အခန်း ၁၉၅၃
Vol. 131 Ch. 1953
အပိုင်း ( 1953 ) အချိန်နတ်ဘုရားသစ်ပင်။
ထိပ်တိုက် ရင်ဆိုင်ရလျှင် သူတို့က မကြောက်ပေ။ သို့ရာတွင်၊ အချိန်ဟင်းလင်းပြင် နိယာမက လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ရန်သူများကို ထောင်ချောက်ဆင်ရာ၊ ချုပ်နှောင်ရာမှာ အလွန်အသုံးဝင်ပေသည်။
အချိန်ဟင်းလင်းပြင် နိယာမဖြင့် ချုပ်နှောင်ပြီးနောက် လုမင်က အဓိက တိုက်ခိုက်သူ ဖြစ်လာမည် ဖြစ်သည်။ သူတို့နှစ်ဦးက အတူတူတိုက်ခိုက်လျှင် သူတို့၏အသက်က စိုးရိမ်စရာဖြစ်လိမ့်မည်။
ဤအခိုက်အတန့်တွင် လူအချို့က အဝေးမှ ရောက်ရှိလာကြသည်။ သူတို့၏ ခန္ဓာကိုယ်များကို နိယာမမြစ်ဖြင့် ဝန်းရံထား၏။
အချိန်နတ်ဘုရားကျွန်းမှ နောက်ထပ် ဧကရာဇ်တစ်ပိုင်းများ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့က ယခင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူသုံးဦးနှင့် ပူးပေါင်းလိုက်၏။ အားကောင်းသော အရှိန်အဝါက လုမင်အပေါ် ကျရောက်လာတော့သည်။
ကြီးမားသော တိုက်ပွဲကြီးက တစ်ဖန် ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင်... ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပေါ်လာသည်။
ဤရုပ်သွင်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ဖုံးအုပ်ထား၏။ ထိုနေရာရှိ အချိန်နှင့်ဟင်းလင်းပြင်က ပြောင်းလဲနေပုံရသည်။
အထဲမှာတော့ ဝတ်စုံနက်ဝတ် အဘိုးအိုတစ်ဦးကို ယောင်ဝါးဝါး မြင်နေရပေသည်။
အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက ဤအဘိုးအိုကို မြင်သောအခါ အားလုံး ဦးညွှတ်ပြီး ပြောလိုက်သည်။
"သူတော်စင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
"သူတော်စင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
အချိန်နတ်ဘုရားကျွန်း၏ အခြားသူများလည်း အမူအရာပြောင်းသွားပြီးနောက် ဦးညွတ်လိုက်ကြသည်။
"သူတော်စင်သခင်လား"
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဤသူတော်စင်သခင်က အလွန်မြင့်မားသော အဆင့်အတန်းရှိပုံရသည်။ အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းများပင် သူ့ကို လေးစားရပေသည်။
သူတော်စင်သခင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူက လုမင်ကိုကြည့်ကာ ကြင်နာသောအပြုံးကို ထုတ်ဖော်လိုက်၏။ ထို့နောက် သူက အခြားသော ဧကရာဇ်တစ်ပိုင်းများကို ကြည့်ကာ ပြောလိုက်သည်။
