အခန်း ၁၉၈၄
Vol. 134 Ch. 1984
အပိုင်း ( 1984 ) ကသောင်းကနင်း။
"သူတို့က... ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရဲ့ အခြား မဟာဧကရာဇ်နှစ်ပါးများလား"
အိုးရန်ဝူရွှမ့်က မှန်းဆလိုက်သည်။
"ဖြစ်နိုင်တယ်"
လုမင်နှင့် အခြားလူများက ခေါင်းညိတ်လိုက်၏။
"အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
ဟွမ်လင်က မေးသည်။
"ဒီကိစ္စက ကျုပ်တို့ရဲ့ အရည်အချင်းထက် အများကြီး ကျော်လွန်နေပြီ။ အခုချိန်မှာ မဟာဧကရာဇ်ရဲ့ စကားကို နားထောင်ပြီး ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို အရင်ပြန်သွားရအောင်။ ပြီးရင် ရှန်းရှန်းနဲ့ တခြားသူတွေကိုခေါ်ပြီး ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ထွက်သွားကြမယ်။ ကောင်းကင်ဧကရာဇ်မြို့တော်က မငြိမ်းချမ်းတော့ဘူးလို့ ခံစားရတယ်"
လုမင်က ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်ကြလေသည်။
"ဝုန်း... ဝုန်း..."
ထိုအချိန်တွင် ဂူအောက်မှ ပေါက်ကွဲသံများက ပိုကြောက်စရာကောင်းလာသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတက်အကျများက ကောင်းကင်ဧကရာဇ်မြို့တော်ကိုပင် တုန်လှုပ်သွားစေခဲ့ပေသည်။
ဂူထဲမှ အလင်းတန်းများ ဖြာထွက်နေပြီး အောက်ဘက်မှ တိုက်ပွဲက ပို၍ ပြင်းထန်လာခဲ့သည်။
"သွားကြစို့"
သူတို့က အချိန်မဆိုင်းတော့ဘဲ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပျံသန်းသွားကြသည်။
တခြားသူများကလည်း ထိုကဲ့သို့ပင်။ သူတို့က သက်တန့်အလင်းများအဖြစ် ပြောင်းလဲကာ ဤနေရာမှ ထွက်ခွာသွားကြသည်။
ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပျံသန်းနေစဉ် သူတို့နောက်ဘက်မှ တုန်ခါမှုများက ပို၍ပြင်းထန်လာသည်။ မြေအောက်ဂူထဲမှ ကြောက်စရာကောင်းသော အလင်းတန်းများ ထွက်ပေါ်လာ၏။
"သတ်"
သူတို့နောက်မှ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်သံများကို ကြားရသည်။ အဝေးတွင်၊ ဂူထဲမှ ထူးဆန်းသော သတ္တဝါများကို စီးနင်းပြီး ထွက်လာသော ပုံရိပ်ကြီးများကိုလည်း လှမ်းမြင်ရ၏။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တချို့က ဂူအတွင်းပိုင်းမှ ပြေးထွက်လာပြီး ကုန်းမြေပေါ်ကို ခြေချခဲ့ကြပြီ။
သူတို့လည်း လုံးဝ မရပ်နားဝံ့ဘဲ အရှိန်အကုန်မြှင့်ကာ ပြေးထွက်ခဲ့ကြသည်။
ကောင်းကင်ဧကရာဇ်တောင်က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်နှင့် များစွာ မဝေးပါ။ ဆယ်မိနစ်ခန့်ကြာတော့ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်တောင်မှ တိုက်ပွဲအခြေအနေက မည်သို့ဖြစ်နေပြီမှန်း သူတို့မသိတော့ပေ။
လုမင်နှင့် အခြားသူများက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပြန်လာကြပြီး ၎င်းတို့၏ နေအိမ်သို့ ဦးတည်ခဲ့ကြသည်။
ယခုအချိန်တွင် လူအများအပြားက နေအိမ်တွင် စုရုံးနေကြပြီ။
လုရှန်းရှန်း၊ ရွယ်နင်ရှင်းနှင့် အခြားသူများ အားလုံး ထိုနေရာတွင် ရှိနေကြသည်။
