အခန်း ၁၉၉၁
Vol. 135 Ch. 1991
အပိုင်း ( 1991 ) လမ်းကြောင်း အသစ်။
"သတ်"
"သတ်"
လုမင်နှင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တို့က ဟိန်းဟောက်မာန်သွင်းလိုက်ကြသည်။
လုမင်က လက်နက်စွမ်းအင်များကို လှံပေါ်တွင် စုစည်းလိုက်၏။ လှံ၏စွမ်းအားက အဆများစွာ မြင့်မားလာတော့သည်။
လှံအလင်းက လေဟာနယ်ကို ထိုးဖောက်ပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ကို တိုက်ခိုက်လိုက်သည်။
မျက်စိသုံးလုံး နတ်မျိုးနွယ်ဝင်ကလည်း မုန်တိုင်းတိုက်ခတ်သကဲ့သို့ ပုဆိန်ခုတ်ချက်ကို ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူ၏ တတိယမျက်လုံးက ဖျက်ဆီးခြင်း အလင်းတန်းတစ်ခုကို ရံဖန်ရံခါ ပစ်လွှတ်သည်။ ၎င်း၏ စွမ်းအားကလည်း အံ့မခန်းပင်။
ထို့ပြင် ထူးဆန်းသောသားရဲကလည်း လုမင်ကို ဝင်ရောက်တိုက်ခိုက်တတ်သည်။
လှံက တုန်ခါသွားသည်။ ရာနှင့်ချီသော လှံအလင်းများက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ထံသို့ ထိုးဖောက်ဝင်ရောက်သွား၏။
တစ်ချိန်တည်းမှာပင် သူက ဘယ်လက်ဖြင့် ညွှန်ပြလိုက်သည်။
'ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း'
"ဝုန်း..."
ကြောက်မက်ဖွယ်ကောင်းသော ဧရာမ လက်ချောင်းတစ်ချောင်းက ဖွဲ့စည်းကာ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သို့ရာတွင်၊ ဤလက်ချောင်းက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်အစား သူ့အောက်ဘက်မှ ထူးဆန်းသောသားရဲကို ရည်ရွယ်သည်။
"ဝုန်း"
ထိုထူးဆန်းသောသားရဲ၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်ဧကရာဇ်တစ်ပိုင်းနှင့်သာ ညီမျှသည်။ ၎င်းက လုံးဝ မခုခံနိုင်ဘဲ နဖူးတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွား၏။ ထူးဆန်းသောသားရဲက ချက်ချင်း သေဆုံးသွားပြီး အလောင်းမှာ မြေပြင်ကို ပြုတ်ကျသွားတော့သည်။
"ချီးပဲ"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်ကလည်း ပို၍ ပြင်းထန်လာ၏။ သူက လေပြင်းမုန်တိုင်းကဲ့သို့ လုမင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။
လုမင်က လှံရှည်ကို ညာလက်လက်ဖြင့် ကိုင်ထားခြင်း ဖြစ်သည်။ ရုတ်တရက်၊ လှံရှည်ပေါ်တွင် ထူထပ်သော ရွန်းများ ပေါ်လာကြ၏။
များမကြာမီတွင်၊ ရွန်းများက လှံရှည်ကို ဖုံးအုပ်သွားသည်။ ထို့နောက် လှံချက်ထုတ်ဖော်လိုက်သောအခါ အစစ်အမှန်နဂါးကြီးတစ်ကောင် ပေါ်လာတော့သည်။
လုမင်က အစီရင်နိယာမ၏ ကျမ်းစာလိပ် ကိုးတွဲမှ ဝိညာဉ်ပုံရိပ်ယောင်ကျမ်းကို လှံရှည်ဖြင့် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အစစ်အမှန်နဂါးက ပြိုင်ဘက်၏ ပုဆိန်ကြောင့် ပျက်စီးသွား၏။
သို့ပေသော်ငြား၊ ဤသည်မှာ လုမင်၏ မျှော်လင့်ချက်အတွင်း ရှိသည်။ လှံရှည် တဖန်တုန်ခါလာပြီး ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဒါက အစီရင်နိယာမ၏ ကျမ်းစာလိပ်ကိုးခုအနက် ဖျက်ဆီးခြင်းကျမ်းပင်။
လုမင်က တစ်ဖက်လူကို အသုံးချပြီး တံဆိပ်ခတ်ခြင်းကျမ်း၊ ဖျက်ဆီးခြင်းကျမ်းနှင့် ဝိညာဉ်ပုံရိပ်ယောင်ကျမ်းတို့ကို အမြန်ဆုံး ပေါင်းစည်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင်၊ ဧကရာဇ်တစ်ပိုင်းအဆင့် ဘုရင်ခန္ဓာက အလွန်သန်မာပြီး လုမင်ကို အစွမ်းကုန် ထုတ်ဖော်စေရန် လုံလောက်သည်။
သို့တိုင်၊ လုမင်က အစီရင်လမ်းစဉ်၏ ကျမ်းစာလိပ်ကိုးခုကိုသာ အသုံးပြုနေပေရာ လုံးဝ ဖိနှိပ်ခြင်းကို ခံနေရတော့သည်။
သို့ရာတွင် ဒါက လုမင် လိုအပ်သည့်အရာ ဖြစ်သည်။ အခက်အခဲနှင့် ဖိအားများကို ရင်ဆိုင်ရသောအခါ သူ၏ အစီရင်ကျမ်းများက လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် တိုးတက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က ရာနှင့်ချီသော တိုက်ခိုက်မှုများကို ဖလှယ်ခဲ့ကြသည်။
"ဟုတ်တယ်၊ ဒီခံစားချက်ပဲ"
လှံချက်ကို ထုတ်ဖော်လိုက်စဉ် လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာတော့သည်။
"ဂါး..."
