← Chapters

အခန်း ၁၉၅၈

Vol. 131 Ch. 1958

အခန်း ၁၉၅၈

Vol. 131 Ch. 1958

အပိုင်း ( 1958 ) အချိန်နတ်ဘုရားတောင်အောက်မှ ကြောက်စရာကောင်းသော တည်ရှိမှု။

အချိန်ဟင်းလင်းပြင်လျှောက်လမ်း ပေါက်ကွဲပြီး လုမင်နှင့် ပေါင်ပေါင်တို့ ပြန်ပေါ်လာကြသည်။

သို့သော်လည်း လုမင်နှင့် ပေါင်ပေါင်တို့က အချိန်ဟင်းလင်းပြင် လျှောက်လမ်းမှတဆင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ ဝန်းရံမှုကို ဖောက်ထွက်နိုင်ခဲ့ကြပေသည်။

"သွားကြရအောင်"

လုမင်နှင့် ပေါင်ပေါင်တို့က အဝေးသို့ ပျံသန်းသွားကြသည်။ သူက ရွမ်ထျန်းကျောင်းနှင့် ပင်လယ်တိုင်းပြည်ကိုးခုမှ လူများကို ခေါ်ဆောင်ကာ ထွက်သွားရန် စီစဉ်ထား၏။

"ချီးတဲ့မှပဲ၊ ဒီလိုဖြစ်လာမှတော့ မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့မရဘူး။ တစ်ယောက်မှ ထွက်သွားခွင့်မပြုနိုင်တော့ဘူး"

လုမင် ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ သူတော်စင်သခင်က ရူးသွပ်သွားသူပမာ အော်ဟစ်လိုက်သည်။

"ဝုန်း"

သူတော်စင်သခင်က အော်ဟစ်နေစဉ်တွင်၊ အချိန်နတ်ဘုရားတောင်က ပြင်းထန်စွာ တုန်ခါသွားသည်။

"ချိုးဖျက်... ချိုးဖျက်... ချိုးဖျက်လိုက်စမ်း"

သူတော်စင်သခင်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့တောက်ပသော အလင်းများ ဖြာထွက်လာ၏။

အချိန်နတ်ဘုရားတောင်ကလည်း အဆက်မပြတ် တုန်ခါနေပြီး ပေါက်ကွဲသံများပင် ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးအစအနများကလည်း နေရာအနှံ့သို့ လွင့်စဉ်လာတော့သည်။

ထို့နောက်တွင် အချိန်နတ်ဘုရားတောင်က အလယ်မှ အက်ကွဲသွားသည်။

"ချွမ်... ချွမ်..."

အချိန်နတ်ဘုရားတောင်အတွင်းမှ သံကြိုးကြီးများ တိုက်မိသံများကို လူတိုင်းကြားလိုက်ရ၏။

"အဲဒါက..."

လုမင်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

အကြောင်းမူ၊ သူက အချိန်နတ်ဘုရားတောင်၏ အက်ကွဲကြောင်းတွင် ကြီးမားသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။

ဤရုပ်သွင်က လူနှင့်တူသော်လည်း တုနှိုင်းမရလောက်အောင်ကြီးမားသည်။ ၎င်းကို အနက်ရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားသောကြောင့် ၎င်း၏အသွင်အပြင်‌ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သူ၏ ခြေလက်များနှင့် လည်ပင်းတို့ကို သံကြိုးကြီးများဖြင့် ချည်နှောင်ထားသည်။

ဤအခိုက်အတန့်တွင်၊ သူတော်စင်ဧကရာဇ်က အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုဧရာမရုပ်သွင်ထဲသို့ ဝင်ရောက်သွား၏။

"ချိုးဖျက်စမ်း"

အနက်ရောင် ဧရာမရုပ်သွင်က ဟိန်းဟောက်လိုက်သည်။ သူ့အသံက သူတော်စင်သခင်၏ အသံနှင့် အတူတူပင်။

"ချွမ်... ချွမ်"

သံကြိုးကြီးများ လှုပ်ခါပြီး အချိန်နတ်ဘုရားတောင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ အချိန်နတ်ဘုရားကျွန်းတစ်ခုလုံးပင် ပြင်းထန်စွာ တုန်လှုပ်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော အချိန်၏ စွမ်းအားက ဧရာမ အနက်ရောင်ရုပ်သွင်ကြီးထံမှ ပြေးထွက်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။

"အား..."