ဤတစ်ကြိမ်တွင် အသန်မာဆုံး လူငယ်တစ်စုသာ ကြာပန်းကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည်။ အန္တိမသူတော်စင်နယ်ပယ်အောက်မှ ကျင့်ကြံသူများက မဝင်ရောက်ခဲ့ပေ။ သူတို့အားလုံးက လုရှန်းရှန်းနှင့် အခြားသူများကဲ့သို့ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် နေရစ်ခဲ့ကြသည်။
"ဆရာ၊ ဘာတွေဖြစ်နေတာလဲ"
လုရှန်းရှန်းက ဆီးကြိုပြီးမေးသည်။
ကောင်းကင်ဧကရာဇ်တောင်မှ တုန်ခါမှုများက ပြင်းထန်လွန်းသောကြောင့် အဝေးမှပင် ခံစားနိုင်ပေသည်။
"မျိုးနွယ်ခြားတွေ ကျူးကျော်လာတာပဲ။ အခုက စကားပြောရမယ့်အချိန်မဟုတ်ဘူး။ လူတိုင်းကိုစုပြီး ကောင်းကင်ဧကရာဇ်မြို့တော်ကနေ အရင်ထွက်သွားရမယ်။ မြန်မြန်လုပ်"
လုမင်က အမိန့်ပေးလိုက်သည်။
အချို့က တိတ်တဆိတ် လေ့ကျင့်နေပုံရပြီး ဤအကြောင်းကို မသိကြသေးပေ။ ချက်ချင်းဆိုသလိုပင်၊ နဂါးမဟာမိတ်၏ အခြား အဖွဲ့ဝင်များကို စုစည်းရန် လမ်းခွဲလိုက်ကြသည်။
သူတို့ထဲတွင် တချို့က ကျင့်ကြံမှုနယ်မြေများတွင် လေ့ကျင့်နေသောကြောင့် အဆက်အသွယ် မရပေ။ ထိုသူများကိုတော့ ကျောင်းတော်၏ ဆရာများမှတဆင့် အကြောင်းကြားနိုင်သည်။
နာရီဝက်အကြာတွင် နဂါးမဟာမိတ်၏ အဖွဲ့ဝင်အများစုရောက်လာကြပေသည်။
"တိုင်းတပါးမျိုးနွယ်ရဲ့ ကျူးကျော်မှုကြောင့် ကောင်းကင်ဧကရာဇ်မြို့တော်မှာ တိုက်ပွဲကြီးတွေ ဖြစ်ပေါ်လာတော့မှာ ကြောက်ရတယ်။ ဒါကြောင့် ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ထွက်သွားကြရမယ်။ ကျုပ်ကတော့ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို သွားမှာပါ၊ ဘယ်သူတွေ လိုက်ပါချင်သေးလဲတော့ မသိဘူး။ မလိုက်ချင်ရင်လည်း ကိုယ့်ရဲ့အင်အားစုကို ပြန်သွားလို့ရပါတယ်"
လုမင်က ပြောလိုက်သည်။
"ကျုပ်ကတော့ ဂိုဏ်းကို အရင်ပြန်ရမယ်"
"ကျုပ်လည်း အင်အားစုကို အရင်ပြန်ရလိမ့်မယ်"
လူတော်တော်များများက ပြောလိုက်ကြသည်။
လုမင်က ခေါင်းညိတ်လိုက်လေသည်။ ဤပါရမီရှင်အားလုံးမှာ ကိုယ်ပိုင်အင်အားစုများ ရှိကြသည်။ သူတို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် နဂါးမဟာမိတ်၏ အဖွဲ့ဝင်များဖြစ်သော်လည်း ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာပြီးနောက် သူတို့၏ သက်ဆိုင်ရာ အင်အားစုများကို သဘာဝအတိုင်း ပြန်သွားကြရမည်။
လုမင်ကလည်း သဘာဝအတိုင်း ဖိအားမပေးခဲ့ပါ။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာသာ သူတို့က နဂါးမဟာမိတ်၏ အဖွဲ့ဝင်များဖြစ်သော်လည်း နောင်တွင် အသုံးဝင်လာနိုင်သည်။
"ဒါဆိုရင် နှုတ်ဆက်ပါတယ်"
လုမင်က ပြောလိုက်သည်။ ချက်ချင်ပင်၊ သူတို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ပြေးထွက်ခဲ့ပေသည်။
"သတ်"
"သူတို့အားလုံးကို သတ်ပစ်ကြ"
ယွမ်တောင် မြင့်မြတ်သောကျောင်းတော် အပြင်ဘက်သို့ ရောက်လာသည်နှင့် တပြိုင်နက် တိုက်ပွဲအော်သံများကို ကြားလိုက်ရသည်။
ထူးဆန်းသော သားရဲများကိုစီးနင်းထားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်စုက လူသားမျိုးနွယ်ဝင် ကျွမ်းကျင်သူ တစ်စုနှင့် တိုက်ခိုက်နေကြ၏။ တိုက်ပွဲက အလွန်ပြင်းထန်ရက်စက်သည်။
ထို့နောက် အဝေးသို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ဧကရာဇ်မြို့တော်၏ အရပ်မျက်နှာအားလုံးတွင် တိုက်ပွဲကြီးများ ဖြစ်ပွားနေကြောင်း တွေ့လိုက်ရသည်။
"ဝမ်..."
