အခန်း ၁၉၆၁
Vol. 132 Ch. 1961
အပိုင်း ( 1961 ) ချင်ယွဲ့က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီ။
"ထန်"
ထိုက်ကျိအစီရင်ဓာတ်ပြားက ပြန်လွင့်သွားခဲ့သည်။ ထို့နောက် ဧရာမတူကြီးက တာ့ယန်ဆေးမီးဖိုကို ထုနှက်လိုက်၏။ တာ့ယန်ဆေးမီးဖိုကလည်း တုန်ခါပြီး ပြန်လွင့်သွားတော့သည်။
"ဟေ့၊ လုမင်ကို ဝိုင်းပြီးသတ်ကြစမ်း"
လူလတ်ပိုင်းအရွယ် အမျိုးသားက အော်လိုက်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးက လုမင်ကို တိုက်ခိုက်လိုက်၏။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦး၏ အကူအညီဖြင့် လူလတ်ပိုင်းအမျိုးသားက ပို၍ပင် ကြမ်းလာသည်။ သူ့တူက အိမ်လုံးတမျှ ကြီးမားလာပြီး လုမင်ကို ထုချလိုက်၏။
"ဒေါင်... ဒေါင်..."
လုမင်က တာ့ယန်ဆေးမီးဖိုဖြင့် တိုက်ခိုက်ခြင်းကို တားဆီးခဲ့သော်လည်း ဆုတ်ခွာနေရဆဲပင်။
"ဟူး...ဟူး..."
ထိုအချိန်တွင် လုမင်၏ နောက်ကွယ်မှ ကြောက်မက်ဖွယ်ရာ လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် ရေဝဲကြီးတစ်ခုက သူ့ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာ၏။
"ဟားဟားဟား၊ လုမင်... မင်း သေပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ဝမ်းသာအားရ ဖြစ်သွားသည်။
ကောင်းကင်ကတောင် လုမင်ကို သေစေချင်နေပြီ။ ထိုအချိန်တွင် အနက်ရောင်ရေဝဲတစ်ခုက လုမင်ဆီသို့ ရွေ့လျားလာနေသောကြောင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
"တွိ..."
ပေါင်ပေါင်က အော်ဟစ်ပြီး ကူညီပေးရန် ကြိုးစားသည်။ သို့သော်လည်း လမ်းကြောင်းသုံးခုမှ ဧကရာဇ်လက်နက်သုံးခုက သူ့ကို ပိတ်ဆို့ထား၏။ အခြားသော ဧကရာဇ်တစ်ပိုင်းတို့ကလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြသည်။ ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင် နိယာမက နက်နဲသော်လည်း တစ်ဖက်လူများက ဟင်းလင်းပြင်ကို အနှောင့်အယှက်ဖြစ်စေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ပေါင်ပေါင်မှာ သူ့ကိုယ်သူ ကာကွယ်ရန်ထားမှတပါး ရွေးချယ်စရာမရှိတော့ပေ။
ထိုအချိန်တွင် အေးစက်သော မျက်လုံးတစ်စုံက အနက်ရောင်ရေဝဲနောက်ကွယ်မှ လုမင်ကို စိုက်ကြည့်နေသည်။
ထိုလူက လော့စန်းချုံးပင်။
စင်စစ်တွင်၊ လော့စန်းချုံးက လော့ဖိုခုန်း၊ အခြားသူများနှင့်အတူ ရှိနေခဲ့သည်။ အစောပိုင်းက သူသည် တစ်ယောက်တည်း လေ့ကျင့်နေသောကြောင့် လုမင်သည် သူ့ကို သတိမပြုမိခဲ့ပေ။
ယခုအချိန်တွင် တိုက်ပွဲဖြစ်ခြင်းကို သတိပြုမိသောကြောင့် သူ ပြေးလာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်၊ လုမင်ကို တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပါ။
သူက အနက်ရောင်ရေဝဲ၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်ဖြင့် လေထဲမှ စွမ်းအင်များကို အဆက်မပြတ် သိမ်းယူနေခဲ့သည်။
အချိန်ကြာလာ၍ စွမ်းအင်သိမ်းယူခြင်းက ပိုများလေလေ၊ သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်၏ စွမ်းအားက ပိုကြီးမားလာလေလေပင်။
