အခန်း ၁၉၉၆
Vol. 135 Ch. 1996
အပိုင်း ( 1996 ) ယွမ်တောင်၏ ရှေးဟောင်းမြို့တော်။
"ဝမ်မျိုးနွယ်ကလည်း တူညီတဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်"
"ကောင်းကင်ဝံပုလွေမျှော်စင်ကလည်း အတူတူပဲ"
ထို့နောက်တွင် ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းကဲ့သို့ လုမင်ကို ရန်ငြိုးထားကြသော အင်အားစုများကလည်း ရှေ့သို့တိုးလာပြီး သူတို့၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့ကြသည်။
သူတို့က လုမင်၏ စိတ်တိုင်းကျ သတ်ဖြတ်ခွင့်ပြုကာ လည်စင်းခံနေကျမည် မဟုတ်ပေ။ ထိုအစား၊ အသက်နှင့်လဲကာ တိုက်ခိုက်လိုကြသည်။
"ငါ အရင်က ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့ မင်းတို့က နားလည်ပုံမရတာကြောင့် ဒီနေ့ ငါထပ်ပြောရမယ်"
"လုမင်က အခု သူတော်စင်နယ်ပယ်မှာပဲ ရှိသေးတယ်။ ဒါကြောင့် ဧကရာဇ်နယ်ပယ်အောက်က ကျင့်ကြံသူတွေ တိုက်ခိုက်ကြမယ်ဆိုရင် ဒီအဘိုးကြီးက ဝင်စွတ်ဖက်မှာ မဟုတ်ဘူး။ မင်းတို့ စွမ်းမယ်ဆိုရင် သူ့ကို သတ်နိုင်တယ်"
"တကယ်လို့ သူက တာအိုကိုရရှိပြီး ဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင် ဗလာနယ်ဧကရာဇ်တွေအားလုံး သူ့ကို တိုက်ခိုက်နိုင်တယ်။ သူ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဒါက သူ့အင်အား မလုံလောက်တဲ့ သူ့ရဲ့အပြစ်ပဲ။ အလားတူပဲ သူက အစစ်အမှန်ဧကရာဇ်ဖြစ်လာရင် အစစ်အမှန်ဧကရာဇ်နယ်ပယ်က ကျင့်ကြံသူတိုင်း သူ့ကို တိုက်ခိုက်နိုင်တယ်။ ဒီအဘိုးကြီးက လုံးဝ ဝင်ရောက်စွတ်ဖက်မှာ မဟုတ်ဘူး"
ဦးလေးခုန်း၏ အသံက ထွက်ပေါ်လာသည်။
ဖုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်နှင့် အခြား အင်အားစုတိုင်းမှ လူများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ယခုအချိန်မှာတော့ သိုင်းဧကရာဇ်နယ်ပယ်အောက်တွင် မည်သူမျှ မလှုပ်ရှားချင်ပေ။ လုမင်ကို တိုက်ခိုက်နိုင်သူက မရှိသလောက် ဖြစ်သည်။
သို့သော်လည်း လုမင်က ဗလာနယ်ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးသရွေ့ ဗလာနယ်ဧကရာဇ်အားလုံး တိုက်ခိုက်နိုင်လိမ့်မည်။
ဗလာနယ်ဧကရာဇ်နယ်ပယ်တွင် ကြယ်တစ်ပွင့်မှ ကြယ်ခုနစ်ပွင့်အထိ ခွဲခြားထားသည်။ ကြယ်တစ်ပွင့်မှ ကြယ်ခုနစ်ပွင့်အထိ ကွာခြားမှုသည် လွန်စွာကြီးမား၏။
လုမင်က ဗလာနယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနိုင်သရွေ့ သူတို့ အခွင့်အရေးရရှိမည် ဖြစ်သည်။
"ကောင်းပြီ၊ ဒီနေ့ ဒီမှာ လူတွေအများကြီးပဲ။ အကြီးအကဲက ကိုယ့်ရဲ့ကတိကို တည်မယ်လို့ မျှော်လင့်ပါတယ်"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က အေးစက်သော လူသတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။