အစစ်အမှန်နဂါးတစ်ကောင်က ဟိန်းဟောက်ပြီး တစ်ဖက်လူထံ ပျံသန်းသွားသည်။
"ဒီနည်းလမ်းပဲ ဖြစ်ပြန်ပြီ၊ ပျက်စီးလိုက်စမ်း"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်ပြီး ပုဆိန်ကြီးဖြင့် အစစ်အမှန်နဂါးကို ခုတ်ချလိုက်သည်။
သို့သော်၊ အစစ်အမှန်နဂါးက ချက်ချင်း ပေါက်ကွဲသွားပြီး ပုဆိန်ကို ဖုံးအုပ်ထားသည့် မရေမတွက်နိုင်သော ရွန်းများအဖြစ်သို့ ပြောင်းလဲသွား၏။ ပုဆိန်မှတဆင့်၊ ၎င်းက တစ်ဖက်လူ၏ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားပြီး ပြင်းထန်သောတံဆိပ်ခတ်ခြင်းစွမ်းအားကို ဖြစ်ပေါ်လာစေတော့သည်။
ဟုတ်သည်၊ လုမင်က ဝိညာဉ်ပုံရိပ်ယောင်ကျမ်းနှင့် တံဆိပ်ခတ်ခြင်းကျမ်းတို့ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီ။
ဤတိုက်ခိုက်မှုတွင် အစီရင်လမ်းစဉ်၏ ကျမ်းစာလိပ်ကိးခုအနက် နှစ်ခု ပါဝင်သည်။
"တောက်စ်..."
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က တက်ခေါက်ပြီး သူ၏ ခွန်အား အပြည့်ဖြင့် ပေါက်ကွဲလိုက်သည်။ အနက်ရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာ၏။ ထိုရွန်းများလည်း မှိန်ဖျော့သွားပြီး တစ်ခုပြီးတစ်ခု ပြိုကျသွားတော့သည်။
"ထပ်လာမယ်"
လုမင်က လှံရှည်ဖြင့် ထပ်မံထိုးသွင်းလိုက်သည်။ အစစ်အမှန်နဂါးတစ်ကောင်က တစ်ဖန် ပျံထွက်သွားပြီး ပြိုင်ဘက်၏ ပုဆိန်နှင့် တိုက်မိသွား၏။ ဤတစ်ကြိမ်တွင် အံ့အားသင့်ဖွယ် ပေါက်ကွဲသံတစ်ခုကြားရပြီး ပြိုင်ဘက်၏ ပုဆိန်က တုန်ခါသွားတော့သည်။
ဤတိုက်ခိုက်မှုမှာ ဝိညာဉ်ပုံရိပ်ယောင်ကျမ်းနှင့် ဖျက်ဆီးခြင်းကျမ်းတို့၏ ပေါင်းစပ်မှုသာ ဖြစ်သည်။ သို့တိုင် ၎င်း၏စွမ်းရည်က သိသိသာသာ တိုးတက်လာပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ကာကွယ်စေနိုင်ခဲ့ပြီ။
'ငါသာ ကျမ်းစာလိပ်သုံးခုကို ပေါင်းစပ်လိုက်ရင် ဘယ်လောက်တောင် အားကောင်းလာမလဲ'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လှံရှည်ဖြင့် ဆက်တိုက်ထိုးနှက်လိုက်၏။ သို့သော်လည်း နောက်ဆုံးတွင် မအောင်မြင်သေးပေ။
ကျမ်းစာလိပ်သုံးခုကို ပေါင်းစည်းခြင်းက ကျမ်းစာလိပ်နှစ်ခုကို ပေါင်းစည်းခြင်းထက် များစွာပို၍ခက်ခဲသည်။
'တကယ်လို့ ငါသာ ဖျက်ဆီးခြင်းကျမ်းနဲ့ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ပေါင်းစပ်နိုင်ရင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းရဲ့ စွမ်းအားက ပိုပြီး အားကောင်းလာမှာ မဟုတ်လား'
လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ မူလစွမ်းအားမှာ အလွန်အားကောင်းနေပြီဖြစ်သော်လည်း ၎င်းကို ဖျက်ဆီးခြင်းကျမ်းနှင့် ပေါင်းစပ်လိုက်လျှင် ပို၍ပင် အားကောင်းလာမည် ဖြစ်သည်။
သို့ရာတွင်၊ ၎င်းက မတူညီသော နိယာမနှစ်မျိုးကို ပေါင်းစပ်ခြင်းဖြစ်၍ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည်။
လုမင်က အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