ကောင်းကင်ဧကရာဇ်တောင်ရှိရာဘက်မှ လေဟာနယ်က တုန်ခါသွားသည်။ ထူးဆန်းသော သားရဲများကို စီးနင်းထားသည့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ထပ်မံပြေးလာကြ၏။
ထူးဆန်းသော သားရဲများက လေထဲမှ ပြေးလာသောအခါ ကောင်းကင်ကိုပင် ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက တိုက်ခိုက်နေကြပြီ။
ခေါင်းဆောင်လာသူ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ကြီးမားပြီး မိစ္ဆာသားရဲတစ်ကောင်ကို စီးနင်းထားသည်။ သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လေးလံသော တိုက်ပွဲပုဆိန်ကို ကိုင်ဆောင်ထား၏။ သူ၏ မျက်လုံးအကြည့်များက ဓားသွားကဲ့သို့ စူးရှသည်။ သူက လုမင်နှင့် အခြားသူများကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"သူတို့ကိုသတ်လိုက်"
"ဂါး..."
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်စုက ဧရာမသားရဲတစ်ကောင်ကို စီးကာ ၎င်းတို့ဆီသို့ ဦးတည်လာ၏။
"အသန်မာဆုံးက ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံမှုပဲရှိတယ်။ ထိုးဖောက်ကြ"
လုမင်က အော်ပြောပြီး ရှေ့ဆုံးမှ ပြေးတက်သွားသည်။
"သေလိုက်တော့"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ခေါင်းဆောင်က သူ၏တိုက်ပွဲပုဆိန်နှင့် လုမင်ကို ခုတ်ထစ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ တတိယမျက်လုံးမှ အားကောင်းသော အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာတော့သည်။
"ငရဲဖိနှိပ်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်ကိုးခုက ပေါ်လာပြီး ရှေ့သို့ ဖိချလိုက်သည်။
"ငရဲဖိနှိပ်ကျောက်စာတိုင်၊ အဲဒါက ငရဲဖိနှိပ်ကျောက်စာတိုင်ပဲ"
မျက်လုံးသုံးလုံး နတ်မျိုးနွယ် ခေါင်းဆောင်က ထိတ်လန့်တကြားဖြင့် ဟိန်းဟောက်လိုက်သည်။
"ဝုန်း..."
ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် တစ်ဖက်လူ၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုများက တစ်ချက်မျှပင် မခံနိုင်ဘဲ တိုက်ရိုက်သေဆုံးသွား၏။ ထို့ပြင် အခြားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် ဒါဇင်ပေါင်းများစွာလည်း သေဆုံးသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ဟွမ်လင်၊ လုံချန်နှင့် အခြားလူများကလည်း တိုက်ခိုက်ခဲ့ပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်စု သေဆုံးခဲ့ကြသည်။ သူတို့က ပတ်၀န်းကျင်မှ ချက်ချင်း ထိုးဖောက်ပြီး ကောင်းကင်ဧကရာဇ်မြို့တော်မှ အမြန်ထွက်ခဲ့ကြပေသည်။
"သူတို့ထဲက တစ်ယောက်မှာ ငရဲဖိနှိပ်ကျောက်စာတိုင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်၊ ငါတို့ သူတို့ကို အလွတ်ပေးလို့မရဘူး"
"သူတို့ကိုသတ်ရမယ်"
အဝေးတွင်၊ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် ကျွမ်းကျင်သူတစ်စုက ထူးဆန်းသော သားရဲများကို စီးနင်းကာ သူတို့ဆီသို့ ဦးတည်လာကြသည်။
လုမင်နှင့် အခြားသူများလည်း အရှိန်မြှင့်ပြီး အပြင်ကို ပြေးသွားကြ၏။
"သူတို့မှာ ငရဲဖိနှိပ်ကျောက်စာတိုင်ရဲ့ စွမ်းအားတွေရှိတယ်။ သတ်ကြ"
ကောင်းကင်တွင် ကျယ်လောင်သော ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာသည်။ အနှိုင်းမဲ့ကြီးမားသော ပုဆိန်ကြီးတစ်လက်က လုမင်ကို ခုတ်ချလာ၏။ အကန့်အသတ်မဲ့ ဧကရာဇ်အငွေ့အသက်များက လူတိုင်းကို တုန်လှုပ်သွားစေသည်။
သိုင်းဧကရာဇ်...
သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော်က လုမင်ကို သတ်ချင်နေသည်။
သို့သော်၊ ထိုအချိန်တွင် သံတုတ်တစ်ချောင်းက လွင့်ထွက်လာပြီး ပုဆိန်နှင့် တိုက်မိသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်သော အသံလှိုင်းများက လုမင်နှင့် အခြားသူများ၏ နားစည်များကို တုန်လှုပ်စေကာ နာကျင်မှုကို ခံစားလိုက်ကြရသည်။
ထို့နောက် သံတုတ်တစ်ချောင်းကို ကိုင်ထားသော လူရိပ်တစ်ခုက လုမင်နှင့် အခြားသူများ၏ ဦးခေါင်းထက်မှာ ပေါ်လာတော့သည်။
"ဒါက ဆရာပဲ"
လုမင်နှင့် အခြားသူများ ဝမ်းသာသွားကြသည်။
ထိုသူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာတစ်ဦးပင်။
"မင်းတို့ မြန်မြန်သွားကြပါ၊ ဒီဧကရာဇ်တွေကို ငါတို့ ပိတ်ဆို့လိုက်မယ်"
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာက ပြောလိုက်သည်။ သူ့စကားသံအဆုံးတွင် လူရိပ်များစွာ ထပ်မံပေါ်ပေါက်လာကြ၏။ သူတို့တစ်ဦးစီက အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။
သူတို့အားလုံးက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာများဖြစ်ပြီး တစ်ဦးစီက သိုင်းဧကရာဇ်အဆင့် ကျင့်ကြံမှုအခြေခံ ရှိပေသည်။
"သွားကြစို့"
လုမင်က လူတိုင်းကို အချက်ပြပြီး ချက်ချင်း ပြေးထွက်လာခဲ့သည်။
"ရပ်လိုက်စမ်း"
"သူ့ကိုသတ်"
ဟိန်းဟောက်သံပေါင်းများစွာ အဆက်မပြတ် ထွက်ပေါ်လာသည်။ စွမ်းအားကြီးသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက လုမင်နှင့် အခြားအရာသူဆီသို့ ပြေးလာကြ၏။ သူတို့အားလုံးကလည်း သိုင်းဧကရာဇ်အဆင့် ကျင့်ကြံမှု ရှိသည်။
"ဂုဏ်သိက္ခာရှိတဲ့ သိုင်းဧကရာဇ် ကျွမ်းကျင်သူတွေက လူငယ်လေးတွေကို တိုက်ခိုက်ချင်နေတယ်။ မင်းတို့ မိစ္ဆာမျိုးနွယ်တွေက တကယ်ကို အရှက်မရှိဘူးပဲ"
"မင်းတို့ရဲ့ပြိုင်ဘက်က ငါတို့ပဲ"
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာများက ရန်သူ သိုင်းဧကရာဇ်များကို တားဆီးရန် တိုက်ခိုက်ခဲ့ကြသည်။
လုမင်နှင့် အခြားလူများလည်း အချိန်မဆိုင်းဘဲ ပြေးထွက်လာခဲ့ကြလေသည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် အများအပြားက သူတို့ဆီသို့ အဆက်မပြတ် ပြေးလာသော်လည်း သူတို့အားလုံး တားဆီးခံခဲ့ကြရသည်။
ယခုအခါ ကောင်းကင်ဧကရာဇ်မြို့တော်ကတော့ စစ်မီးလျှံများကြားတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီ။ ယခင်ရေဝဲမှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ ဘယ်လောက်များများ ပြေးထွက်လာခဲ့ပြီဖြစ်မှန်း မည်သူမျှ မသိပေ။
လုမင်နှင့် အခြားသူများက ဟန်မိသားစု၏နယ်မြေကို ဖြတ်သွားသောအခါ ဟန်မိသားစုမှာလည်း တိုက်ပွဲဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
ဟန်မိသားစုအထက် ကောင်းကင်ယံတွင် အစစ်အမှန်ဧကရာဇ်များပင် တိုက်ခိုက်နေကြသေးသည်။ မြင်ကွင်းက တကယ်ကို တုန်လှုပ်စရာကောင်းသည်။
ဤအခိုက်တွင် လုမင်က သူ၏ တတိယသွေးမျိုးဆက်ကို အသက်သွင်းထားပြီးပြီ။ သို့ရာတွင်၊ ယခင်အဖြစ်အပျက်မှ သင်ခန်းစာရခဲ့ပြီး ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့် ငရဲဖိနှိပ်ကျောက်စာတိုင်၏ စွမ်းအားကိုတော့ မသုံးဝံ့တော့ပါ။