လုမင်၏ အရည်အချင်းအရ သူဟာ သိုင်းဧကရာဇ်အဆင့်ကို ရောက်ရှိရန် သေချာသလောက်ပင်။
လုမင်သာ ဗလာနယ်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားသရွေ့ မည်သည့်နည်းဖြင့်မဆို လုမင်ကို ဖယ်ရှားပစ်လိမ့်မည်။
"ဒီအဘိုးကြီးက ပြောပြီးသားစကားကို ပြန်မဖျက်ဘူး။ အခုတော့ ထွက်သွားကြ"
ဦးလေးခုန်း၏ အသံက ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏ လမ်းလျှောက်တုတ်က တစ်ချက်လှုပ်သွားပြီး ပျောက်ကွယ်သွား၏။
ဖုန်းမျိုးနွယ်စု၏ ခေါင်းဆောင်လည်း လုမင်ကို အေးစက်စက်ဖြင့် တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
"သွားကြရအောင်"
လုမင်က ပြောလိုက်သည်။ ထို့နောက်တွင်၊ သူက ရှန်းရှန်းနှင့် အခြားသူများနှင့်အတူ တောင်ထိပ်သို့ ထွက်ခဲ့ကြလေသည်။ သူတို့က သူတို့၏ တိုက်ပွဲအတွင်းမှရရှိသော အောင်နိုင်မှုပစ္စည်းများကို အရင်းအမြစ်များနှင့် လဲလှယ်လိုကြသည်။
ဦးလေးခုန်းက ဤစည်းမျဉ်းမျိုး ချမှတ်ရခြင်း အကြောင်းရင်းမှာ သူ့ကို လေ့ကျင့်ပေးရန်ဖြစ်ကြောင်း သူ ကောင်းကောင်းသိပေသည်။
ဗလာဧကရာဇ်နယ်ပယ်သို့ သူဝင်ရောက်ပြီးနောက် ရန်သူ ဗလာဧကရာဇ်အားလုံးက သူ့ကို တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သူ့အတွက် ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော ဖိအားတစ်ခုဖြစ်သော်လည်း သူ့ကိုယ်သူ လေ့ကျင့်နိုင်သည့် အကျိုးသက်ရောက်မှုမျိုး ရှိပေသည်။
ဟုတ်သည်၊ အစစ်အမှန်ဧကရာဇ်တစ်ပါးကို တိုက်ခိုက်ခွင့်ပြုမည်ဆိုလျှင်တော့ လေ့ကျင့်ခြင်းမဟုတ်ဘဲ ချေမှုန်းခြင်း ဖြစ်မည်။
ဤနည်းဖြင့် ဖုန်းမျိုးနွယ်စုနှင့် ရွှေကျီးမျိုးနွယ်စုတို့မှာလည်း လုမင်ကို သတ်ပစ်ရန် မျှော်လင့်ချက် ရှိလာခဲ့သည်။ မဟုတ်ပါက တစ်ဖက်လူပြောခဲ့သည့်အတိုင်း သူတို့သည် အသက်စွန့်ပြီး တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဤအရာအားလုံးက ဦးလေးခုန်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားပေါ်တွင် သဘာဝအတိုင်း တည်ရှိသည်။ အားကောင်းသော အဟန့်အတားတစ်ခုသာလျှင် တစ်ဖက်လူများကို အလျှော့ပေးစေနိုင်ပေသည်။
လုမင်နှင့် အခြားသူများက ရတနာများနှင့် အရင်းအမြစ်များကို လဲလှယ်နိုင်သည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ဤတစ်ကြိမ်မှာတော့ သူတို့ကို မည်သူမျှ ခက်ခဲအောင် မပြုလုပ်ကြတော့ပေ။ သူတို့က မျက်လုံးသုံးလုံးနတ်မျိုးနွယ်၏ တတိယမျက်လုံးကို အသုံးဝင်သော ရတနာအမျိုးမျိုးနှင့် လဲလှယ်ခဲ့ကြသည်။
လုမင်က အဓိကအားဖြင့် သူတော်စင်ဆေးများနှင့် ကျောက်ကြမ်းများကို အာရုံစိုက်ခဲ့ပေသည်။
............