ယခုအချိန်တွင်၊ သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်က ကြီးမားသော စွမ်းအင်ပမာဏကို သိမ်းယူခဲ့ပြီး ကြောက်ခမန်းလိလိအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ဒါက လော့စန်းချုံးကိုပင် တုန်လှုပ်စေနိုင်ပေသည်။
"လုမင်၊ ဒီနည်းလမ်းနဲ့ မင်းကို ငရဲပြည်ပို့ပေးလိုက်မယ်'
လော့စန်းချုံး၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာသည်။ လူလတ်ပိုင်းအဆင့် အမျိုးသားနှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တို့၏ တိုက်ခိုက်မှုကို ခုခံလိုက်ချိန် လုမင်မှာ ဟာကွက်တစ်ခု ပေါ်လာခဲ့၏။ လော့စန်းချုံးက မတုံ့ဆိုင်းတော့ဘဲ သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်ဖြင့် လုမင်ကို ပစ်လွှတ်လိုက်တော့သည်။
"လော့စန်းချုံး"
လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။ သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်မှ စွမ်းအားက ကြောက်စရာကောင်းလွန်း၏။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ တိုက်ခိုက်မှုထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။
ယခုအချိန်တွင် လုမင်က လူလတ်ပိုင်းအမျိုးသားနှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတို့၏ တိုက်ခိုက်မှုများကိုပင် တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားနေရသည်။ လော့စန်းချုံးက ရေဝဲ၏နောက်ကွယ်မှ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယခုအချိန်တွင် ရှောင်တိမ်းရန် အလွန်နောက်ကျသွားပြီ ဖြစ်သည်။
ချင်ယွဲ့က ကြာပန်းကမ္ဘာသို့ ဝင်ရောက်သောအခါ အဝါရောင်ကျောက်တုံးကမ္ဘာကို ပထမဆုံး ရောက်လာခဲ့သည်။ ဤကမ္ဘာကြီးရှိ အပျက်အယွင်းအချို့ကို စူးစမ်းလေ့လာပြီးနောက် သူက အဝါရောင်ကျောက်တုံးကမ္ဘာ၏ နယ်နိမိတ်ကို ရောက်လာခဲ့ပေသည်။ သူက ဖရိုဖရဲ ဟင်းလင်းပြင်စီးကြောင်းထဲသို့ ဝင်ရောက်ကာ အခြားကမ္ဘာတစ်ခုကို စူးစမ်းလိုသည်။
ချင်ယွဲ့က ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေအတွင်း၌ လျှောက်လှမ်းခဲ့လေသည်။ ရက်အနည်းငယ်ကြာအောင် လျှောက်လာပြီးနောက် သူ့ရှေ့မှ ပြင်းထန်သော ပေါက်ကွဲသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ချင်ယွဲ့က သူ့အရှိန်အဝါများကို ထိန်းချုပ်ပြီး ရှေ့ကို လျှောက်သွား၏။ ထိုအချိန်တွင် လုမင်က လူအများနှင့် တိုက်ခိုက်နေကြောင်း တိုက်ခိုက်နေကြောင်း သူ တွေ့လိုက်ရသည်။
သူက ကူညီခါနီးတွင် လော့စန်းချုံးက လုမင်အား အလစ်အငိုက် တိုက်ခိုက်လိုက်ကြောင်း သူတွေ့လိုက်ရ၏။
ချင်ယွဲ့လည်း တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ပြေးထွက်သွားတော့သည်။
"သခင်လေး၊ သတိထား"
လုမင်၏ နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်ဆီသို့ ပြေးလာသော အဖြူရောင်ရုပ်သွင်တစ်ခုကို သူမြင်လိုက်ရ၏။
“ချင်ယွဲ့..."
လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ချင်ယွဲ့၏ ခန္ဓာကိုယ်ကလေးက လုမင်ဆီသို့ လွင့်စဉ်လာ၏။ လှပသော သွေးရောင်ပန်းတစ်ပွင့်ကဲ့သို့ သူ့တကိုယ်လုံးမှာ သွေးများ ရွှဲနေတော့သည်။
"ချင်ယွဲ့..."
