← Chapters

အခန်း ၁၉၈၇

Vol. 134 Ch. 1987

အခန်း ၁၉၈၇

Vol. 134 Ch. 1987

အပိုင်း ( 1987 ) ကောင်းကင်ကမ္ဘာ၏ လျှို့ဝှက်ချက်။

"ခန္ဓာကိုယ်ကို အသစ်ဖွဲ့စည်းပြီး အသက်ပြန်ရှင်လာခဲ့တာလား"

လုမင် အံ့သြသွားသည်။

ထိုအချိန်က ကောင်းကင်ဧကရာဇ်ဟန်ယု၏ ပြိုင်ဘက်ကင်းသော စွမ်းအားမှာ စိတ်ကူးကြည့်ရန် မလွယ်ပေ။

သူသည် တိုင်းတပါးမျိုးနွယ်၏ အကျော်အမော်များကို တစ်ဦးတည်း ပိတ်ဆို့ကာ တစ်ဖက်ရန်သူ ကောင်းကင်ဧကရာဇ်ကိုပင် သတ်ခဲ့သည်။ သူက လေဟာနယ်လမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် တိုင်းတစ်ပါးမှ မျိုးနွယ်များ ကျူးကျော်ခြင်းမှ တားဆီးရန် ကမ္ဘာငယ်လေး၏ စွမ်းအားကို အသုံးပြုခဲ့ပေသည်။

နောက်ဆုံးတွင် သူ၏အကြွင်းအကျန်ဝိညာဉ်ဖြင့် ပြန်လည်အသက်ရှင်လာပြီး ပိုမိုမြင့်မားသောအဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။

ဤအကြောင်းများကို စာအုပ်တစ်အုပ်မှာ ရေးထားခဲ့လျှင် ဒဏ္ဍာရီတစ်ခု ဖြစ်လိမ့်မည်။

သို့သော်လည်း လုမင်တွင် နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာသည်။ ကောင်းကင်ဧကရာဇ်က မသေသေးလျှင် ယခု ဘယ်နေရာမှာ ရှိသနည်း။ သူက အဘယ်ကြောင့် အမှတ်အသားတစ်ခုကိုသာ ချန်ထားခဲ့ရသနည်း။ သူက ယခင်တိုက်ပွဲတွင် မပေါ်လာခဲ့ပေ။

လုမင်၏ သံသယများကို မြင်လိုက်ရဟန်ဖြင့် ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြောလိုက်သည်။

"ယွမ်လုက စစ်မှန်တဲ့ စစ်ပွဲကြီး စတင်ဖို့ အချိန်မကျသေးပါဘူး။ ဒါပေမဲ့ ကောင်းကင်ကမ္ဘာက စစ်ပွဲမှာတော့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုကို‌ ရောက်နေပြီ"

"ကောင်းကင်ကမ္ဘာမှာ ကောင်းကင်လောက ကိုးခု ရှိတယ်၊ ဒါပေမဲ့ တခြားကောင်းကင်လောကရှစ်ခုက ယွမ်လုကို ဖြတ်သန်းသွားလာဖို့ လမ်းကြောင်းမရှိဘူး။ နောက်ဆုံးကောင်းကင်လောကဖြစ်တဲ့ ထိုက်ချင်းကောင်းကင်လောကမှာပဲ ယွမ်လုကို တိုက်ရိုက်ပို့ဆောင်နိုင်တဲ့ လမ်းကြောင်းရှိတယ်"

"အခုဆိုရင် ကောင်းကင်ကမ္ဘာရဲ့ ‌ကျန်ရှိတဲ့ မဟာပုဂ္ဂိုလ်အားလုံးက ထိုက်ချင်းကောင်းကင်လောကမှာ ရှိနေပြီ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကလည်း ထိုက်ချင်းကောင်းကင်လောကကို သိမ်းပိုက်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့တာပဲလေ။ သူတို့က ထိုက်ချင်းကောင်းကင်လောကကနေ ယွမ်လုကို လာချင်ကြတယ်။ ဒါကြောင့် အခုချိန်မှာ ငါတို့က ကောင်းကင်ကမ္ဘာမှာ တိုက်ပွဲဝင်နေကြရတယ်"

