← Chapters

အခန်း (၆၈၄-၆၈၅)

Vol. 36 Ch. 684-685

အခန်း (၆၈၄-၆၈၅)

Vol. 36 Ch. 684-685

အပိုင်း (၆၈၄) မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း။

ဝမ်းသာအားရ စကားပြန်ပြောရန် ပြင်လိုက်စဉ် မြင်းလှည်းပေါ်မှ အခြားသူများလည်း ဆင်းလာကြသည်။ ဖန်ကျန်းရီက လှည့်ကြည့်လိုက်ရာ လှပသော ညီအစ်မနှစ်ယောက် ယှဉ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ရင်းနှီးနေသော မျက်နှာများဖြစ်သည့် တိဖာ... နှင့် သူမ၏ နေမကောင်းဖြစ်နေသော ညီမလေးတို့ဖြစ်သည်။ သို့ပေမည့် သူတို့အနီးတွင် သူစိမ်းဖြစ်ဟန်တူသော အသားမည်းမည်း အမျိုးသားတစ်ယောက် ပါလာရာ သူ ချက်ချင်း မမှတ်မိနိုင်ဖြစ်သွားသည်။

လိုင်ကော်အာက ဖန်ကျန်းရီရှေ့သို့ စိုးရိမ်တကြီးဖြင့် လျှောက်လာကာ ပြောလိုက်၏။ "အမတ်မင်းဖန်... ကျုပ်ကို ဂါရဝပြုခွင့်ပြုပါ။"

ဖန်ကျန်းရီက မျက်မှောင်ကုတ်ကာ သူ့ကို အသေအချာ စိုက်ကြည့်ပြီး အကဲခတ်လိုက်ကာမှ မေးလိုက်သည်။ "မင်းက... လိုင်ကော်အာလား။"

လိုင်ကော်အာက ခေါင်းမော့လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ အစ်ကိုကြီးက ကျုပ်ကို မေ့သွားပြီ ထင်နေတာ။ မှတ်မိသေးတာကိုး။

သူက တခြားဘာမှ မျှော်လင့်မထားပေ။ တစ်ဖက်လူက ရာထူးကြီးမြင့်သူဖြစ်ပြီး သူကိုယ်တိုင်က သာမန် အရပ်သားတစ်ယောက်သာ ဖြစ်ရာ သူ့ကို မှတ်မိနေလျှင်ပင် လုံလောက်နေပြီဖြစ်သည်။ သူက ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်... ကျုပ် လိုင်ကော်အာပါ။ အမတ်မင်းဖန် မှတ်မိနေတာ ဝမ်းသာပါတယ်။"

ဖန်ကျန်းရီက ရယ်မောလိုက်ပြီး လိုင်ကော်အာ၏ ပခုံးကို လက်ဖြင့် ခပ်ပြင်းပြင်း ရိုက်ကာ ပြောလိုက်၏။ "ဒီခွေးကောင်... အစ်ကိုကြီးလို့ ခေါ်စမ်း။"

ရင်းနှီးသော ခံစားချက်က ရင်ထဲသို့ စီးဝင်လာကာ လိုင်ကော်အာ၏ အသက်ရှူသံများ ရပ်တန့်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "အစ်ကိုကြီး...။"

ဖန်ကျန်းရီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ "ကျွတ် ကျွတ်... မတွေ့ရတာ ကြာပြီ၊ ဒီလောက်တောင် တောင့်တင်းလာတာပဲ။ ကောင်းတယ်။ တိုးတက်လာတာ ကောင်းတဲ့ကိစ္စပဲ။ ဒါနဲ့ ရှင်းကျူရော .. လိုက်လို့ ရသွားပြီလား။"

လိုင်ကော်အာ၏ ရင်ထဲ၌ စို့တက်သွားကာ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။ "ဟင့်အင်း... မရပါဘူး... သူ... သူ ချူအိမ်တော်က အစေခံတစ်ယောက်နဲ့ လက်ထပ်သွားပြီ။ ကိုယ်ဝန်လည်း ရှိနေတော့ လိုက်မလာနိုင်ဘူး။"

ဖန်ကျန်းရီက အလျင်အမြန် နှစ်သိမ့်လိုက်၏။ "အေးလေ... လူတိုင်းမှာ ကိုယ်စီ ရည်မှန်းချက်တွေ ရှိကြတာပဲ။ ကော်အာရာ... စိတ်ပျက်မနေပါနဲ့။ ဒီလောကကြီးမှာ မိန်းမတွေ အများကြီး ရှိသေးတာပဲ။"

လိုင်ကော်အာက နှုတ်ခမ်းမဲ့ကာ ငိုတော့မည့်ပုံစံဖြင့် အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။ "သူက ကျုပ် သူများမယားကို သဘောကျမှန်း သိလို့ လက်ထပ်သွားတာ သေချာတယ်။ ကျုပ်က ခန္ဓာကိုယ်ကို သန်စွမ်းအောင် လေ့ကျင့်ထားတော့ သူ့ယောက်ျားက ကျုပ်ထက်စောပြီး သေချာပေါက် သေမှာပါ။"

ဖန်ကျန်းရီ ဆွံ့အသွားခဲ့သည်။ ဝန်းကျင်ရှိ လူအားလုံးလည်း ဆွံ့အသွားကြသည်။

ဒါမှ တကယ့် တာ့ကျင်းရဲ့ အချစ်ကြီးဆုံးလူပဲ။

အချိန်အတော်ကြာပြီးမှ ဖန်ကျန်းရီက အနေခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်ပြီး ပြောလိုက်၏။ "ကောင်းပြီ... အစ်ကိုကြီးက မင်းအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ နောက်ဆိုရင်တော့ အရူးအမူး လိုက်ကပ်မနေနဲ့တော့...။"

လိုင်ကော်အာက အလျင်အမြန် သတိပေးလိုက်သည်။ "အစ်ကိုကြီး... အဲဒါ အချစ်စစ်ပါ၊ လိုက်ကပ်တာ မဟုတ်ပါဘူး။"

ဖန်ကျန်းရီက ချောင်းဟန့်ရင်း ပြောလိုက်၏ "အဟမ်း... ငါ မိတ်ဆက်ပေးမယ်။ ဒါက အိမ်ရှေ့စံမင်းသားပဲ။"

