အခန်း ၁၉၉၅
Vol. 135 Ch. 1995
အပိုင်း ( 1995 ) ဖုန်းဝူချန်ကို သတ်ခြင်း။
"အခုတော့ မင်းကြောက်နေပြီပေါ့။ ငါတို့ကို အန္တရာယ်ပြုဖို့ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တွေကို ဆွဲဆောင်ခဲ့တုန်းက ဒီအခြေအနေကို ကြိုစဉ်းစားထားသင့်တယ်"
လုမင်က အေးစက်စွာ ပြောလိုက်သည်။
ဖုန်းဝူချန်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က လုံးဝ မလျှော့မသွားပေ။
သူက သူတော်စင်စွမ်းအင်ကို လှံတစ်ချောင်းအဖြစ် စုစည်းပြီး ဖုန်းဝူချန်၏ ဦးခေါင်းကို ထိုးစိုက်လိုက်သည်။
"ရွှပ်"
လှံရှည်က ဖုန်းဝူချန်၏ ဦးခေါင်းကို ထိုးဖောက်ပြီး မြေပြင်သို့ပင် စိုက်ဝင်သွားတော့သည်။
ဖန်းဝူချန်က ခဏမျှသာ အကြောဆွဲနိုင်ပြီး အသက်ရှူရပ်သွားသည်။
သူ သေပြီ။
ပြိုင်စံရှားသော ဘုရင်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ဦးက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့သည်။ သူ့ကို ဖုန်းမျိုးနွယ်စု၏ နန်းတော်အရှေ့၊ ဖုန်းမျိုးနွယ်စု၏ မြောက်မြားစွာသော အကျော်အမော်များရှေ့မှာ လုမင်က သတ်ပစ်လိုက်သည်။
"မင်း သေချင်နေတာပဲ"
ဖုန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူက သူ၏ကမ္ဘာ့စွမ်းအားကို လုမင်ထံ ပို့လွှတ်လိုက်၏။
ဖုန်းဝူချန်က ဖုန်းမျိုးနွယ်စု၏ မျှော်လင့်ချက် ဖြစ်သည်။ ယခုမူ သူသေဆုံးသွားပြီဖြစ်သောကြောင့် လုမင်ကို သတ်ရတော့မည်။
"သေချင်နေတာက မင်းပဲ"
ဦးလေးခုန်း၏ အသံက လမ်းလျှောက်တုတ်မှ ထွက်ပေါ်လာသည်။
"ချွမ်"
ထို့နောက် ဓားတစ်ချောင်းကို ဓားအိမ်မှ ဆွဲထုတ်လိုက်သံကို ကြားလိုက်ရ၏။ ထိုအသံက ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပုံရသည်။
လူတိုင်းက ဓားအလင်းတစ်ခုကိုသာ မြင်လိုက်ရပြီး ဖုန်းမျိုးနွယ်စု၏ အစစ်အမှန်ဧကရာဇ်မှာ လေထဲတွင် တောင့်တောင့်ကြီး ရပ်သွားသည်။ သူ့ထံမှ အသက်ဓာတ်ကလည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။
ထို့နောက် ဖုန်းမျိုးနွယ်စုဝင် အစစ်အမှန်ဧကရာဇ်၏ နဖူးတွင် သွေးစွန်းနေသော အမှတ်အသားတစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာ ထက်ခြမ်းကွဲသွားတော့သည်။
"ဂလု"
လူတိုင်းက ကြက်သီးမွေးညင်း ထောင်ထလာပြီး တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။
အစစ်အမှန်ဧကရာဇ်တစ်ပါးက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ပြီ။
လွန်ခဲ့သော နှစ်အနည်းငယ်ကကဲ့သို့ပင် ဖြစ်သည်။
"မင်း အရမ်းလွန်သွားပြီ"
ထိုအချိန်တွင် အဝေးမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော အငွေ့အသက်များကလည်း ကောင်းကင်တွင် ပြည့်နှက်သွား၏။
