လင်းရှန်၏ သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်း (၁)
Vol. 68 Ch. 1105
ကီကီက လင်းရှန်ကို အံ့ဩစွာ လှမ်းကြည့်သည်။
“ဒါ ရှင်ပြောဖူးတဲ့အသစ်တွေလား”
လင်းရှန်က ပြန်မဖြေဘဲ သူမနှင့် ချန်ဆီရွှမ်ကို ကြည့်လိုက်သည်။
“ငါ အစောပိုင်းက ခြောက်စုံပဲ ထုတ်လုပ်ထားတယ်။ တိုက်ခိုက်ရေးအမိန့်ကိုတော့ ဗိုင်အိုလာနဲ့ ချိတ်ဆက်ပေးထားတယ်။ အစကတော့ စမ်းသပ်ကြည့်မလို့ပဲ၊၊ ဒါပေမဲ့ အားလုံးရဲ့ အဆင့်တက်မှုက မျှော်လင့်ထားတာထက် ကျော်လွန်နေတော့ တစ်ခုခုဖြစ်လာရင် သုံးလို့ရအောင် ထုတ်ထားလိုက်တာပါ။ တစ်ဖက်ကလည်း ဒုတိယအသုတ်မှာ ပိုကောင်းအောင် ပြင်ဆင်ဖို့ တိုက်ခိုက်ရေးအချက်အလက်တွေကို စုဆောင်းရတာပေါ့”
“ကောင်းပါပြီ… စိတ်မပူပါနဲ့… အချိန်မဖြုန်းဘဲ အမြန်စမှ အမြန်ပြီးမှာပေါ့။ Good Night... ရှင်နိုးလာမှာကို စောင့်နေမယ်”
ကီကီသည် လင်းရှန်က စိုးရိမ်တကြီးဖြင့် သူကိုယ်တိုင်ပြုလုပ်ထားသော စက်ရုပ်များကို ထုတ်ယူထားသည်ကို မြင်သောအခါ နှုတ်မှလောဆော်ရင်း လင်းရှန်၏ အခန်းငယ်တံခါးကို ပိတ်ကာ အပြင်ဘက်မှ နှုတ်ဆက်လိုက်သည်။
အဖွဲ့သားများ၏ မျက်နှာများကို ကြည့်ကာ လင်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ ရင်ဘတ်ပေါ်ရှိ စက်ပစ္စည်းကို နှိပ်လိုက်တော့သည်။
ရှူးခနဲ အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် တစ်ခဏအတွင်းမှာပင် လင်းရှန်သည် ပြင်းထန်သော အမှောင်စွမ်းအင်တစ်ခုက ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ရင်ဘတ်ထဲသို့ အရည်ကဲ့သို့ တိုးဝင်လာပြီး တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် ဆဲလ်များထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူသည် တစ်ကိုယ်လုံးအေးစက်သွားသလိုခံစားလိုက်ရသဖြင့် လေအေးတစ်ချက် ရှူသွင်းရန် ပြင်လိုက်သော်လည်း သူ၏ အမြင်အာရုံက ချက်ချင်း ဝေဝါးမှောင်ကျသွားပြီး အသိစိတ်တစ်ခုလုံး နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ ကျဆင်းသွားတော့သည်။
ဝှမ်း...