"လူတိုင်းက စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေပါ။ ခင်ဗျားတို့တွေ ဒီနေရာမှာ တိုက်ခိုက်မယ်ဆိုရင် အချိန်နတ်ဘုရားကျွန်းကို ကြီးကြီးမားမား ပျက်စီးစေလိမ့်မယ်။ ဒါကြောင့် ဒီအဘိုးကြီးကို မျက်နှာသာပေးတဲ့အနေနဲ့ တိုက်ပွဲကို ခေတ္တရပ်နိုင်မလား"
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ သို့သော်၊ ဘာမျှ မပြောသေးပါ။
အခြား အင်အားစုများမှ ဧကရာဇ်တစ်ပိုင်းများကလည်း မျက်လုံးများ အရောင်လက်သွားသည့်တိုင် ဘာမျှမပြောပါ။
ယခုအချိန်တွင်၊ သူတို့က လူအများကြီး ပေါင်းစည်းထားသောကြောင့် အင်အား အသာစီးရသော်လည်း လုမင်နှင့် ပေါင်ပေါင်တို့ကို အနိုင်ယူရန် ယုံကြည်မှုမရှိချေ။ အချိန်နတ်ဘုရားကျွန်းမှ လူများ နောက်ဆုတ်သွားပါက ယုံကြည်မှု ပိုနည်းသွားနိုင်သည်။
"သူတော်စင်သခင်ကို တင်ပြပါတယ်။ ဒီလူက အချိန်နတ်ဘုရားကျွန်းရဲ့ အကြီးအကဲအများကြီးကို သတ်ခဲ့တယ်။ သူ့ကို အလွတ်ပေးလို့မရဘူး"
ရွှမ်ချွမ်က လက်မလျှော့ချင်သေးပါ။ သူက အချိန်နတ်ဘုရားကျွန်း၏ အင်အားဖြင့် လုမင်ကို သတ်လိုသည်။
"မင်း ငါ့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးနေတာလား"
သူတော်စင်သခင်က ရွှမ်ချွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အသံက အေးစက်သွား၏။
ရွှမ်ချွမ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး ချက်ချင်း ဒူးထောက်ကာ ပြောလိုက်လေသည်။
"မဝံ့ရဲပါဘူး၊ ခွင့်လွှတ်ပါ သူတော်စင်သခင်"
သူတော်စင်သခင်က ရွှမ်ချွမ်ကို လျစ်လျူရှုခဲ့သည်။ သူက လုမင်နှင့် တခြားသူများကိုကြည့်ပြီး ဆက်ပြောလိုက်၏။
ခင်ဗျားတို့အားလုံးက ကောင်းကင်အထက်ကနေ လာရောက်ကြတယ်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားတို့က အင်မော်တယ်အပျက်အယွင်းနဲ့ အချိန်နတ်ဘုရားတောင်အတွက် လာရောက်ကြတာ မဟုတ်လား။ ခင်ဗျားတို့တွေ တိုက်ပွဲကို ရပ်တန့်မယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို ခေါ်သွားပေးမယ်"
သူတော်စင်သခင်၏ စကားများက အဆုံးမဲ့ပင်လယ်ကမ္ဘာမှ လူအားလုံးကို တုန်လှုပ်သွားစေသည်။
ကောင်းကင်အထက်လား...
ဤကျွမ်းကျင်သူများက အမှန်တကယ် ကောင်းကင်အထက်မှ လာရောက်ကြတာလား။
လူအများက အဆုံးမဲ့ပင်လယ်ကမ္ဘာသည် အခြား နယ်မြေရှစ်ခုနှင့် ဆက်စပ်နေကြောင်း သိကြသည်။ သို့သော်လည်း သူတို့ကြားတွင် အတားအဆီးများရှိပြီး သူတော်စင်ဧကရာဇ်များသာ ဖြတ်ကျော်နိုင်ကြသည်။