လုမင်က အနည်းငယ် အံသြသွားသည်။ ယနေ့တွင် သူ လျှို့ဝှက်ချက်များစွာကို သိရှိလာခဲ့ရပေသည်။

"ဒီခန္ဓာကိုယ်က ကျောက်သားပကတိဖြစ်ပြီး ရုပ်သေးရုပ်တစ်ရုပ်နဲ့ မခြားပါဘူး။ ငါ မင်းကို ပေးလိုက်မယ်။ ဒါက မင်းအတွက် အကူအညီဖြစ်စေမယ်လို့ ငါမျှော်လင့်ပါတယ်"

ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုမင်က အလွန်ဝမ်းသာသွားသည်။

ကောင်းကင်ဧကရာဇ်၏ခန္ဓာသည် အလွန်စွမ်းအားကြီး၏။ ၎င်းက မဟာဧကရာဇ်ကိုပင် သတ်ပစ်နိုင်သည်။ ၎င်းကို ထိန်းချုပ်နိုင်လျှင် သူက ချက်ချင်းပင် ပြိုင်ဘက်ကင်းသော အကျော်အမော်တစ်ဦး ဖြစ်လာလိမ့်မည်။ ရွှေကျီးကန်းမျိုးနွယ်နှင့် ဝမ်မျိုးနွယ်တို့အားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်ကြမည် ဖြစ်သည်။

"သိပ်ပြီးတော့လည်း အပျော်မစောနဲ့ဦး။ ဒီကျောက်ခန္ဓာကို ထိန်းချုပ်ဖို့ဆိုရင် စွမ်းအင်လိုအပ်တယ်။ အရင်က တိုင်းတပါးမျိုးနွယ်နဲ့ တိုက်ပွဲမှာ သူ့ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့တာကြောင့် ဒီအမှတ်အသားက ပျောက်ကွယ်သွားတော့မယ်"

"ဒါကြောင့် ဒီကျောက်ခန္ဓာကို ထိန်းချုပ်ချင်ရင် မင်းက စွမ်းအင်ကို အဆက်မပြတ် စုပ်ယူထားရမယ်။ စွမ်းအင်တွေ စုပ်ယူနိုင်လေလေ၊ စွမ်းအားက ပိုအားကောင်းလေလေပဲ"

"ဒီကျောက်ခန္ဓာက ရုပ်သေးရုပ်လိုပါပဲ။ အခု စွမ်းအင်မရှိတော့တာကြောင့် ထိန်းချုပ်လို့မရဘဲ စွမ်းအားအများကြီးလည်း မထုတ်နိုင်တော့ဘူး"

ကောင်းကင်ဧကရာဇ်၏ စကားများက လုမင်၏ ဦးခေါင်းပေါ်မှ ရေအေးပုံးတစ်ပုံးနှင့် လောင်းချလိုက်သလိုပင်။ သူ့အဖြစ်က သင်္ကြန်အမြောက်နှင့် စစ်ထွက်ရန် ရည်ရွယ်နေသူတစ်ဦးလို ဖြစ်သည်။

သို့သော်လည်း လုမင်က ချက်ချင်းပင် စိတ်လှုပ်ရှားလာပြန်သည်။ ဒါက ကောင်းကင်ဧကရာဇ်၏ခန္ဓာ ဖြစ်သည်။ သူက လုံလောက်သော စွမ်းအင်ကို စုပ်ယူနိုင်လျှင် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

"အခု ဒီကျောက်ခန္ဓာကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ စွမ်းအင်စုပ်ယူနည်းကို ငါသင်ပေးမယ်"

ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ရှေ့ကိုလှမ်းလာပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးဖြင့်ထိုးလိုက်သည်။ လုမင်၏ စိတ်ထဲတွင် အချက်အလက်တချို့က ချက်ချင်း ပေါ်လာ၏။

"အင်း၊ ငါ့ရဲ့ ဒီအမှတ်အသားက သူ့ရဲ့တာဝန်ပြီးသွားပြီဆိုတော့ ပျောက်ကွယ်သွားဖို့ အချိန်တန်ပြီ။ လူငယ်လေး၊ မင်းကြီးပြင်းလာတဲ့နေ့ကို ငါစောင့်မျှော်နေတယ်"

ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြုံးလိုက်သည်။

"အကြီးအကဲ..."