"ကယ်ကြပါဦး"

အန္တိမသူတော်စင်တချို့က အချိန်စွမ်းအားဖြင့် လွှမ်းခြုံခံရပြီး သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင်၊ သူတို့၏ ခန္ဓာကိုယ်များက တုန်ခါပြီး အရိုးစုများ ဖြစ်သွားကြ၏။

ဧကရာဇ်တစ်ပိုင်းအချို့ပင်လျှင် ထူးခြားမှု မရှိပေ။

"မကောင်းတော့ဘူးဟေ့၊ ပြေးကြ"

"ပြေး...ပြေး"

ကျန်ဧကရာဇ်တစ်ပိုင်းတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကာ အသည်းအသန် ထွက်ပြေးသွားကြသည်။

"သေစမ်း... မင်းတို့အားလုံး သေရမယ်"

ဧရာမ အနက်ရောင်ရုပ်သွင်က ဟိန်းဟောက်ရင်း ပြင်းထန်စွာ ရုန်းကန်လိုက်သည်။ ပို၍ပင် ပြင်းထန်သော အချိန်၏စွမ်းအားသည် ဒီလှိုင်းကဲ့သို့ ထွက်ပေါ်လာ၏။

"မလုပ်နဲ့..."

ဧကရာဇ်တစ်ပိုင်းအချို့က အချိန်၏စွမ်းအား သက်ရောက်ခံခဲ့ကြရသည်။ မကျမနပ် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အားလုံးမှာ အရိုးစုများအဖြစ် ပြောင်းလဲသွားတော့သည်။

လုမင်နှင့် ပေါင်ပေါင်လည်း အစွမ်းကုန် အရှိန်မြှင့်ကြပြီး ရွမ်ထျန်းကျောင်းနှင့် အခြားသူများဆီသို့ ပြေးသွားကြသည်။

ဤအခိုက်တွင် လုမင်က ရုတ်တရက်ဆိုသလိုပင် အရာများစွာကို သဘောပေါက်သွားသည်။

ထိုယဇ်ပလ္လင်များကို သူတော်စင်သခင်က ဖျက်ဆီးစေလိုခြင်း အကြောင်းရင်းကို သူ နားလည်သွား၏။

အကြောင်းမှာ၊ သူတော်စင်သခင်က အချိန်နတ်ဘုရားတောင်အောက်တွင် ချုပ်နှောင်ခံထားရသော ဧရာမ အနက်ရောင်ရုပ်သွင်ကြီး ဖြစ်နေသောကြောင့်ပင်။ သူက ထိုဧရာမပုံရိပ်ကြီးမှ ခွဲထုတ်ထားသော ဝိညာဉ်တစ်စ ဖြစ်သည်။ ထိုပုံရိပ်ကြီးကိုတော့ ဤနေရာတွင် ချုပ်နှောင်ထားကြောင်း ထင်ရှားပေသည်။ ယဇ်ပလ္လင်သုံးခုက ချုပ်နှောင်ခြင်းအတွက် သော့ဖြစ်သည်။

ထို့ကြောင့် သူတော်စင်သခင်က လုမင်အား စေလွှတ်ပြီး ယဇ်ပလ္လင်သုံးခုကို ဖျက်ဆီးရန် ကြံရွယ်ခဲ့ခြင်းပင်။