စူးရှသော မြည်ဟီးသံတစ်ခုက ဝေးကွာသောနေရာမှ သူ၏ အသိစိတ်ဗဟိုချက်ဆီသို့ တဖြည်းဖြည်းတိုးဝင်လာသည်။ လင်းရှန် ရုတ်တရက် မျက်လုံးပွင့်လာသောအခါ သူက မှောင်မိုက်၍ ပျက်စီးယိုယွင်းနေသော အခန်းတစ်ခန်းထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ တံခါးပွင့်သွားပြီး အရိပ်ထဲတွင် ခန္ဓာကိုယ်အနားသတ်များ ဆက်တိုက်ပျက်စီးလိုက်၊ ပြန်လည်ဖွဲ့စည်းလိုက် ဖြစ်နေသော၊ ဘယ်လိုမှ ဖော်ပြ၍မရသည့် သွေးနီရောင်လူသားပုံသဏ္ဌာန် သတ္တဝါတစ်ကောင်က ရပ်နေပြီး ၎င်း၏ ဧရာမမျက်လုံးအပေါက်ကြီးများဖြင့် အခန်းထဲသို့ စိုက်ကြည့်နေသည်။
ကြောက်ရွံ့တုန်လှုပ်စိတ်က သူ့ဦးနှောက်ထဲတွင် ပေါက်ကွဲသွားသဖြင့် သူသည် အလိုလျောက်နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ သို့သော် ဤအခန်းသည် ယခင်က ချူယန်နှင့် အသိစိတ်ချင်းချိတ်ဆက်စဉ်တုန်းက ချူယန် ပုန်းအောင်းနေခဲ့သော အခန်းဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
ထိုအရာကို သဘောပေါက်သွားပြီးနောက် လင်းရှန် လှည့်ကြည့်လိုက်ရာ ရှေ့တွင် ထူးဆန်းစွာ ပြိုလဲပျက်စီးနေသော သတ္တုလုံးကြီးတစ်ခုက ဆက်တိုက်ကြီးထွားလာပြီး သူ့ကို ဖြတ်ကျော်ကာ တံခါးဆီသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ ထိုသို့ ပျံသန်းနေစဉ်အတွင်း ၎င်းသည် အချင်းနှစ်မီတာခွဲခန့်ရှိသော အသေးစားတွင်းနက်တစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာတော့သည်။
ဤအချိန်တွင် အချိန်က နှေးကွေးသော စနစ်သို့ ပြောင်းလဲသွားသကဲ့သို့ နံရံများ၊ အုတ်ခဲများ၊ ကြမ်းပြင်များ၊ ဖုန်မှုန့်များနှင့် ကြမ်းပြင်ပေါ်ရှိ အေးစက်သော အလင်းရောင်များအားလုံးမှာ ယခုအချိန်တွင် တွင်းနက်၏ ဆွဲငင်အားကြောင့် ပုံသဏ္ဌာန်ပျက်ယွင်းကာ ဗဟိုချက်ဆီသို့ ပြိုလဲကျဆင်းကုန်ကြသည်။
“ဒါက... ဆွဲငင်အားမှန်ဘီလူးလား”
ထိုအချိန်တွင် တံခါးဝရှိ ထူးဆန်းသော သွေးနီရောင်သတ္တဝါကြီးသည်လည်း ၎င်းထဲသို့ လျင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရသည်။ လင်းရှန်သည် ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်လုံးအပေါက်ကြီးများ သူ့ရှေ့မှ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်သည်လည်း ဆွဲငင်ခြင်းခံလိုက်ရကာ ဝဲဂယက်တစ်ခုလို လည်ပတ်လျက် အထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။
“ချူယန်”
