ထိတ်လန့်ဖွယ်စိတ်ဝိညာဥ်တုန်ခါလှိုင်းအထွတ်အထိပ် (၁)
Vol. 68 Ch. 1102
ဟူး။
လင်းရှန်သည် ကောင်းကင်တွင် မျောလွင့်နေသော ထိုကြောက်မက်ဖွယ်ရာ လူသေကောင်ကြီးကို စိုက်ကြည့်ရင်း မျက်ဝန်းများ အနည်းငယ်လှုပ်ခတ်သွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
ဤသို့သောအခြေအနေကို သူကြုံတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ကီကီ၏ စွမ်းအား ပထမဆုံးအကြိမ် ဆင့်ကဲပြောင်းလဲစဉ်က ကီကီ၏ စိတ်ဝိဉာဉ်စွမ်းအားနယ်ပယ်အတွင်း၌ ဤထိတ်လန့်ဖွယ်မြင်ကွင်းကို သူ မြင်တွေ့ခဲ့ဖူးသည်။ ယခုအချိန်တွင်မူ လင်းရှန် စိတ်ထဲမှ အသေအချာသိရှိသွားခဲ့ပြီ ဖြစ်သည်။ ညကောင်းကင်ယံတွင် တောင်တစ်လုံးကဲ့သို့ ခန့်ညားထည်ဝါစွာ တည်ရှိနေသော ထိုလူသေကောင်ကြီးသည် ထိုစဉ်က ဟယ်လီကော်ပတာပေါ်တွင် ကီကီ အဖြစ်ဆိုးနှင့် ကြုံခဲ့ရစဉ် ကျိအန်းမြို့ရှိ မြင့်မားသော မိုးတိမ်တောင်များကြားတွင် ရှိနေခဲ့သည့် သတ္တဝါနှင့် တစ်ထေရာတည်း တူညီနေသည်။
“ဒီအရာက ကီကီနဲ့ အရင်းမြစ်တစ်ခုတည်းဖြစ်ပြီး ဆန့်ကျင်ဘက်အခြမ်းမှာရှိတဲ့ စွမ်းအားဆက်နွှယ်မှုသတ္တဝါဖြစ်နေမလား”
လင်းရှန်သည် ဤယူဆချက်ကို ချက်ချင်းပင် တွေးမိလိုက်သည်။
ဇီဝသက်ရှိ အမှတ် ၂ - အမည်မသိ ကောင်းကင်အလောင်းကောင်ကြီး။
ဖီးနစ်၏ Firebookသတင်းအချက်အလက်တွင် ဤသတ္တဝါကို ထိုသို့ ဖော်ပြထားသည်။ ချူယန်သည်ပင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ သွားရောက်စုံစမ်းခဲ့ဖူးပြီး ရရှိခဲ့သည့် ထိရောက်သော သဲလွန်စမှာမူ ထိုသတ္တဝါထံသို့ ချဉ်းကပ်၍မရခြင်းပင် ဖြစ်သည်။ ၎င်းတွင် အလွန်တရာကြောက်မက်ဖွယ်ကောင်းသော ဇီဝစွမ်းအင်ဒိုင်းရှိနေသကဲ့သို့ ခံစားရသည်။ သို့သော်လည်း ဖီးနစ်၏ စောင့်ကြည့်ရေးအစီရင်ခံစာအရ ကမ္ဘာ့အဆင့်ကပ်ဘေးကြီးအဖြစ် သတ်မှတ်ထားသော ဤသတ္တဝါသည် လေထဲတွင် မျောလွင့်လှုပ်ရှားနေခြင်းမှလွဲ၍ လူသေကောင်အစစ်တစ်ခုကဲ့သို့ နိုးထခြင်းမရှိဘဲ ဆန်းကြယ်သောအခြေအနေတွင်သာ ရှိနေခဲ့သည်။
လင်းရှန်သည် ယခုအချိန်တွင် ထိုသတ္တဝါ၏ ထူးဆန်းသော ပုံသဏ္ဌာန်ကို ဂရုတစိုက်လေ့လာနေမိသည်။ ကောင်းကင်ထက်မှ အမှောင်စွမ်းအင်များ၏ ကြောက်မက်ဖွယ်ရာ လှိုင်းထန်မှုများ ဖြာထွက်နေသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ရင်းနှီးနေသော ကျောပြင်တစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။
ကီကီ။
