ထိတ်လန့်ဖွယ်စိတ်ဝိညာဥ်တုန်ခါလှိုင်းအထွတ်အထိပ် (၂)
Vol. 68 Ch. 1103
လင်းရှန် ငြိမ်ကျသွားကာ ရုတ်တရက် စိတ်လေးသွားမိသည်။ အမှောင်အမှတ်အသားကို စတင်တွေ့ရှိကတည်းက ၎င်းသည်သာ အဓိကအကြောင်းအရင်းဖြစ်သည်ဟု သူ တွေးခဲ့မိသည်။ သို့သော် အမှန်အတိုင်းပြောရလျှင် အနန္တရထားကြုံတွေ့ခဲ့ရသည့် အခြေအနေအတော်များများမှာ အခြားအဖွဲ့များသာဆိုလျှင် သေချာပေါက် အသက်ပျောက်မည့်အခြေအနေများ ဖြစ်သည်။ နဂါးတောင် အမှတ် ၁ နှင့် ငွေကြယ်ယာဉ်တန်းတို့ပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခု ကီကီက ထုတ်ပြောလာမှသာ သူ အခြားတွေးစရာ လမ်းစတစ်ခုရလာတော့သည်။
ထိုကောင်းကင်အလောင်းကြီးက သူတို့နောက်ကို တောက်လျှောက်လိုက်နေတာလား။
စွမ်းအားရှင်တွေရဲ့ အမှောင်ဆက်နွှယ်မှုက သူတို့ရဲ့ အန္တရာယ်တွေကို ပိုပြီး ကြီးထွားလာစေတာလား။
လင်းရှန်၏ စိတ်ထဲတွင် ခဏမျှ ဗယောက်ဗယက်ဖြစ်သွားပြီးနောက် ကီကီကို လှမ်းကြည့်လိုက်သည်။
“ဒါဆို မင်းရဲ့ ကောက်ချက်က စွမ်းအားရှင်တွေက ကံဆိုးမှုတွေကို သယ်ဆောင်လာတာပေါ့”
“ဒါရိုက်တာတင်းရဲ့ သီအိုရီအရကြည့်ရင်တောင် ဒါက ယုတ္တိရှိတာပဲ” ကီကီက တိုက်ရိုက်ပင် ပြန်ပြောသည်။
“စိတ်ဝိဉာဉ်တုန်ခါမှုတန်ဖိုးကို သုံးပြီးတော့လေ”
“ငါ နားလည်ပြီ”
“ဒါဆို ရှင်ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ” ကီကီက မေးသည်။
လင်းရှန်က ကီကီကို အလေးအနက်စိုက်ကြည့်ကာ ပြောလိုက်သည်။
“အရင်ဆုံးလုပ်စရာရှိတာ လုပ်ကြရအောင်။ မင်းရဲ့ စွမ်းအားတွေ ဘယ်လိုအဆင့်တက်သွားလဲဆိုတာ ငါသိချင်နေပြီ”
“ဟေး”
ကီကီက စိတ်ဆိုးမာန်ဆိုး နှာမှုတ်လိုက်ရင်း လင်းရှန်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ရှင်ကတော့ ဒါပဲ စဉ်းစားနေတော့တာပဲ”
“ဒါမတွေးလို့ ဘာတွေးရမှာလဲ”
လင်းရှန်က မျက်လုံးပြူးကြည့်ကာ ပြန်ပြောလိုက်သည်။
“စွမ်းအားရှင်တွေက ပိုပြီးအန္တရာယ်များတာပဲ ဖြစ်ဖြစ်၊ ဒီဆက်နွှယ်မှုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စိတ်ဝိဉာဉ်တုန်ခါမှု တန်ဖိုး ဝါးမျိုမှုကြောင့်ပဲဖြစ်ဖြစ်… ငါတို့ ဒါကို လက်ခံနိုင်ပါတယ်။ ဒါတွေကြောင့်နဲ့တော့ စွမ်းအားရှင်အားလုံးကို လက်လွှတ်လိုက်လို့ မရဘူးလေ။ ဒါကြောင့်နဲ့ တွင်းနက်က ငါတို့ကို အညံ့ခံလာမှာ မို့လို့လား”
ကီကီ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် မျက်နှာလေး ညှိုးငယ်သွားကာ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားသည်။ ခဏအကြာမှ သူမက တိုးတိုးလေးမေးသည်၊၊