လင်းရှန် အော်ဟစ်ရန် ကြိုးစားသော်လည်း မည်သည့်အသံမျှ ထွက်မလာသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် သူသည် မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်တော့ဘဲ သူ၏ အသိစိတ်တစ်ခုလုံးမှာ အဆုံးမရှိရှည်လျားသော ကြိုးတစ်မျှင်အဖြစ် ဆွဲဆန့်ခြင်း ခံလိုက်ရပြီး အဆုံးမဲ့တွင်းနက်ကြီး၏ ချောက်နက်ထဲသို့ ကျဆင်းသွားခဲ့သည်။
သူ၏ အသိစိတ်တစ်ခုလုံး လုံးဝပျော်ဝင်သွားပြီးနောက် ဤအချိန်တွင် လင်းရှန်သည် သူ့၏ ခန္ဓာကိုယ်တည်ရှိမှုကိုပင် မခံစားရတော့ပေ။ မဟုတ်သေး… အတိအကျပြောရလျှင် သူ့မှာ ခန္ဓာကိုယ်ဟူသော အယူအဆပင် မရှိတော့ပေ။ မှောင်မိုက်ခြင်းနှင့် ဟာလာဟင်းလင်းဖြစ်နေသော နေရာအလယ်တွင် သူသည် လေထု၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ဤကမ္ဘာကြီးကို တစ်ဖက်မြင်မှသည် သုံးဖက်မြင်အထိ အဘက်ဘက်မှ ခံစားသိရှိနေရသည်။
ဤနေရာတွင် လင်းရှန် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ၎င်းက မိမိကိုယ်ကိုယ်နှင့် မိမိ၏ အသိစိတ်အပေါ် ထိန်းချုပ်မှု လုံးဝဆုံးရှုံးသွားခြင်းအတွက် ကြောက်ရွံ့ခြင်းမျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သူမျှ ခန္ဓာကိုယ်နှင့် ကမ္ဘာ့အတိုင်းအတာများ လုံးဝပြိုလဲပျက်စီးသွားသည့် ဤခံစားချက်မျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဒါက ကီကီပြောတဲ့ အိမ်မက်ဆိုးလား။
မဟုတ်ဘူး… တကယ်လို့ ဒီလိုခံစားချက်မျိုးဖြစ်ပေါ်ခဲ့ရင် တခြားသူတွေက သေချာပေါက်ပြောပြကြလိမ့်မယ်။ လင်းရှန်သည် ဒီလိုတူညီတဲ့ တုံ့ပြန်ချက်မျိုး ဘယ်သူ့ဆီကမှ မကြားခဲ့ရပေ။ ဒါဆိုရင် သူတစ်ယောက်တည်းပဲ ဤအခြေအနေနှင့် ကြုံတွေ့နေရတာလား။
“ချူယန်” လင်းရှန် အော်ဟစ်ရန် ကြိုးစားလိုက်ပြန်သည်။
မည်သူမျှ ပြန်မဖြေပေ။
လင်းရှန်လည်း သူ့အသိစိတ်က ပြိုကွဲသွားပြီး ဤကမ္ဘာတွင် တည်ရှိမနေသကဲ့သို့ ခံစားရသည်။ သူ၏ အသိစိတ်သည် တည်ရှိမှုကိုပင် ငြင်းပယ်ထားသည့် ဤချောက်နက်ကြီးထဲတွင် လွင့်မျောနေပြီး ခြေလက်များကိုဖြစ်စေ၊ နှလုံးခုန်သံကိုဖြစ်စေ မခံစားရသလို ငါဟူသော အယူအဆ၏ အနားသတ်ကိုပင် ဆုံးရှုံးသွားခဲ့သည်။ အချိန်က အဓိပ္ပာယ်မဲ့သွားပြီး အာကာသကလည်း တည်ရှိမနေတော့ဘဲ အဆုံးမရှိသော၊ မွန်းကျပ်ဖွယ်ဟင်းလင်းပြင်ကြီးသာ ရှိတော့သည်။
အချိန်မည်မျှကြာသွားသည်ကို မသိရဘဲ အသိစိတ်တစ်ခုလုံး ဟင်းလင်းပြင်ထဲတွင် လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေချိန်မှာပင် အလင်းစက်တစ်ခုက မျှော်လင့်မထားဘဲ ထွက်ပေါ်လာခဲ့သည်။ သူသည် ဟင်းလင်းပြင်ကြီးက တဖြည်းဖြည်းလင်းထိန်လာသည်ကို ခံစားမိလာပြီး သူက မှောင်မိုက်သောစကြဝဠာ နက်ရှိုင်းသောအာကာသထဲတွင် ရောက်နေသကဲ့သို့ တွေ့လိုက်ရသည်။
