← Chapters

အခန်း ၁၉၈၅

Vol. 134 Ch. 1985

အခန်း ၁၉၈၅

Vol. 134 Ch. 1985

အပိုင်း ( 1985 ) တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်ပြီ။

ကသောင်းကနင်း၊ လုံးဝကို က‌သောင်းကနင်း ဖြစ်သည်။

ကောင်းကင်ဧကရာဇ်မြို့တစ်ခုလုံးက ဖရိုဖရဲ ဖြစ်ခဲ့ပြီ။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ ကာကွယ်ပေးခြင်းဖြင့် သူတို့၏ အမြန်နှုန်းက အလွန်မြန်သည်။ မကြာမီ၊ သူတို့က ကောင်းကင်ဧကရာဇ်မြို့တော်၏ အစွန်းသို့ ရောက်သွား၏။ သူတို့က မြို့တွင်းမှ ပြေးထွက်ကာ အဝေးက အရံမြို့တစ်ခုဆီသို့ ပြေးသွားကြပေသည်။

မကြာမီ၊ သူတို့က အရံမြို့သို့ ရောက်ရှိလာခဲ့ကြသည်။

"ဝုန်း... ဝုန်း"

သူတို့က ဝေးကွာသော်လည်း ကောင်းကင်ယံမှ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားနေရသေးသည်။

ကောင်းကင်ဧကရာဇ်မြို့မှ ပုံရိပ်များက‌လည်း အဆက်မပြတ် ပြေးထွက်လာနေကြသည်။

လုမင်နှင့် ကျန်လူများက မရပ်တန့်ဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီရင်သို့ ပြေးသွားကြသည်။

သို့သော်လည်း အများစုကတော့ လုမင်နှင့် ကျန်လူများနောက်သို့ မလိုက်ကြပေ။ ထိုအစား၊ သူတို့က သက်ဆိုင်ရာ အင်အားစုများသို့ ပြန်သွားကြသည်။

"လုမင်၊ ကျုပ်က ရှန်းယွမ်အင်ပါယာကို အရင်ပြန်ရမယ်။ တိုင်းတပါးမျိုးနွယ်တွေ ကျူးကျော်တာက သာမန်ကိစ္စမဟုတ်ဘူး။ ကျုပ်ရဲ့ ရှန်းယွမ်အင်ပါယာက ကြိုတင်ပြင်ဆင်ထားရမယ်"

အိုးရန်ဝူရွှမ့်က လုမင်ကို ပြောလိုက်သည်။

"ကောင်းပြီလေ၊ အခု လမ်းခွဲကြတာပေါ့။ နောင်မှာ ကျုပ်တို့ ပြန်ဆုံကြမယ်၊ ဒါပေမဲ့ ခင်ဗျားတို့ သေချာပေါက် အသက်ရှင်နေရမယ်"

လုမင်က အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

"သေချာတာပေါ့"

"လူတိုင်း အသက်ရှင်နေရမယ်"

"မဟာမိတ်ခေါင်းဆောင်၊ ဂရုစိုက်ပါ"

အားလုံးက လုမင်ကို နှုတ်ဆက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ထဲကို ဝင်သွားကြလေသည်။

အဆုံးတွင် ရှေးဟောင်းလမြင့်မြတ်နယ်မြေမှလူများ၊ လော့ရှန်း၊ ဟွမ်လီနှင့် အခြားသူများသာ ကျန်သည်။

"သွားကြရအောင်"

သူတို့ကလည်း တည်နေရာရွှေ့ပြောင်းခြင်းအစီရင်အတွင်းသို့ ဝင်ရောက်ပြီး ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ ပြင်ပ တည်နေရာရွှေ့ပြောင်းခြင်းအစီရင်သို့ ရွှေ့ပြောင်းသွားကြသည်။ ထို့နောက်တွင် သူတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ပျံသန်းသွားကြ၏။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်လာပြီးနောက် ဟွမ်လင်၊ လုံချန်၊ လော့ထျန်းယီ၊ ယဲ့တုန်ဖန့်နှင့် အခြားသူများက သူတို့၏ သက်ဆိုင်ရာ အင်အားစုများသို့ ပြန်သွားကြသည်။