သူမသည် မြင့်မားသော အဆောက်အအုံတစ်ခု၏ အပြင်ဘက်နံရံအစွန်းတွင် ထိုင်နေပြီး ထိုစဉ်က ကျိအန်းမြို့၌ လင်းရှန် ကယ်တင်ပေးခဲ့စဉ်က ဝတ်ဆင်ထားသော ကုတ်အင်္ကျီကို ဝတ်ထားဆဲဖြစ်သည်။ သူမ၏ ခရမ်းနုရောင်ဆံနွယ်ရှည်များသည် လေနှင့်အတူ လွင့်မျောနေပြီး သူမ၏ကျောပြင်လေးမှာ အနည်းငယ်အထီးကျန်နေပုံရသည်။
လင်းရှန်၏ အကြည့်များ နူးညံ့သွားကာ သူမအနားသို့ လျှောက်သွားပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဘာကြည့်နေတာလဲ”
ကီကီက သူ့ကို ဘေးစောင်းကြည့်ကာ အပေါ်သို့ လက်ညှိုးထိုးပြရင်း ပြောသည်။
“ရှင်လည်း မြင်သားပဲ”
“မမြင်ဘဲ နေမလား”
“ဒါက အဲဒီညက ကျွန်မ ရဟတ်ယာဉ်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ခေါင်မိုးပဲ။ ကျွန်မ သတိရလာလို့ ခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာ ဒီမြင်ကွင်းကို မြင်ခဲ့ရတာ”
ကီကီက လင်းရှန်ဘက်သို့ လှည့်ကြည့်ကာ အဝေးတစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။
“ကြည့်လေ အဲဒီဘက်က ရှင့်အိမ်ရှိတဲ့ ဘက်ပဲ။ ရှင် အလံဝှေ့ယမ်းပြနေတာကို ကျွန်မ မှတ်မိသေးတယ်”
လင်းရှန်က ခေါင်းငြိမ့်ပြကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ဒါဆို ငါက မင်းရဲ့ စိတ်ဝိဉာဉ်ကမ္ဘာထဲကို နောက်တစ်ခါပြန်ရောက်လာတာပေါ့။ မင်း တစ်ခုခု အခက်အခဲကြုံနေလို့လား”
“အရမ်းထူးဆန်းတဲ့ ခံစားချက်မျိုးပဲ လင်းရှန်”
ကီကီက ဆက်ပြောသည်။
“အဲဒီအရာကလေ... ကျွန်မကို ဆက်သွယ်ဖို့ ကြိုးစားနေသလိုပဲ… ဒါပေမဲ့ ကျွန်မ ဘာမှနားမလည်ဘူး”
“ဆက်သွယ်နေတယ်”
“အင်း”
ကီကီက သူမ၏ ခြေထောက်များကို မကာ ဒူးနှစ်ဖက်ကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို ဒူးပေါ်မှောက်လျက် တိုးတိုးလေးပြောသည်။
“တကယ်လို့ အဲဒီသတ္တဝါကြီးနဲ့ ကျွန်မကြားမှာ တစ်ခုခုဆက်နွှယ်မှုရှိနေတာမှန်ရင် ကျွန်မ ဘာလုပ်ရမလဲ။ ဒါမျိုးဖြစ်တာ ဒါ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး”
လင်းရှန် ခဏမျှ တိတ်ဆိတ်သွားသည်။ သူ နှစ်သိမ့်စကားပြောချင်သော်လည်း ကီကီအတွက် ထိုစကားများက အသုံးဝင်မည်မဟုတ်ကြောင်း သူ သိသည်။ သူမသည် ထက်မြက်သူဖြစ်ပြီး လင်းရှန်က သူမကို ကလေးတစ်ယောက်လို ဆက်ဆံသည်ကို မနှစ်သက်ပေ။
“ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ အခုချက်ချင်းမဟုတ်ရင်တောင် နောက်မှ နည်းလမ်းရှာပြီး ဒီသတ္တဝါကြီးကို ရှင်းပစ်ရမှာပဲ။ အဆုံးသတ်မှာတော့ ဘာဖြစ်ဖြစ်ရှင်းပစ်ကြရမှာပဲ မဟုတ်လား”
ထို့နောက် လင်းရှန်က တည်ငြိမ်စွာ ဆက်ပြောသည်။
“တကယ်လို့ အဲဒီဆက်နွှယ်မှုက တကယ်ရှိနေရင်တောင် ဒီသတ္တဝါကြီးကို သတ်ပြီးသွားရင် မင်းရဲ့ စွမ်းအားပဲ ပျောက်ဆုံးသွားမှာမို့လို့ အများကြီးစိတ်ပူမနေပါနဲ့”