စကြဝဠာသန္ဓေသားလောင်းတစ်ခု တဖြည်းဖြည်းနိုးထလာသည့် နူးညံ့သောအလင်းရောင်ကဲ့သို့ အလင်းစက်က လျင်မြန်စွာ ပြန့်နှံ့သွားပြီး အမှောင်ကန့်လန့်ကာကို ဆုတ်ဖြဲကာ အေးစက်၍ သေဆုံးနေသော နက္ခတ်တာရာအာကာသနက်ကြီးကို သူ့ရှေ့တွင် ဖော်ပြပေးလိုက်သည်။ ကျိုးတိုးကျဲတဲ ကြယ်တာရာများ၊ ထူးဆန်းသော သွေးနီရောင်နှင့် ဆန်းကြယ်သောခရမ်းရောင်အလင်းတန်းများဖြာထွက်နေသည့် အဝေးမှ နက်ဗျူလာတိမ်တိုက်ကြီးများက စကြဝဠာဒဏ်ရာများ၏ မကျက်သေးသော အနာဖေးများကဲ့သို့ပင်၊၊
ထို့နောက် သူသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကြယ်တာရာပင်လယ်ပြင်အလယ်တွင် ဖော်ပြ၍မရသည့် ဧရာမအရာကြီးတစ်ခုက တဖြည်းဖြည်းလှုပ်ရှားနေသည်။ ၎င်းက ဧရာမသက်ရှိကြီးတစ်ခု ဖြစ်ပြီး ဇီဝဗေဒဆိုင်ရာ အယူအဆကို ကျော်လွန်နေသော်လည်း လင်းရှန် နားလည်ထားသည့် ဇီဝသက်ရှိနှင့် သိသိသာသာတူညီကာ အာကာသထဲတွင် လွင့်မျောနေသည်။ ၎င်း၏ ရှေ့တွင် ပြာလဲ့သော ပင်လယ်ပြင်များ၊ ကျယ်ပြောလှသော တောင်တန်းများနှင့် ကုန်းမြေများ ရှိသည့် ဂြိုဟ်တစ်လုံးမှာ လိမ္မော်သီးအသေးစားလေးတစ်လုံးကဲ့သို့ ထိုအာကာသသတ္တဝါကြီး၏ ဦးခေါင်းရှေ့တွင် အသာအယာ လည်ပတ်နေသည်။ ၎င်းက အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ထိုဂြိုဟ်၏ လေထုတစ်ခုလုံး လုံးဝပေါက်ကွဲပျက်စီးသွားပြီး တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပုံသဏ္ဌာန်က ပြောင်းလဲသွားမည့်အတိုင်းပင်၊၊
လေဟာနယ်ထဲတွင် အသံတိတ်ကြောက်ရွံ့မှုအငွေ့အသက်များပျံ့နှံ့နေပြီး လင်းရှန်သည် ထိုဂြိုဟ်၏ ဗဟိုချက်က အတင်းအကျပ်ဖိသိပ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပျက်အားငယ်ဖွယ် ညည်းတွားသံများ၊ ကုန်းမြေများ မျှော်လင့်ချက်မဲ့စွာ ပြိုကွဲပျက်စီးနေသံများကို ကြားနေရသည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ နိယာမများကို လုံးဝ ဆန့်ကျင်ကာ အသိစိတ်အဆင့်အထိ တိုက်ရိုက်သက်ရောက်မှု ရှိနေသည်။ ထိုအာကာသသတ္တဝါကြီး၏ ဦးခေါင်းကို မရေမတွက်နိုင်သော ကြယ်တာရာ ဝဲဂယက်များဖြင့် ဖွဲ့စည်းထားပြီး ခဏအတွင်းမှာပင် ပြာလဲ့သော ပင်လယ်ပြင်ကို အငွေ့ပျံသွားစေကာ စိမ်းလန်းသောကုန်းမြေများကို အရည်ပျော်နေသော ချော်ရည်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဂြိုဟ်တစ်ခုလုံးမှာ တစ်လက်မချင်းစီ၊ တစ်စစီ ပြိုကွဲပျက်စီးကာ ဝါးမြိုခြင်းခံလိုက်ရပြီး ထိုအာကာသသတ္တဝါကြီး၏ ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲ မီးဖိုကြီးထဲသို့ ပေါင်းစပ်သွားတော့သည်။
လင်းရှန် ထိုအချိန်တွင် သဘောပေါက်လိုက်သည်မှာ ထိုဂြိုဟ်သည် ဝါးမြိုခြင်းခံနေရခြင်း ဖြစ်သည်။