လုမင်က အနည်းငယ် ဝမ်းနည်းသွားသည်။

"ဟားဟားဟား၊ ငါ့အတွက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး။ ငါ မသေသေးဘူး။ ကောင်းကင်ကမ္ဘာမှာရှိတဲ့ ငါ့ရဲ့မူလခန္ဓာက ဒီနေရာမှာ ဖြစ်ပျက်နေသမျှကို အာရုံခံစားနိုင်တယ်၊ ငါတို့ ကောင်းကင်ကမ္ဘာမှာ ဆုံတွေ့ပြီး ပခုံးချင်းယှဉ် တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြုံးလိုက်သည်။ ထို့နောက်မှာတော့ သူ့ပုံရိပ်က မြူခိုးငွေ့များကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပျောက်ကွယ်သွားတော့သည်။

"အကြီးအကဲ၊ ကျွန်တော်တို့ ပြန်ဆုံဖို့ သိပ်မကြာဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်"

လုမင်၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များ ပေါ်လာခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ ကျောက်ခန္ဓာကို ထိန်းချုပ်ရန် ကောင်းကင်ဧကရာဇ် သင်ပေးခဲ့သော စွမ်းအင်စုပ်ယူနည်းကို ဂရုတစိုက် လေ့လာလိုက်လေသည်။

နှစ်နာရီကြာပြီးနောက် လုမင်က အရာအားလုံးကို နားလည်သွားခဲ့သည်။

သူက ကျင့်စဉ်ကို အသက်သွင်းပြီး ၎င်းတို့ကို ခံစားကြည့်လိုက်၏။ ကောင်းကင်ဧကရာဇ်၏ခန္ဓာ သို့မဟုတ် ကောင်းကင်ဧကရာဇ်၏ဓားပင်ဖြစ်စေ... ၎င်းတို့က ခြောက်သွေ့နေသော ရေကန်အောက်ခြေကဲ့သို့ ဖြစ်နေကြောင်း ‌သူ တွေ့ရှိခဲ့သည်။ စွမ်းအင်လုံးဝမရှိတော့သဖြင့် ၎င်းတို့ကို ထိန်းချုပ်လို့မရပေ။

"ကျောက်ကြမ်းတွေကို စုပ်ယူကြည့်ရအောင်"

လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး အဆင့်မြင့် ကျောက်ကြမ်းတစ်သိန်းကို ထုတ်ယူလိုက်သည်။ ကောင်းကင်ဧကရာဇ် သင်ကြားခဲ့သည့် နည်းလမ်းအတိုင်း ၎င်းတို့ကို စုပ်ယူလိုက်၏။

"ဝမ်"

ကောင်းကင်ဧကရာဇ်ဓားက ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ် နောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် ၎င်းတို့က တစ်သားတည်းဖြစ်နေသကဲ့သို့ ပေါင်းစည်းသွားကြ၏။

"ခွမ်း..."

ကျောက်ကြမ်းတစ်သိန်းက တခဏချင်း‌ ပေါက်ကွဲသွားသည်။ ထိုစွမ်းအင်များကို ကောင်းကင်ဧကရာဇ်ခန္ဓာနှင့် ကောင်းကင်ဧကရာဇ်ဓားတို့က စုပ်ယူသွား၏။

ခဏအကြာတွင် ကျောက်ကြမ်းတစ်သိန်း၏ စွမ်းအင်ကို လုံးဝ စုပ်ယူသွားတော့သည်။ သို့သော်လည်း ကမန်းကတန်း စူးစမ်းကြည့်ပြီးနောက် သူ့မျက်နှာက ရှုံ့မဲ့သွားသည်။

ကျောက်ကြမ်းတစ်သိန်းက လိုအပ်သော စွမ်းအင်၏ တစ် ရာခိုင်နှုန်းပင်လျှင် မပြည့်သေးကြောင်း သူ တွေ့ရှိခဲ့ရပေသည်။

