အခန်း ၁၉၆၈
Vol. 132 Ch. 1968
အပိုင်း ( 1968 ) ဟန်ရှင်းဟဲနှင့် ထပ်မံတွေ့ဆုံခြင်း။
ဒဏ္ဍာရီများအရ ထျန်းယွမ်ချောက်နက်၏ တစ်ဖက်ခြမ်းမှာ အခြားကမ္ဘာတစ်ခု ရှိသည်။ ၎င်းက ဒဏ္ဍာရီလာကိုးခုမြောက်ကမ္ဘာဖြစ်ပြီး အင်မော်တယ်များ၏ နေထိုင်ရာဟု ဆိုထားပေသည်။
ဤအခိုက်တွင်၊ ထျန်းယွမ်ချောက်နက်၏ အစွန်းမှာ ပုံရိပ်များစွာ စုဝေးနေခဲ့ကြသည်။
ဤလူများအားလုံးက ပြင်ပကမ္ဘာရှိ အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများ ဖြစ်၏။ အများစုမှာ ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။
ဧကရာဇ်လက်နက်များကို ကိုင်ဆောင်ထားကာ ဟင်းလင်းပြင်တုန်ခါခြင်းမြေကို ဖြတ်ကျော်လာနိုင်သူများလည်း ရှိသေးသည်။
ဤအခိုက်တွင် ထျန်းယွမ်ချောက်နက်၏ အစွန်းမှာ၊ ကြီးမားသော ကျောက်တုံးတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည့် ဧရာမစင်မြင့်တစ်ခု ရှိသည်။ စင်မြင့်အလယ်တွင် ထူထပ်သောရွန်းများဖြင့် ဝန်းရံထားသည့် ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခု ရှိ၏။
ယဇ်ပလ္လင်ရှေ့မှာတော့ မျက်စိမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေသော လူငယ်လေးတစ်ယောက် ရှိသည်။
သို့သော်လည်း လူတိုင်းက ဤလူရိပ်ကို အလွန်ကြောက်ကြပုံရသည်။ သူ့အနားကို မည်သူမျှ ချဉ်းကပ်ဝံ့ခြင်းမရှိပေ။
ထိုလူက ဟန်ရှင်းဟဲ ဖြစ်သည်။
ထာဝရ၏သားတော် ဟန်ရှင်းဟဲက အလွန်ကြောက်စရာကောင်းသည်။ ယခင်က ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူ၏အသက်အရွယ်ကြောင့် ဟန်ရှင်းဟဲကို မထီမဲ့မြင်ပြုခဲ့သော်လည်း ထိုအတွက် ချက်ချင်း အသတ်ခံခဲ့ရသည်။
ထို့နောက် ဧကရာဇ်တစ်ပိုင်းများ အများအပြားက ပူးပေါင်းခဲ့ကြသော်လည်း ဟန်ရှင်းဟဲနှင့် ဝေးကွာနေသေးသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဟန်ရှင်းဟဲကို ရင်ဆိုင်ရလျှင် ချက်ခြင်းအသတ်ခံရမည်ဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုတည်းကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့ရာတွင်၊ အံ့သြစရာကောင်းတာက ဟန်ရှင်းဟဲ၏ ကျင့်ကြံမှုအခြေခံမှာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်ထဲကို မ၀င်ရောက်သေးပါ။
ထို့ပြင် ဤနေရာတွင် ဟန်မိသားစုမှ ဧကရာဇ်တစ်ပိုင်းများ ရှိကြသည်။
ထို့ကြောင့်၊ ဟန်ရှင်းဟဲက အလွန်အရေးကြီးပုံရသော ရှေးဟောင်းစင်မြင့်ကို တိုက်ရိုက်သိမ်းပိုက်ခဲ့သည့်တိုင် အခြားသူများက ဘာမျှမတတ်နိုင်ကြပေ။
ဟုတ်သည်၊ လူအုပ်ကြားထဲတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသူတချို့လည်း ရှိ၏။ ၎င်းက ဟဲမိသားစုဝင်များပင်။
သူတို့က ဟန်ရှင်းဟဲကို အလွန်သတ်ချင်ကြသည်။ သို့ရာတွင်၊ ဟန်ရှင်းဟဲကို မယှဉ်နိုင်သောကြောင့် အဝေးတွင် ပုန်းအောင်းနေခဲ့ရပေသည်။
"သခင်လေး ဟန်ရှင်းဟဲ၊ ခင်ဗျားက အဲဒီမှာ ရက်ပေါင်းများစွာ နားလည်ဆင်ခြင်နေခဲ့တာ... အခု ဒီချောက်နက်ကို ဘယ်လိုဖြတ်ကျော်ပြီး နဝမမြောက်ကမ္ဘာကို သွားရမလဲဆိုတာ သိပြီလား"