“ဒါပေမဲ့ ကျွန်မ စွမ်းအားတွေ မဆုံးရှုံးချင်ဘူး”
ကီကီက ခေါင်းမော့ကာ လင်းရှန်ကို စူးစိုက်ကြည့်ရင်း ပြောသည်။
“ကျွန်မ ရှင့်ကို ကူညီချင်တယ်”
လင်းရှန် တခဏမျှ စကားမပြောနိုင်ဖြစ်သွားကာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဤခရီးစဥ်တစ်လျှောက်တွင် ကီကီ ရှိနေခဲ့၍သာ အသက်အန္တရာယ်နှင့် ကြုံရသည့် အကျပ်အတည်းများစွာကို သူတို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး လင်းရှန်သည်လည်း ကီကီကို အဖော်တစ်ဦးအဖြစ် ရှိနေသည်ကို ကျင့်သားရနေခဲ့ပြီဖြစ်သည်။ သူ့အတွက်မူ ကီကီသည် ရိုးရိုးကူညီသူတစ်ယောက်ထက်မကတော့ပေ။
သူမ သတိမေ့ချင်ယောင်ဆောင်ကာ ရထားပေါ်သို့ ခိုးဝင်လာခဲ့စဉ်ကတည်းက၊ ပေါင်မုန့်ခိုးစားရင်း လင်းရှန်၏ ဖမ်းမိခြင်းကို ခံခဲ့ရစဉ်ကတည်းက၊ ထို့နောက် သူတို့နှစ်ဦး လက်တွဲကာ အနီရောင်ကင်းခြေများကို နှိမ်နင်းခဲ့ကြစဉ်၊ မြူခိုးမြို့တော်မှ ထွက်ပြေးခဲ့ကြစဉ်နှင့် ပျက်စီးနေသော တံတားကြီးကို ဖြတ်ကျော်ခုန်လွှားခဲ့ကြစဉ်အထိ...
ခဏမျှ စဉ်းစားပြီးနောက် လင်းရှန်က မထူးခြားသလိုဟန်ဖြင့်သာ ပြောလိုက်သည်။
“ငါတို့က ကမ္ဘာ့အဆင့်ကပ်ဘေးကြီးကို ဖြေရှင်းနိုင်ခဲ့ရင် ကမ္ဘာပျက်ကပ်ကလည်း ဆုတ်ခွာသွားလောက်ပါပြီ”
သူက ကီကီကို လှမ်းကြည့်လိုက်သည်။
“ဒါမှမဟုတ် ငါတို့နှစ်ယောက်လုံး ရှုံးနိမ့်ပြီး လူသားတွေ မျိုးတုံးသွားရင်လည်း စိတ်ပူစရာဘာမှရှိတော့မှာမဟုတ်ဘူး”
ကီကီက လင်းရှန်ကို အေးချမ်းစွာ စိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းစွန်းများကို တွန့်ကွေးကာ မျက်ဝန်းလေးများ လခြမ်းကွေးသဏ္ဌာန်ဖြစ်သွားသည်အထိ ပြုံးပြရင်း ပြောသည်။
“တတိယမြောက် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်လေ။ ဥပမာ- ကျွန်မတို့ အပြာရောင်ဂြိုလ်ကနေ ထွက်ပြေးကြတာမျိုးပေါ့”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်သားပဲ”
“ဒါဆိုရင် ကျွန်မ အမြဲပျံသန်းနေလို့ရပြီပေါ့”
လင်းရှန် ရယ်မောလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ အမှောင်ထုထဲသို့ ငေးကြည့်ရင်း ပြောသည်။
“ငါတို့မှာ တတိယမြောက်ရွေးချယ်ခွင့်ရှိလာနိုင်ပါတယ်”
“လင်းရှန်” ကီကီက သူ့ကို ခေါ်လိုက်သည်။
“အင်း”
“ကျွန်မကို တစ်ခုကတိပေး”
“ပြောလေ”
“တကယ်လို့ တစ်နေ့နေ့မှာ ကျွန်မတို့ စွမ်းအားရှင်တွေက ဒီဆက်နွှယ်မှုကြောင့် မကောင်းတာတွေ လုပ်မိသွားရင် ဒါမှမဟုတ်...”