လိုင်ကော်အာက လီယွမ်ကျောက်ကို ကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ ထို့နောက် ဖန်ကျန်းရီဘေးတွင် တုန်တုန်ယင်ယင်ဖြင့် ရပ်နေကာ အတော်လေး အနေခက်သွားပုံရသည်။

လီယွမ်ကျောက်မှာတော့ ကြောင်အမ်းအမ်း ဖြစ်နေပြီဖြစ်၏။ ဖန်ကြီးဘေးက လူတွေက ဘယ်လိုလူတွေလဲ၊ တစ်ယောက်မှ ပုံမှန် မဟုတ်ဘူး။ မဖြစ်သေးဘူး... နန်းတော်ပြန်ရောက်ရင် မှန်တစ်ချက်လောက် ပြန်ကြည့်အုံးမှပဲ။ ငါရော ပုံမှန်ဟုတ်ရဲ့လား။

မလှမ်းမကမ်းတွင် ရပ်နေသော ချူချင်ဟန်နှင့် ချူယိုယီတို့က သူတို့ နှုတ်ဆက်စကားပြောပြီးသည်ကို မြင်သောအခါ ညင်သာသော ခြေလှမ်းများဖြင့် လျှောက်လာကြသည်။ သူတို့က အရိုအသေပေးကာ တိုးညှင်းသော အသံဖြင့် နှုတ်ဆက်လိုက်ကြသည်။ "အမတ်မင်းဖန်... ကျွန်မတို့ကို ဂါရဝပြုခွင့်ပြုပါ။"

ဖန်ကျန်းရီက ပြုံးကာ မေးလိုက်၏။ "သခင်မ... မတွေ့ရတာ ကြာပြီနော်။ ခင်ဗျားတို့ နှစ်ယောက်ရော ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ။ လမ်းမှာ ခရီးပန်းပြီး တော်တော်လေး ဒုက္ခရောက်ခဲ့မှာပဲ။"

ချူချင်ဟန်က ခေါင်းယမ်းလိုက်ပြီး ရင်ခွင်ထဲမှ စာရင်းစာအုပ်တစ်အုပ်ကို ထုတ်ကာ ပြောလိုက်သည်။ "အဲဒီလောက် မဟုတ်ပါဘူး။ အမတ်မင်း ကျွန်မကို ချင်ဟန်လို့ပဲ ခေါ်ပါ။ ဒီတစ်ခေါက် လာရတာက အမတ်မင်း စစ်ဆေးလို့ရအောင် သင်္ဘောတည်ဆောက်ရေး စာရင်းစာအုပ်ကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးတာပါ။ ယိုယီကတော့ မြို့တော်ကို ဗဟုသုတ ရှာချင်တယ်ဆိုပြီး သူကိုယ်တိုင် လိုက်လာတာပါ။"

ချူယိုယီက အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ပြ၏။

ဖန်ကျန်းရီက သူမ၏ ဖြူရော်နေသော မျက်နှာနှင့် အနည်းငယ် ချိုင့်ဝင်နေသော ပါးပြင်နှစ်ဖက်ကို မြင်သောအခါ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ကိုယ်အလေးချိန် လျှော့နေတုန်းပဲလားဟု သူ တွေးလိုက်မိသည်။

ဖန်ကျန်းရီက မေးလိုက်၏။ "ယိုယီ... နေမကောင်းဘူးလား။"

ချူယိုယီက ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းယမ်းလိုက်ပြီး ညာလက်ဖြင့် ချူချင်ဟန်၏ လက်ကို ဆွဲထားသည်။

ချူချင်ဟန်က ပြောလိုက်၏။ "လမ်းမှာ သင်္ဘောမူးလို့ ထမင်းမစားရတာ ကြာပြီလေ။ တစ်လ၊ နှစ်လလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။"

ဖန်ကျန်းရီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ချူယိုယီကို ပြောလိုက်သည်။ "ဒီခရီးမှာ တော်တော် ဒုက္ခရောက်သွားတာပဲ။ စောစောကတည်းက သိရင် ကျုပ် ရထားလုံးလွှတ်ပြီး လာကြိုခိုင်းမှာပေါ့။"

ချူယိုယီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ဖြေလိုက်၏။ "ကိစ္စမရှိပါဘူး... သင်္ဘောစီးရင်း ကိုယ်အလေးချိန် လျှော့တာနဲ့ အတော်ပဲပေါ့...။"

လီယွမ်ကျောက်က လူအုပ်နောက်သို့ တိတ်တဆိတ် ဆုတ်သွားပြီး ဖန်ကျန်းရီနှင့် ချူညီအစ်မနှစ်ယောက်ကို သံသယမျက်လုံးဖြင့် စိုက်ကြည့်နေသည်။

ဖန်ကျန်းရီက အလျင်အမြန် စကားလွှဲလိုက်၏။ "အဟမ်း... ဟို နိုင်ငံခြားသားတွေရော ဘယ်မှာလဲ။ ကျုပ်ကို ပြစမ်းပါအုံး။"

လိုင်ကော်အာက ဒုတိယမြင်းလှည်းဆီသို့ ချက်ချင်း ပြေးသွားပြီး နိုင်ငံခြားသား လေးယောက်ကို ဆွဲချလာသည်။ သူတို့၏ လက်နှင့် ခြေထောက်များကို ကြိုးဖြင့် ချည်နှောင်ထားပြီး မျက်လုံးများကိုလည်း ဖုံးကွယ်ထားသည်။

လိုင်ကော်အာက မျက်လုံးဖုံးများကို ခွာချလိုက်ရာ သူတို့လေးယောက်က ဝန်းကျင်ရှိ သူစိမ်းများကို မြင်သောအခါ ချက်ချင်း အထိတ်တလန့်ဖြစ်သွားပြီး အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

လိုင်ကော်အာက ရက်စက်စွာ အော်လိုက်သည်။ "ပါးစပ်ပိတ်ထား .. ထပ်အော်ရင် မင်းတို့ကို ငါးစာကျွေးပစ်မယ်။"

