← Chapters

အခန်း ၁၉၇၈

Vol. 133 Ch. 1978

အခန်း ၁၉၇၈

Vol. 133 Ch. 1978

အပိုင်း ( 1978 ) ကောင်းကင်ဧကရာဇ်က မသေသေးဘူးလား။

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က လွန်စွာ တုန်လှုပ်စရာကောင်းပြီး အနှိုင်းမဲ့ ဆွဲဆောင်နိုင်စွမ်း ရှိသည်။

၎င်းက အစစ်အမှန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စမ်းကြည့်ကြရမည်။ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ယူဆောင်သွားပင်လျှင် အဖိုးမဖြတ်နိုင်ပေ။ ၎င်းကို မဟာဧကရာဇ်များပင်လျှင် မနာလိုဖြစ်ရမည် ဖြစ်သည်။

လူတစ်ယောက်က ဦးဆောင်သောအခါ အခြားလူများကလည်း ချက်ချင်း ပြေးတက်သွားကြတော့သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာက ငါ့ဟာပဲကွ။ အဲဒါကို ထိဝံ့တဲ့သူ သေရမယ်"

ဟန်ရှင်းဟဲက ကြိမ်းမောင်းပြီး ဓားဖြင့်ခုတ်လိုက်သည်။

"ရွှစ်... ရွှစ်..."

ဓားအလင်းများ ဖြတ်သန်းသွားအမျှ သွေးများက နေရာအနှံ့ ဖြန်းပက်သွား၏။ ဦးခေါင်းများကလည်း တစ်ခုပြီးတစ်ခု လွင့်ထွက်သွားတော့သည်။

တခဏချင်းမှာပင်၊ ဧကရာဇ်တစ်ပိုင်း ဆယ်ယောက်ကျော် သေဆုံးခဲ့ကြသည်။

သာမာန်ဧကရာဇ်တစ်ပိုင်းများနှင့် ဟန်ရှင်းဟဲကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ သူတို့က တခဏချင်း အသတ်ခံရပြီး လုံးဝ ခုခံနိုင်စွမ်းမရှိပေ။

အခြားဧကရာဇ်တစ်ပိုင်းတို့လည်း ထိတ်လန့်တုန်လှုပ်သွားပြီး အဝေးသို့ ရှောင်ခွာသွားကြသည်။ ဟန်ရှင်းဟဲက ကြီးစိုးလွန်းပေသည်။

"ဟန်ရှင်းဟဲ၊ ငါတို့ကြားက တိုက်ပွဲက မပြီးသေးဘူးကွ။ ဆက်ကြရအောင်"

လုမင်၏ သွေးနီရောင်ဆံပင်များက သတ်ဖြတ်လိုစိတ်တို့ဖြင့် လူးလွန့်လာသည်။ သူ့မျက်လုံးများက သွေးချင်းချင်းနီနေပြီး ဟန်ရှင်းဟဲထံသို့ လျှောက်သွား၏။

လုမင်နှင့် ရင်းနှီးသူများမှလွဲ၍ သူ့အနီးကို မည်သူမျှ လှမ်းဝံ့ခြင်းမရှိပေ။

ဟန်ရှင်းဟဲက လုမင် လျှောက်လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။ သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးမားသော ကျောက်တုံးရုပ်သွင်ဆီသို့ ပျံသန်းသွား၏။

"အစီရင်တစ်ခု ဖွဲ့စည်းပြီး ဧကရာဇ်လက်နက်နဲ့ သူ့ကို တားဆီးထားကြ"

ဟန်ရှင်းဟဲ၏အသံ ထွက်လာသည်။

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းများလည်း ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သူတို့က ပူးပေါင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အစီရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။

သူတို့ထဲမှ တချို့က ဧကရာဇ်လက်နက်များကို ကိုင်ထားကြ၏။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက ဧကရာဇ်လက်နက်များ၏ စွမ်းအားအပြည့်ကို မထုတ်နိုင်ကြောင်း ထင်ရှားသည်။ သို့သော်လည်း လူအများက စုပေါင်းလိုက်သောအခါ စွမ်းအားက အလွန်ကြောက်စရာကောင်းပေသည်။

"ဝှစ်... ဝှစ်..."