သို့ရာတွင်... ဤလူများက ကမ္ဘာကိုးခုမှမဟုတ်ဘဲ ပို၍ကြီးမားသော ကမ္ဘာလောကမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဒဏ္ဍာရီများအရ အထက်ကမ္ဘာသည် အကန့်အသတ်မဲ့ ကျယ်ပြောသည်။ သိုင်းလမ်းစဉ်က အလွန်တိုးတက်ပြီး အင်မော်တယ်အဆင့် တည်ရှိမှုများပင် အများအပြား ရှိသေးသည်။
သို့သော်လည်း ၎င်းက ဒဏ္ဍာရီမျှသာ ဖြစ်သည်။ မည်သူမျှ၊ အတည်မပြုနိုင်ပေ။ ယခုတော့ သူတော်စင်သခင်က ဤလူများသည် အထက်ကောင်းကင်မှ လာရောက်သည်ဟု အမှန်တကယ် ပြောခဲ့ပြီ ဖြစ်သည်။
ဒဏ္ဍာရီက အမှန်ဖြစ်နေပြီ။ မဟုတ်လျှင်၊ သန်မာသော ကျင့်ကြံသူအများကြီးက အဘယ်ကြောင့် အချိန်နတ်ဘုရားကျွန်းမှာ ရုတ်တရက် ပေါ်လာကြမည်နည်း။
'ကောင်းကင်အထက်... ကောင်းကင်အထက်...၊ လက်စသတ်တော့ လုမင်က ကောင်းကင်အထက်ကနေ လာသူပဲ။ ကောင်းကင်အထက်ကပဲ လုမင်လို ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်လိမ့်မယ်'
ရွမ်ထျန်းကျောင်း၏ စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာသည်။
ပင်လယ်တိုင်းပြည်ကိုးခုမှ လူများနှင့် ရွှမ်လင်တိုင်းပြည်မှ လူများလည်း တုန်လှုပ်သွားကြလေသည်။
"လုမင်၊ သူတော်စင်သခင်ကြောင့် ဒီနေ့တော့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"
ကောင်းကင်ဝံပုလွေမျှော်စင်မှ ဧရာမဝံပုလွေကြီးကပြောလိုက်သည်။
"ငါ့အသက်ကို ချမ်းသာပေးတာလား။ ဟားဟားဟား၊ လာပါ... လာစမ်းပါ၊ ဆက်တိုက်ကြရအောင်။ မင်း ငါ့ကို သတ်နိုင်မလားလို့ ကြည့်ရအောင်"
လုမင်က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကောင်းကင်ဝံပုလွေမျှော်စင်၏ ဝံပုလွေကြီးကို စိုက်ကြည့်လိုက်၏။
ယင်းက ကောင်းကင်ဝံပုလွေမျှော်စင်မှ ဧရာမဝံပုလွေကြီးကို မျက်နှာရှုံ့သွားစေသည်။ သူက ဤအတိုင်းပြောလိုက်ခြင်းဖြစ်ပြီး တကယ်တိုက်ခိုက်မည်ဆိုပါက အနိုင်ရရန် ယုံကြည်ချက်မရှိပေ။
သူတော်စင်သခင်က ခါးသက်သက်ဖြင့်ပြုံးပြီး ပြောလိုက်သည်။
"ညီငယ်လေး၊ ကျုပ်တို့ ဒီကိစ္စကို ခဏလောက် ရပ်ထားလို့ရမလား။ ခင်ဗျားတို့ အချိန်နတ်ဘုရားတောင်ကို ဝင်ရောက်ပြီးလို့ အချိန်နတ်ဘုရားကျွန်းကနေ ထွက်သွားတဲ့အခါကျရင် စိတ်ကြိုက် တိုက်ခိုက်နိုင်ပါတယ်။ အဲဒီအချိန်ကျရင် ကျုပ် ဝင်မစွတ်ဖက်တော့ဘူး"
"သူတော်စင်သခင်ရဲ့ မျက်နှာကိုထောက်ပြီး သူတို့ရဲ့အသက်ကို ခဏချမ်းသာပေးလိုက်ပါမယ်"
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