လမ်းတစ်လျှောက်လုံး အဆူအဆဲခံလာရသဖြင့် နိုင်ငံခြားသားများက ချက်ချင်းပင် ပါးစပ်ပိတ်သွားကြ၏။

ဖန်ကျန်းရီက ရှေ့တိုးကာ သူတို့လေးယောက်ကို အကဲခတ်ကြည့်လိုက်ရာ ထိုလေးယောက်တွင် ဆံပင်အရောင်များ မတူညီကြဘဲ ဘုံတူညီသည့် အချက်ကို မတွေ့ရပေ။ သို့ပေမည့် အားလုံးက နှာတံပေါ်ပြီး မျက်လုံးချိုင့်ဝင်နေကြကာ အရပ်ကလည်း သိပ်မရှည်လှဘဲ သူ့လောက်ပင် မရှိချေ။ ကြည့်ရသည်မှာ ဤခေတ်ရှိ နိုင်ငံခြားသားများ၏ အာဟာရပြည့်ဝမှုက သိပ်မကောင်းလှကြောင်း သိသာနေသည်။

နိုင်ငံခြားသားများကလည်း ဖန်ကျန်းရီကို တိတ်တဆိတ် အကဲခတ်နေကြသည်။ ဤသူစိမ်းမျက်နှာက အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိသာလှသည်။ လပေါင်းများစွာ အကျဉ်းချခံရပြီးနောက် ယခုအချိန်အထိ သူတို့၏ ကံကြမ္မာမှာ ဝေခွဲမရဖြစ်နေဆဲပင်။ သူစိမ်းမြို့တစ်မြို့သို့ ရောက်လာပြန်ပြီဖြစ်ရာ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မသိနိုင်ပေ။

ရှန်ရီက ပြောလိုက်သည်။ "အမတ်မင်း... ဒီလူတွေကို ကျုပ်တို့ သင်္ဘောစမ်းသပ်မောင်းနှင်တုန်းက ပင်လယ်ထဲမှာ တွေ့ခဲ့တာပါ။ ကြည့်ရတာ သင်္ဘောပျက်ခဲ့တဲ့ပုံပဲ။ သင်္ဘောပေါ်က လူတွေ ကပ်ရောဂါမိပြီး... အကုန် သေကုန်ပြီထင်တယ်။ ဒီလေးယောက်က ကံကောင်းလို့သာ ကျန်ရစ်ခဲ့တာပါ။ ကျုပ်တို့ သူတို့ကို ဆိပ်ကမ်းနားမှာ ခွဲထားပြီး အစားအသောက်လေးနည်းနည်း ပေးလိုက်တာနဲ့ ကပ်ရောဂါက ပျောက်သွားတယ်။"

ဖန်ကျန်းရီက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "ကပ်ရောဂါ မဟုတ်လောက်ဘူး၊ သွေးဆိပ်တက်တာ နေမှာပါ။ ပင်လယ်ထဲမှာ အချိန်အကြာကြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ မစားရရင် အဲဒီလို ဖြစ်တတ်တယ်။ ကမ်းပေါ်ပြန်ရောက်လို့ အစားအသောက် ပုံမှန်စားလိုက်ရင် ပြန်ကောင်းသွားမှာပါ။"

နေရာရှိ လူအားလုံးမှာ ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့ရင်ထဲတွင် လေးစားမှုများ တိုးပွားလာကာ အမတ်မင်းဖန်က တကယ်ကို ဗဟုသုတ ကြွယ်ဝပါပေသည်ဟု တွေးမိလိုက်ကြသည်။

ဖန်ကျန်းရီက ထိုနိုင်ငံခြားသားများကို စိုက်ကြည့်ကာ လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။ "ဟယ်လို မိုင်နိမ်းအစ်... ဝှပ်တ်စ်ယိုးနိမ်း။"

နိုင်ငံခြားသားများက ကြောင်တောင်တောင်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။

ဝန်းကျင်ရှိ လူများမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေကြပြီး လီယွမ်ကျောက်က ဖန်ကျန်းရီအနီးသို့ တိုးလာကာ မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျား နိုင်ငံခြားစကားကို တကယ်ရော တတ်ရဲ့လား။"

ဖန်ကျန်းရီက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်၏။

ဘယ်လိုဖြစ်တာလဲ၊ ကြည့်ရတာ သူတို့ အင်္ဂလိပ်လို မပြောတတ်ဘူးလား။ ထပ်စမ်းကြည့်ဦးမှပဲ။

ဖန်ကျန်းရီက အော်လိုက်သည်။ "ကျုပ် မေးနေတယ်လေ၊ ဘာလို့ စကားမပြောကြတာလဲ။ ဟောင်းဒဲယူး... စပိက်။"

နိုင်ငံခြားသားလေးယောက်မှာ ကြောင်အမ်းအမ်းဖြစ်နေကြပြီး ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားကြသည်။ သူက ဘာသာစကား နှစ်မျိုးနဲ့ ပြောနေသလိုပဲ။

နေရာရှိ လူအားလုံးက ဖန်ကျန်းရီ၏ တင်ဆက်မှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ လီယွမ်ကျောက် ပင်လျှင် ဆက်မကြည့်နိုင်တော့သဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "တော်ပါတော့ ဖန်ကြီးရာ... ကြည့်ရတာ သူတို့က ခင်ဗျားတတ်တဲ့ နိုင်ငံခြားစကားကို နားလည်ပုံမရဘူး။ အရှက်ကွဲနေပြီ၊ ဆက်မပြောပါနဲ့တော့။"

ဖန်ကျန်းရီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ဟီးဟီး... အရူးလေးယောက်ကို ဖမ်းမိလာတာပဲ။"

ထို့နောက် သူက စကားလွှဲကာ တင်းမာစွာ အမိန့်ပေးလိုက်၏။ "လူတွေလာကြစမ်း။ ဒီနိုင်ငံခြားသား လေးယောက်ကို အကျဉ်းထောင်ထဲမှာ သွားချုပ်ထားလိုက်။ အမိန့်ကို စောင့်ပါစေ။"