အဝေးတွင် အဆုံးမဲ့လေပြင်းတစ်ခုက သူတို့ထံသို့ ရိုက်ခတ်လာသည်။ ၎င်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေတစ်ခုလုံးကိုပင် လွှမ်းခြုံထားတော့သည်။
လူအတော်များများက ကမ္ဘာပျက်တော့မည်ဟုပင် ခံစားခဲ့ကြရသည်။
လေပြင်းများက အလွန်ပြင်းထန်သည်။ ၎င်းက အဆုံးမဲ့ နတ်လက်နက်များကဲ့သို့ လေဟာနယ်ကို ဖြတ်တောက်ကြ၏။ ကြောက်စရာကောင်းသော ဟင်းလင်းပြင် အက်ကြောင်းကြီးများက နေရာအနှံ့တွင် ပေါ်လာတော့သည်။
အဆုံးမဲ့လေပြင်းများ၏ အလယ်မှာတော့ အရပ်ထောင်ထောင်မောင်းမောင်းဖြင့် ခန့်ညားသော ပုံရိပ်တစ်ခုရှိနေသည်။ သူက ကောင်းကင်နှင့် မြေပြင်ကြားတွင် ရပ်နေချိန်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါး ပေါ်လာသကဲ့သို့ပင်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လူတိုင်းအပေါ် ဖိစီးလာကာ အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။
"မျိုးနွယ်စုခေါင်းဆောင်"
"မျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီ၊ သူတို့ သေပြီပဲ"
ဖုန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
"ဒါက ဖုန်းမျိုးနွယ်စုခေါင်းဆောင်ပဲ"
"အထွတ်အထိပ်အဆင့် အစစ်အမှန်ဧကရာဇ်"
အခြားအင်အားစုများမှာလည်း အစစ်အမှန်ဧကရာဇ်အချို့ ရှိသည်။ ဤအခိုက်တွင်၊ သူတို့က အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်ကြ၏။
အထွတ်အထိပ်အဆင့် အစစ်အမှန်ဧကရာဇ်...
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
အစောပိုင်းက သတ်ဖြတ်ခြင်းခံခဲ့ရသော အစစ်အမှန်ဧကရာဇ်မှာ မကြာသေးမီက အစစ်အမှန်ဧကရာဇ်ဖြစ်လာသည့် ကြယ်တစ်ပွင့် အစစ်အမှန်ဧကရာဇ်အဆင့်သာ ဖြစ်သည်။
ဖုန်းမျိုးနွယ်စု၏ ခေါင်းဆောင်ကမူ ကြယ်ခုနစ်ပွင့် အစစ်အမှန်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။
နှစ်ယောက်ကြားမှ ခွန်အားကွာခြားချက်က ကြီးမားလွန်းသည်။
ယခုအချိန်တွင် ဖုန်းမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရောက်ရှိလာခြင်းက ဖုန်းမျိုးနွယ်စုမှာ အလွန်ဒေါသထွက်နေပြီဖြစ်ကြောင်း ထင်ရှားသည်။
"အဲဒီကောင် လုမင် သေရတော့မှာ သေချာတယ်"
"တာ့ယန်ဆေးခန်းမက အဲဒီအဘိုးကြီးလည်း သေချာပေါက်သေပြီ။ ဟားဟားဟား"
ရွှေကျီးကန်းမျိုးနွယ်စု၊ ဝမ်မျိုးနွယ်နှင့် လုမင်ကို ရန်လိုသော အခြားအင်အားစုများက အလွန်ဝမ်းသာသွားကြသည်။
'လုမင်နဲ့ ဦးလေးခုန်း၊ မင်းတို့က သိပ်ပြီး မာနကြီးနေတယ် မဟုတ်လား။ အခုတော့ မင်းတို့ မာတဲ့အရိုးကို ကိုက်မိပြီ'