“ကျွန်မက တခြားစွမ်းအားရှင်တွေနဲ့ မတူဘူး။ ကျွန်မက ဒီသတ္တဝါကြီးနဲ့ ဆက်နွှယ်နေတာမို့လို့ ရှင့်ဆီကို သေချာပေါက် ပျက်စီးခြင်းတွေ သယ်ဆောင်လာတာပဲ။ ရှင် ကျွန်မကို အပြစ်မတင်ဘူးလား”
သူမ၏ စကားကို ကြားသောအခါ လင်းရှန်က ရှေ့သို့ လှမ်းတက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
“မင်း အတွေးလွန်နေပြီ။ ဒီယူဆချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တကယ်လို့ မှန်တယ်ဆိုရင်တောင် ဒါက မင်းကြောင့်ပဲ ဖြစ်လာတာ မဟုတ်နိုင်ပါဘူး။ ငါတို့ယာဉ်ပေါ်မှာ အစွမ်းထက်တဲ့ စွမ်းအားရှင်တွေ အများကြီး ရှိတာပဲ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ မီး၊ လေဆာ၊ အသံလှိုင်း၊ အရှိန်မြင့်စွမ်းအားရှင်တွေ ရှိသလို မင်းလိုမျိုး ရှားပါးတဲ့ စိတ်ဝိဉာဉ်စွမ်းအားရှင်လည်း ရှိတာပဲ။ ရှီဇီရဲ့ စွမ်းအားက ဘာလဲဆိုတာ အခုထိ အတိအကျမသိရသေးဘူး။ ဒါတင်မကဘူး… မင်း ငါ့ရဲ့ ယန္တရားစွမ်းအားကိုကော မမြင်ဘူးလား။ ကြည့်ရတာ ငါကသာ အမှောင်ယဉ်ကျေးမှုအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေပုံပဲ”
လင်းရှန်၏ စကားကို ကြားသောအခါ ကီကီ ခဏမျှငြိမ်ကျသွားပြီးနောက် လင်းရှန်၏ ရင်ခွင်ထဲတွင် ဘာကြောင့်မှန်းမသိ တုန်ခါလာကာ ရုတ်တရက် တခိခိ ရယ်မောလေတော့သည်။ သူမက ရယ်ရင်းဖြင့် ပြောသည်။
“ဟုတ်သားပဲ… ရှင်က ကြယ်သင်္ဘောတွေကို ဝါးမျိုနိုင်ပြီး စက်ရုပ်မီကာဝတ်စုံတွေကို ထုတ်လုပ်နိုင်တာဆိုတော့ ရှင်က ဂြိုဟ်သားကျူးကျော်သူတွေရဲ့ မိခင်သင်္ဘောကြီးနဲ့ ဆက်နွှယ်နေတာလည်းဖြစ်နိုင်တာပဲ။ တကယ်လို့ သူတို့ ရှင့်ကို သတ်လိုက်ရင် သူတို့ မိခင်သင်္ဘောကြီး ပေါက်ကွဲသွားမှာမျိုးလေ”
“နောက်မနေနဲ့… ဒါပေမဲ့ တကယ်လည်း ဖြစ်နိုင်ခြေရှိတယ်”
“သွားသေလိုက်” ကီကီက လင်းရှန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်သည်။ သို့သော် ဤစိတ်ဝိဉာဉ်ကမ္ဘာထဲတွင် လင်းရှန်အနေဖြင့် သူတို့ ဖက်ထားခြင်းအပါအဝင် မည်သည့်ခံစားမှုကိုမျှ မခံစားရပေ။
သို့သော်လည်း လင်းရှန်မှာ မိမိရင်ခွင်ထဲရှိ ကီကီသည် တဖြည်းဖြည်း နွေးထွေးလာသကဲ့သို့ ခံစားရသဖြင့် ပို၍တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
ထို့နောက် လင်းရှန် မျက်လုံးများကို ဖွင့်လိုက်ရာ ပထမဆုံးမြင်လိုက်ရသည်မှာ အေးခဲခန်းမ၏ ဖြူလင်းသော အအေးရောင်အလင်းတန်းဖြစ်သည်။ ဝေဝါးနေသော ပုံရိပ်အချို့က တဖြည်းဖြည်းရှင်းလင်းလာပြီး ချန်ဆီရွှမ်၊ တင်းကျန်းရီ၊ လို့ရှားရှား၊ လော့ယန်၊ အားဖေး နှင့် ရှီဇီတို့အားလုံး ကီကီ၏ အခန်းငယ်အနားတွင် ဝိုင်းအုံနေကြသည်ကို မြင်လိုက်ရသည်။
“နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းက ပုံမှန်ပဲ...”