ဓားအလင်းများက လေထုကို ဖြတ်သန်းကာ လုမင်ဆီသို့ တိုးဝင်လာခဲ့သည်။

လုမင်က လက်သီးချက်များ ထုတ်ဖော်လိုက်သောအခါ လေဟာနယ်က တုန်လှုပ်သွားပြီး ဓားအလင်းများ ကွဲကြေသွား၏။

သို့သော်လည်း နောက်အခိုက်တွင် ဓားအလင်းများက သူ့ဆီသို့ တိုးဝင်လာပြန်သည်။

ဟန်မိသားစုမှ လူအများစုက စဉ်ဆက်မပြတ်တိုက်ခိုက်နိုင်ခြင်းကို အလေးပေးသည့် ထာဝရနွေဦးနိယာမကို လေ့ကျင့်ခဲ့ကြသည်။

အကန့်အသတ်မဲ့ ဓားအလင်းများက လုမင်ဆီသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လုမင်၏လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

လုမင်က မည်မျှပင် သန်မာနေပါစေ၊ အချိန်တိုအတွင်းမှာတော့ မဖြတ်သွားနိုင်တော့ပေ။

ထိုအချိန်တွင် ဟန်ရှင်းဟဲက ကျောက်သားရုပ်တုထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။

သူက အလွန်မြန်ဆန်ပြီး တခြားသူများနှင့် အဝေးကို ခဏချင်း ရောက်သွား၏။

"ရွှစ်..."

ရုတ်တရက်၊ သေခြင်း၏အလင်းတန်းတစ်ခုက ဓားအလင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

"လုမင်၊ ခင်ဗျား ဟန်ရှင်းဟဲနောက်ကို လိုက်သွားပါ။ ဒီလူတွေကို ကျုပ်အတွက်ထားလိုက်"

ဟန်ရှင်းဟဲက လေထဲသို့ လှမ်းတက်လာခဲ့သည်။ သေခြင်း၏နယ်မြေက ထိုဧရိယာမကို လွှမ်းခြုံပြီး ဓားအလင်းများကို ပိတ်ဆို့လိုက်၏။

လုမင်က သွေးနီရောင်မျက်လုံးများဖြင့် မရဏဓားကို တစ်ချက် ကြည့်လိုက်သည်။ သူက ဘာမှပြန်မပြောတော့ဘဲ သွေးနီရောင်အလင်းတန်းကဲ့သို့ ပျံသန်းသွားတော့သည်။

ကျောက်သားရုပ်သွင်က သူတို့နှင့် မဝေးဘူးဟု ထင်ရသော်လည်း အမှန်တကယ် ပျံသန်းသွားမှ အလွန်ဝေးကွာကြောင်းကို သိရှိခဲ့ကြသည်။

ကျောက်သားရုပ်သွင်က ကြီးမားလွန်းသဖြင့် နီးနီးလေးတွင် ရှိနေသလို ခံစားရခြင်း ဖြစ်ပေသည်။

ကောင်းကင်တွင် ကြယ်များ ကြွေဆင်းသကဲ့သို့ လူများက ဧရာမ ကျောက်သားရုပ်သွင်ဆီသို့ ပျံသန်းသွားသည်။

ယခုအချိန်တွင် ဟန်ရှင်းဟဲက ဦးဆောင်နေသော်လည်း လုမင်၏ အမြန်နှုန်းဖြင့် သူတို့ကြားမှ အကွာအဝေးက ဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။

ဤပျံသန်းခြင်းက နာရီဝက်ကြာသွားပြီ။

သူတို့၏ အမြန်နှုန်းဖြင့် နာရီဝက်ခန့် ပျံသန်းရခြင်းမှာ အကွာအဝေးက မည်မျှဝေးကွာကြောင်း တွေးကြည့်နိုင်သည်။

ဤအခိုက်အတန့်တွင် သူတို့က ဧရာမကျောက်သားရုပ်သွင်ထံသို့ ချဉ်းကပ်လာကြသည်။

ထိုအချိန်တွင်၊ လုမင်နှင့် ဟန်ရှင်းဟဲက အခြားသူများကို အဝေးတွင် ချန်ရစ်ထားခဲ့ပြီ။ လုမင်မှာလည်း ဟန်ရှင်းဟဲကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။

'ချီးတဲ့မှပဲ၊ ဒီကောင်က ဘာလျှို့ဝှက်ကျင့်စဥ်ကို သုံးနေတာလဲ။ အခုထိ မပြီးနိုင်သေးဘူး'

ဟန်ရှင်းဟဲက သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

လုမင်၏ ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး သူ့အရှိန်အဝါကလည်း အားကောင်းနေသေးသည်။

သာမာန်လျှို့ဝှက်ကျင့်စဉ်များက ဤမျှအစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းကို ကြာရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုတော့ အခြေအနေကောင်းမွန်ပုံရသည်။

သူက အစွမ်းကုန်သုံးကာ ဧရာမ ကျောက်သားရုပ်သွင်ဆီသို့ ဆက်ပြေးသွားလေသည်။

ဧရာမ ကျောက်သားရုပ်သွင်နှင့် နီးကပ်လာသည်နှင့်အမျှ သူ့တကိုယ်လုံးရှိ သွေးများက ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။