ဒါက အတိအကျပြောရရင် ဘယ်လိုထူးဆန်းတဲ့သတ္တဝါကြီးလဲ။
လင်းရှန်တစ်ယောက် ထိုဝါးမြိုခြင်းပွဲတော်ကြီးကို ကြည့်ကာ အံ့ဩတုန်လှုပ်နေစဉ်မှာပင် အလားတူထိတ်လန့်ဖွယ်ကောင်းသော အခြားမြင်ကွင်းတစ်ခုက အာကာသနက်ကြီး၏ ထောင့်တစ်နေရာကို နေရာယူလိုက်ပြန်သည်။
ဦးခေါင်းတစ်ခု။
ဧရာမ ဂြိုဟ်ကြီးတစ်လုံးကဲ့သို့ ဦးခေါင်းတစ်ခုက နက်ဗျူလာအမှုန့်များအလယ်တွင် တိတ်ဆိတ်စွာ ဆွဲဆန့်ထားသည်။
၎င်းက သေဆုံးနေပြီဖြစ်ကြောင်း သံသယဝင်စရာမလိုဘဲ သွေးနီရောင်မျက်နှာပြင်က စကြဝဠာအချိန်ကာလအရ ဆွေးမြည့်ပျက်စီးနေသည်ကို ဖော်ပြနေသည်။ မျက်လုံးအပေါက်ကြီးများကမူ အဆုံးမဲ့တွင်းနက်ကြီးများကဲ့သို့ ဖြစ်နေပြီး အခြားသေဆုံးနေသော စကြဝဠာတစ်ခုဆီသို့ ဦးတည်နေသည့်အတိုင်း ဖြစ်သည်။
၎င်း၏ ဧရာမဒြပ်ထုကြီးက မမြင်နိုင်သော ဆွဲငင်အားလှောင်အိမ်တစ်ခုကို ဖွဲ့စည်းထားပြီး မရေမတွက်နိုင်သော စကြဝဠာအမှုန်များ၊ ပျက်စီးနေသောဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အေးခဲနေသော ဓာတ်ငွေ့တိမ်တိုက်များကိုပင် ဖမ်းဆီးထားသည်။ ဤဒြပ်ပစ္စည်းများက ၎င်းကို ဝန်းရံလျက် မမြင်နိုင်သော လမ်းကြောင်းများအတိုင်း တဖြည်းဖြည်းလည်ပတ်နေကြပြီး၊ တိုက်မိလိုက်၊ ပေါင်းစပ်လိုက်ဖြစ်နေကာ တောက်ပ၍ ထူးဆန်းသော ကြယ်တာရာအမှုန်ကွင်းကြီးတစ်ခုကို ဖွဲ့စည်းထားသည်။
လင်းရှန်၏ အသိစိတ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ခါသွားခဲ့သည်။ ဒါက ဘာလဲ… အမှောင်ယဉ်ကျေးမှုတစ်ခုလား…
ဒါမှမဟုတ်ရင် သူနဲ့ချိတ်ဆက်ထားတဲ့ သတ္တဝါကြီးလား…
ဒီလိုကြယ်အဆင့်ထက် ကျော်လွန်တဲ့ သက်ရှိပုံစံမျိုးတွေက စကြဝဠာထဲမှာ တစ်ချိန်က လျှောက်လှမ်းခဲ့ဖူးတာလား။ သူတို့က ဘာတွေလဲ။ သူတို့ ဘယ်လိုမွေးဖွားလာခဲ့ပြီး ဘာကြောင့် ပျက်စီးသွားခဲ့တာလဲ။ သူတို့က သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲခြင်းရဲ့ နောက်ဆုံးပန်းတိုင်လား ဒါမှမဟုတ် စိတ်ကူးလို့တောင်မရတဲ့ ယဉ်ကျေးမှုတစ်ခုက ဖန်တီးထားတဲ့ အရာတွေလား…
ထိုဦးခေါင်း၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအပေါက်ကြီးများက အချိန်နှင့် အာကာသကို ကျော်လွန်နေသကဲ့သို့ ဂြိုဟ်ကို ဝါးမြိုနေသော အာကာသသတ္တဝါကြီးကို အေးစက်စွာ စိုက်ကြည့်နေပြီး လင်းရှန်၏ အသိစိတ်အခြေအနေကိုလည်း စိုက်ကြည့်နေကာ စကြဝဠာ၏ လျစ်လျူရှုမှုနှင့် ငြိမ်သက်မှုကို ဖော်ပြနေသည်။
ထိုအချိန်တွင် မည်သည့်သတိပေးချက်မျှ မရှိဘဲ အလင်းတန်းတစ်ခုက အာရုံခံစားမှု၏ အနားသတ်တွင် ပေါ်လာခဲ့သည်။