ယခုအချိန်တွင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ အဓိက အင်အားစုများက သတင်းမရရှိကြသေးပါ။ ထို့ကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရန် အမြန်ဆုံးပြန်သွားကြရသည်။

နောက်ဆုံးတွင် လုမင်က ရှန်းရှန်း၊ ရွမ်နင်ရှင်း၊ ဟွမ်မျိုးနွယ်၏ ပါရမီရှင်များနှင့် လော့ရှန်းတို့ကို တာ့ယန်ဆေးခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။

တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်လာပြီး လူတိုင်းကို နေရာချပေးပြီးနောက် လုမင်က ဦးလေးခုန်းကို တွေ့ဆုံကာ ကောင်းကင်ဧကရာဇ်မြို့တော်ရှိ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ ကျူးကျော်မှုအကြောင်း ပြောပြခဲ့ပေသည်။

"မိစ္ဆာနတ်ဘုရားမျိုးနွယ်က ကျူးကျော်လာပြီလား။ ဒါက မျှော်လင့်ထားတာထက် စောနေသေးတယ်"

ဦးလေးခုန်းက သက်ပြင်းချလိုက်သည်။ သူ့မျက်နှာကတော့ လေးနက်လာ၏။

"မိစ္ဆာနတ်ဘုရားမျိုးနွယ်လား၊ ဦးလေးခုန်း... မျက်လုံးသုံးလုံး နတ်မျိုးနွယ်တွေက ဘယ်ကလာတာလဲ"

လုမင်က မေးလိုက်သည်။ ဦးလေးခုန်း၏ ကျင့်ကြံမှုက နားမလည်နိုင်လောက်အောင် နက်ရှိုင်းသည်။ သူသည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်၍ လျှို့ဝှက်ချက်များစွာကို သိနေပေမည်။

"သူတို့က တခြားကမ္ဘာက လာပြီး သူတို့ကိုယ်သူတို့ မျက်လုံးသုံးလုံး နတ်မျိုးနွယ်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒါက ကြွားလုံးထုတ်နေတာပဲလေ။ ငါတို့ကတော့ သူတို့ကို မိစ္ဆာနတ်ဘုရားမျိုးနွယ်လို့ ခေါ်တယ်"

"ဟိုးအရင်တုန်းက သူတို့ဟာ ကောင်းကင်ကမ္ဘာကို တိုက်ခိုက်ခဲ့ကြတယ်။ အချိန်အတော်ကြာပြီးနောက်မှာတော့ ကောင်းကင်ကမ္ဘာရဲ့ နယ်မြေအများစုကို သိမ်းပိုက်ပြီးသွားပြီလေ။ အခုဆိုရင် သူတို့က လေဟာနယ်အတားအဆီးကို ဖွင့်ပြီး ယွမ်လုကို ကျူးကျော်ဖို့ ကြိုးစားနေကြပြီ"

ဦးလေးခုန်းက ခဏရပ်နေပြီးမှ ဆက်ပြောလိုက်သည်။

"လုမင်၊ လက်ရှိ မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ်။ ဒီတိုက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းမရှိသေးဘူး။ ဒါကြောင့် အခုချိန်မှာ အဓိကဦးစားပေးက မင်းရဲ့ ကျင့်ကြံမှုအခြေခံကို တိုးတက်အောင် ကြိုးစားဖို့ပဲ"

လုမင်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ကမ္ဘာနှင့် ဟွင်းယွမ်ဂိုဏ်းတို့သည်ပင် ၎င်းတို့ကို မတားဆီးနိုင်ခဲ့ပေ။ သူတို့ကို တားဆီးရန် သူက ဘာများလုပ်နိုင်မည်နည်း။

"ဒါနဲ့ ဦးလေးခုန်း၊ ကျွန်တော်ကို ကူညီပေးနိုင်မလား"

လုမင်က ပြောပြောဆိုဆိုဖြင့် ချင်ယွဲ့ကို တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ခေါ်ထုတ်လိုက်သည်။