ဒါကို အပြည့်အဝ ဖြည့်ဆည်းနိုင်ရန် စွမ်းအင်မည်မျှ လိုအပ်မည်နည်း။

လုမင် ဆွံ့အသွားမိသည်။ ထို့နောက်တွင်၊ သူက အံကြိတ်ပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာအတွက် အဆင့်မြင့် ကျောက်ကြမ်းတစ်သန်းကို ထုတ်ယူလိုက်၏။ သို့သော်လည်း သူ ရင်ကွဲရပြန်သည်။ ကျောက်ကြမ်းတစ်သန်း၏ စွမ်းအင်ကလည်း တစ် ရာခိုင်နှုန်းပင် မရှိနိုင်သေးပေ။

"ဟင်း၊ ငါ စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူတာပဲ ပိုကောင်းမယ်။ အလျင်လိုတာက ဖြုန်းတီးရာကျတယ်"

လုမင်က သက်ပြင်းချလိုက်သည်။ သူက မိုးနှင့်မြေ၏ စွမ်းအင်များကို သူ့ဘာသာသူ စုပ်ယူနိုင်စေရန်အတွက် တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ပို့လွှတ်ထားလိုက်လေသည်။

ယခုအချိန်တွင်၊ လုမင်က အရင်းအမြစ်များ ရှားပါးနေပြီဟု ခံစားမိသည်။

ချင်ယွဲ့အတွက် သူတော်စင်ဆေးပင်များကို မကြာခဏ သန့်စင်ပေးရန် လိုအပ်သည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာကလည်း စွမ်းအင်ပမာဏများစွာ လိုအပ်၏။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဧကရာဇ်၏ခန္ဓာအတွက် စွမ်းအင်စုပ်ယူရာမှာ ကန့်သတ်ချက်မရှိပါ။

လုမင်က မျက်လုံးများကို မှိတ်ထားရင်း တိတ်ဆိတ်စွာ စတင်လေ့ကျင့်လိုက်သည်။

ကောင်းကင်ဧကရာဇ်၏ စကားများကြောင့်လည်း လုမင်သည် စိတ်လောခြင်းကို ခံစားရပေသည်။

ကောင်းကင်ကမ္ဘာက လုံးဝ အရေးနိမ့်နေပုံရသည်။ သူတို့က တိုင်းတပါးမျိုးနွယ်များကို တားဆီးရန်အတွက် နောက်ဆုံး ကောင်းကင်လောကဖြစ်သော ထိုက်ချင်းကောင်းကင်လောကကိုသာ ကာကွယ်နိုင်ပေသည်။

အကယ်၍ တိုင်းတပါးမျိုးနွယ်စုများက ထိုက်ချင်းကောင်းကင်လောကကို သိမ်းပိုက်နိုင်လျှင်၊ လေဟာနယ်လမ်းကြောင်းမှတဆင့် ရှေးဦးကမ္ဘာသို့ စစ်တပ်ကြီးတစ်ခုကို တိုက်ရိုက်စေလွှတ်နိုင်မည် ဖြစ်သည်။

ကောင်းကင်ဧကရာဇ်မြို့တော်ရှိ လမ်းကြောင်းကတော့ သေးငယ်သော လမ်းကြောင်းတစ်ခုမျှသာ ဖြစ်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော်ကြာသွားသည်။

ဤရက်များအတွင်း၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို တိုက်ခိုက်ရန် တိုင်းတစ်ပါးမှ မျိုးနွယ်စုများ ပိုများလာသည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အမျိုးမျိုးသော အင်အားစုများ၏ ဖိအားများလည်း တိုးလာခဲ့၏။

နိဂုံးချုပ်အားဖြင့် စိတ်ဓာတ်မြှင့်တင်ရန်အတွက် အမျိုးမျိုးသော ဂိုဏ်းဂဏများက စုပေါင်းကာ ကုသိုလ်အမှတ်များဖန်တီးရန် ၎င်းတို့၏အရင်းအမြစ်များကို စုစည်းခဲ့ကြသည်။