နိုင်ငံခြားသားများကို ခေါ်ဆောင်သွားသော်လည်း အနေခက်မှုက မပြယ်သေးပေ။ ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "အားလုံး မြန်မြန် မြို့ထဲ ဝင်ကြတာပေါ့။ ကြိုဆိုပွဲ အဆင်သင့် ဖြစ်နေပြီ။ အရင်ဆုံး ရက်အနည်းငယ်လောက် အနားယူကြပြီးမှ ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ကို မြို့တော်ထဲ လိုက်ပို့ပေးမယ်။ ကဲ... လှည်းပေါ်တက်ကြ။"

လူအားလုံး လှည်းပေါ်တက်သွားကြပြီးနောက် လီယွမ်ကျောက်က ချူချင်ဟန်၏ ကျောပြင်ကို ကြည့်ကာ မေးလိုက်သည်။ "ဖန်ကြီး... ဒီမိန်းမနှစ်ယောက်က ခင်ဗျားနဲ့ ဘာပတ်သက်လို့လဲ။"

ဖန်ကျန်းရီက စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်၏။ "သူငယ်ချင်းတွေပါ .. ရိုးရိုး သူငယ်ချင်းတွေပါ။"

လီယွမ်ကျောက်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ "ဟုတ်ရင် အကောင်းဆုံးပဲနော်။ မြောင်ဟန်က ကျုပ်ကို ပြောထားတယ်။ ခင်ဗျားအိမ်မှာ မိန်းမတွေ အများကြီး ဖွက်ထားသေးတယ်တဲ့။ ဒါက ထားပါတော့... အပြင်မှာ ထပ်ပြီး မိန်းမလိုက်စားနေမယ်ဆိုရင်တော့ ကျုပ် မြောင်ဟန်ကို သွားတိုင်မယ်ဆိုတာ မမေ့နဲ့နော်။ ကျုပ် ခင်ဗျားကို စောင့်ကြည့်နေမှာပဲ။"

ဖန်ကျန်းရီက အလျင်အမြန် စကားလွှဲလိုက်သည်။ "အာ... မင်းသား။ ကျုပ်တို့ခရိုင်မှာ ကောင်းကင်ပျံနိုင်တဲ့ အရာတစ်ခု ရှိတယ်ဆိုတာ ခင်ဗျား သိလား...။"

အပိုင်း (၆၈၅) စပ်စုချင်စိတ်က လူကို ဒုက္ခပေးနိုင်တယ်။

ဖန်ကျန်းရီ က မီးပုံးပျံ အကြောင်းကို ပြောပြလိုက်သည်။

ထိုမီးပုံးပျံသတင်းကြောင့် လီယွမ်ကျောက်က အလောသုံးဆယ်ဖြင့် ဝမ်းသာအားရ ပြေးထွက်သွားတော့၏။

ဖန်ကျန်းရီနှင့် အဖွဲ့သည် ယူတိန့်မြို့မှ ရောက်လာသော ချူညီအစ်မများကို ဖန်အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ညစာစားပွဲတွင် ချူယိုယီမှာ ဖန်ကျန်းရီ၏ ယခင်က ခြောက်လှန့်မှုများကြောင့် အသားမစားရဲဘဲ ကြောက်ရွံ့နေသည်။

ထိုကြောင့် ဖန်ကျန်းရီက ဝက်လက်တစ်တုံးကို ခပ်တည်တည်ဖြင့် ထည့်ပေးလိုက်ပြီး အဆီစား၍ ဝိတ်ချနည်းများကို ရေပက်မဝင်အောင် စတင်ရှင်းပြတော့သည်။ ထိုအခါမှသာ ချူယိုယီလည်း အနည်းငယ် စိတ်အေးသွား၏။

ထို့နောက် ဖန်ကျန်းရီသည် ချူချင်ဟန်ထံမှ သင်္ဘောတည်ဆောက်မှု အခြေအနေများကို မေးမြန်းလိုက်သည်။

ဧရာမသင်္ဘောကြီး နှစ်စင်း ပြီးစီးနေပြီဖြစ်ပြီး နောက်ထပ် သုံးစင်း ထပ်မံတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ကြားရသဖြင့် အလွန်ကျေနပ်သွား၏။

ထိုအချိန်တွင် လိုင်ကော်အာက သူ၏ သင်္ဘောမောင်းကျွမ်းကျင်မှုကို ကြွားလုံးထုတ်ကာ ပင်လယ်ထွက်ချင်ကြောင်း ပူဆာသည်။ ဖန်ကျန်းရီက သူ့ကို အန္တရာယ်များလှသော ပင်လယ်ခရီးသို့ မလွှတ်ချင်ပေ၊ ရည်းစားဟောင်း ရှင်းကျူမှာ လက်ထပ်သွားပြီဖြစ်သော်လည်း နောက်ထပ် မိန်းမရှာပေးမည်ဟု ကတိပေးလိုက်သည်။

လိုင်ကော်အာက ခေါင်းမာစွာ ငြင်းဆန်ခဲ့၏။

လေထုအနည်းငယ် တိတ်ဆိတ်သွားချိန်တွင် ဖန်ကျန်းရီက ချူညီအစ်မနှစ်ဦးကို အမှတ်တမဲ့ မေးလိုက်သည်။ "ခင်ဗျားတို့ရော လက်ထပ်ပြီးကြပြီလား"

တစ်ခန်းလုံး ရေခဲရိုက်သလို ငြိမ်သက်သွား၏။

ချူချင်ဟန်က မျက်နှာလေးနီရဲကာတိုးတိုးလေးဖြေသည်။ "မ... မထပ်ရသေးပါဘူး"

အခြေအနေ မဟန်သည်ကို ရိပ်မိသော ဖန်ကျန်းရီက ရှန်ရီနှင့်အတူ အပြင်သို့ ထွက်လာခဲ့၏။

လူကွယ်ရာရောက်မှ ရှန်ရီက ဖွင့်ဟ ပြောပြသည်။ "အမတ်မင်းဖန်... ချူသခင်လေးက သူ့ညီမနှစ်ယောက်လုံး အမတ်မင်းကို လက်ထပ်ထားတယ်လို့ မြို့တော်တစ်ခုလုံးကို လျှောက်ပြောနေတာဗျ"