ယခုအချိန်အထိ ချင်ယွဲ့က သတိလစ်မေ့မျောနေသေးသည်။ ဦးလေးခုန်း၏ ကျင့်ကြံမှုက နက်နဲသည့်အပြင် သူသည် တာ့ယန်ဆေးခန်းမ၏ ကာကွယ်သူလည်း ဖြစ်သည်။ သူက ဆေးပညာကို အလွန်ကျွမ်းကျင်သောကြောင့် သူမကို ကယ်တင်နိုင်သင့်သည်။

ဦးလေးခုန်းက ရှေ့ကိုလှမ်းပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအင်လှိုင်းတစ်ခုက ချင်ယွဲ့ကို ဖုံးလွှမ်းသွား၏။ ခဏအကြာတွင် ဦးလေးခုန်းက စွမ်းအင်ကို ပြန်ရုတ်သိမ်းပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လုမင်၏ နှလုံးသားက လေးလံသွားပေသည်။

“ဦးလေးခုန်း၊ ချင်ယွဲ့ရဲ့ဒဏ်ရာက ဘယ်လိုနေလဲ"

"တကယ်ရက်စက်တာပဲ၊ သူက သိမ်းယူပယ်ဖျက်ခြင်းနိယာမနဲ့ တိုက်ခိုက်ခံရတာဖြစ်မယ်"

ဦးလေးခုန်းက ပြောလိုက်သည်။

"ဟုတ်တယ်၊ သူ့ကို တိုက်ခိုက်တဲ့လူက သိမ်းယူပယ်ဖျက်ခြင်းနိယာမကို ကျွမ်းကျင်တယ်"

လုမင် ခေါင်းညိတ်လိုက်၏။

"မဆန်းတော့ပါဘူး"

ဦးလေးခုန်းက ပြောလိုက်သည်။

"သူ့ရဲ့ ရုပ်ခန္ဓာက ဒဏ်ရာတွေကတော့ ဒဏ်ရာတွေက အခြေခံအားဖြင့် သက်သာသွားပြီ။ ဒါပေမဲ့... သူ့ဝိညာဉ်က ဒဏ်ရာပြင်းထန်တယ်"

"သူ့ဝိညာဉ်က ဒဏ်ရာရထားတယ်လား"

လုမင်က တုန်လှုပ်သွားသည်။

စိတ်ဝိညာဉ် ဒဏ်ရာများက ကုသရန် အခက်ခဲဆုံးပင်။

"အမှန်ပဲ၊ ဒီမိန်းကလေးရဲ့ ဝိညာဉ်က သိမ်းယူပယ်ဖျက်ခြင်းနိယာမနဲ့ တိုက်ခိုက်ခံထားရတယ်။ ဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် နိုးထဖို့မလွယ်ဘူး။ သူ့ကို နိုးထစေချင်ရင် လောလောဆယ် သူ့ဝိညာဉ်ကို ကာကွယ်ပေးထားရမယ်။ မဟုတ်ရင် ဘယ်တော့မှ နိုးထလာတော့မှာ မဟုတ်ဘူး"

ဦးလေးခုန်းက ပြောလိုက်သည်။

"ဗျာ"

လုမင်၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူက အလိုအလျောက် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။

သူက ဘယ်တော့မှ ပြန်မနိုးထလာတော့တာ ဖြစ်နိုင်တယ်လား။

ထိုအချိန်တွင်၊ လုမင်၏ လော့စန်းချုံးကို သတ်ဖြတ်ချင်စိတ်တို့က အလွန်ပြင်းထန်လာသည်။

လုမင်က အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်လေသည်။

"ဦးလေးခုန်း၊ ချင်ယွဲ့ရဲ့ ဝိညာဉ်ကို သက်သာစေဖို့ နည်းလမ်းရှိလား"

ဦးလေးခုန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးမှ ပြောလိုက်သည်။

"အခုလောလောဆယ်တော့ မိန်းကလေးချင်ယွဲ့ကို တာ့ယန်ဆေးမီးဖိုအတွင်း ထည့်ထားလိုက်ပါ။ ပြီးရင် သူ့ခန္ဓာကိုယ်ကို အဟာရဖြစ်စေဖို့ ဆေးပင်တွေကို မပြတ် ထည့်ပေးထားရမယ်။ ဒီနည်းနဲ့ သူ့ရဲ့ အသက်ဓာတ်ကို ထိန်းထားနိုင်မဲ့အပြင် သူ့ရဲ့ ဝိညာဉ်ကို မျောမသွားစေဖို့ ကာကွယ်ပေးနိုင်တယ်"

