အခန်း ၁၉၈၂
Vol. 134 Ch. 1982
အပိုင်း ( 1882 ) တိုင်းတပါးမျိုးနွယ်များ ကျူးကျော်ခြင်း။
"ငါကတော့ သေသင့်တဲ့သူက မင်းပဲလို့ ထင်တယ်"
လုမင်၏ မျက်လုံးများက အေးစက်နေသည်။ သူက ဟန်ရှင်းဟဲဆီသို့ လျှောက်သွား၏။
ဟန်ရှင်းဟဲ၏ အမူအရာက ပြောင်းသွားသည်။ ယခုအခါ သူ့တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာ မရှိသောကြောင့် လုမင်နှင့် မယှဉ်နိုင်တော့ပေ။
သူက ကပျာကယာ နောက်ဆုတ်သွားပြီး အော်ဟစ်လိုက်သည်။
"လုမင်၊ မင်းက ပြင်ပအင်အားကို အားကိုးနေရုံပါကွာ။ မင်း တကယ်အရည်အချင်းရှိရင် ကိုယ်ပိုင်အင်အားနဲ့ ငါ့ကို ရင်ဆိုင်လိုက်ပါလား"
"ကောင်းပြီလေ၊ ဒါဆိုရင် မင်းရဲ့ကျင့်ကြံမှုအဆင့်ကို ငါနဲ့ တူညီတဲ့အထိ ဖိနှိပ်လိုက်"
လုမင်က ပြောလိုက်၏။
"မင်း...."
ဟန်ရှင်းဟဲက အံကြိတ်လိုက်သည်။ သူက လုမင်ကို တူညီသောအဆင့်တွင် တိုက်ခိုက်ရန် ယုံကြည်မှုမရှိပေ။ ရုပ်ပျက်ဆင်းပျက်ပင် ရှုံးနိမ့်သွားနိုင်သည်။ သူက မည်ကဲ့သို့ သဘောတူနိုင်မည်နည်း။
"မင်းက ငါ့ထက် အဆင့်နှစ်ဆင့် ပိုမြင့်ပေမဲ့ ငါ့ကို ကိုယ်ပိုင်ခွန်အားနဲ့ တိုက်ခိုက်ခိုင်းတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်ကတော့ ငါနဲ့ အဆင့်တူမှာ မတိုက်ခိုက်ဝံ့ဘူး။ ရယ်စရာကောင်းလွန်းတယ်"
လုမင်က လှောင်ပြောင်လိုက်သည်။
ဟန်ရှင်းဟဲ၏ မျက်လုံးများက အလွန်အေးစက်နေပြီ။ အကြည့်ဖြင့် လူသတ်နိုင်မည်ဆိုပါက လုမင်မှာ အကြိမ်တစ်သောင်းခန့် သေဆုံးခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာတော့ နောက်ဆုတ်ရန်သာ ရှိတော့သည်။
"ဝမ်..."
ရုတ်တရက်၊ လေဟာနယ်က တုန်ခါသွားသည်။ ကြီးမားသော စွမ်းအားတစ်ခုက ရုတ်တရက် ကျဆင်းလာပြီး လူတိုင်းကို လွှမ်းခြုံသွား၏။
နောက်အခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံး ချာချာလည်နေပုံရပြီး လူအားလုံးက နဝမေမြာက်ကမ္ဘာမှ ပျောက်ကွယ်သွားတော့သည်။ နောက်အခိုက်တွင်၊ လုမင်က လှိုင်ဂူလမ်းထဲရှိ ကြာပန်းကမ္ဘာများ၏အထက် လေထဲတွင် ပြန်ပေါ်လာကြောင်း သတိပြုမိခဲ့သည်။
ထို့နောက် ပုံရိပ်များက အဆက်မပြတ် ထွက်ပေါ်လာသည်။ ဟွမ်လင်၊ လုံချန်၊ အိုးရန်ဝူရွှမ့်၊ လော့ထျန်းယီနှင့် အခြားသူများအားလုံး ထွက်လာကြ၏။
လော့စန်းချုံး၊ ဟန်ရှင်းဟဲနှင့် အခြားသူများလည်း ထွက်လာကြသည်။
သူတို့သာမကဘဲ အခြားကမ္ဘာများကို စူးစမ်းလေ့လာနေသော လူများအားလုံးကိုလည်း စွမ်းအားကြီးသော စွမ်းအားတစ်ခုက သယ်ဆောင်လာခဲ့ပေသည်။
"ကြည့်ကြစမ်း၊ အဲဒါ ဘာကြီးလဲ"
"ကမ္ဘာကိုးခုက ရွေ့လျားနေတယ်"
"ကြာပန်းရဲ့ နှလုံးသားထဲမှာ ရေဝဲတစ်ခု ပေါ်လာတယ်ဟေ့"
တစ်ယောက်ယောက်က အော်လိုက်သည်။
လုမင်နှင့် အခြားလူများလည်း ငုံ့ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားကြပေသည်။
သူတို့က အထက်တွင် ရှိနေသောကြောင့် အောက်ဘက်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုအချိန်တွင် ကြာပန်းကိုးပွင့်က အပြင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာသည်။
ကြာပန်း၏ ရင်းမြစ်နေရာမှာတော့ ရေဝဲတစ်ခု ပေါ်လာ၏။
"ဂါး... ဂရား..."