၎င်းက တိကျသည့် အမှတ်တစ်ခုကနေ ပစ်လွှတ်လိုက်တာမျိုးမဟုတ်ဘဲ စကြဝဠာ၏ နောက်ခံကိုယ်တိုင်က ဒဏ်ရာတစ်ခုလို ဆုတ်ဖြဲခံလိုက်ရသလို ဖြစ်ပြီး အရှိန်အဟုန်ရဲ့ အယူအဆကို ကျော်လွန်နေသည်။ လင်းရှန် ၎င်းတည်ရှိမှုကို သတိပြုမိချိန်မှာပင် ၎င်းက ကြယ်တာရာနယ်ပယ်များကို ဖြတ်ကျော်ကာ ၎င်း၏ ပန်းတိုင်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်း၏ ပန်းတိုင်မှာ အစောပိုင်းက ဝါးမြိုခြင်းကို အဆုံးသတ်လိုက်ပြီး ဖျက်ဆီးခြင်းလှိုင်းလုံးများကို ထုတ်လွှတ်နေသည့် ဂြိုဟ်အဆင့် အာကာသသတ္တဝါကြီးပင်ဖြစ်သည်။
အလင်းတန်းက ထိုသတ္တဝါကြီးကို ထိမှန်သွားခဲ့သည်။
ထိုသတ္တဝါကြီး၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်း၊ နက်ဗျူလာဓာတ်ငွေ့များ... နှင့်အတူ သူတို့ တည်ရှိနေသော ကြယ်တာရာနယ်ပယ်တစ်ခုလုံးမှာ ဤအဘယ်သို့မျှ ဖော်ပြ၍မရသည့် အလင်းတန်းအောက်တွင် သူတို့၏ မူလပုံစံအဖြစ်သို့ လုံးဝပြန်လည်ရောက်ရှိသွားခဲ့သည်။ အခြေခံအကျဆုံး တစ်ဖက်မြင် ဒိုင်မေးရှင်းလိုင်းများမှသည် ပုံသဏ္ဌာန်ပျက်ယွင်းနေသော သုံးဖက်မြင်ဒိုင်မေးရှင်းအပိုင်းအစများ၊ ထို့နောက် ပျက်စီးနေသော ပျားအုံပုံသဏ္ဌာန်များ၊ ဆွဲငင်အားလှိုင်းဒဏ်ရာများကို ဖြစ်ပေါ်စေသည့် ပြိုကွဲပျက်စီးနေသော စကြဝဠာ အာကာသပြင်ကြီး—လေးဖက်မြင်ဒိုင်မေးရှင်းအပိုင်းအစများအထိ...
စစ်မှန်သော ဒိုင်မေးရှင်းအဆင့်ပျက်စီးခြင်းပင်၊၊
လင်းရှန်သည် ထိုထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေစဉ်မှာပင် သူ၏ အသိစိတ်ကလည်း ရုတ်တရက်ကျရောက်လာသော ရိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးလာပြီး နာကျင်မှုကို ကျော်လွန်သောခံစားချက်ကို ကြုံတွေ့လိုက်ရသည်။ သူ၏ အသိစိတ်က လုံးဝပြိုကွဲပျက်စီးပြီး နောက်ဆုံးဟင်းလင်းပြင်ထဲသို့ လုံးဝမကျဆင်းမီ ၁စက္ကန့်၏ ဘီလီယံပုံတစ်ပုံမျှသာ ကျန်တော့သည့် အတွေးအကြွင်းအကျန်လေးထဲတွင် လင်းရှန်၏ အာရုံခံစားမှုက ငြိမ်းခါနီးမီးတောက်လေးတစ်ခုကဲ့သို့ သူ၏ အသိစိတ်ကို နောက်ဆုံးအကြိမ်တိုက်ခိုက်လိုက်သော အရာပေါ်သို့ စုစည်းသွားခဲ့သည်။ ၎င်းက မရေမတွက်နိုင်သော ကြယ်တာရာဖုန်မှုန့်များအဖြစ် ပြိုကွဲသွားသည့် အလင်းတန်းပင် ဖြစ်ပြီး အပိုင်းအစတစ်ခုက လင်းရှန်၏ ရှေ့သို့ပျံသန်းလာကာ သူ၏ အသိစိတ်ကို ချေမှုန်းပစ်လိုက်သည်။ သို့သော် ၎င်း လုံးဝမပြိုကွဲမီမှာပင် လင်းရှန် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်သည်မှာ...
သူ့ကို ဖြတ်ကျော်ပျံသန်းသွားသော ထိုအလင်းစက်ကလေးမှာ အမှန်စင်စစ်အားဖြင့် သတ္တုအန်စာတုံးတစ်ခုဖြစ်နေခြင်းပင်၊၊