နောက်ဆုံးတွင် တစ်ယောက်ယောက်က မေးလိုက်သည်။
ဟန်ရှင်းဟဲက ထိုလူကို လျစ်လျူရှုထားပုံရပြီး ဘာမှပြန်မပြောပေ။ အချိန်အတော်ကြာပြီးမှ ပြောလိုက်သည်။
"ငါနည်းလမ်းကို သိပြီးပြီ"
သူ့စကားက လူအများ၏ မျက်လုံးများကို တောက်ပစေခဲ့ပေသည်။
"ဘာနည်းလမ်းလဲ"
တစ်ယောက်ယောက်က မေးလိုက်သည်။
"ပြောဖို့အချိန်မကျသေးဘူး"
ဟန်ရှင်းဟဲက ပြောသည်။
"ပြောဖို့အချိန်မကျသေးရင် ဘယ်အချိန်ကျမှ ပြောမှာလဲ"
ထိုလူက ဆက်မေးလိုက်၏။
"မင်း ငါ့ကို မေးခွန်းထုတ်နေတာလား"
ဟန်ရှင်းဟဲက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးအကြည့်များက စူးရှပြီး ထိုလူကို ထိုးဖောက်သွားတော့မည့် နတ်ဓားနှစ်လက်ကဲ့သို့ပင်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထိုလူကို တုန်လှုပ်သွားစေခဲ့သည်။ သူက မျက်စိမျက်နှာပျက်စွာဖြင့် နောက်ဆုတ်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး"
"ပြောပြဖို့ အချိန်တန်ရင် ငါပြောပြမယ်"
ထိုစကားကို ပြောပြီးနောက် ဟန်ရှင်းဟဲက မျက်လုံးများကို ပြန်မှိတ်ထားလိုက်တော့သည်။
ထိုလူမှာတော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အေးစက်စက် ချွေးများဖြင့် ရွှဲနစ်သွားသလို ခံစားလိုက်ရသည်။
'ထာဝရရဲ့သားတော်က တကယ် ကြောက်စရာကောင်းတာပဲ။ သူက ဧကရာဇ်တစ်ပိုင်း ဖြစ်မလာသေးတာတောင် အရမ်းကြောက်စရာကောင်းနေပြီ။ သူသာ ဧကရာဇ်တစ်ပိုင်းဖြစ်လာခဲ့ရင် သိုင်းဧကရာဇ်နဲ့တောင် ယှဉ်ပြိုင်နိုင်မလား မသိဘူး'
ဤအတွေးက လူတော်တော်များများကို တုန်လှုပ်သွားစေခဲ့သည်။
ဟဲမိသားစုမှ လူများမှာတော့ မျက်နှာများ မည်းမှောင်နေကြတော့သည်။
ထာဝရ၏သားတော်ကဲ့သို့ ပါရမီရှင်တစ်ဦးက ဟဲမိသားစုအတွက် ဘေးဒုက္ခတစ်ခု ဖြစ်သည်။
နောင်တွင်၊ ဟန်ရှင်းဟဲက မဟာဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားပါက... ဟန်မိသားစုတွင် မဟာဧကရာဇ်ကြီးနှစ်ပါး ရှိလာမည်ဖြစ်ကာ ဟဲမိသားစုကို ဖျက်ဆီးကြလိမ့်မည်။
ထို့ကြောင့် ဟဲမိသားစုက ဟန်မိသားစုကို မည်ကဲ့သို့ ဖယ်ရှားရမည်အား စဉ်းစားလိုက်ကြသည်။
အချိန်များက တရွေ့ရွေ့ ကုန်လွန်သွားပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်အနည်းငယ်ကြာသွားသည်။
ထိုနေ့တွင်၊ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေသော ဟန်ရှင်းဟဲက ရုတ်တရက် မျက်လုံးကိုဖွင့်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူက ရေရွတ်လိုက်၏။
"သူတို့က နောက်ဆုံးတော့ ဒီကိုရောက်လာပြီ"
လူတိုင်း အံ့ဩသွားကြသည်။
'ဘယ်သူတွေ ရောက်လာတာလဲ'
လူတိုင်းက ဟန်ရှင်းဟဲ၏ အကြည့်အတိုင်း ကြည့်ကြသောအခါ ပျံသန်းလာသော လူတစ်စုကို တွေ့လိုက်ရသည်။
ထိုလူစုကို လူငယ်အချို့က ဦးဆောင်ခဲ့ကြပေသည်။
"လုမင်၊ ကစဉ့်ကလျားရဲ့သားတော် လုမင်ပဲ"
တစ်စုံတစ်ယောက်က လုမင်ကို အသိအမှတ်ပြုပြီး အော်ပြောလိုက်သည်။
ဒါက လူများကို ပိုပြီး တုန်လှုပ်စေသည်။ လုမင်အတွက် ဟန်ရှင်းဟဲက ဒီမှာပဲ တချိန်လုံးစောင့်နေခဲ့တာ ဖြစ်နိုင်မလား။
"ဝှစ်..."