အကယ်၍ သူတို့ချည်း တိုက်ခိုက်မည်ဆိုပါက သူက ကြောက်သော်လည်း၊ အချိန်နတ်ဘုရားကျွန်းရှိလူများကို ပေါင်းထည့်လိုက်လျှင် သူ အသာစီးရမည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ၊ သူတော်စင်သခင်က သူ့အား နားမလည်နိုင်သော ခံစားချက်ကို ပေးခဲ့သည်။
ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧရာမဝံပုလွေနှင့် အခြားသူများ၏ အမူအရာများမှာ မသာမယာဖြစ်သွားကြသော်လည်း ၎င်းတို့က မချေပတော့ပေ။
"ကောင်းပြီ၊ ကျုပ်ကို မျက်နှာသာပေးလို့ ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး အဆုံးမဲ့ပင်လယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေက ဒီမှာနေရမယ်။ နောက်ပြီးတော့ ဘယ်သူမှ တိုက်ခိုက်ခွင့် မရှိဘူး။ ဒီစည်းကမ်းကို ဖောက်ဖျက်တဲ့ သူတွေက ခြွင်းချက်မရှိ သေရမယ်"
သူတော်စင်သခင်က အေးစက်စွာ ပြောလိုက်သည်။
ရွှမ်လင်တိုင်းပြည်မှ လူများက မျက်နှာမကောင်းကြသော်လည်း သူတော်စင်သခင်၏ စကားကို မချေပဝံ့ကြပေ။ သူတို့၏လူတော်တော်များများ သေဆုံးသွားသည့်အတွက် သူတို့ ကံမကောင်းကြောင်းသာ ဝန်ခံနိုင်ခဲ့သည်။
"ကောင်းကင်အထက်က မိတ်ဆွေတို့၊ ခင်ဗျားတို့ အချိန်နတ်ဘုရားတောင်ကို စူးစမ်းချင်ရင် ကျုပ်နောက်ကို လိုက်ခဲ့ကြပါ"
သူတော်စင်သခင်၏ အသံက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ထိုသို့ ပြောဆိုပြီးနောက် အချိန်နတ်ဘုရားကျွန်း၏ နက်နဲရာသို့ ပျံသန်းသွား၏။
လုမင်လည်း တစ်ချက်ပြုံးပြီး သူတော်စင်သခင်၏နောက်ကို လိုက်သွားတော့သည်။
ကောင်းကင်ဝံပုလွေမျှော်စင်မှ ဧရာမဝံပုလွေ၊ ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းနှင့် ဖုန်းမျိုးနွယ်ဝင်တို့လည်း မျက်နှာမသာမယာဖြင့် နောက်မှ လိုက်သွားကြသည်။
ကောင်းကင်တွင် ပုံရိပ်အများအပြားက လေထဲမှ ပျံသန်းသွားကြသည်။ သူတို့အားလုံးက ပြင်ပကမ္ဘာမှ ကျွမ်းကျင်သူများ ဖြစ်၏။ သူတို့က သူတော်စင်သခင်၏ နောက်မှလိုက်ကာ အချိန်နတ်ဘုရားကျွန်း၏ နက်နဲရာသို့ ပျံသန်းသွားကြသည်။
"လူတွေ ဒီလောက်တောင်များတာလား"
အဆုံးမဲ့ပင်လယ်ကမ္ဘာမှ လူများအားလုံး တုန်လှုပ်သွားကြသည်။ ကောင်းကင်အထက်မှ လူများစွာရှိကြပြီး သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများ ဖြစ်၏။
များမကြာမီ၊ အချိန်နတ်ဘုရားကျွန်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။ သူတို့ရှေ့မှာတော့ တိမ်တိုက်များကြားထိ ထိုးဖောက်နေသော တောင်ကြီးတစ်လုံး ရှိ၏။
ဤတောင်က အလွန်ဆိတ်သုဉ်းပုံရပြီး တစ်ချက်ကြည့်လိုက်ပါက ကျောက်တုံးများသာ မြင်ရသည်။
"အဲဒါက..."
လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ တောင်ပေါ် အရပ်ဒေသ အသီးသီးတွင် အရိုးများကို တွေ့ကြရ၏။ အရိုးအားလုံးက ဆွေးမြေ့လုနီး ဖြစ်နေပြီ။
ဤတောင်ပေါ်တွင် အဘယ်ကြောင့် အရိုးများက ဒီလောက်တောင်များသနည်း။
လူတိုင်းက ခြေလှမ်းများ ရပ်တန့်သွားကာ အနည်းငယ် အံ့သြသွားကြသည်။
"လူတိုင်းပဲ၊ ဒါက အချိန်နတ်ဘုရားတောင်ပါ။ တောင်တစ်ခုလုံးက ဆိတ်သုဉ်းပြီး အပင်အနည်းငယ်ပဲ ရှိတယ်"
သူတော််စင်သခင်က မိတ်ဆက်ပေးလိုက်သည်။
လူတိုင်း ဂရုတစိုက်က ကြည့်လိုက်ကြ၏။ အမှန်ပင်၊ တောင်ပေါ်မှာ အပင်များရှိသည်။
"ဒီအပင်တွေမှာ အချိန်ရဲ့ စွမ်းအားတွေ ရှိပါတယ်။ ကျင့်ကြံသူတစ်ယောက်က သူတို့ကို စားသုံးလိုက်ရင် စားသုံးသူရဲ့ သက်တမ်းကို တိုးတက်စေနိုင်တယ်"
သူတော်စင်သခင်က ဆက်ပြောလိုက်၏။
"ဘာ၊ ဒါက လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေနိုင်တာလား"
တစ်ယောက်က ထအော်လိုက်သည်။ သူ့မျက်လုံးများက အရောင်တလက်လက် တောက်ပနေ၏။
သိုင်းဧကရာဇ်များ၏ သက်တမ်းက အဆုံးမရှိပေ။ ကြီးစွာသော ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရခြင်းမှတပါး သူတို့၏ သက်တမ်းအတွက် စိတ်ပူစရာ မလိုပါ။
သို့သော်လည်း သိုင်းဧကရာဇ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများ၏ သက်တမ်းက အကန့်အသတ် ရှိသည်။
သူတော်နယ်ပယ် အကျော်အမော်တစ်ဦးက နှစ်ပေါင်း တစ်သိန်းကျော် အသက်ရှင်နိုင်သည်။ သို့သော်၊ နှစ်ပေါင်း နှစ်သိန်းထက် မကျော်ပေ။
ဧကရာဇ်တစ်ပိုင်းအတွက်လည်း အလားတူပင် ဖြစ်သည်။ သူတို့သည်လည်း ဤသက်တမ်းအတွင်းသာ ရှိခြဲကြပေသည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်တစ်ပိုင်းများ အများအပြား ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့က အလွန် အသက်အရွယ်ကြီးရင့်ကြပြီး အများစုမှာ သက်တမ်းကုန်ဆုံးခါနီးပြီ။ သူတို့၏ သက်တမ်းကို တိုးစေနိုင်သော အပင်များက ၎င်းတို့အတွက် ပြင်းထန်သော သွေးဆောင်မှုတစ်ခု ဖြစ်သည်။
"အချိန်နတ်ဘုရားတောင်ရဲ့ တောင်ထိပ်မှာ သစ်ပင်ငယ်တစ်ပင်လည်း ရှိသေးတယ်။ အဲဒါက အချိန်နတ်ဘုရားသစ်ပင်ပဲ။ ကျင့်ကြံသူတစ်ယောက်က စားသုံးလိုက်မယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက နှစ်ဆတိုးလာလိမ့်မယ်..."
သူတော်စင်သခင်က ရှင်းပြလိုက်သည်။
"သက်တမ်းနှစ်ဆ"
ဤတစ်ကြိမ်တွင် လူအများစုက လောဘအရိပ်အယောင်တို့ကို ထုတ်ဖော်လာကြသည်။
လူတစ်ယောက်၏ သက်တမ်းကို နှစ်ဆတိုးစေခြင်းက မည်သို့သော အဓိပ္ပာယ် ဖြစ်သနည်း။
ဧကရာဇ်တစ်ပိုင်းတချို့က သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ သို့သော်လည်း သူတို့၏သက်တမ်းက နှစ်ဆတိုးလာပါက၊ သိုင်းဧကရာဇ်နယ်ပယ်ကို ခြေလှမ်းရန် အခွင့်အလမ်းများသည်။ ထို့နောက် သူတို့သည် အဆုံးမရှိသော သက်တမ်းကို ပိုင်ဆိုင်နိုင်လိမ့်မည်။
ဤသွေးဆောင်မှုမျိုးက သေစေနိုင်လောက်သည်။