သို့ရာတွင်၊ ဒါက လမ်းကြောင်းအသစ်တစ်ခု ဖြစ်သည်။ ဆက်လက် ကြိုးစားနေသရွေ့ သူ အောင်မြင်လိမ့်မည်။
"အခုတော့ မင်းကို ဇာတ်သိမ်းပေးလိုက်ရအောင်"
လုမင်၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်။ သူက ဝိညာဉ်ပုံရိပ်ယောင်ကျမ်းနှင့် တံဆိပ်ခတ်ခြင်းကျမ်းတို့ကို ပေါင်းစပ်အသုံးပြု၍ လှံရှည်ဖြင့် ဆက်လက်ထိုးနှက်ခဲ့၏။ တစ်ချိန်တည်းမှာပင်၊ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို သူ၏ဘယ်ဘက်လက်ဖြင့် ထုတ်ဖော်ကာ လက်နှစ်ဖက်စလုံးဖြင့် တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
တိုက်ခိုက်မှု ဒါဇင်အနည်းငယ် ရင်ဆိုင်ပြီးနောက် လုမင်က အသာစီးရလာသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ထူထပ်သောရွန်းများဖြင့် ဖုံးအုပ်ထားပြီး သူ့ခွန်အားကို ထိခိုက်စေပေသည်။
လုမင်က လက်ညှိုးညွှန်ပြလိုက်သေုအခါ ကစဉ့်ကလျး ကပ်ဘေးလက်ချောင်းက တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က ပေါက်ကွဲသွား၏။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က အော်ဟစ်ပြီး လှည့်ထွက်ပြေးတော့သည်။
လုမင်ကလည်း နောက်မှ လိုက်ဖမ်းသည်။ သို့ရာတွင်၊ တစ်ဖက်လူက လုမင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သောသူ ဖြစ်သည်။ သူက ဒဏ်ရာရထားသော်လည်း များစွာ လျင်မြန်နေသေးသည်။
လုမင်လည်း မတတ်သာဘဲ လိုက်ဖက်ခြင်းကို လက်လျှော့လိုက်ရသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ဘုရင်ခန္ဓာက အမှန်တကယ် သန်မာသည်။ လုမင်က သူ၏အင်အားကို အပြည့်အဝ ထုတ်ဖော်လျှင် တစ်ဖက်လူကို အနိုင်ယူနိုင်ပေသည်။ သို့ရာတွင် အသေသတ်ရန်တော့ မဖြစ်နိုင်သေးပေ။
လုမင်က ပြန်လှည့်လာပြီး ရှန်းရှန်းနှင့်အတူ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို ဆက်လက် အမဲလိုက်ခဲ့သည်။
တစ်ဖက်တွင် ဟွမ်လင်၊ လုံချန်နှင့် လော့ရှန်းတို့ကလည်း ဧကရာဇ်တစ်ပိုင်းနှစ်ပါးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပေသည်။
သူတို့သုံးယောက်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် ဧကရာဇ်တစ်ပိုင်းနှစ်ပါးကို တိုက်ခိုက်ရန် အလွန်ခက်ခဲသည်။ ဒါက စစ်မှန်သော သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီး သူတို့က အချိန်မရွေး အသက်အန္တရာယ် ကျရောက်နိုင်သည်။
ဟွမ်လင်က သူ၏ အင်မော်တယ်မီးလျှံနိယာမကို အသက်သွင်းထားသည်။ သူက တိုက်ခိုက်မှုနှင့် ကာကွယ်မှု နှစ်ခုစလုံးကို အသုံးပြုထား၏။
လုံချန်၏ ခန္ဓာကိုယ်မှာတော့ ဘီလူးကြီးတစ်ကောင်ကဲ့သို့ ကြွက်သားများ ဖုထစ်နေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းမှာ ဆင်အော်သံများနှင့်အတူ နတ်ဆင်ပုံရိပ်များ ပေါ်ထွက်လာလိမ့်မည်။
လော့ရှန်းကမူ သံဓားတစ်လက်ကို ကိုင်ထားသည်။ ဓားက သံချေးတက်နေသော်လည်း အလွန်ထက်ပုံရ၏။ သူ၏ လှုပ်ရှားမှုများက တစ်ခါတစ်ရံ မြန်ပြီး တစ်ခါတစ်ရံ နှေးကွေးသည်။ သူ၏ ဓားချက်များကလည်း မြန်လိုက်နှေးလိုက်ဖြစ်ကာ ခုခံရန် မလွယ်ကူပေ။