"ဒါပေမဲ့၊ ဒီနည်းလမ်းက ယာယီဖြေရှင်းချက်တစ်ခုပဲ။ သူ့ကို လုံးဝ ပြန်နိုးထစေချင်ရင် တခြားနည်းလမ်းတွေလိုလိမ့်မယ်"

ဦးလေးခုန်းက ပြောလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော် ချက်ချင်းလုပ်မယ်"

ချက်ချင်းဆိုသလို၊ လုမင်က တာ့ယန်‌ဆေးမီးဖိုကို ထုတ်ယူပြီး ချင်ယွဲကို ထည့်လိုက်သည်။ သူက ချင်ယွဲ့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းရန်အတွက် တာ့ယန်ဆေးမီးဖို၏ ဆေးမီးကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူတော်စင်ဆေးပင်အချို့ကိုလည်း ထပ်မံပေါင်းထည့်လိုက်သည်။ တာ့ယန်ဆေးမီးလျှံ၏ အကျိုးသက်ရောက်မှုအောက်တွင်၊ သူတော်စင်ဆေးပင်များ၏ ဆေးအာနိသင်က ချင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေသည်။

"ဦးလေးခုန်း၊ ချင်ယွဲ့ကို အပြည့်အဝ နိုးထစေနိုင်တဲ့ တခြားနည်းလမ်းတွေကို သိသေးလား"

လုမင်က ဆက်မေးလိုက်သည်။

ဦးလေးခုန်းက ခေါင်းကို ခါယမ်းလိုက်၏။

"ငါက နှစ်ပေါင်းများစွာ တံခါးပိတ်နေခဲ့တာကြောင့် အကြောင်းအရာတွေကို သိပ်မသိတော့ပါဘူး။ ဒါပေမဲ့ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်ကို သွားပြီးတော့ မေးလို့ရတယ်။ မင်း စိတ်ချပါ၊ ဒီမိန်းကလေးက တာ့ယန်ဆေးမီးဖိုနဲ့ဆိုရင် ရာစုနှစ်ချီပြီး အဆင်‌ပြေပြေနေနိုင်တယ်"

"အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်"

လုမင်က ရေရွတ်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ ကောင်းကင်ဧကရာဇ်မြို့တော်က ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေသောကြောင့် ချက်ချင်း မမေးနိုင်သေးပါ။

ကံကောင်းသည့်အချက်မှာ ချင်ယွဲ့က လတ်တလောတွင် အဆင်ပြေနေခဲ့သည်။ သူက အနာဂတ်တွင် နည်းလမ်းတစ်ခုကို ဖြည်းညှင်းစွာ ရှာဖွေနိုင်လိမ့်မည်။

ဦးလေးခုန်းနှင့် ခဏတာ စကားစမြည်ပြောပြီးနောက် လုမင် ပြန်ထွက်ခဲ့သည်။

ထို့နောက် ရှန်းရှန်းနှင့် အိုးရန်မော့လီကို အချင်းချင်း မိတ်ဆက်ပေးလိုက်၏။

"ဆရာတူ အစ်မ"

အိုးရန်မော့လီက လုရှန်းရှန်းကို ဦးညွတ်လိုက်သည်။

စင်စစ်တွင်၊ လုရှန်းရှန်းက အိုးရန်မော့လီထက် နှစ်နှစ်ငယ်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူက လက်နှစ်ဖက်ကို နောက်သို့ယှက်ထားပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အိုးရန်မော့လီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေလေသည်။ ထို့နောက် လူကြီးတစ်ယောက်ကဲ့သို့ တည်ကြည်စွာ ပြောလိုက်သည်။

"ရှင်က ဒုတိယ ဆရာတူမောင်လေးပေါ့။ ရှင့်ရဲ့ ကျင့်ကြံမှုက နိမ့်ကျနေသေးတာပဲ၊ ပိုပြီး ကြိုးစားရမယ်"