ဧရာမ ကျောက်သားရုပ်သွင်က သူနှင့် သွေးသားတော်စပ်မှုတစ်မျိုးမျိုး ရှိနေသလိုပင်။

'သူက တကယ်ကို ဟန်မိသားစုရဲ့ ဘိုးဘေးကြီးဖြစ်ရမယ်'

ဟန်ရှင်းဟဲက သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

ဧရာမ ကျောက်သားရုပ်သွင်နှင့် ပိုနီးစပ်လေလေ သူ့နှလုံးသားထဲမှ ခံစားချက်က ပိုပြင်းထန်လေလေပင်။ ကျောက်သားရုပ်သွင်ထဲသို့ ပျံသန်းနေသရွေ့ ၎င်းကို ရနိုင်လိမ့်မည်ဟု သူခံစားခဲ့ရသည်။

ထိုအချိန်တွင် လုမင်၏မျက်လုံးများက အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

အကြောင်းမူ၊ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ကောင်းကင်ဧကရာဇ်၏ဓားဖြစ်သော ကျောက်တုံးဓားက အဆက်မပြတ်တုန်ခါနေပြီး ဆူညံသံတချို့ ထွက်ပေါ်နေသောကြောင့်ပင်။

၎င်းက ကျောက်တုံးလူသားနှင့် ပဲ့တင်ထပ်နေပုံရသည်။

'ကျောက်ဓား... ဒီကျောက်ဓားက တကယ်ကို ကောင်းကင်ဧကရာဇ်ရဲ့ဓား ဖြစ်နိုင်ပြီး ဒီကျောက်သားရုပ်သွင်ရဲ့ဓားလည်း ဖြစ်နိုင်တယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း သူက အရှိန်မလျှော့ဘဲ ဟန်ရှင်းဟဲဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။

"ဝုန်း"

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သောအခါ ကြောက်စရာကောင်းသော လက်သီးအင်အားက ဟန်ရှင်းဟဲဆီသို့ ကျရောက်သွားတော့သည်။

"ထာဝရ နတ်ဘုရားခေါင်းလောင်း"

ဟန်ရှင်းဟဲက အော်ဟစ်လိုက်သည်။ သူက အစွမ်းကုန်သုံးပြီး ထာဝရနတ်ဘုရားခေါင်းလောင်းဖြင့် သူ့ကိုယ်သူ ဖုံးအုပ်လိုက်၏။

ထာဝရနတ်ဘုရားခေါင်းလောင်းက တုန်ခါသွားပြီး ကြောက်စရာကောင်းသော အသံလှိုင်းက လုမင်ထံသို့ ဖြတ်သန်းလာသည်။ သို့သော်လည်း လုမင်၏ လက်သီးချက်ကြောင့် ကွဲကြေသွားတော့သည်။

"ဒေါင်... ဒေါင်..."

ဟန်ရှင်းဟဲက ထာဝရနတ်ဘုရားခေါင်းလောင်းကို တုန်ခါစေရင်း ကျောက်သားရုပ်သွင်ဆီသို့ ပျံသန်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက ပြင်းထန်သောတိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲသွားပြီး လုမင်ထံသို့ ဖြတ်သန်းသွား၏။

လုမင်၏ တိုက်ခိုက်မှုက ပို၍ ရိုးရှင်းသည်။ သူက ငရဲဖိနှိပ်ကောင်းကင်သိုင်းကို အသုံးပြုကာ အသံလှိုင်းများကို ချိုးဖြတ်ရင်း ဟဲရှင်းဟဲဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားတော့သည်။

နှစ်ယောက်သား ပျံသန်းရင်း တိုက်ခိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် ရင်ဆိုင်ခဲ့ကြသည်။

"ဝုန်း... ဝုန်း"

လက်သီးအင်အား အနည်းငယ်က ဟန်ရှင်းဟဲ၏ အသံလှိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ ထာဝရနတ်ဘုရားခေါင်းလောင်းက တုန်ခါသွားပြီး အက်ကြောင်းများ ပေါ်လာ၏။

ဟန်ရှင်းဟဲ၏ မျက်နှာက မည်းမှောင်သွားပြီး အံကြိတ်ကာ ကျောက်သားရုပ်သွင်ဆီသို့ ပြေးသွားတော့သည်။

ယခင်က မျိုးဆက်တူသူများတွင် မည်သူမျှ သူ၏ ထာဝရနတ်ဘုရားခေါင်းလောင်းကို မချိုးဖျက်နိုင်သော်လည်း ယနေ့မှာတော့ လုမင်ကြောင့် ကွဲကြေခဲ့ရပြီ ဖြစ်သည်။

