အခန်း ၁၉၅၇
Vol. 131 Ch. 1957
အပိုင်း ( 1957 ) အချိန်နတ်ဘုရားသစ်ပင်ကို ရရှိပြီ။
အခြား ဧကရာဇ်တစ်ပိုင်းတို့က လုမင်ကို ကြောက်ရွံ့သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
လုမင်သည် အလွန်ကြမ်း၏။ ခဏချင်းမှာပင်၊ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူလေးဦး သေဆုံးသွားခဲ့ခြင်းက သူတို့ကို ကျောရိုးထဲထိ အေးစက်သွားစေသည်။
ဒါက အချိန်နတ်ဘုရားတောင် ဖြစ်သည်။ သူတို့က ဤနေရာတွင် လုမင်နှင့် လုံးဝ မယှဉ်နိုင်ပေ။ တချို့က ရှေ့ကို မလှမ်းဝံ့တော့ဘဲ အချိန်နတ်ဘုရားတောင်မှ ဆုတ်ခွာသွားကြသည်။
"ဝုန်း... ဝုန်း..."
တစ်ဖက်တွင်၊ အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက အခြားရှေးဟောင်း ယဇ်ပလ္လင်နှစ်ခုကို တိုက်ခိုက်နေကြသည်။
သို့သော်လည်း ယဇ်ပလ္လင်များမှလာသော အချိန်၏စွမ်းအားကို တားဆီး၍မရပေ။ အချိန်၏စွမ်းအားကြောင့် အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ အများအပြား သေဆုံးခဲ့ရသည်။ တခြားလူများကလည်း တစ်ယောက်ပြီး တစ်ယောက် ဆုတ်သွားကာ ဆက်မတိုက်ရဲတော့ပေ။
'သေစမ်း'
သူတော်စင်သခင်က သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အေးစက်သော သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ လက်သွား၏။
လုမင်က သူ့စကားကို နားမထောင်ဘဲ အခြား ယဇ်ပလ္လင်နှစ်ခုကို မဖျက်ဆီးခဲ့ပါ။
သူကိုယ်တိုင် လှုပ်ရှားရန်မဖြစ်သော အထူးအကြောင်းပြချက်ကြောင့် မဟုတ်လျှင် ကိုယ်တိုင် အရေးယူခဲ့ပြီး ဖြစ်မည်။
လုမင်နှင့် ပေါင်ပေါင်တို့က ဆက်လက်တက်သွားကာ တောင်ထိပ်သို့ နီးကပ်လာသည်။
လုမင်က တောင်ထိပ်မှ အချိန်နတ်ဘုရားသစ်ပင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
အချိန်နတ်ဘုရားသစ်ပင်က တစ်မီတာအမြင့်သာ ရှိသည်။ ၎င်း၏ အစိမ်းရောင် သစ်ရွက်များမှာတော့ တောက်ပသော အလင်းများ ထုတ်လွှတ်နေ၏။ ၎င်း၏ သစ်ကိုင်းတစ်ခုတွင် နို့ဖြူရောင် သစ်သီးနှစ်လုံး သီးနေသည်။
"လိုချင်တယ်... လိုချင်တယ်"
ပေါင်ပေါင်က သစ်ပင်လေးကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများက တောက်ပနေပြီး မျက်ရည်များပင် ကျလုနီးနီး ဖြစ်၏။
သို့သော်လည်း တောင်ထိပ်သို့ နီးကပ်လေလေ၊ အချိန်၏ စွမ်းအားက အားကောင်းလေ ဖြစ်သည်။ သစ်ပင်လေးအနီးသို့ ရောက်သောအခါ၊ လုမင်နှင့် ပေါင်ပေါင်တို့ နှစ်ယောက်စလုံး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသည်။
လုမင်က သူ့ခန္ဓာကိုယ်ထဲမှ အနှစ်သာရများ တဖြည်းဖြည်း ထွက်သွားတာကို ခံစားလိုက်ရ၏။ သူ၏ ချောမွေ့သော အသားအရေသည်လည်း တဖြည်းဖြည်း ခြောက်သွေ့လာပြီး အရေးအကြောင်းများ ဖြစ်ပေါ်လာတော့သည်။
ဒါက သူ၏သက်တမ်း တဖြည်းဖြည်း လျော့နည်းလာကြောင်း ထင်ရှားသည်။
ထိုသစ်ပင်လေးက သူတို့နှင့် မီတာတစ်ရာကျော် ဝေးနေသေးသည်။
"ဆက်လုပ်"
လုမင်က အော်လိုက်သည်။ သူက ကစဉ့်ကလျားနိယာမကို အစွမ်းကုန် ဖြန့်ကျက်ပြီး ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင် နိယာမနှင့်အတူ အချိန်စွမ်းအားကို တွန်းလှန်လိုက်၏။
တစ်ချိန်တည်းမှာပင် လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို ထုတ်ယူလိုက်သည်။ သူတို့နှစ်ဦး၏ ဦးခေါင်းအထက်တွင် ထိုက်ကျိပန်းချီကားတစ်ခုက ပေါ်လာတော့သည်။
ထို့နောက် တာ့ယန်ဆေးမီးဖိုလည်း ပေါ်လာခဲ့သည်။ ၎င်းက သူတို့နှစ်ယောက်၏ ဦးခေါင်းထက်တွင် လွင့်မျောနေပြီး အလင်းမျက်နှာပြင်တစ်ခုကို ဖြန့်ကျက်လိုက်၏။
ဤသို့ဖြင့် သူတို့အပေါ် ကျရောက်နေသော ဖိအားများက သိသိသာသာ လျော့ကျသွားသည်။ သူတို့က ရှေ့သို့ဆက်သွားကာ သစ်ပင်လေးဆီသို့ နီးကပ်လာတော့သည်။
မီတာ ကိုးဆယ်၊ မီတာ ရှစ်တယ်၊ မီတာ ခုနစ်ဆယ်...
