနက်ကြီးတစ်ခုထဲသို့ ထိုးဆင်းသွားသကဲ့သို့ ပြင်းထန်သောအလေးချိန်မဲ့ခြင်းခံစားချက်က သူ့ကို လွှမ်းမိုးသွား၏။
အမှောင်ထုကို ဖောက်ထွက်ပြီး လင်းရှန် ရုတ်တရက် နိုးထလာသည့်အခါ သူ၏ရှေ့မှ မြင်ကွင်းက အကုန်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
မှောင်မည်းသော တိမ်တိုက်များအောက်တွင် ဆိတ်သုဉ်းပျက်စီးနေသော မြို့ပြကြီးသည် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေပုံရသည်။ ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းတွင် သပ်ရပ်လှသော အချက်ပြမီးတန်းများသည် အသက်ရှူနေသကဲ့သို့ တဖျတ်ဖျတ်လင်းနေပြီး မြို့ပြကြီးကို ဝန်းရံထားသော မြင့်မားလှသည့် သံမဏိကာကွယ်ရေးတံတိုင်းကြီးကို လင်းထိန်စေသည်။ ထိုနေရာမှ မှေးမှိန်သောအလင်းရောင်သည် လူသားမျိုးနွယ်၏ မီးရှူးတန်ဆောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရောပြွမ်းနေသော လေးနက်မှုကို ထွက်ပေါ်စေ၏။
မြို့လယ်ခေါင်ရှိ မိုးမျှော်တိုက်ကြီးတစ်ခု၏ ထိပ်ဖျားတွင် လင်းရှန်သည် မျက်လုံးများကို ဖွင့်ကာ ထူးဆန်းလှသော မြင်ကွင်းကြီးကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။
ကောင်းကင်ယံအထက်တွင်…
ဧရာမ လူသားပုံသဏ္ဌာန် အလောင်းကောင်ကြီးတစ်ခုသည် ကောင်းကင်နှင့် နေမင်းကြီးကို ကာဆီးလျက် လေထဲတွင် မှောက်လျက်သား မျောလွင့်နေသည်။ တိမ်တိုက်များကြားမှ မြင်တွေ့နေရသော သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အနီးစပ်ဆုံး ခန့်မှန်းကြည့်ရုံမျှဖြင့် အနည်းဆုံး ၁၀ ကီလိုမီတာကျော် ရှည်လျားနေသည်။
ထို ဧရာမ မျောလွင့်နေသော အလောင်းကောင်ကြီးသည် ရွေ့လျားခြင်းမရှိဘဲ မိုးပျံတိုက်ကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးခိုးပြာရောင်သန်းနေကာ ခြောက်သွေ့ပြီး ချိုင့်ဝှမ်းတစ်ခုလိုဖြစ်နေသော အရေပြားအရေးအကြောင်းများကို အထင်အရှားမြင်တွေ့နေရသည်။ သူ၏ ပိန်းပိတ်အောင်မှောင်ပြီး ဟာလာဟင်းလင်းဖြစ်နေသော မျက်ဝန်းအိမ်များထဲတွင် အသက်လက္ခဏာများမရှိသော်လည်း ထူးဆန်းခြောက်ခြားဖွယ်ဖိနှိပ်မှုများကို ထုတ်လွှတ်ကာ မြို့ပြကြီး၏ ကောင်းကင်ယံထက်တွင် တည်ရှိနေ၏။
ထူးဆန်းသော တီးတိုးစကားသံများသည် သူ၏နားထဲတွင် တုန်ဟည်းလာသည်။ လင်းရှန် ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်ပြီး ဧရာမ အလောင်းကောင်ကြီး၏ နက်ရှိုင်းလှသော မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် ထိုနက်ရှိုင်းလှသော တွင်းနက်ကြီးသည်..
သူ့ကို ပြန်လည်စိုက်ကြည့်နေသကဲ့သို့ပင်၊၊