ရုတ်ချည်းဆိုသလိုပင်၊ ကြောက်လန့်ဖွယ်ရာ ဟိန်းဟောက်သံများက ရေဝဲအတွင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားသော လက်ကြီးနှစ်ဖက်က ရေဝဲအပြင်ဘက်သို့ ဆန့်ထွက်လာတော့သည်။
လက်ကြီးများကို အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ချွန်ထက်သော လက်သည်းရှည်များ ရှိသည်။ ၎င်းက အလွန်ကြောက်စရာကောင်းပုံရပေသည်။
ထို့နောက် လက်ကြီးနှစ်ဖက်က ရေဝဲကို ပိုမိုကျယ်လာစေရန် ကြိုးစားနေသကဲ့သို့ ဆွဲဖြဲလိုက်သည်။
ထိုအခါ ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ရေဝဲကြီးက တဖြည်းဖြည်း အမှန်တကယ် ကျယ်ပြန့်လာ၏။ ထို့နောက် ဧရာမသတ္တဝါကြီးနှစ်ကောင်၏ ဦးခေါင်းများက ရေဝဲအတွင်းမှ ပေါ်လာတော့သည်။ ယခင် လက်ကြီးနှစ်ဖက်က သူတို့ဆီက လာနေခြင်း ဖြစ်သည်။
"ဒါက..."
လုမင်၏ မျက်လုံးအိမ်များက ပို၍ ကျဉ်းမြောင်းလာသည်။
သူသည် ဤသတ္တဝါမျိုးနှင့် အလွန်ရင်းနှီး၏။
၎င်းတို့ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ၎င်းတို့၏ မျက်ခုံးနှစ်ခုကြားတွင် တတိယမြောက် မျက်လုံးတစ်လုံး ရှိသည်။
'ဒီရေဝဲက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ရဲ့ ကမ္ဘာကို ဦးတည်နေတာ ဖြစ်နိုင်မလား။ မျိုးနွယ်ခြားတွေ ကျူးကျော်လာပြီ'
လုမင်၏ စိတ်ထဲတွင် အလွန်လေးလံလာသည်။
သူ ငယ်ရွယ်စဉ် ကျင့်ကြံမှုအခြေခံ နိမ့်ပါးစဉ်က ကောင်းကင်ကမ္ဘာရှိ ကျွန်းငယ်တစ်ခုသို့ မတော်တဆ ရောက်ရှိခဲ့ဖူးသည်။ ထိုအချိန်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်နှင့် ပထမဆုံးအကြိမ် တွေ့ခဲ့ဖူးပေသည်။
တိုက်တန်ဦးချိုရှည်နွားနှင့် တွေ့ဆုံစဉ်ကနှင့် ဟွင်းယွမ်ဂိုဏ်း၏ နောက်ဆုံး အကဲဖြတ်မှုမှာလည်း ၎င်းတို့ကို တွေ့ဆုံခဲ့ဖူးသည်။
တစ်ချိန်တည်းမှာပင်၊ သူက မျက်လုံးသုံးလုံး နတ်မျိုးနွယ်အကြောင်း ပိုမိုသိရှိလာခဲ့ပေသည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်က ကောင်းကင်ကမ္ဘာ သို့မဟုတ် ယွမ်လုနှင့် မသက်ဆိုင်ပါ။ သူတို့က အခြားကမ္ဘာမှ လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း မရေတွက်နိုင်သောနှစ်များက ၎င်းတို့သည် ကောင်းကင်ကမ္ဘာကို တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ကမ္ဘာ၌ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
စစ်ပွဲအတွင်း၌ မရေမတွက်နိုင်သော အကျော်အမော်များ ကျဆုံးခဲ့ရပေသည်။
တန်တန်ကတော့ နောက်ဆုံးတိုက်ပွဲက မကြာခင်ရောက်လာတော့မည်ဟု ပြောခဲ့သည်။ ဒါက မျက်လုံးသုံးလုံး နတ်မျိုးနွယ်နှင့် အဓိက သက်ဆိုင်မှုရှိ၏။
ယခုအခါ မျက်လုံးသုံးလုံး နတ်မျိုးနွယ်က တိုက်ခိုက်တော့မည်လော။
ကောင်းကင်ဧကရာဇ်၏ အမှတ်အသား၏ ဆိုလိုရင်းကို နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ ဒါက မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ ကျူးကျော်မှုကို ရည်ညွှန်းခြင်းပင်။
"ဂါး... ဂရား"
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးသည် လုမင် ကြုံတွေ့ခဲ့ရဖူးသော မျိုးနွယ်များနှင့် လုံးဝ ကွဲပြားသည်။ သူတို့သည် အလွန်ထွားကျိုင်းပြီး ကြီးမား၏။ ၎င်းတို့က ရေဝဲကို ဆွဲဖြဲနေကာ ပို၍ကြီးမားလာအောင် ကြိုးစားနေကြတော့သည်။