မကြာမီ၊ သူတို့က အချိန်နတ်ဘုရားသစ်ပင်နှင့် မီတာငါးဆယ်သာ ဝေးသည်။ ဤနေရာ၌ အချိန်၏ စွမ်းအားက အံ့မခန်း ပြင်းထန်ပေသည်။
အကယ်၍၊ ယဇ်ပလ္လင်တစ်ခုကိုသာ မဖျက်ဆီးခဲ့ပါက ဤနေရာသို့ပင် ရောက်ရှိနိုင်မည် မဟုတ်ပေ။
"သူတို့တောင်ထိပ်ကို မရောက်နိုင်ဘူး... တောင်ထိပ်ကို မရောက်နိုင်ဘူး!"
သူတော်စင်သခင်က ရေရွတ်လိုက်သည်။ လုမင်က တောင်ထိပ်ကို မရောက်စေနိုင်ရန် သူ အမှန်တကယ် မျှော်လင့်မိ၏။
ထိုသို့ဆိုလျှင် လုမင်က ဆင်းလာကာ အခြားယဇ်ပလ္လင်နှစ်ခုထဲမှ တစ်ခုကို ဖျက်ဆီးရမည် ဖြစ်သည်။ သို့မှသာ လုမင်က အချိန်နတ်ဘုရားသစ်ပင်ကို ရရှိနိုင်လိမ့်မည်။
သို့သော်လည်း သူ စိတ်ပျက်ခဲ့ရသည်။
ပေါင်ပေါင်က အချိန်စွမ်းအားကို တွန်းလှန်ရန် ကြောက်မက်ဖွယ်ကောင်းသော အချိန်ဟင်းလင်းပြင် အတက်အကျတို့ဖြင့် ကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ရှေ့ကို ဆက်သွားကြ၏။
မီတာလေးဆယ်၊ မီတာသုံးဆယ်...
သူတို့က အချိန်နတ်ဘုရားသစ်ပင်ဆီသို့ ဆက်လက်ချဉ်းကပ်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ အချိန်နတ်ဘုရားသစ်ပင်အနီးကို ရောက်သွားကြပေသည်။
"အသီး"
ပေါင်ပေါင်က ကျေနပ်နေသော အမူအရာတို့ဖြင့် နို့ဖြူရောင် သစ်သီးများကို မျိုချလိုက်သည်။
ထို့နောက်တွင်၊ ပေါင်ပေါင်က သစ်ပင်လေးကလည်း လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ပြီး ဆွဲနှုတ်ယူကာ မျိုချလိုက်လေသည်။
"ဟာကွာ"
လုမင်တို့က အချိန်နတ်ဘုရားသစ်ပင်ကို နှုတ်ပစ်ကြသည်ကို မြင်လိုက်ရသောအခါ သူတော်စင်သခင်၏ မျက်နှာက ရှုံ့မဲ့သွားသည်။
"သွားကြရအောင်"
လုမင်က ခပ်တိုးတိုးပြောပြီး ပေါင်ပေါင်နှင့်အတူ တောင်ပေါ်မှ ပြေးဆင်းသွား၏။
တောင်ပေါ်တက်ရတာက ခက်ခဲသလောက် တောင်ပေါ်မှဆင်းရသည်မှာ လွယ်လွန်းသည်။ လုမင်၏အရှိန်က လျှပ်စီးလက်သကဲ့သို့ဖြစ်ပြီး မကြာမီ တောင်တစ်ဝက်ကို ရောက်လာခဲ့သည်။
ထိုအချိန်တွင် လုမင်၏ရှေ့တွင် အရိပ်တစ်ခုပေါ်လာသည်။ ၎င်းက သူတော်စင်သခင်ပင်။
"လုမင်၊ မင်းက အချိန်နတ်ဘုရားသစ်ပင်ကို ရယူပြီးပြီဆိုတော့ အခြား ယဇ်ပလ္လင်နှစ်ခုကို သွားဖျက်ဆီးလိုက်ပါ"
သူတော်စင်သခင်က ပြောလိုက်သည်။
"အချိန်နတ်ဘုရားသစ်ပင်ကို ရယူပြီးမှတော့ တခြားယဇ်ပလ္လင်နှစ်ခုကို ဘာလို့ ဖျက်ဆီးချင်သေးတာလဲ။ ဒါက မလိုအပ်ဘူးမဟုတ်လား"
လုမင်က မေး၏။
"အဲဒီ ယဇ်ပလ္လင်နှစ်လုံးကို ဖျက်ဆီးတာက ငါ့အတွက် အသုံးဝင်တယ်။ မင်းငါ့ကို ကူညီရင် မင်းကို ငါ သေချာပေါက် ကျေးဇူးဆပ်မှာပါ"