ဖန်ကျန်းရီ၏ ခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ နန်းတော်ထဲရှိ သူ၏မိန်းမ မင်းသမီးမြောင်ဟန်ကို နောက်ထပ် မိန်းမမယူတော့ပါဘူးဟု ကတိပေးထားသမျှ သောက်ကျိုးနည်း အကုန်ရေစုန်မျောရတော့မည်။

"သောက်ကျိုးနည်း .... အဲဒီ အရူးကောင်" သူ ဒေါသတကြီးဖြင့် ကျိန်မိ၏။

နောက်တစ်နေ့ နံနက်တွင် ဖန်ကျန်းရီသည် အကျဉ်းထောင်ရှိ နိုင်ငံခြားသား လေးယောက်ထံ သွားရောက်ခဲ့သည်။ သူတို့၏ ဘာသာစကားကို မည်သူမျှ နားမလည်ကြပေ။

ဖန်ကျန်းရီက ယခင်ဘဝက အသိပညာဖြင့် "ဘွန်းဇူး" (Bonjour) ဟု ပြင်သစ်လို စမ်းသပ်နှုတ်ဆက်ကြည့်သော်လည်း တုံ့ပြန်မှု မရသဖြင့် စိတ်ပျက်သွား၏။

ထို့ကြောင့် လုဖာအား ထိုသူများကို ရေချိုးပေးရန်နှင့် စကားသင်ပေးရန် တာဝန်လွှဲလိုက်ပြီး၊ သူတို့လေးယောက်ကို "တာ့ကျွမ်း၊ ရှောင်ရွှိုက်၊ ဖိုပေါ်လဲ့၊ ခါလဲ့မီ" ဟူသော ထူးဆန်းသည့် နာမည်များ ပေးခဲ့သည်။

ထို့နောက် သူသည် ကျင်းဘုရင်မင်းမြတ်ထံ ဝင်ရောက်ခစားကာ သင်္ဘောသတင်းကို လျှောက်တင်လိုက်၏။

ဘုရင်ကြီးက အလွန်ဝမ်းသာသွားသည်။ သို့သော်ငြား မနေ့ညက အိမ်ရှေ့စံ လီယွမ်ကျောက်က စစ်တိုက်မည်ဖြစ်ကြောင်း လာရောက် တောင်းဆိုသည်ကို ဖန်ကျန်းရီ က ပြောပြလိုက်သည်။

ဖန်ကျန်းရီက လိမ္မာပါးနပ်စွာဖြင့် ဒေသခံပုန်ကန်သူများကို သွေးထွက်သံယိုမရှိဘဲ နှိမ်နင်းနိုင်မည့် နည်းဗျူဟာနှစ်ခု ရှိကြောင်း လျှောက်တင်လိုက်၏။

"အထက် နည်းဗျူဟာကတော့ တောင်ကို မီးရှို့ပစ်ဖို့ပါပဲ"

"ချီး ... မင်းဟာက ရက်စက်လွန်းတယ်။" ဘုရင်ကြီးက ရက်စက်လွန်းသည်ဟုဆိုကာ ဒေါသတကြီး ငေါက်ငမ်းလေသည်။

ထို့နောက် ဖန်ကျန်းရီက အပြုံးလေးဖြင့် တင်ပြလိုက်၏။ "အောက်နည်းဗျူဟာကတော့... ဒေသခံအကြီးအကဲတွေနေရာမှာ ရုံးတော်က အရာရှိတွေ အစားထိုးခန့်အပ်ဖို့ပါ"

ဒေသခံများကို အုပ်ချုပ်ခွင့်ပေးထားပြီးမှ တဖြည်းဖြည်း ရုံးတော်အရာရှိများဖြင့် အစားထိုးကာ အာဏာကို သိမ်းယူမည့် ထို နိုင်ငံရေးနည်းဗျူဟာကို ကြားလိုက်ရချိန်တွင် ဘုရင်ကြီး၏ မျက်လုံးများ အရောင်လက်သွားပြီး အားရဝမ်းသာ ချီးကျူးလိုက်သည်။ "ကောင်းတယ် .. ဒါမှ တကယ့် အထက်နည်းဗျူဟာနဲ့ ထိုက်တန်တာ"

......

တောက်ယွမ်ခရိုင်၌ ရှောင်လဲ့ထျန်းသည် မိုရှောင်ဟူ ဦးဆောင်သော မီးပုံးပျံစီမံကိန်းတွင် ပါဝင်နေ၏။ အစပိုင်းတွင် "အပူငွေ့က အထက်ကိုတက်တယ်" ဟူသော ဖန်ကျန်းရီ၏ ဝေဝါးသော စကားတစ်ခွန်းတည်းဖြင့် အခက်တွေ့နေကြသော်လည်း၊ နောက်ပိုင်းတွင် ဖန်ကျန်းရီ ပို့ပေးလိုက်သော "ကျန်းရီမီးအိမ်" (မီးပုံးပျံငယ်) ကို မြင်ပြီးနောက် အားလုံး စိတ်ဓာတ်တက်ကြွသွားကြ၏။

သို့ပေမည့် စမ်းသပ်မှုများက အကြိမ်ကြိမ် ကျရှုံးနေခဲ့သည်။ ရှောင်လဲ့ထျန်းမှာ ကျရှုံးမှုများကြားမှပင် သိပ္ပံပညာ၏ အဓိပ္ပာယ်ကို နားလည်လာကာ ကြိုးစားချင်စိတ်များ ပြည့်နှက်နေသည်။

ညဘက်တွင် သူရရှိထားသော လုပ်အားခများကို ဖခင် ရှောင်ခန်အား သွားပေးရာ ဖခင်ဖြစ်သူက ငွေအိတ်ကို အကြမ်းပတမ်း ပုတ်ချပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လက်မှုပညာသည် ... ငါ့မှာ မင်းလို အရည်အချင်းမရှိတဲ့ သားမျိုး မရှိဘူး။"

နိုင်ငံအတွက် ကြီးမားသည့် စီမံကိန်းဖြစ်ကြောင်း ရှင်းပြသော်လည်း ဖခင်က လက်မခံသဖြင့် ရှောင်လဲ့ထျန်းမှာ ရင်ကွဲမတတ် ခံစားရကာ တောက်ယွမ်ခရိုင်သို့သာ ပြန်လာခဲ့ရတော့၏။