လုမင်က ယဇ်ပလ္လင်တစ်ခုအား ဖျက်ဆီးလိုက်သောအခါ ချုပ်နှောင်ခြင်း စွမ်းအားက အားနည်းသွားခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူက အချိန်နတ်ဘုရားတောင်ကို ဖျက်ဆီးပြီး သူ့ကိုယ်သူ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင်၊ ယဇ်ပလ္လင်နှစ်ခုရှိနေဆဲဖြစ်၍ တစ်ဖက်လူက အပြည့်အဝ မထွက်နိုင်ခဲ့ပေ။

ထိုအချိန်တွင် လုမင်က တိတ်တဆိတ် ဝမ်းသာသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျန်သော ယဇ်ပလ္လင်နှစ်ခုကို မဖျက်ဆီးခဲ့ပေ။ ထိုသို့မဟုတ်လျှင်၊ ဤဧရာမ အနက်ရောင်ရုပ်သွင်ကြီး ပေါ်လာပါက သူတို့အားလုံး အန္တရာယ်ဖြစ်နိုင်သည်။

သူတော်စင်သခင်က တကယ်ကို အကြံအစည် ကြီးသည်။

ဒဏ္ဍာရီများအရ အချိန်နတ်ဘုရားကျွန်းကို သူတော်စင်သခင်မှ တည်ဆောက်ခဲ့ခြင်းဟု ဆိုထားသည်။ သုံးနှစ်ကြာတိုင်းမှာ၊ သူက လေ့ကျင့်ရန်အတွက် အချိန်နတ်ဘုရူးကျွန်းသို့ ဝင်ရောက်ရန် အစွမ်းထက် ပါရမီရှင်များကို စုဆောင်းလိမ့်မည်။

လုမင်က သံသယဖြစ်မိသည်။ သူတော်စင်သခင်က ပါရမီရှင်များကို စုဆောင်းကာ ပြုစုပျိုးထောင်ပေးခြင်းက သူ့အတွက် ယဇ်ပလ္လင်များကို ဖျက်ဆီးပေးရန် ကြံစည်နေခြင်း ဖြစ်ရမည်။

သို့သော်လည်း သာမာန် ဧကရာဇ်တစ်ပိုင်းများက ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ဤတစ်ကြိမ်တွင်၊ လုမင်နှင့် အခြားသူများ ရောက်လာခြင်းက သူတော်စင်သခင်အတွက် များစွာ အထောက်အကူဖြစ်စေခဲ့သည်။

"ဝုန်း... ဝုန်း..."

အချိန်နတ်ဘုရားတောင်မှ အတက်အကျများက ပိုပိုပြီး ပြင်းထန်လာသည်။ အချိန်၏ ကြောက်မက်ဖွယ် စွမ်းအားက အရပ်ရပ်သို့ အဆက်မပြတ် ပျံ့နှံ့လာပြီး ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံလိုက်၏။ ဤအတိုင်းသာ ဆက်သွားပါက၊ အချိန်နတ်ဘုရားကျွန်း တစ်ခုလုံး ဖုံးလွှမ်းသွားပေလိမ့်မည်။

"ပေါင်ပေါင်၊ အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို အသုံးပြုလိုက်တော့"

လုမင်က ပေါင်ပေါင်ကို ပြောလိုက်သည်။

ပေါင်ပေါင်က ခေါင်းညိတ်ပြီး သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ အချိန်ဟင်းလင်းပြင်လျှောက်လမ်းတစ်ခုက ပေါ်လာ၏။ လုမင်က အချိန်ဟင်းလင်းပြင်လျှောက်လမ်းထဲသို့ ဝင်ရောက်သွားပြီး နောက်အခိုက်တွင် ရွမ်ထျန်းကျောင်းနှင့် အခြားသူများ၏နေအိမ်တွင် ပြန်ပေါ်လာတော့သည်။

ယခုအချိန်တွင် အချိန်နတ်ဘုရားတောင်မှ တုန်ခါမှုက သူတို့ကိုလည်း ထိတ်လန့်စေခဲ့ပုံရသည်။ လူများစွာက နားမလည်နိုင်စွာဖြင့် အချိန်နတ်ဘုရားတောင် တည်ရှိရာဘက်သို့ လှမ်းကြည့်နေကြ၏။