တိုင်းတစ်ပါးသားများကို သတ်လိုက်သရွေ့ ကုသိုလ်ရမှတ်များ ရနိုင်ပေလိမ့်မည်။

သိုင်းအုပ်ချုပ်သူနယ်ပယ် တိုင်းတပါးသားကို သတ်ခြင်းက ကုသိုလ်အမှတ်တစ်ခု ပေးနိုင်။ တောက်ပသော သူတော်စင်နယ်ပယ် တိုင်းတပါးသားကို သတ်ခြင်းက ကုသိုလ်အမှတ်ငါးခု ပေးလိမ့်မည်။ မဟာသူတော်စင်နယ်ပယ် တိုင်းတပါးသားကို သတ်ခြင်းက ကုသိုလ်မှတ် ဆယ်မှတ် ပေးမည် ဖြစ်သည်။

တိုင်းတပါးမျိုးနွယ်များ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ကုသိုလ်ရမှတ်များ နှစ်ဆတိုးလာလိမ့်မည်။

ဤကုသိုလ်အမှတ်များဖြင့် သူတော်စင်ဆေးပင်များ၊ သူတော်စင်လက်နက်များ၊ ဧကရာဇ်လက်နက်များ၊ ကျောက်ကြမ်းများ အစရှိသည့် ရတနာအမျိုးမျိုးကို လဲလှယ်နိုင်သည်။

ရလဒ်အနေဖြင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ ကျင့်ကြံသူများက စိတ်ဓာတ်မြင့်မားလာခဲ့ကြသည်။ အမျိုးမျိုးသော အင်အားစုများနှင့် ပြင်ပကမ္ဘာမှ ဧကရာဇ်အဆင့် အင်အားစုများက တိုင်းတပါးမျိုးနွယ်စုများကို တိုက်ခိုက်ရန် ထွက်ခဲ့ကြ၏။

လုမင်သည်လည်း တိုင်းတပါးမျိုးနွယ်များကို အမဲလိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ပထမဦးစွာ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် သူတို့ကိုယ်ကို လေ့ကျင့်နိုင်သည်။ ဒါက သူတို့၏ စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်ပြီး ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်နိုင်လိမ်မည်။

ဒုတိယအနေဖြင့် ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနှင့် သတ်ဖြတ်နိုင်ပြီး အရင်းအမြစ်တွေကို ဖလှယ်နိုင်လိမ့်မည်။

"နန်းတော်ရှင် ဒီကျောက်စိမ်းပြားကို ယူသွားပါ။ သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော်နဲ့တွေ့ရင် ဒါကို ချေမွလိုက်၊ ကျောက်စိမ်းပြားက မင်းကို တာ့ယန်ဆေးခန်းမ‌ဆီ ခေါ်ဆောင်သွားလိမ့်မယ်"

ဦးလေးခုန်းက ကျောက်စိမ်းပြားကို ပေးလိုက်သည်။

လုမင်လည်း ဝမ်းသာအားရ လက်ခံယူလိုက်လေသည်။ ဤနည်းအားဖြင့် သူက စိုးရိမ်စရာ လျော့ပါးလာမည် ဖြစ်သည်။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ကြုံတွေ့ပါက လွတ်မြောက်နိုင်လိမ့်မည်။

ထို့နောက်တွင် လုမင်က ဟွမ်လီနှင့် အခြား ဟွမ်မျိုးနွယ်မှ ပါရမီရှင်ကိုးဦးအပြင် လော့ရှန်း၊ ရှန်းရှန်းတို့ကို ခေါ်ဆောင်လာခဲ့သည်။ အိုးရန်မော့လီမှာတော့ သူ၏ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးသဖြင့် သူ့ကို မခေါ်ဆောင်ခဲ့ပေ။

သူတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အနောက်ဘက်သို့ ပျံသန်းခဲ့ကြပြီး တောင်ခြေရင်းတွင် ဟွမ်လင်၊ လုံချန်၊ လော့ထျန်းယီတို့နှင့် တွေ့ဆုံခဲ့ကြသည်။

"လုမင်၊ ဒါက ရှေးဟောင်းလ မြင့်မြတ်နယ်မြေပြင်မှာ အင်အားစုမျိုးစုံနဲ့ တည်ဆောက်ထားတဲ့ အခြေစိုက်စခန်းပဲ"

ဟွမ်လင်က ပြုံးပြီး ပြောလိုက်သည်။ သူက လုမင်နှင့် အခြားသူများကို ရှေ့မှ ခေါ်ဆောင်သွားလေသည်။

All Chapters