ထိုအချိန်တွင် လုမင် ကြောက်ရွံ့သွားသည်။ သူ့မျက်လုံးများက နီရဲလာတော့၏။
လော့စန်းချုံး၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းသည်။ ချင်ယွဲ့က ဒါကို ခုခံနိုင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
လုမင်က လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ချင်ယွဲ့၏ ခန္ဓာကိုယ်ကို ဖမ်းထားလိုက်၏။
ယခုအချိန်တွင် ချင်ယွဲ့၏ မျက်နှာက သွေးဆုတ်ဖြူရော်နေပြီ ဖြစ်သည်။ သူက သွေးများကို အဆက်မပြတ် အန်ထွက်နေပြီး သူ့အရှိန်အဝါကလည်း အလွန်အားနည်းနေတော့သည်။
ဤအခိုက်တွင် သူက အချိန်မရွေး ငြိမ်းသေသွားတော့မည့် အားနည်းသော ဖယောင်းတိုင်လေးတစ်တိုင်ကဲ့သို့ပင် ဖြစ်သည်။
"ချင်ယွဲ့၊ မင်း... ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ"
လော့စန်းချုံးက မယုံကြည်နိုင်စွာ အော်လိုက်သည်။
ချင်ယွဲ့က ရုတ်တရက်ပေါ်လာပြီး သူ၏ အသေသတ်တိုက်ကွက်ကို အဘယ်ကြောင့် တားဆီးရသနည်း။
သူက ခဏမျှ တုန်လှုပ်သွားပြီး တိုက်ခိုက်ရန်ပင် မေ့သွားသည်။
လော့စန်းချုံးက ချင်ယွဲ့ကို လိုက်စားနေကြောင်း သိထားသောကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း နောက်ပြန်ဆုတ်သွားပေသည်။
"ချင်ယွဲ့၊ မင်း ဘာဖြစ်လို့ ဒီလောက်တောင် မိုက်မဲရတာလဲကွာ။ ငါ့အတွက် ဘာဖြစ်လို့ ဝင်ရောက်တားဆီးခဲ့ရတာလဲ"
လုမင်က ချင်ယွဲ့ကို တင်းတင်းဖက်ထားသည်။ သူ့နှလုံးသားကလည်း ပြင်းထန်စွာ တုန်ယင်နေ၏။
သူ၏ ကျင့်ကြံမှုအဆင့်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ဤတိုက်ခိုက်မှုဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် မသေနိုင်ပေ။ သို့ရာတွင်၊ ချင်ယွဲ့က မတူတော့ပါ။
"သခင်... သခင်လေး၊ ကျွန်မ ရှင့်အနားမှာ အမြဲရှိနေမယ်လို့ ပြောခဲ့တယ်"
ချင်ယွဲ့က ပြောလိုက်သော်လည်း သူ့အသံက အလွန်အားနည်းနေသည်။ သူ့အရှိန်အဝါများကလည်း တစတစ ပိုပြီး အားနည်းလာ၏။
လုမင်က ချင်ယွဲ့၏လက်ကို ဆုပ်ကိုင်ပြီး ချင်ယွဲ့၏ နှလုံးသားကို ကာကွယ်ရန် သူတော်စင်စွမ်းအင်ကို ပို့လွှတ်လိုက်သည်။
သို့သော်၊ အသုံးမဝင်ပေ။ ချင်ယွဲ၏ အရှိန်အဝါက အားနည်းသည်ထက် ပိုအားနည်းလာပြီး သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
"လုမင်၊ ချင်ယွဲ့ကို ပေးစမ်း။ သူသေသွားရင်တောင် ငါ့အတွက်ပဲ ဖြစ်ရမယ်"
လော့စန်းချုံးက အေးစက်စွာ ပြောလိုက်သည်။
"လော့...စန်း...ချုံး..."