ကြီးကျယ်ခမ်းနားသော မဟာဧကရာဇ်မှလွဲ၍ အခြားမည်သူက အထွတ်အထိပ်အဆင့် အစစ်အမှန် ဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်မည်နည်း။
ဦးလေးခုန်းက ထိုမျှ စွမ်းအားကြီးမည်ဟု သူတို့ မယုံပေ။
"ဒီနေ့ ငါ မင်းတို့အားလုံးကို ဝူချန်နဲ့အတူ သေစေမယ်"
အဆုံးမဲ့လေပြင်းများကြားတွင် အေးစက်ပြီး ခံစားချက်မဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်ကြမ်းတမ်းသော လေများက ဦးလေးခုန်းနှင့် လုမင်ထံသို့ တိုက်ခတ်လာ၏။
ဓားအိမ်မှ ဓားဆွဲထုတ်သံ တစ်ချက်ကို ထပ်မံကြားလိုက်ရပြန်သည်။ ထို့နောက် ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်က နှစ်ခြမ်းကွဲသွား၏။
၎င်းက အမှန်တကယ် နှစ်ခြမ်းကွဲသွားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တစ်ခုလုံးက တိတိကျကျ ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းအောင် မှောင်မိုက်သော ဟင်းလင်းပြင်တစ်ခုကို ပေါ်လွင်လာတော့သည်။
ဓားအလင်း၏ရှေ့တွင် ဖုန်းမျိုးနွယ်စုခေါင်းဆောင်၏ လေပြင်းက အားနည်းသော ဖယောင်းတိုင်မီးတောက်ကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ ထို့နောက် လူတိုင်းက သနားစဖွယ် အော်ဟစ်သံကို ကြားလိုက်ရ၏။ ပုံရိပ်တစ်ခုက ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသည်။ သွေးစက်များကလည်း ကောင်းကင်မှ ကျဆင်းလာတော့သည်။
အဝေးတစ်နေရာတွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ပေါ်လာသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း မယုံနိုင်ခြင်းများ ပြည့်နှက်နေ၏။
ဒါက ဖုန်းမျိုးနွယ်စု ခေါင်းဆောင်ပင်။
လူတိုင်း အံ့အားသင့်သွားကြသည်။
ဖုန်းမျိုးနွယ်စုခေါင်းဆောင် ဒဏ်ရာရသွား၏။ ဒါက ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် ဧကရာဇ်တစ်ပါး၊ ဒေသတစ်ခု၏ အရှင်သခင် ဖြစ်သည်။ သူ့လိုလူတစ်ယောက်က မည်ကဲ့သို့ တစ်ချက်တည်းဖြင့် ဒဏ်ရာရရှိနိုင်သနည်း။ သူ၏သွေးများက ကောင်းကင်ကို ပက်ဖြန်းခဲ့ပြီး မြင်ကွင်းမှာ အံ့ဖွယ်ကောင်းလွန်းသည်။
အရေးကြီးဆုံး အချက်က တစ်ဖက်လူဟာ ပေါ်လာခြင်းတောင် မရှိခဲ့ပေ။ သူက အဝေးမှ ဓားကိုထိန်းချုပ်နေခြင်း ဖြစ်သည်။ သို့တိုင် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သေးသည်။ ဒါက လူတိုင်း၏ နှလုံးသားကို တုန်ခါစေပြီး စိတ်ကိုငြိမ်ငြိမ်ထားရန် ခက်ခဲစေသည်။
"မဟာဧကရာဇ်... သူက မဟာဧကရာဇ်နယ်ပယ် အကျော်အမော်တစ်ဦးလား"
တစ်စုံတစ်ယောက်က ထစ်ငေါ့စွာ ပြောလိုက်သည်။ သူ့လေသံက အံ့အားသင့်ခြင်း၊ မယုံနိုင်ခြင်းတို့ ပြည့်နှက်နေလေသည်။