နောက်ဆုံးတွင်တော့ မီးပုံးပျံအသစ် ထပ်မံဖန်တီးပြီးစီးသွားခဲ့သည်။

အိမ်ရှေ့စံ လီယွမ်ကျောက်က ပထမဆုံး စမ်းသပ်ပျံသန်းရာ၌ လာရောက်ကြည့်ရှု၏။

ဧရာမ မီးပုံးပျံကြီးသည် ကောင်းကင်သို့ အမှန်တကယ် ပျံတက်သွား၏။ အောက်ဘက်ရှိ လူအုပ်ကြီးမှာ အရူးအမူး အော်ဟစ်အောင်ပွဲခံကြသည်။

လီယွမ်ကျောက်သည် မီးပုံးပျံကိုကြည့်ကာ ရူးသွပ်စွာ တွေးလိုက်မိ၏။ "ကောင်းကင်ပျံပြီး ရွာကို မီးရှို့မယ်ဆိုတဲ့ အကြံက တကယ်ဖြစ်လာနိုင်ပြီ"

မီးပုံးပျံ ပြန်ဆင်းလာချိန်တွင် မိုရှောင်ဟူက လူကိုယ်တိုင်တက်၍ ထိန်းချုပ်ကြည့်ရန် လိုအပ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ရှောင်လဲ့ထျန်းက မှတ်တမ်းတင်ရန် မိမိကိုယ်တိုင် တက်ကြည့်မည်ဟု စိတ်အားထက်သန်စွာ တောင်းဆို၏။

"မလုပ်နဲ့.. မင်းဟာက အရမ်း အန္တရာယ်များလွန်းတယ်။" မိုရှောင်ဟူက ငြင်းဆန်လိုက်သည်။

သို့ပေမည့် ထိုအချိန်မှာပဲ ရုတ်တရက် ဆိုသလို လီယွမ်ကျောက် က ရောက်ရှီလာပြီး ရှောင်လဲ့ထျန်း၏ ပခုံးကို အားကုန်ရိုက်ကာ အော်ဟစ်လိုက်သည်။ "သတ္တိရှိတယ်... ကျုပ် မင်းနဲ့ အတူတူ လိုက်တက်မယ်။"

ထိုစကားကြောင့် မိုရှောင်ဟူမှာ ချွေးစေးများပင် ပြန်သွားသည်။ အိမ်ရှေ့စံမင်းသား တစ်ခုခုဖြစ်သွားမည်ကို တွေးပြီး အသေအလဲ တားဆီးတော့၏။

သို့ပေမည့် လီယွမ်ကျောက်က အာဏာပြကာ ရေနံဆီဘူးများကို ဆွဲယူလျက် ခြင်းတောင်းထဲသို့ ခုန်ဝင်သွားသည်။ "ခင်ဗျား ပါးစပ်ပိတ်ထား၊ ကျုပ်ကို တားတဲ့သူ အကုန် အလုပ်ထုတ်မယ်။"

ထို့နောက် မှင်သက်နေသော ရှောင်လဲ့ထျန်းကို ကြည့်ကာ အော်ဟစ်လိုက်၏။ "ဘာကြောင်ကြည့်နေတာလဲ။ ကျုပ်နဲ့အတူ ဘောလုံးပေါ် တက်ခဲ့။"

ရှောင်လဲ့ထျန်းက လီယွမ်ကျောက်၏ အော်သံကို ကြားသောအခါ ချက်ချင်း အသိဝင်လာသည်။ မိုရှောင်ဟူကို တစ်ချက်ကြည့်လိုက်ပြီး အံကြိတ်ကာ မီးပုံးပျံဆီသို့ ပြေးသွားပြီး ခြင်းတောင်းထဲသို့ သွက်လက်စွာ ခုန်ဝင် လိုက်သည်။

လီယွမ်ကျောက်က ဖြူဖွေးနေသော သွားနှစ်တန်းကို ပေါ်အောင် ပြုံးပြပြီး ပြောလိုက်၏။ "ယောက်ျားကောင်းပဲ၊ ကျုပ်နဲ့ တူတယ်။ ဒါနဲ့... ဒီရေနံဆီကို ဘယ်လိုသုံးရတာလဲ။"

ရှောင်လဲ့ထျန်းက အနေခက်စွာ ပြုံးလိုက်ပြီး လီယွမ်ကျောက်၏ လက်ထဲမှ ရေနံဆီဘူးကို ယူကာ မီးထွန်းသည့် ကိရိယာထဲသို့ ရေနံဆီ စတင်ဖြည့်လိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ မီးခြစ်ကို ထုတ်ကာ ရေနံဆီဘူးကို မီးညှိလိုက်သည်။

ထို့နောက် မီးပုံးပျံက စတင် ကြီးမားလာပြီး... ကြီးမားလာသည်။ ရုတ်တရက် သူတို့နှစ်ယောက်လုံး ခြေထောက်အောက်မှ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ရင်ထဲတွင် ထိတ်လန့်မှု အနည်းငယ် ထပ်တိုးလာခဲ့သည်။ ထိုအချိန်တွင် မီးပုံးပျံက အပေါ်သို့ စတင်တက်နေပြီဖြစ်၏။

မိုရှောင်ဟူက လှည့်ကြည့်လိုက်သည်။ မီးပုံးပျံက မြေပြင်နှင့် ဆယ်ပေခန့် ကွာဝေးနေပြီဖြစ်သည်ကို မြင်သောအခါ မျက်နှာက ဖြူရော်သွားသည်။ သူက ဘေးနားရှိ လူများကို လှည့်ကြည့်ကာ အော်လိုက်၏။ "အားလုံး ကြိုးကို သေချာကြည့်ထားကြ။ မီးပုံးပျံကို လုံးဝ လွတ်ထွက်သွားခွင့် မပေးနဲ့။"

တစ်စုံတစ်ယောက်က ကြိုးချည်ထားသည့် နေရာသို့ ချက်ချင်း ပြေးသွားပြီး ခိုင်မာသော ကြိုးထုံး နှစ်ထုံး ထပ်ချည်လိုက်သည်။