ထိုအချိန်တွင် လုမင်က လော့စန်းချုံးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက သွေးချင်းချင်းနီနေပြီး သူ့တကိုယ်လုံးမှာလည်း အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။ သူကိုကြည့်ရသည်မှာ ငရဲမှ တက်လှမ်းလာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
"မင်းနဲ့ တာ့လော့ကောင်းကင်ဂိုဏ်းကို ငါ သေချာပေါက်ဖျက်ဆီးပစ်မယ်။ အနှေးနဲ့အမြန် မင်းကို ငါ သတ်မယ်"
ရေခဲတမျှ အေးစက်သော စကားသံက သူ့ထံမှ ထွက်ပေါ်လာသည်။
လုမင်၏ အေးစက်သော မျက်လုံးအကြည့်ကို ခံစားရသော လော့စန်းချုံးမှာ သူ့အရိုးထဲထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းကများ ငါ့ကိုသတ်ချင်သေးတာလား။ ဒီလိုဆိုမှတော့ မင်းလည်း ဒီမှာပဲသေရမယ်"
"ဝုန်း"
လော့စန်းချုံး၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူက ဧကရာဇ်လက်နက်တစ်ခုကို ထုတ်ယူလိုက်၏။
လော့စန်းချုံးက မဟာဧကရာဇ်၏ မြေး ဖြစ်သည်။ မဟာဧကရာဇ်ကိုယ်တိုင် ပေးအပ်ခဲ့သော ဧကရာဇ်လက်နက်က အလွန်ကြောက်စရာကောင်းပေသည်။
"အတူတူ တိုက်ခိုက်ပြီး သတ်ကြစို့"
လော့စန်းချုံးက အော်ဟစ်လိုက်သည်။ ဧကရာဇ်လက်နက်က ကြောက်စရာကောင်းသော အရှိန်အဝါဖိအားကို သယ်ဆောင်ရင်း လုမင်ထံသို့ ကျရောက်လာ၏။
တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအမျိုးသားကလည်း တိုက်ခိုက်ခဲ့သည်။ ဧရာမတူကြီးက လေထုသို့ ထိုးခွင်းကာ လုမင်ဆီသို့ ဦးတည်လာတော့သည်။
"လော့စန်းချုံး၊ ငါ မင်းကို အနာဂတ်မှာ သေချာပေါက် သတ်ပစ်မယ်"
လုမင်က အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ အတွေးတစ်ခုဖြင့်၊ တာ့ယန်ဆေးမီးဖိုက ပေါင်ပေါင်ထံသို့ ဖြတ်သန်းသွား၏။
သူကိုယ်တိုင်ကတော့ ချင်ယွဲ့ကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ခေါ်ဆောင်သွားတော့သည်။ တစ်ချိန်တည်းမှာပင်၊ လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် ကစဉ့်ကလျားကျောက်ကို သူ့ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။ ထို့နောက်မှာတော့ လျင်မြန်စွာ ဆုတ်ခွာပြီး အနက်ရောင်ရေဝဲဆီသို့ ပြေးထွက်သွားတော့သည်။
"ဝုန်း... ဝုန်း..."
ထိုက်ကျိအစီရင်ဓာတ်ပြားကို လူလတ်ပိုင်းအရွယ် အမျိုးသားက ထုနှက်ပြီး လွင့်သွားစေခဲ့သည်။ ကစဉ့်ကလျားကျောက်ကမူ လော့စန်းချုံး၏ ဧကရာဇ်လက်နက်ကို ထိမှန်ပြီး လုမင်ထံသို့ တစ်ဖန်ပြန်လွင့်သွား၏။
ကြောက်စရာကောင်းသော ပေါက်ကွဲမှု အင်အားက လုမင်၏အရှိန်ကို ပိုတိုးစေသည်။ လုမင်က အနက်ရောင် ရေဝဲထဲသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ရုတ်တရက်၊ အလွန်အစွမ်းထက်သည့် စွမ်းအားတစ်ခုက လုမင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ လုမင်က ရေဝဲထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်တွင်၊ တာ့ယန်ဆေးမီးဖိုက ပေါင်ပေါင်ကို ဝန်းရံထားသော ဧကရာဇ်လက်နက်များကို တွန်းတိုက်ပစ်လိုက်သည်။ ပေါင်ပေါင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး ဝန်းရံခြင်းမှ ချက်ချင်း ပြေးထွက်ခဲ့၏။ သူလည်း အနက်ရောင် ရေဝဲထဲကို ပြေးဝင်သွားတော့သည်။
"ဒီဆေးမီးဖိုကို ရပ်လိုက်ကြ"
တစ်ယောက်က အော်ဟစ်ပြီး တာ့ယန်ဆေးမီးဖိုကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်၊ တာ့ယန်ဆေးမီးဖိုတွင် အသိစိတ်ရှိကာ လုမင်ကို သခင်အဖြစ် အသိအမှတ်ပြုထားတာလည်း ကြာခဲ့ပြီ။ ၎င်းက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ ဝန်းရံမှုကို အတင်းဖောက်ထွက်ကာ အနက်ရောင်ရေဝဲထဲကို ပျံသန်းပျောက်ကွယ်သွားတော့သည်။