'ငါ ဧကရာဇ်တစ်ပိုင်းဖြစ်လာတဲ့အခါ​ မင်းကို​ သေချာပေါက် သတ်ပစ်မယ်'

ဟန်ရှင်းက သူ့နှလုံးသားထဲမှ ကြုံးဝါးလိုက်သည်။ တချိန်တည်းမှာပင်၊ လက်သီးတစ်ချက်က ထိမှန်သွားကာ သူ့တစ်ကိုယ်လုံး တုန်ခါပြီး သွေးအန်လုနီး ဖြစ်သွား၏။

ထိုအချိန်တွင် သူတို့က ကျောက်သားရုပ်သွင်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။

အနားကို ရောက်လာပြီးမှသာ ဤကျောက်သားရုပ်သွင်က အမှန်တကယ် ကြီးကျယ်ခမ်းနားလွန်းကြောင်း သိလိုက်ရသည်။ သူတို့က ကျောက်သားရုပ်သွင်၏ ဆံချည်တစ်မျှင် အရွယ်မျှသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။

ထိုအချိန်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။

ကျောက်သားရုပ်သွင်က ရုတ်တရက် မျက်လုံးပွင့်လာ၏။

ဤမြင်ကွင်းက လုမင်၊ ဟန်ရှင်းဟဲနှင့် အခြားသူများကို ရင်တဒိန်းဒိန်းခုန်စေခဲ့သည်။

ကျောက်သားရုပ်သွင်ကြီးက အမှန်တကယ် မျက်လုံးဖွင့်လိုက်ပြီ။

ကောင်းကင်ဧကရာဇ်က မသေသေးဘူးလား။

ဒါက အမှန်ဆိုလျှင် ကြီးကျယ်သော ကိစ္စတစ်ခု ဖြစ်လိမ့်မည်။

ကျောက်သားရုပ်သွင်ကြီးက မျက်လုံးဖွင့်လိုက်သောအခါ သူ့မျက်လုံးနှစ်လုံးက အနက်ရောင် အနက်ရောင် ချောက်နက်ကြီးနှစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

နောက်အခိုက်အတန့်တွင် ကျောက်သားရုပ်သွင်၏ မျက်လုံးများမှ အလင်းတန်းနှစ်ခု ဖြာထွက်လာပြီး လုမင်နှင့် ဟန်ရှင်းဟဲ၏ရှေ့တွင် လူရုပ်သွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

သူက ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော အသက်သုံးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့အငွေ့အသက်များက အလွန်ကြီးကျယ်ခမ်းနားပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပုံရပေသည်။

ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်သွင်လား။

ဤအခိုက်အတန့်တွင် လူတိုင်းက အသက်ရှုရန် မေ့လျော့သွားပုံရသည်။

ကောင်းကင်ဧကရာဇ် တကယ်မသေသေးဘူးပေါ့။

"ဟန်မိသားစုရဲ့ မျိုးဆက်သစ်က ကောင်းကင်ဧကရာဇ်ဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်"

ဟန်ရှင်းဟဲက သူ့မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုကို ထိန်းချုပ်ကာ ဦးညွှတ်လိုက်သည်။

"အငယ်လေး လုမင်က ကောင်းကင်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်ကလည်း လက်ယှက်ပြပြီး ဦးညွှတ်လိုက်၏

မည်သို့ပင်ဆိုစေကာမူ၊ ကောင်းကင်ဧကရာဇ်က ဝါရင့်ကျွမ်းကျင်သူဖြစ်သောကြောင့် ဦးညွှတ်ခြင်းမှာ သာမာန်ဖြစ်သည်။

"ကောင်းကင်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

အခြားသူများကလည်း ကောင်းကင်ဧကရာဇ်ကို အဝေးက ဦးညွှတ်ကြလေသည်။

ကောင်းကင်ဧကရာဇ်က လူတိုင်းကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး၊ ငါက ကျဆုံးခဲ့ပြီးပြီ။ အခု မင်းတို့မြင်နေရတာက လေပြင်းကြားက ဖယောင်းတိုင်မီးလို အချိန်မရွေး ငြိမ်းသေသွားနိုင်တဲ့ အမှုန်အမွှားလေးတစ်ခုပဲ"

ထိုစကားများက လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့ပေသည်။

ကောင်းကင်ဧကရာဇ်က အမှန်တကယ် ကျဆုံးခဲ့ပြီး ဖြစ်ပုံရသည်။ ဒါက သူ၏ အကြွင်းအကျန်အမှတ်အသားတစ်ခုမျှသာ ဖြစ်မည်။

All Chapters