“ရှီဇီ… ဘယ်လိုလဲ”
“သူမရဲ့ စိတ်ဝိဉာဉ်စွမ်းအားလှုပ်ရှားမှုက တဖြည်းဖြည်းမြင့်တက်လာနေပြီ၊၊ ဒါက လက္ခဏာကောင်းပဲ”
သူတို့၏ စကားသံများက နားထဲတွင် ပဲ့တင်ထပ်နေစဉ် လင်းရှန် ခေါင်းငုံ့ကြည့်လိုက်ရာ အခန်းငယ်ထဲတွင် မျက်လုံးမှိတ်ထားပြီး မျက်နှာလေးမှာ နူးညံ့ကာ ပန်းရောင်သန်းနေသော ကီကီကို မြင်လိုက်ရသည်။ သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းက သူမအပေါ်တွင် ကြီးကြီးမားမားပြောင်းလဲမှုမဖြစ်စေခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်ဂုဏ်သတ္တိများမှလွဲ၍ ကီကီ၏ မျက်နှာနှင့် အရေပြားမှာ မိန်းကလေးငယ်တစ်ဦးကဲ့သို့ အကောင်းဆုံးအခြေအနေတွင်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း လင်းရှန်သည် သူမထံတွင် စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော ပြောင်းလဲမှုတစ်ခုကို ခံစားမိလိုက်သည်။ သူ ခံစားရသည်မှာ...
ကီကီက တောက်ပနေသည်။
သူမ၏ တစ်ကိုယ်လုံးမှ နူးညံ့သော အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ရှိပြီး အရေပြားပေါ်ရှိ မွေးညင်းနုလေးများမှပင် အသက်စွမ်းအင်များထွက်ပေါ်နေကာ ဘာကြောင့်မှန်းမသိ ဖြူစင်ပြီး တက်ကြွသော သက်ရှိတစ်ဦး၏ အသွင်ကို ဆောင်နေသည်။
ထိုအချိန်တွင် ကီကီက သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ၏ မျက်လုံးအိမ်တစ်ခုလုံးမှာ ခရမ်းရင့်ရောင်သန်းနေပြီး သူမ၏ မျက်ဝန်းထဲတွင် အဆုံးမဲ့ခရမ်းရောင်ဂလက်ဆီတစ်ခု ရွေ့လျားနေသကဲ့သို့ ရှိကာ သူမ၏ ခရမ်းရောင်ဆံနွယ်ရှည်များနှင့် ဆန်းကြယ်စွာ လိုက်ဖက်နေသည်။
“ကီကီ”
သူမ နိုးလာသည်ကို မြင်လျှင် ချန်ဆီရွှမ်က ချက်ချင်း လှမ်းခေါ်လိုက်သည်။
ရှူး...
အခန်းငယ်အဖုံးမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး အေးမြသော လေထုနှင့်အတူ နူးညံ့ပြီး မျက်စိဖြင့်မမြင်နိုင်သော လှိုင်းတစ်ခုဖြာထွက်လာသည်။ ကီကီက ထိုနေရာတွင် လှဲလျက် မျက်တောင်ခတ်ရင်း လူအုပ်ကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။ ထို့နောက် ရင်ဘတ်ပေါ်မှ သလင်းကျောက်မွေးမြူရေးကိရိယာကို ဖြုတ်လိုက်ပြီး ပျံတက်ကာ အကြောဆန့်ရင်း လည်ပင်းကို လှည့်ကာ ပြောသည်။
“ဝိုး… ကျွန်မ ဒီလောက်အကြာကြီး အိပ်ပျော်သွားတာမျိုး တစ်ခါမှ မကြုံဖူးဘူး”
“အစ်မကီကီ… အစ်မက ၁၄ နာရီတောင် အိပ်ပျော်သွားတာလေ… အားလုံးထဲမှာ အကြာဆုံးပဲ။ ညီမဖြင့် စိတ်ပူလို့ သေတော့မယ်။ အခု ဘယ်လိုနေသေးလဲ” ရှားရှားက အမြန်မေးလိုက်သည်။
“အားလုံးအဆင်ပြေတယ်… အကောင်းဆုံးအခြေအနေပဲ”
ကီကီက ခါးကို လက်ထောက်ကာ လူတိုင်းကို ဝေ့ဝဲကြည့်ပြီးနောက် လင်းရှန်အပေါ်တွင် အကြည့်က ရပ်တန့်သွားကာ သူ့ကို နူးညံ့စွာပြုံးပြရင်း ပြောသည်။