လီယွမ်ကျောက်က ခြင်းတောင်းအစွန်းကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။ တဖြည်းဖြည်း အပေါ်သို့ တက်နေသည့် လုပ်ငန်းစဉ်တွင် သူက ထူးဆန်းသော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားစရာကောင်းသည်ဟု ထင်မှတ်မိ၏။

ရှောင်လဲ့ထျန်းကလည်း ခြောက်ကပ်နေသော နှုတ်ခမ်းကို အဆက်မပြတ် သပ်ကာ ဟိုဟိုဒီဒီ ကြည့်ရှုနေသည်။ နားထဲသို့ အသံတစ်သံ ရောက်လာသောအခါမှ အသိဝင်လာတော့သည်။

"ဒီထက် နည်းနည်း ပိုမြန်မြန် တက်လို့ မရဘူးလား။"

ရှောင်လဲ့ထျန်းက လီယွမ်ကျောက်ကို ကြည့်ကာ ရင်ထဲတွင် လေးစားသွားမိ၏။

တကယ်ကို တစ်ကိုယ်လုံး သတ္တိတွေချည်းပဲ။ အပေါ်တက်တာ နှေးနေတယ်လို့တောင် ထင်နေသေးတာလား။

ရှောင်လဲ့ထျန်းက ပြောလိုက်သည်။ "ရတယ် သခင်လေးလီ။ ဒီရေနံဆီဘူးမှာ အဆို့ရှင်တစ်ခု တပ်ဆင်ထားတယ်။ မီးအား အကြီးအသေးကို ချိန်ညှိလို့ရတယ်၊ မီးအား များလေလေ အပေါ်တက်တာ မြန်လေလေပဲ။"

ပြောရင်းဖြင့် ရှောင်လဲ့ထျန်းက အဆို့ရှင်ကို လှည့်လိုက်ရာ ရေနံဆီဘူးထဲမှ မီးတောက်များက ရုတ်တရက် ပိုမို ပြင်းထန်လာပြီး အပေါ်တက်သည့် အရှိန်ကလည်း ပိုမြန်လာသည်။

မိုရှောင်ဟူက အောက်ဘက်တွင် ရပ်ကာ လည်ပင်းကို ဆန့်ထုတ်၍ အသေအလဲ စိုက်ကြည့်နေသည်။ အပေါ်တက်သည့် အရှိန်က ရုတ်တရက် ပိုမြန်လာသည်ကို မြင်သောအခါ ရင်ထဲတွင် ထပ်မံ နာကျင်သွားရပြန်သည်။ သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် သိပ်မကြာလိုက်ဘဲ အောက်ဘက်ရှိ ကြိုးက တင်းကျပ်သွား၏။

လီယွမ်ကျောက်မှာ ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေပြီဖြစ်သည်။ သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ တောင်တန်းများ၊ မြစ်ချောင်းများ၊ ရေကန်များနှင့် မြို့ရွာများက မျက်စိအောက်တွင် အားလုံး ပေါ်လွင်နေပြီဖြစ်သည်။ ခြေအောက်ရှိ အရာအားလုံးက သေးငယ်သော အရုပ်လေးများသဖွယ် ဖြစ်နေသည်။ လီယွမ်ကျောက်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေသော်လည်း ထိန်းချုပ်၍မရသော ရူးသွပ်လုမတတ် ပျော်ရွှင်မှုတစ်မျိုးလည်း ရှိနေသည်။

ကျယ်ဝန်းလှတဲ့ လောကကြီးတစ်ခုလုံးက... မျက်စိအောက်မှာ အကုန် မြင်နေရတာပဲ။

လီယွမ်ကျောက်က တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒီလို ရှုခင်းမျိုးကို... ခမည်းတော်တောင် မြင်ဖူးမှာ မဟုတ်ဘူး။"

ဘေးနားရှိ ရှောင်လဲ့ထျန်းက မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး တံတွေးများကို အဆက်မပြတ် မြိုချနေသည်ကို သူ လုံးဝ သတိမထားမိပေ။

ခဏတာ ငေးမောကြည့်ပြီးနောက် လီယွမ်ကျောက်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ "ဒီမီးပုံးပျံရဲ့ လားရာကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိပြီလား။"

ရှောင်လဲ့ထျန်းက အပြင်းအထန် ခေါင်းယမ်းလိုက်၏။ "မသိဘူး။ အောက်က ကြိုးနဲ့ ဆွဲထားတာ ဘယ်လိုလုပ် ထိန်းချုပ်လို့ ရမှာလဲ။ ကြိုးကို အရင် ဖြုတ်ပြီး သူ့ကို အကန့်အသတ်မရှိ ပျံသန်းခွင့်ပေးမှပဲ တစ်ခုခု ရှာတွေ့နိုင်မှာပေါ့။"

အကန့်အသတ်မရှိ ပျံသန်းမယ်... ကြိုးကို ဖြုတ်မယ်။

လီယွမ်ကျောက်က အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မူးဝေသွားသလို ခံစားလိုက်ရသည်။ သူက မေးလိုက်သည်။ "ဒါက... ကြိုးကို ဖြုတ်လိုက်ရင် ကျုပ်တို့ ပြုတ်ကျပြီး သေမသွားဘူးလား။"

ရှောင်လဲ့ထျန်းက ပြန်ဖြေလိုက်သည်။ "မသေလောက်ပါဘူး၊ မီးအားကို လျှော့လိုက်ရင် တဖြည်းဖြည်း အောက်ပြန်ဆင်းသွားမှာပါ၊ ခုနက ပျံတာ တော်တော်လေး ငြိမ်တယ်မဟုတ်လား။ အာ... ဒါပေမဲ့ ကျုပ်တို့ အောက်ပြန်ဆင်းကြတာပေါ့၊ သခင်လေးလီ... ခင်ဗျား မကြောက်ဘူးလား။"

"ကြောက်တယ် ဟုတ်လား။ ကျုပ်က ကြောက်ရမှာလား။"