"သတ်၊ မင်းတို့ရဲ့ ရှေးဦးလောကကို ဖျက်ဆီးရမယ်"
"ငါတို့ မျိုးနွယ်တွေက ကမ္ဘာကြီးကို အုပ်စိုးလိမ့်မယ်"
ရေဝဲအတွင်းမှ ဟိန်းဟောက်သံများကို ဆက်တိုက်ကြားနေရပြီး လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ..."
တစ်စုံတစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။
"အရင် ကမ္ဘာကိုးခုက ဒီလမ်းကြောင်းကို ဖိနှိပ်ထားတာ ဖြစ်နိုင်မလား"
တစ်ယောက်က မျက်စိမျက်နှာပျက်စွာဖြင့် ခန့်မှန်းလိုက်၏။
ထိုအချိန်တွင် ကြာပန်း၏ နှလုံးသားအထက်မှ လေဟာနယ်က အက်ကွဲသွားကာ ကြီးမားသော ရုပ်သွင်တစ်ခု ပေါ်လာသည်။
၎င်းမှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာပင်။
ယခုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များနှင့် အရွယ်အစား တူညီပုံရသည်။
"မိစ္ဆာနတ်ဘုရားမျိုးနွယ်၊ မင်းတို့ရဲ့ကမ္ဘာကို ပြန်လှည့်ကြစမ်း"
ကောင်းကင်ဧကရာဇ်၏ခန္ဓာက ဟိန်းဟောက်ပြီး ကောင်းကင်ဧကရာဇ်ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
"ဝုန်း"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦး၏လက်ကို ကောင်းကင်ဧကရာဇ်၏ဓားက ခုတ်ဖြတ်လိုက်၏။
"ဂါး"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ တတတိယမျက်လုံးက ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တော့သည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ခန္ဓာက လက်သီးဖြင့်ထိုးနှက်ပြီး ပျက်စီးခြင်းအလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ကျောက်သားဓားဖြင့် ထိုးလိုက်သောအခါ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်သွား၏။
သွေးများ ဖြာထွက်လာပြီး ဓားက ကောင်းကင်ကို ထိုးတက်သွားသည်။ ထို့နောက်မှာတော့ ဓားစွမ်းအင်က ပေါက်ကွဲထွက်လာပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ ဦးခေါင်းကို အပိုင်းပိုင်းခွဲပစ်လိုက်တော့သည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် သေသွားပြီးနောက် ၎င်း၏လက်သည်းများက မဆုပ်ကိုင်နိုင်တော့ပေ။ ၎င်း၏ ကြီးမားသော ရုပ်သွင်ကြီးက ရေဝဲအတွင်းကို ပြန်ဝင်ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ကောင်းကင်ဧကရာဇ်၏ခန္ဓာက ကျောက်သားဓားကို ကိုင်စွဲပြီး အခြား မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ကို သတ်တော့မည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် လေဟာနယ်က အက်ကွဲသွားပြီး ပုံရိပ်များစွာ ထွက်ပေါ်လာကြသည်။
သူတို့ထဲမှ တစ်ဦးမှာ နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ပင်။
"မင်းက ရုပ်ခန္ဓာတစ်ခုပဲ ကျန်တော့တာတောင် ငါတို့ကို တားဆီးချင်နေသေးတယ်။ ဒီနေ့ မင်းရဲ့ ရုပ်ခန္ဓာကိုလည်း ငါ ဖျက်ဆီးပစ်မယ်"
နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်က အေးစက်စွာပြောပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်ဧကရာဇ်၏ခန္ဓာက ဓားတစ်ချက် ခုတ်ပိုင်းပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ကို လွင့်စဉ်သွားစေခဲ့၏။
ကောင်းကင်ဧကရာဇ်က သူ၏ရုပ်ခန္ဓာဖြင့်သာ ကျန်ရှိတော့သော်လည်း စွမ်းအားအရာမှာတော့ အံ့မခန်းဖြစ်နေသေးသည်။
"ဝှစ်... ဝှစ်..."