သူတော်စင်သခင်၏ မျက်နှာက သုန်မှုန်လာသည်။
"မလိုပါဘူး။ ကျုပ်က မကြာခင် ဒီကမ္ဘာကနေ ထွက်သွားတော့မယ်။ ခင်ဗျားရဲ့ဆုလာဘ်ကို စိတ်မ၀င်စားဘူး။ ဘေးဖယ်ပါ"
လုမင်က အသံကျယ်ကျယ်ဖြင့်ပြောပြီး သူတော်စင်သခင်ကို ကွေ့ရှောင်ကာ ဤနေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"ဒီနေ့ မင်းမလုပ်ချင်ရင်တောင် သဘောတူရမယ်။ တိုက်ခိုက်"
သူတော်စင်သခင်က အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူက အစပြုပြီး တိုက်ခိုက်လိုက်၏။ သူ့ခန္ဓာကိုယ်က တွန့်လိမ်ပြီး ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လုမင်ကို ခုတ်ချလိုက်တော့သည်။
လုမင် မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့သော နတ်ဘုရားသိုင်းကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။
"ထွက်သွား"
လုမင်က ငေါက်ငမ်းပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က ပေါ်လာပြီး သူတော်စင်သခင်ကို ဖိနှိပ်လိုက်၏။
"ဝုန်း..."
သူတော်စင်သခင်က လွင့်စဉ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငရဲဖိနှိပ်ကျောက်စာတိုင်"
အခြားတစ်ဖက်တွင်၊ လုမင်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့အသိစိတ်ထဲသို့ ပြေးဝင်လာပြီး သူ့ဝိညာဉ်ကို တိုက်ခိုက်လာသည်ကို ခံစားလိုက်ရသည်။ သူ့ဝိညာဉ်က ပြင်းထန်စွာ တုန်လှုပ်သွား၏။
"စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ။ နောက်ပြီးတော့ ဒီသူတော်စင်သခင်က ရုပ်ခန္ဓာနဲ့ မဟုတ်ဘူး"
လုမင်က တုန်လှုပ်သွားသည်။
ယခုလေးတင် လှုပ်ရှားရာမှ လုမင်သည် သူတော်စင်သခင်က ရုပ်ခန္ဓာမရှိဘဲ ဝိညာဥ်ခန္ဓာဖြစ်ကြောင်း သိခဲ့ရသည်။
သူက သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော်လည်း အချိန်အတော်ကြာပြီးသည့်တိုင် ဝိညာဉ်ခန္ဓာက မပျောက်ကွယ်သွားဘဲ ရှိနေနိုင်ခြင်းမှာ ထူးဆန်းသည်။
ထို့ပြင်၊ သူတော်စင်သခင်က သူ၏ ငရဲဖိနှိပ်ကျောက်စာတိုင်ကို အလွန်ကြောက်ပုံရသည်။ လုမင်၏ နားလည်မှုအရ အချို့သော နတ်ဆိုးမိစ္ဆာများနှင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များသာ ငရဲဖိနှိပ်ကျောက်စာတိုင်ကို အလွန်ကြောက်တတ်သည်။
သူတော်စင်သခင်က နတ်ဆိုးမိစ္ဆာ သို့မဟုတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦး ဖြစ်မည်လော။
သူတော်စင်သခင်က ကျန်ယဇ်ပလ္လင်နှစ်ခုကို ဖျက်ဆီးရန် တောင်းဆိုခြင်းမှာ ကောင်းမွန်သော ရည်ရွယ်ချက်မရှိဟု သူ ပို၍ခံစားလာရသည်။
"ဝှစ်... ဝှစ်..."