လီယွမ်ကျောက်က ချက်ချင်း တက်ကြွသွားပြီး ကြောက်ရွံ့မှုများ အတော်လေး လျော့ကျသွားကာ ခေါင်းမာစွာဖြင့် ပြောလိုက်၏။ "ကျုပ်တို့ ဒီအပေါ် တက်လာတာ ရှုခင်းကြည့်တာကလွဲပြီး ဘာမှ မရလိုက်ဘူးလေ။ ဒါဆို အလကား တက်လာသလို ဖြစ်မနေဘူးလား၊ ဘာပဲဖြစ်ဖြစ် မင်းက အောက်ဆင်းတတ်တယ်ဆိုတော့ ကျုပ်တို့ ဆက်ပြီး အပေါ်ကို တက်ကြည့်ကြရင် ဘယ်လိုလဲ။"

ရှောင်လဲ့ထျန်းက စဉ်းစားရင်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကာ သူ၏ ပါးစပ်မှ သရဲပူးသကဲ့သို့ အမှတ်မထင် ထွက်ကျသွားသည်။ “ ကျုပ်တို့နှစ်ယောက် အဆုံးအထိ ပျံတက်သွားရင် ဘယ်လိုနေမလဲ။ အပေါ်မှာ နတ်ပြည် ရှိနေမလား။"

လီယွမ်ကျောက်က ထိုစကားကို ကြားသောအခါ မျက်လုံးများ ချက်ချင်း ကြောင်အမ်းသွားပြီး ကောင်းကင်ပေါ်သို့ စိုက်ကြည့်နေတော့သည်။ သူက ပြောလိုက်၏။ "ဟုတ်တယ်... အဆုံးအထိ ပျံတက်သွားရင် ဘာရှိမလဲ။"

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက် အသိဝင်လာကာ အချင်းချင်း ကြည့်လိုက်ကြရာ ယခုအခါ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီဖြစ်သည်။

အခု ပျံလို့ ရနေပြီလေ။ ဒါက နတ်ဘုရားတွေရဲ့ အစွမ်းပဲ... ဆက်ပြီး အမြင့်ကို တက်သွားရင် ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ် မဟုတ်လား။ ကျုပ်က မိုးနတ်မင်းရဲ့ သားတော်လေ၊ ဒီနေ့ ဒီလို အခွင့်အရေးမျိုး ရနေတာကို ကောင်းကင်ပေါ် တက်ပြီး မကြည့်ဘဲ နေရလား။

လီယွမ်ကျောက်၏ နှလုံးခုန်သံများက အဆက်မပြတ် မြန်ဆန်လာသည်။ သူက အံကြိတ်ကာ အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "သောက်ကျိုးနည်း .. လုပ်လိုက်စမ်း။ ကျုပ်နဲ့အတူ ကောင်းကင်ပေါ် တက်မယ်။ သတ္တိရှိလား။"

"ရှိတယ်၊ လုပ်လိုက်။" ရှောင်လဲ့ထျန်းကလည်း ထပ်တူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

လီယွမ်ကျောက်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ခါးမှ ဓားကို ဆွဲထုတ်ကာ မီးပုံးပျံကို ချည်နှောင်ထားသော ကြိုးကို သွက်လက်စွာ ခုတ်ဖြတ်လိုက်သည်။ မီးပုံးပျံက ထပ်မံ၍ တုန်ခါသွားပြီး ရုတ်တရက် အပေါ်သို့ ပျံတက် သွားတော့သည်။

မိုရှောင်ဟူက အစပိုင်းတွင် မီးပုံးပျံ ရပ်တန့်သွားသည်ကို မြင်သောအခါ စိတ်အေးသွားခဲ့ပြီဖြစ်သည်။ ရုတ်တရက် နားထဲသို့ ကြောင်တောင်တောင် အသံအချို့ ရောက်လာသဖြင့် အသံလာရာဆီသို့ ချက်ချင်း ကြည့်လိုက်သည်။ ထိုသို့ ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားတော့သည်။ ခေါင်းထဲတွင် ထူပူသွားပြီး... ဘာမှ မသိတော့ပေ။

"သောက်ကျိုးနည်း။ သူတို့ ကြိုးကို ခုတ်ဖြတ်လိုက်ပြီဟေ့။ လုပ်ပါအုံးဟ။"

"ဒီလူငယ်တွေ၊ သတ္တိကလည်း အရမ်းကြီးလွန်းတယ်။"

"ယိုင်သွားပြီ။ ယိုင်သွားပြီ။ သူတို့ လွင့်သွားပြီ၊ မြန်မြန် လိုက်ကြ။"

မိုရှောင်ဟူက ချက်ချင်း အသိဝင်လာပြီး ကောင်းကင်ပေါ်သို့ မျှော်လင့်ချက်မဲ့စွာဖြင့် မော့ကြည့်လိုက်ရာ မီးပုံးပျံက အဝေးသို့ ပျံသန်းသွားကာ ပိုပိုမြင့်လာသည်ကို မြင်လိုက်ရသည်။

အမည်းစက်လေးတစ်ခုနီးပါး ဖြစ်နေပြီဖြစ်သော မီးပုံးပျံကို ကြည့်ကာ မိုရှောင်ဟူက အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "မြင်းအမြန် မြန်မြန် သွားရှာကြ။ မြန်မြန် လိုက်ကြ။ သူတို့နှစ်ယောက်လုံး ဘာမှ ဖြစ်လို့မရဘူး။"

အောက်ဘက်ရှိ လူများက ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြီး တချို့က ပြေးလိုက်သွားကာ တချို့က မြင်းရှာရန် ထွက်သွားကြသည်။ မိုရှောင်ဟူက တစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "မင်း... အခုချက်ချင်း မြို့တော်ကို သွားပြီး သခင်လေးလီ မီးပုံးပျံ စီးပြီး လွင့်သွားပြီလို့ သခင်လေးကို သွားပြော။ သူ့ကို အမြန်ဆုံး လာခဲ့ဖို့ ပြောလိုက်။ မြန်လေ ကောင်းလေပဲ။"

ထိုသူက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အခြေအနေ၏ ပြင်းထန်မှုကို နားလည်ထားပုံရကာ ခြေလှမ်း သွက်သွက်ဖြင့် မြင်းရှာရန် ပြေးသွားတော့၏။

All Chapters