"ဟုတ်​ကဲ့ပါ ဆရာတူအစ်မ"

အိုးရန်မော့လီက ခေါင်းညိတ်လိုက်၏။

"အိမ်း"

လုရှန်းရှန်းက အရှိန်အဝါအပြည့်ဖြင့် ရှိနေသေးသည်။ သူက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။ သူ့မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှူတို့ ပြည့်နေ၏။

ဆရာတူအစ်မ ဖြစ်ရခြင်းက တကယ်ကို ကောင်းမွန်သည်ဟု သူ ခံစားမိသည်။

လုမင်က ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။ ဤကောင်မလေးက တကယ်ကို အစ်မကြီးတစ်ယောက်၏ ဟန်အမူအရာမျိုး ရှိပေသည်။

"ရှန်းရှန်း၊ သိပ်ပြီး မာနမကြီးနဲ့ဦး။ မင်းရဲ့ ဒုတိယ ဆရာတူမောင်လေးက လေ့ကျင့်တာ နှစ်နှစ်လောက်ပဲ ရှိသေးပေမဲ့ သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်တော့မယ်။ မင်း မကြိုးစားဘူးဆိုရင်‌ နောက်ကောက်ချခံရလိမ့်မယ်"

လုမင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"နှစ်နှစ်မပြည့်သေးဘူး... ဒီလောက်တောင် မြန်တာလား"

လုရှန်းရှန်း၏ မျက်လုံးများက ဝိုင်းစက်သွားသည်။ အိုးရန်မော့လီ၏ ကျင့်ကြံမှုအရှိန်က သူ့ထက်ပင် ပိုမြန်နေသေးသည်။

အိုးရန်မော့လီက ပြန်လည်ဝင်စားခြင်းခန္ဓာရှိပြီး ပြန်လည်ဝင်စားခြင်းဧကရာဇ်ထံမှ သူတော်စင်နှလုံးသားကို ရရှိခဲ့သည်။ သူ၏ တိုးတက်မှုအမြန်နှုန်းက လုရှန်းရှန်းထက် မြန်ဆန်သည်မှာ သဘာဝပင်။ ထို့ပြင်၊ ဦးလေးခုန်း၏ လမ်းညွှန်မှုဖြင့် သူ၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာခဲ့သည်။ သူက သူတော်စင်တစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး မကြာမီ သူတော်စင်တစ်ပါး ဖြစ်လာတော့မည်။

ဤကျင့်ကြံမှုအရှိန်က အံ့ဖွယ်ကောင်းလွန်းပြီး ဆရာတစ်ယောက်အနေဖြင့် သူသည်ပင် ရှက်ရွံ့သလို ခံစားခဲ့ရသည်။

သို့သော်လည်း လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က ကောင်းကင်မှ ချစ်ခင်ခံရသူ ပါရမီရှင်အစစ်များ ဖြစ်ကြသည်။ သူတို့က ထူးခြားသော အရည်အချင်းဖြင့် မွေးဖွားလာကြပြီး လုမင်နှင့်မတူပေ။ အစောပိုင်းအဆင့်များတွင် သူတို့၏ ကျင့်ကြံမှုအရှိန်က မြန်ဆန်ခြင်းမှာ ပုံမှန် ဖြစ်သည်။

နောက်ပိုင်းတွင် သူတို့၏ ကျင့်ကြံမှုအရှိန် နှေးကွေးလာလိမ့်မည်။

ဥပမာအားဖြင့်၊ ဟန်ရှင်းဟဲက အန္တိမသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်တွင် နှစ်အနည်းငယ်ကြာ ပိတ်မိနေခဲ့ကာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်သို့ မဖြတ်ကျော်နိုင်သေးပါ။

"ကမ္ဘာပေါ်မှာ ပါရမီရှင်တွေ အများကြီးရှိတယ်။ သိပ်ပြီး ဂုဏ်ယူမနေကြပါနဲ့"

လုမင်က လေးလေးနက်နက် သတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

လုရှန်းရှန်းနှင့် အိုးရန်မော့လီက ခေါင်းညိတ်လိုက်ကြလေသည်။

All Chapters