ဝေးကွာသော နေရာမှ ဓားကိုထိန်းချုပ်ပြီး အထွတ်အထိပ်အဆင့် အစစ်အမှန်ဧကရာဇ်ကို ဒဏ်ရာရစေခြင်းမှာ... မဟာဧကရာဇ်တစ်ပါးမှတပါး မည်သူက လုပ်ဆောင်နိုင်မည်နည်း။
မဟာဧကရာဇ်တစ်ပါး။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေက မဟာဧကရာဇ်တစ်ပါးကို လျှို့ဝှက်ထားခဲ့သည်။
တာ့ယန်ဆေးခန်းမမှ အဘိုးအိုက မဟာဧကရာဇ်တစ်ပါး ဖြစ်နေသည်။ ဤအတွေးကြောင့် လူတိုင်း တုန်လှုပ်သွားကြလေသည်။
အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်နယ်ပယ်က မဟာဧကရာဇ်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးသည်။ သို့သော်လည်း ဤခြေတစ်လှမ်းက ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားချက် ကြီးမားလွန်းပြီး ဖြတ်ကျော်ရန် မလွယ်ပေ။
အထူးသဖြင့် လုမင်အပေါ် မကျေနပ်ချက်ရှိသော ရွှေကျီးမျိုးနွယ်စု၊ ဝမ်မျိုးနွယ်စု၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားအင်အားစုများမှာ ပို၍ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာအမူအရာများက အမှည့်လွန်နေသော သစ်သီးကဲ့သို့ ရှုံ့တွနေပြီး စိုးရိမ်ပူပန်မှုများလည်း ပြည့်နေတော့သည်။
"ဦးလေးခုန်းက ဒီလောက်တောင် အစွမ်းထက်တာလား"
လုမင်တို့ပင်လျှင် အံ့အားသင့်သွားကြသည်။
"မင်း ဒီအဆင့်ထိရောက်အောင် ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရတာကြောင့် ဒီတစ်ခါတော့ မင်းကို ချမ်းသာပေးလိုက်မယ်။ နောက်တစ်ခါ ရှိရင် ငါမင်းကို သတ်ပစ်မယ်"
ဦးလေးခုန်း၏ အသံက လမ်းလျှောက်တုတ်အတွင်းမှ ထပ်မံ ထွက်ပေါ်လာသည်။ ထိုအသံတွင် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေ၏။
ဖုန်းမျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာအမူအရာက ကြောက်ရွံ့မှုတို့ဖြင့် မည်းမှောင်နေသည်။ သူက အံကြိတ်ပြီး လက်ယှက်ပြကာ ပြောလိုက်သည်။
"အကြီးအကဲ၊ ကျုပ် တစ်ခုတော့ ရှင်းအောင် ကြိုပြောချင်ပါတယ်"
"ပြော"
ဦးလေးခုန်း၏ အသံက ထပ်မံပေါ်လာသည်။
"ဖုန်းမျိုးနွယ်စုက အတိတ်ကို အတိတ်မှာပဲ ထားခဲ့နိုင်ပါတယ်"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
ဤစကားများက လူအတော်များများ၏ နှလုံးသားကို လှုပ်ခါစေခဲ့သည်။
ဖုန်းမျိုးနွယ်စုက ခြေတစ်လှမ်း နောက်ဆုတ်သွားကြောင်း ထင်ရှားပေသည်။ တစ်နည်းအားဖြင့် ဖုန်းဝူချန်၏ ယနေ့ သေဆုံးမှုဟာ အချည်းနှီး ဖြစ်သွားပြီ ဖြစ်သည်။
သို့သော်လည်း လူတိုင်း နားလည်နိုင်ပေသည်။ လုမင်၏နောက်တွင် မဟာဧကရာဇ်တစ်ပါးက ရပ်တည်နေမှတော့ သူတို့ ဘာတတ်နိုင်ကြဦးမည်နည်း။
ဖုန်းမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များက လက်မခံလိုသော်လည်း အရှက်တရားကို အံကြိတ်သည်းခံရုံမှတပါး အခြား မတတ်နိုင်ပေ။