“ကျွန်မက အနန္တရထားပေါ်မှာ အသန်မာဆုံးစွမ်းအားရှင်ပဲမလား… အချိန်အကြာဆုံးဖြစ်ရမှာပေါ့ မဟုတ်ဘူးလား”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ၊၊ မင်း အိပ်ပျော်နေတုန်းက ငါတို့မှာ တိုက်ပွဲကြီးတစ်ပွဲဆင်နွှဲခဲ့ရသေးတယ်” လင်းရှန်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
“ဘယ်လို… တိုက်ပွဲ” ကီကီ၏ မျက်လုံးများ ချက်ချင်း ဝိုင်းသွားသည်။
“ဘာဖြစ်ခဲ့လို့လဲ”
“အစ်မကီကီ ယုံမှာတောင် မဟုတ်ဘူး”
ရှားရှားက လက်မောင်းကို အမူအရာဖြင့် ဝှေ့ယမ်းပြသည်။
“ညီမတို့ ဟာဝိုင်အီကျွန်းကနေ ဖောက်ထွက်လာတော့ သွေးနီရောင်လွှမ်းခြုံမှုကြီးနဲ့ ဧရာမ ဆူနာမီလှိုင်းကြီးနဲ့ ကြုံခဲ့ရတာလေ… အစ်မ မသိလိုက်ဘူးမလား… မီးတောက်က သောက်ရမ်းလန်းတာပဲ… တစ်ချက်တည်းနဲ့ ဆူနာမီလှိုင်းကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တာလေ”
“ဒါပေမဲ့ အခုတော့ ငါတို့ အန္တရာယ်ဇုန်ကနေ ထွက်လာနိုင်ပါပြီ”
လင်းရှန်က စကားဖြတ်ပြောလိုက်ပြီး တင်းကျန်းရီကို လှည့်ကြည့်ကာ မေးသည်။
“ဒါရိုက်တာတင်း… ကီကီရဲ့ အခြေအနေ ဘယ်လိုလဲ”
တင်းကျန်းရီသည် လက်ကိုင်အချက်အလက်ပြစက်ကို ကိုင်ထားရင်း မျက်မှောင်ကြုတ်ကာ ဒေတာအချို့ကို ဆက်တိုက်နှိပ်ကြည့်နေပြီး...
“ထူးဆန်းတယ်...”
“ဘာဖြစ်လို့လဲ” တင်းကျန်းရီ၏ စကားကို ကြားသောအခါ ချန်ဆီရွှမ်က အလောတကြီးမေးသည်။
“တစ်ခုခုပြဿနာရှိလို့လား”
“အထွတ်အထိပ်စွမ်းအားလှုပ်ရှားမှုတန်ဖိုးက ခဏခဏဖြစ်နေတယ်” တင်းကျန်းရီက ကီကီကို လှမ်းကြည့်ရင်း သူမ၏ မျက်မှန်နက်ကို ပင့်တင်ကာ ပြောသည်။
“နင့်ရဲ့ စွမ်းအားအထွတ်အထိပ်တန်ဖိုးက အခုတင်ပဲ လှုပ်ရှားမှုပုံစံအမျိုးမျိုးပြနေတယ်။ သင့်တော်တဲ့ တန်ဖိုးတစ်ခုကို ဖမ်းယူကြည့်လိုက်တော့ ၂၈၀၀၀ ပြနေတယ်၊၊ အစွန်းရောက်ကိန်းမပါဘဲနဲ့တောင် သာလွန်အဆင့်စွမ်းအားကို ရောက်လုနီးပါးဖြစ်နေပြီ”
“၂၈၀၀၀” လော့ယန်က အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်သည်။
“ဝိုး… ဒါက မတရားလွန်းတာပဲ၊၊ ငါ့ထက် နှစ်ဆကျော်တောင် ပိုများနေတာပဲ”
လင်းရှန်က တင်းကျန်းရီကို ကြည့်ကာ မေးသည်။
“မင်းက သင့်တော်တဲ့ တန်ဖိုးတစ်ခုလို့ ပြောတယ်၊၊ အဲဒါက ဘာကို ဆိုလိုတာလဲ”
“အမ်… ပုံမှန်မဟုတ်တာမျိုးရှိလို့လား” ကီကီကလည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကြည့်သည်။
တင်းကျန်းရီက လက်ကိုင်အချက်အလက်ပြစက်ကို လှည့်ပြလိုက်ရာ စိတ်ဝိဉာဉ်တုန်ခါမှုတန်ဖိုးစစ်ဆေးချက်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားသော ထူးဆန်းသည့် လှိုင်းကွေးတစ်ခုကို ပြနေသည်။ အမြင့်ဆုံးအမှတ်က စက်၏ သတိပေးချက်ကိုပင် ထွက်ပေါ်စေခဲ့သည်။
“ဒါက ပုံမှန်မဟုတ်တဲ့ အခြေအနေပဲ။ ဒါမျိုးကို လူသားတစ်ယောက်ဆီမှာ တစ်ခါမှမတွေ့ဖူးသေးဘူး”
“ဘာကိုဆိုလိုတာလဲ” ကီကီက သူမ၏ နှာခေါင်းကို လက်ညှိုးထိုးပြရင်း မေးသည်။
“ကျွန်မက လူမဟုတ်လို့လား”