ဟန်ရှင်းဟဲက ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်ထံ ဦးတည်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ဟန်မိသားစုမှ ကျွမ်းကျင်သူများက ဟန်ရှင်းဟဲ၏အနောက်သို့ လိုက်သွားကြ၏။
မနီးမဝေးတွင် လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက ရပ်တန့်သွားကြသည်။
"လုမင်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ။ ငါမင်းကို စောင့်နေတာကြာပြီ"
ဟန်ရှင်းဟဲက ဘာမှမထူးခြားသလို ပြောလိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ"
လုမင်၏ မျက်နှာက တည်ငြိမ်မှုရှိသည်။ သူ ဤနေရာကို ရောက်လာသောအခါ ဟန်ရှင်းဟဲကို ရင်ဆိုင်ရမည်မှန်း သူသိပေသည်။
"လုမင်၊ မင်းက ငါ့ဟန်မိသားစုရဲ့ ဧကရာဇ်တစ်ပိုင်းကို သတ်ခဲ့တယ်။ ဒါနေ့ မင်းရဲ့သွေးနဲ့ သူတို့ကို ယဇ်ပူဇော်မယ်"
ဟန်ရှင်းဟဲ၏ နောက်တွင် လူတစ်ယောက်က လှမ်းအော်သည်။ ဟန်ရှစ် ဖြစ်၏။
"သူတို့က ငါ့ကိုသတ်ချင်နေတာကို ငါက ပြန်မတိုက်နိုင်ဘူးလား"
လုမင်က မေးသည်။
"ဒါပေါ့၊ မင်းပြန်တိုက်လို့ရတယ်။ သိုင်းပညာကမ္ဘာမှာ အရာရာက ခွန်အားကို အခြေခံတယ်။ သန်မာတဲ့သူတွေက အသက်ရှင်ပြီး အားနည်းတဲ့သူတွေ သေကြလိမ့်မယ်။ သူတို့က မင်းလောက်မသန်မာတဲ့အတွက် သူတို့သေရတာ သဘာဝကျတယ်"
ဟန်ရှင်းဟဲက ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းတချို့ သေဆုံးခြင်းကို လုံးဝ ဂရုမစိုက်သလိုမျိုး လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့အားလုံးက ဟန်မိသားစုကဖြစ်ပြီး ငါကလည်း ဟန်မိသားစုဝင်တစ်ဦးပဲ။ မင်းက သူတို့ကို သတ်ခဲ့တဲ့အတွက် ငါက မင်းကို ပြန်သတ်ရလိမ့်မယ်။ လုမင်၊ ကောင်းကင်ဧကရာဇ်ဓားကို လွှဲပေးလိုက်ပါ၊ ဒါဆိုရင် မင်းကို အမြန်သေစေမယ်"
ဟန်ရှင်းဟဲက ဆက်ပြောလိုက်၏။
"ဟန်ရှင်းဟဲ၊ တကယ်တော့ မင်းက ကောင်းကင်ဧကရာဇ်ဓားအတွက် ရောက်နေမှန်း ငါသိပါတယ်။ ဒါပေမဲ့ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှာတုန်းက မင်း ငါ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီနေ့လည်း မင်းငါ့ကို ဘာမှ တတ်နိုင်မှာမဟုတ်ဘူး"
လုမင်က ခပ်အေးအေး ပြောလိုက်သည်။ သူ့မျက်လုံးများမှာတော့ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေ၏။
"ဒါက ယွမ်တောင်မြင့်မြတ်သောကျောင်းတော် မဟုတ်ဘူး"
ဟန်ရှင်းဟဲက အေးစက်စွာ ပြောသည်။
သူ့အဓိပ္ပါယ်က အသိသာကြီးပင်။ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် လုမင်နှင့် အခြားသော ကျွမ်းကျင်သူများစွာက ဟန်ရှင်းဟဲကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ယနေ့မှာတော့ ဟန်မိသားစုမှ ကျွမ်းကျင်သူများက ဤနေရာတွင် ရှိနေသောကြောင့် လုမင်ကို အကူအညီပေးနိုင်ကြတော့မည် မဟုတ်ပေ။
ဟန်မိသားစုက ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကျွမ်းကျင်သူများစွာရှိသည့် ဧကရာဇ်အဆင့် အင်အားစုကြီးတစ်ခု ဖြစ်သည်။