"အခု အခြေအနေအားလုံးအတွက် မင်းတို့ကိုယ်ကိုပဲ အပြစ်တင်ရမယ်၊ ဒါကို မင်းတို့က ဆက်လုပ်ချင်သေးလို့လား။ ဒါဆိုရင်လည်း ဆက်လိုက်ကြတာပေါ့"
ဦးလေးခုန်း၏ လျစ်လျူရှုထားသောအသံက ထွက်ပေါ်လာသည်။
"အကြီးအကဲ၊ ကျုပ်တို့ ဖုန်းမျိုးနွယ်က ဒီကိစ္စကို ဒီတစ်ခါတော့ နောက်ဆုတ်လိုက်ပါမယ်။ ဒါပေမဲ့ လုမင်က ခင်ဗျားရဲ့အားကိုးနဲ့ ဖုန်းမျိုးနွယ်က လူတွေကို မြင်တာနဲ့ သတ်ပစ်မယ်ဆိုရင် ဒါမှမဟုတ် ဖုန်းမျိုးနွယ်ကို အတင်းအဓမ္မ ကျူးကျော်တိုက်ခိုက်ဦးမယ်ဆိုရင်တော့ ဖုန်းမျိုးနွယ်က ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူး"
"သူက ဖုန်းမျိုးနွယ်ရဲ့ သိုင်းဧကရာဇ်တွေကို သတ်ဖို့လာရင် ဖုန်းမျိုးနွယ်ရဲ့ ဧကရာဇ်တွေက ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် လုမင်မှာ ခင်ဗျားရဲ့ ကျောထောက်နောက်ခံမှု ရှိနေရင်တောင် ဖုန်းမျိုးနွယ်က တုံ့ဆိုင်းခြင်းမရှိဘံ တိုက်ခိုက်ရလိမ့်မယ်"
"အကြီးအကဲ၊ ခင်ဗျားက ကျုပ်ကို သတ်နိုင်ရင်တောင် ဖုန်းမျိုးနွယ်စုက ရှောင်ပုန်းချင်ရင် ကျုပ်တို့အားလုံးကို သတ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ကျုပ်ရဲ့ ဖုန်းမျိုးနွယ်က ရူးသွပ်ပြီး လက်စားချေဖို့ ကြိုးစားလာရင် ခင်ဗျားလည်း အမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
ဖုန်းမျိုးနွယ်စု ခေါင်းဆောင်က ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
လုမင်က သူတို့၏လူများကို အကြောင်းမဲ့ လိုက်လံသတ်ဖြတ်နေလျှင် ဖုန်းမျိုးနွယ်က တိုက်ခိုက်ရန် တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။
ဦးလေးခုန်းက လုမင်နှင့် ရှန်းရှန်းကို ခဏတာ ကာကွယ်နိုင်သော်လည်း အမြဲတစေ ကာကွယ်နိုင်ပါ့မလား။ သူတို့က အပြင်ကိုမထွက်ဘဲ အမြဲနေနိုင်ပါ့မလား။
တကယ်တော့ ဖုန်းမျိုးနွယ်စုခေါင်းဆောင်မှာ ဤသို့လုပ်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။ မဟာဧကရာဇ်တစ်ပါး၏ ကျောထောက်နောက်ခံဖြင့် လုမင်က ထင်ရာစိုင်းပြီး ဖုန်းမျိုးနွယ်ဝင်များကို သတ်ပစ်မည်ကို သူ အမှန်တကယ် ကြောက်မိသည်။
ထိုသို့ဆိုလျှင် သူတို့က အသက်နှင့်လဲပြီး တိုက်ခိုက်ရလိမ့်မည်။
"အကြီးအကဲ၊ ကျုပ်ရဲ့ ရွှေကျီးကန်းမျိုးနွယ်စုကလည်း ဒ
အလားတူဆန္ဒရှိပါတယ်။ ကျုပ်တို့က ပြန်မတိုက်ခိုက်ဘဲ လည်စင်းပြီး အသတ်မခံနိုင်ဘူး"
ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်တစ်ပါးကလည်း ရှေ့သို့တိုးလာပြီး ဦးလေးခုန်း၏ လမ်းလျှောက်တုတ်ထံ လက်ယှက်ပြကာ ပြောလိုက်သည်။