ထိုအချိန်တွင်၊ အချိန်နတ်ဘုရားကျွန်း၏ အခြားသော ဧကရာဇ်တစ်ပိုင်းတို့သည်လည်း ရောက်လာပြီး လုမင်ကို တိုက်ခိုက်ခဲ့ကြသည်။
သို့သော်လည်း ပေါင်ပေါင်က သူမ၏လက်များကို ဖိချဟန်ပြုလိုက်သောအခါတွင် လေဟာနယ်က အေးခဲသွားပုံရသည်။ အချိန်နတ်ဘုရားကျွန်းမှ ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်များ တောင့်တင်းသွား၏။ လုမင်က သူတို့ကို ကျော်ဖြတ်ပြီး တောင်ပေါ်မှ ပြေးဆင်းသွားတော့သည်။
"လူတိုင်းပဲ... လုမင်က အချိန်နတ်ဘုရားသစ်ပင်ကို ရရှိသွားခဲ့ပြီ။ အချိန်နတ်ဘုရားသစ်ပင်က လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးတက်စေနိုင်ပြီး အဆင့်ဖြတ်ကျော်နိုင်တဲ့ အကျိုးသက်ရောက်မှုကိုတောင် ပေးစွမ်းနိုင်တယ်။ ခင်ဗျားတို့ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား"
သူတော်စင်သခင်က အော်ဟစ်လိုက်သည်။ သူ့အသံက နေရာအနှံ့ ပျံ့နှံ့သွား၏။
အပြင်မှလာသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တော်တော်များများက လုမင်အား လောဘမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။
"လုမင်ကို အရင်တားဆီးကြဟေ့"
"ကျန်တာက နောက်မှဖြေရှင်းမယ်"
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် လုမင်ဆီသို့ ပြေးလာခဲ့ကြသည်။ ပြင်းထန်သော ဖိအားများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက ဒါဇင်နှင့်ချီရှိသည်။ သူတို့ ပေါင်းစည်းလိုက်သောအခါ အလွန်ကြောက်စရာကောင်း၏။ လုမင်နှင့် ပေါင်ပေါင်တို့ ပူးပေါင်းခဲ့လျှင်ပင် သူတို့က ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
ထို့ပြင်၊ တစ်ဖက်လူများ၏ နိယာမစွမ်းအင်များက လေထဲတွင် ပြည့်နေသည်။ ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင် စွမ်းရည်ဖြင့်ပင် မဖြတ်သန်းနိုင်ခဲ့ပါ။
"လုမင်၊ ဒီမှာနေပြီး ကျန်တဲ့ ယဇ်ပလ္လင်နှစ်ခုကို ဖျက်ဆီးပစ်ပါ"
သူတို့နောက်တွင်၊ သူတော်စင်သခင်က အချိန်နတ်ဘုရားကျွန်း၏ လူများကိုဦးဆောင်ပြီး လိုက်လာသည်။
"မစဉ်းစားနဲ့"
လုမင်က ခြေတစ်ချက်ဆောင့်လိုက်သည်။ မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။ တစ်ချိန်တည်းမှာပင် လုမင်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ တဟုန်ထိုး တက်သွားတော့သည်။
'ပေါင်ပေါင်၊ အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်လိုက်တော့'
လုမင်က ပေါင်ပေါင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
ပေါင်ပေါင်က အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ချက်ချင်းဖွင့်လိုက်ပြီး လုမင်က ပြေးဝင်သွား၏။
"မကောင်းတော့ဘူး၊ သူ့ကို တားဆီးကြ"
သူတော်စင်သခင်က အော်ဟစ်လိုက်သည်။ သူနှင့် အချိန်နတ်ဘုရားကျွန်းမှ ကျွမ်းကျင်သူများက အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို အစွမ်းကုန် တိုက်ခိုက်ခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ပြင်ပမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကလည်း လုမင်ကို တိုက်ခိုက်လိုက်ကြသည်။
ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများက အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။ ပြင်းထန်သော အက်ကြောင်းများ ပေါ်လာခဲ့၏။
အချိန်ဟင်းလင်းပြင်လျှောက်လမ်းက ပေါက်ကွဲသွားသည်။ လုမင်နှင့် ပေါင်ပေါင်တို့က ပြန်ပေါ်လာတော့သည်။