ရွမ်ထျန်းကျောင်း၏အနားတွင် လုမင်က ရုတ်တရက် ပေါ်လာခြင်းမှာ လူအများကို ထိတ်လန့်စေခဲ့သည်။

"လုမင်၊ ဘာတွေဖြစ်နေတာလဲ"

ရွမ်ထျန်းကျောင်းက လွှတ်ခနဲ မေးလိုက်သည်။

"ဖြေဖို့ အချိန်မရှိဘူး၊ ငါ မင်းကို ခေါ်သွားပေးမယ်"

လုမင်က တောင်နှင့်မြစ်ပန်းချီကားကို ထုတ်ယူလိုက်သည်။ အလင်းတန်းတစ်ခုက ရွမ်ထျန်းကျောင်းနှင့် အခြားအရာများကို ဖုံးအုပ်ထားပြီး တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဆွဲခေါ်သွား၏။

"အားလုံးပဲ၊ မသေချင်ရင် မြန်မြန် ပြေးကြတော့ဟေ့"

လုမင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ ထို့နောက် ကောင်းကင်သို့ ပျံတက်သွားပြီး အချိန်နတ်ဘုရားကျွန်းမှ အမြန်ထွက်သွား၏။

တခြားသူများကို သူ ဂရုမစိုက်နိုင်တော့ပါ။ သူက သတိပေးခဲ့ပြီးပြီ ဖြစ်သည်။ သူတို့ လွတ်မြောက်နိုင်မလားဆိုတာက သူတို့၏ ကံတရားပေါ်မှာပဲ မူတည်သည်။

ထိုလူများက အနည်းငယ် အံ့ဩသွားကြသည်။ သူတို့က အခြေအနေကို မသိကြသေးပေ။

"ဟမ့်၊ ဒီလူက သူတော်စင်သခင်ကို စော်ကားခဲ့တာကြောင့် လိုက်ဖမ်းခံနေရတာဖြစ်မယ်။ အချိန်နတ်ဘုရားကျွန်းကို လာဖို့ဆိုတာ မလွယ်ဘူး။ သူ့ဆီက စကားတစ်ခွန်းကြောင့် ဘယ်လိုထွက်သွားနိုင်မှာလဲ"

ရွှမ်လင်တိုင်းပြည်မှ လူများက အော်ဟစ်လိုက်ကြသည်။ လုမင်က သူတို့တိုင်းပြည်မှ ကျွမ်းကျင်သူ အများအပြားကို သတ်ပစ်ခဲ့၏။ လုမင်၏စကားကို သူတို့ ဘယ်လိုယုံနိုင်ကြမည်နည်း။

အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ရွှမ်လင်တိုင်းပြည်မှ လူများနှင့် အတွေးချင်း တူညီကြ၏။ လုမင်က သူတော်စင်သခင်ကို စော်ကားပြီး အသက်လုကာ ထွက်ပြေးခြင်းဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော်၊ အချိန်နတ်ဘုရားကျွန်း၏ နက်နဲရာမှ ကျယ်လောင်သော အသံများက ပို၍ပြင်းထန်လာသည်။

ထို့နောက် အံ့ဩလောက်အောင် အရှိန်မျိုးဖြင့် အချိန်နတ်ဘုရားတောင်ဘက်မှ သက်တံ့အလင်းတန်းများ ထွက်လာသည်ကို သူတို့တွေ့လိုက်ရ၏။

သူတို့အားလုံးဟာ ပြင်ပကမ္ဘာမှ ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။ တစ်ချို့ကလည်း အခြေအနေကို ရိပ်စားမိပြီး အချိန်နတ်ဘုရားကျွန်းမှ ထွက်ပြေးလာသူများ ဖြစ်ပေသည်။