သူမ ခေတ္တရပ်ကာ နှုတ်ခမ်းကို အသာအယာကိုက်ရင်း ဆက်ပြောသည်။
“တကယ်လို့... အင်း”
လင်းရှန်က ဘဲလေး၏ နှုတ်သီးကို ညှစ်လိုက်သကဲ့သို့ သူမ၏ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းကို လှမ်းညှစ်လိုက်ပြီး ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သည်။
“မင်း အတွေးလွန်နေပြီ။ စွမ်းအားရှင်အားလုံးကို သတ်ပစ်လိုက်ရုံနဲ့ အားလုံးကို ဖြေရှင်းနိုင်မယ်ဆိုရင် အဲဒီအမှောင်ယဉ်ကျေးမှုကပဲ အရမ်းတုံးအလွန်းလို့ပဲဖြစ်ရမယ် ဒါမှမဟုတ် ငါတို့ကပဲ အသည်းငယ်လွန်းလို့ ဖြစ်ရမယ်။ မင်း ဗီဒီယိုဂိမ်းတွေ အဆော့လွန်နေပြီ”
“ကျွန်မဆိုလိုတာက အဲဒါမဟုတ်ဘူး”
ကီကီက စိတ်ဆိုးမာန်ဆိုးဖြင့် ရန်တွေ့ရန် လင်းရှန်ကို မတ်တပ်ရပ်၍ ကြည့်ကာ ပြောသည်။
“ကျွန်မတို့က အဲဒီအရာကို ပြန်လည် တန်ပြန်ထိန်းချုပ်နိုင်တာမျိုးကော မဖြစ်နိုင်ဘူးလား။ ရှင် တန်ပြန်ထိန်းချုပ်တာကို နားလည်ရဲ့လား”
“ကြည့်ဦးလေ… အဲဒီကောင်က ကျွန်မကို တစ်ခုခုဆက်သွယ်ဖို့ ကြိုးစားနေတယ်။ အဲဒါကို ကျွန်မတို့လေ့လာသင့်တယ် မဟုတ်ဘူးလား”
“ငါ ဒါရိုက်တာတင်းကို အကြောင်းကြားလိုက်မယ်။ ဖီးနစ်နဲ့ ဆက်သွယ်မိတဲ့အခါကျရင်လည်း ပရော်ဖက်ဆာယဲ့နဲ့ တိုင်ပင်ကြတာပေါ့”
လင်းရှန်က ကီကီကို စိတ်ပူပန်စွာ ကြည့်ရင်း သူမ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်းရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေ ကုန်ခမ်းနေပြီ။ ငါတို့ နိုးထဖို့ နည်းလမ်းရှာရမယ်။ ဆရာမချန်တို့က မင်းကို စိတ်ပူနေကြတယ်”
ကီကီသည် လင်းရှန်၏ အကြည့်ကို ဆုံကာ ခေတ္တမျှ ငြိမ်သက်သွားပြီးမှ ခေါင်းငြိမ့်ပြကာ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
“ကျွန်မ အခု အဲဒီအရာရဲ့ တည်ရှိမှုနဲ့ ရွေ့လျားမှု လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းခံစားနေရပြီ။ ကျွန်မတို့က ကျိအန်းမြို့ကနေ ဒီနေရာအထိ ထွက်ပြေးလာခဲ့တယ်။ အဲဒီကောင်ရဲ့ ရွေ့လျားတဲ့ လမ်းကြောင်းက ကျွန်မတို့ သွားတဲ့ လမ်းကြောင်းအတိုင်းပဲဖြစ်နေတယ်။ ဒါကြောင့် သူက ကျွန်မနောက်ကို လိုက်နေတာလို့ ထင်တယ်။ အဲဒီအမှောင်စွမ်းအင်ဆက်နွှယ်မှုကို အရင်က ကျွန်မတို့သတိမထားမိခဲ့ပေမဲ့ အခုကြည့်ရတာ အဲဒါက အမှောင်အမှတ်အသားထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပုံပဲ”
လင်းရှန်က မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။
“ဒါဆို မင်းအထင်က ရန်သူနဲ့ ငါတို့က အရင်းအမြစ်တစ်ခုတည်းဖြစ်နေတာကြောင့် စွမ်းအားရှင်တွေအတွက် ပိုပြီးတော့ အန္တရာယ်များတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လား”
ကီကီက ချက်ချင်းပင် တုံ့ပြန်ပြောဆိုသည်။
“ရှင် မစဉ်းစားမိဘူးလား။ လမ်းတစ်လျှောက်မှာ ကျွန်မတို့ကြုံခဲ့ရတဲ့ အခြေအနေတွေက တခြားယာဉ်တန်းတွေ ကြုံရတာထက် အဆပေါင်းများစွာ ပိုလွန်ကဲနေတယ်။ ရှင်ဆိုရင်လည်း ကောင်းကောင်းနားရတယ်လို့ မရှိသလောက်ပဲ… အေးအေးချမ်းချမ်းကုန်ဆုံးခဲ့ရတဲ့ ညတွေဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ရှုချင်းပြောတာတောင်ရှိသေးတယ်၊၊ ကျွန်မတို့ရဲ့ အနန္တယာဉ်တန်းက အရမ်းလုံခြုံတာမှန်ပေမဲ့ သူတို့ ဒီယာဉ်ပေါ်မတက်ခင်တုန်းက အခုလောက်စိတ်မချရတဲ့ အခြေအနေမျိုးတွေ ခဏခဏ မကြုံဖူးဘူးတဲ့။ ကျွန်မတို့ရထားပေါ်မှာ စွမ်းအားရှင်တွေ ပိုများလာလေ… ဒီအချက်က ပိုပြီးတော့ ထင်ရှားလာလေပဲ”