သို့တိုင်အောင်၊ ဧကရာဇ်တစ်ပိုင်းနှစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများအောက်တွင် သူတို့က ဆိုးရွားသော အခြေအနေမှာ ရှိနေဆဲ ဖြစ်သည်။ သူတို့က အသက်ဘေးကို ရင်ဆိုင်နေရသေးသည်။
"သေလိုက်စမ်း"
ဧကရာဇ်တစ်ပိုင်းတစ်ဦးက လော့ရှန်း၏ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လော့ရှန်း၏ ပတ်၀န်းကျင်လေဟာနယ်ကို ပိတ်ဆို့ထား၏။ ထို့ကြောင့် သူက လျင်မြန်စွာ ရွေ့လျားရန် မလွယ်တော့ပေ။
ထို့နောက်တွင် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက လော့ရှန်းထံသို့ တိုးဝင်လာခဲ့သည်။
သူတို့သုံးဦးတွင် လော့ရှန်း၏ ကျင့်ကြံမှုက အနိမ့်ဆုံး ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းက အခြားသူများကို မကိုင်တွယ်မီ လော့ရှန်းကို အရင်ဆုံး သတ်ချင်ခဲ့ပေသည်။
"မကောင်းတော့ဘူး"
ဟွမ်လင်နှင့် လုံချန်တို့၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့က ကူညီချင်သော်လည်း အခြားသော ဧကရာဇ်တစ်ပိုင်းက ပိတ်ဆို့ထားပြီး ခဏချင်း ရုန်းမထွက်နိုင်ကြပေ။
"သတ်"
ထိုဧကရာဇ်တစ်ပိုင်း၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေသည်။ သူက လော့ရှန်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
သေဘေးနီးသော အကျပ်အတည်းကို ရင်ဆိုင်ရသော်လည်း လော့ရှန်းက အလွန်တည်ငြိမ်သည်။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး စူးရှသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
သူ့အသိစိတ်ထဲတွင် သူ၏ ဓားဝိညာဉ်က တုန်ခါသွားပြီး သူ့လက်ထဲမှ သံဓားမှာလည်း တုန်ခါသွားတော့သည်။
ဤအချိန်တွင် သူက ရှိရှိသမျှ ခွန်အားတို့ကို ထုတ်ဖော်လိုက်သည်။
"ဝမ်"
ကောင်းကင်ကို တောက်ပစေသော ဓားအလင်းတစ်ခုက ဖြာထွက်လာ၏။ ၎င်းက အလွန်အံ့ဖွယ်ကောင်းသည်။
"ဝုန်း..."
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်း၏ တိုက်ခိုက်မှုက ပျက်စီးသွားတော့သည်။
'ဒီကောင်တွေ သေရမယ်'
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ဤလူငယ်များသည် သန်မာလွန်း၏။ အနာဂတ်မှာ သူတို့ ကြီးပြင်းလာသောအခါ သူတို့ မျိုးနွယ်စု၏ မဟာရန်သူတော်များ ဖြစ်လာလိမ့်မည်။
သူက လော့ရှန်းကို ထပ်မံတိုက်ခိုက်ခဲ့သည်။
"ဝမ်"
လော့ရှန်း၏လက်ထဲမှ သံဓားက တုန်ခါပြီး တောက်ပသော အလင်းရောင်တို့ကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။
သူအဆင့်တက်သွားပြီ။
အရေးကြီးသောအခိုက်အတန့်တွင် လော့ရှန်းက အဆင့်တက်ခဲ့သည်။
သူ၏ ကျင့်ကြံမှုအခြေခံက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေခဲ့တာ ကြာပြီ ဖြစ်သည်။ ယခုတော့ သေခြင်းရှင်ခြင်း အကျပ်အတည်းများကြားတွင် ဖြတ်ကျော်ပြီး အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ချိုးဖြတ်နိုင်ခဲ့ပြီ။