"တကယ်ကို ပုံမှန်မဟုတ်တဲ့အရာ တစ်ခုခု ဖြစ်သွားပုံရတယ်"

လူတချို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။

နောက်အခိုက်အတန့်တွင် အချိန်နတ်ဘုရားကျွန်း၏ နက်နဲရာအရပ်မှ သနားစရာကောင်းသော အော်သံများ ထွက်ပေါ်လာ၏။ လူရိပ်များစွာက ကောင်းကင်သို့ ခုန်တက်ကာ လွတ်မြောက်ရန် ကြိုးစားကြသည်။

သို့သော် မမြင်နိုင်သော လှိုင်းလုံးကြီး ထွက်ပေါ်လာပြီးနောက် ထိုလူများက လေထဲတွင် ရပ်တန့်သွား၏။ ထို့နောက် သူတို့က သက်တမ်းကုန်သွားသလို ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။

သူတို့၏ ခန္ဓာကိုယ်များက အိုမင်းလာပြီးနောက် ဆွေးမြေ့ကာ အရိုးကျသွားတော့သည်။

ငယ်ရွယ်သူများလည်း တခဏချင်း အသက်ကြီးလာကြသည်။ ထို့နောက် ဆွေးမြေ့သွားကာ အရိုးစုများ ဖြစ်သွားကြ၏။

"ပြေး... ပြေးဟေ့..."

နောက်ဆုံးတွင်၊ သူတို့လည်း‌ ကြောက်လာကြပြီး အသည်းအသန် ထွက်ပြေးလိုက်ကြသည်။

သို့သော်လည်း အဝေးသို့ မပျံသန်းနိုင်မီ ကြောက်မက်ဖွယ် အချိန်၏ စွမ်းအားများက ၎င်းတို့အပေါ် လွှမ်းမိုးသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက လေထဲတွင် တောင့်တင်းလာကာ လျင်မြန်စွာ အိုမင်းလာ၏။ ထို့နောက် မြေပေါ်ကို အရိုးစုများအဖြစ် ပြုတ်ကျသွားတော့သည်။ အရိုးများပင် ဆွေးမြေ့ကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

ဤအချိန်တွင် ပေါင်ပေါင်က အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ပြန်ဖွင့်လိုက်သည်။ သူတို့နှစ်ဦးက အချိန်နတ်ဘုရားကျွန်းမှ အမြန်ပြေးထွက်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် အဝေးသို့ ပျံသန်းသွားကြ၏။

"အား........"

အချိန်နတ်ဘုရားကျွန်းမှ ဒေါသနှင့် မလိုလားအပ်သော အရိပ်အယောင်တို့ဖြင့် သံရှည်ဆွဲကာ အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လုမင်သည် သက်တန့်အလင်းတချို့က အချိန်နတ်ဘုရားကျွန်းမှ ပြေးထွက်လာပြီး လျှပ်စီးလက်သကဲ့သို့ အဝေးသို့ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ဧကရာဇ်တစ်ပိုင်း အနည်းငယ်သာ ဖြစ်ခဲ့ပေသည်။

ကျန်လူများမှာတော့ မလွဲမသွေ သေဆုံးရတော့မည် ဖြစ်သည်။

လုမင်က သက်ပြင်းချလိုက်သည်။ ထို့နောက် အဝေးသို့ ပျံသန်းသွား အဝေးမှ လှမ်းကြည့်လိုက်၏။

မကြာမီ၊ အချိန်နတ်ဘုရားကျွန်းမှ သနားစဖွယ် အော်သံအချို့ ထွက်ပေါ်လာသည်။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွား၏။

ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးက မလွတ်မြောက်ခဲ့ပုံရသည်။

သို့သော်လည်း အစောဆုံး ပြေးထွက်ခဲ့သူများမှတပါး၊ အချိန်နတ်ဘုရားကျွန်းရှိ မည်သူမျှ မလွတ်မြောက်နိုင်ကြတော့ပါချေ။

All Chapters