ယနေ့၊ ဤနေရာတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ရာကျော် ရှိနေ၏။ ယခုအချိန်တွင် သူတို့အားလုံးက အရှိန်အဝါများကို ထုတ်ဖော်လိုက်သောအခါ တကယ်ကို ကြောက်စရာကောင်းလွန်းသည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက လုမင်နှင့် အခြားလူများအပေါ်သို့ ချက်ချင်း ကျရောက်လာတော့သည်။
"ငါတို့ကို မေ့မထားနဲ့"
မနီးမဝေးမှ အသံတစ်ခုထွက်ပေါ်လာပြီး လုမင်နှင့် အခြားလူများ၏နောက်တွင် လူရိပ်များ ထွက်ပေါ်လာကြသည်။
၎င်းတို့မှာ ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်း၊ မိုးကြိုးနတ်ဘုရားဂိုဏ်းနှင့် အခြားအင်အားစုများမှ ကျွမ်းကျင်သူများ ဖြစ်သည်။
"မင်းတို့ရဲ့ ပြိုင်ဘက်က ငါတို့ပဲ"
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝံပုလွေကြီးများက လေပေါ်သို့ လှမ်းတက်လာ၏။ ရွှေကျီးကန်းများ ကလည်း အော်မြည်ကာ ပျံသန်းလာကြတော့သည်။
ရွှေကျီးကန်းမျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ဝမ်မျိုးနွယ်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှင့် အခြားအင်အားစုများက ပျံသန်းလာပြီး အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။
"လုမင်၊ ကျွန်မတို့ ရှင့်ကိုကူညီဖို့ ရှိတယ်"
လှပသော အမျိုးသမီးတစ်ဦးက ကျွမ်းကျင်သူအဖွဲ့နှင့်အတူ လုမင်၏အနားသို့ ရောက်လာသည်။ လော့ထျန်းယီနှင့် ယောင်ချစ်အင်မော်တယ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်းများ ဖြစ်၏။
ထို့နောက်တွင်၊ အခြား ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ ထပ်မံရောက်ရှိလာပြီး လုမင်တို့နှင့်အတူ ပူးပေါင်းလိုက်ကြသည်။
သို့သော်ငြားလည်း လုမင်တို့၏ အလုံးစုံအင်အားက တစ်ဖက်လူများကိုယှဉ်ရန် ဝေးကွာနေသေးသည်။
လုမင်ဘက်မှ အင်အားစုဝင် အများစုက ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ဖြစ်သည်။ အများစုမှာ၊ သူတို့က ရွှေကျီးကန်းမျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ အခြားအင်အားစုများနှင့်သာ ယှဉ်ပြိုင်နိုင်လိမ့်မည်။
ရှန်းယွမ်အင်ပါယာကို ထည့်ပေါင်းလိုက်လျှင်ပင် အသုံးမဝင်ပေ။
"ဟားဟားဟား၊ ဒီနေ့ တကယ်စည်ကားတာပဲ။ လုမင်... မင်းတကယ် ကံကောင်းတယ်လို့ ပြောရမယ်"
လှောင်ပြောင်ပြောဆိုသံတစ်ခု ထွက်ပေါ်လာပြီး လော့စန်းချုံးက တာ့လော့ကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့်အတူ ဟန်မိသားစုအနားသို့ ရောက်လာသည်။
ထို့နောက် ဖုန်းမျိုးနွယ်မှ ကျွမ်းကျင်သူများကလည်း ပေါ်လာကြ၏။
လုမင်တို့ဘက်မှ ကျွမ်းကျင်သူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ တစ်ဖက်လူများသည် အလွန်အင်အားကြီး၏။ နှစ်ဖက်ကြားမှ အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။