ဤအခိုက်အတန့်တွင် လေဟာနယ်က ဆက်လက် ကွဲအက်သွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အချိန်နတ်ဘုရားကျွန်းမှ အသားမည်းမည်းဖြင့် လူလတ်ပိုင်းအမျိုးသားနှင့် အဆုံးမဲ့သားရဲကမ္ဘာမှ အိမ်မြှောင်ကြီးတို့လည်း ပေါ်လာကြ၏။ ၎င်းတို့၏ အရှိန်အဝါများကလည်း အကန့်အသတ်မရှိပေ။
"မဟာဧကရာဇ်... သူတို့အားလုံးက မဟာဧကရာဇ်ကြီးတွေပဲ"
တစ်စုံတစ်ယောက်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ရုတ်တရက် ပေါ်လာကြသော တည်ရှိမှုတိုင်းက မဟာဧကရာဇ်များ ဖြစ်သည်။
"ဒီတည်ရှိမှုအားလုံးက အဲဒီရှေးဟောင်းအပျက်အယွင်းတွေမှာ တံဆိပ်ခတ်ခံထားရတဲ့ ဖြစ်တည်မှုတွေ ဖြစ်နိုင်မလား"
တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆိုလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွား၏။
ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပုံရသည်။
ယခင် ပြောင်းလဲမှုများက ဤအားကောင်းသော တည်ရှိမှုများနှင့် ဆက်စပ်နေပေလိမ့်မည်။
လူအချို့က ဟန်ရှင်းဟဲကို လှမ်းကြည့်လိုက်ကြသည်။
ရှေ့ကို ဆက်တိုးမည်ဆိုလျှင် ဆိုးရွားသော ဖြစ်ရပ်များနှင့် သွေးချောင်းစီးရမည်ဟူသော ကောင်းကင်ဧကရာဇ်အမှတ်အသား၏ သတိပေးစကားကို ပြန်လည်အမှတ်ရမိ၏။
၎င်းက ဒါကို ရည်ညွှန်းခဲ့ခြင်း ဖြစ်နိုင်သည်။
သို့ဆိုလျှင်၊ ဒါတွေအားလုံးက ဟန်ရှင်းဟဲကြောင့် မဟုတ်လား။
"ဟမ့်..."
ဟန်ရှင်းဟဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ့မျက်နှာမှာ မှုန်ကုပ်နေသည်။
သူက အခြားသူများ၏ဆင်းရဲဒုက္ခကို ဂရုမစိုက်ပေ။ အခြားသူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းက သူနှင့် မည်သို့သက်ဆိုင်သနည်း။ ယခုအချိန်တွင် သူတွေးနေတာက ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် ကောင်းကင်ဧကရာဇ်၏ဓားကို မည်သို့မည်ပုံ ပြန်လည်ယူဆောင်ရမလဲဆိုတာကိုပင်။
"ဝုန်း... ဝုန်း..."
ကြောက်စရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
အသားမည်းမည်းဖြင့် လူလတ်ပိုင်းအမျိုးသား၊ အိမ်မြှောင်ကြီးနှင့် အခြား အကျော်အမော်များက ကောင်းကင်ဧကရာဇ်၏ခန္ဓာကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။ ကြာပန်း၏နှလုံးက ပြင်းထန်စွာ တုန်လှုပ်သွားပေသည်။
"ဟဲယု၊ မင်းက ငါ့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့တယ်။ ဒီနေ့မှာတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါ ဝါးမြိုပစ်လိုက်မယ်"
အိမ်မြှောင်ကြီးက ဟိန်းဟောက်ပြီး ကြောက်စရာကောင်းသော မီးတောက်များကို ကောင်းကင်ဧကရာဇ်၏ခန္ဓာဆီသို့ မှုတ်ထုတ်လိုက်သည်။