ဖီးနစ်နန်းတော်၏ အခြေစိုက်စခန်းတွင်...
လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်လာပြီး တာ့ယန်ဆေးမီးဖိုအတွင်းကို ဆေးပင်များ အဆက်မပြတ် ပစ်ထည့်လိုက်သည်။ ထို့နောက် သူတော်စင်ဆေးပင်များကို သန့်စင်ရန် ဆေးမီးဖို၏ မီးလျှံကို ထိန်းချုပ်လိုက်၏။ သူတော်စင်ဆေးပင်များ၏ ဆေးစွမ်းအင်က ချင်ယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားတော့သည်။
ချင်ယွဲ့က တာ့ယန်ဆေးမီးဖိုထဲတွင် တိတ်ဆိတ်စွာ မျောလွင့်နေသည်။ သူ့မျက်နှာလေးက ပန်းရောင်သန်းနေပြီး ပုံမှန်အတိုင်း ရှိနေသေးသည်။ သို့သော်၊ ယခုအချိန်ထိ နိုးထလာခြင်းမျိုးတော့ မရှိခဲ့ပါ။
"အခု တိုင်းတပါးမျိုးနွယ်စုတွေ ကျူးကျော်ဝင်ရောက်လာတာကြောင့် အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်က ဘယ်လိုအခြေအနေရှိမှန်း ငါမသိရသေးဘူး။ ချင်ယွဲ့... တိုင်းတပါးမျိုးနွယ်စုတွေကို တိုက်ထုတ်ပြီးတာနဲ့ ကိုယ် အင်္သချေဖော်ဆောင်ခြင်းမျှော်စင်ကိုသွားပြီး မင်းကိုကယ်တင်ဖို့ နည်းလမ်းရှာပါ့မယ်"
လုမင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် သူက အိုးအဖုံးကို ပိတ်လိုက်ပြီး အိုးကို သူ၏ အသိစိတ်ပင်လယ်ထဲတွင် ပြန်သိမ်းထားလိုက်လေသည်။
ထို့နောက် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ နောက်ထပ် တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာသည်။
ကောင်းကင်ဧကရာဇ် ဟန်ယု၏ ကျောက်ခန္ဓာက ဤတောင်ထိပ်ပေါ်တွင် ရပ်နေပြီး ပြင်ပကမ္ဘာမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူလျက်ရှိ၏။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင် သိုလှောင်ပြီးသော စွမ်းအင်မှာ တစ် ရာခိုင်နှုန်းပင် မပြည့်မီသေးပေ။
ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်က ဧရာမရေကန်ကြီးတစ်ခုနှင့်တူသည်။ ဤရေကန်ကြီးကို ပြည့်ဝစေရန် လွန်စွာခက်ခဲလွန်းပေသည်။
ယခုအချိန်ထိ လုမင်သည် အဆင့်မြင့် ကျောက်ကြမ်း တစ်သန်းကျော်ကို အသုံးပြုခဲ့သော်လည်း တစ် ရာခိုင်နှုန်းထက် နည်းနေသေးသည်။
တစ်ရာရာခိုင်နှုန်း ပြည့်ဝရန် မည်မျှကြာမြင့်မလဲဆိုတာ ဘုရားမှသာသိမည်။
သို့သော်လည်း ဤသည်မှာ ကောင်းကင်ဧကရာဇ် ချန်ထားခဲ့သော ရုပ်ခန္ဓာ ဖြစ်သည်။ ၎င်း၏စွမ်းအင် တစ်ဆယ်ရာခိုင်နှုန်းသာ သိုလှောင်ထားလျှင်ပင် စွမ်းအားမှာ အံ့မခန်း ဖြစ်လိမ့်မည်။
ဤအချိန်တွင် လုမင်က သိုလှောင်လက်ကောက်များကို ထုတ်ယူလိုက်သည်။ ၎င်းတို့အားလုံးက မျက်လုံးသုံးလုံးနတ်မျိုးနွယ်စုမှ ရရှိခဲ့သော သိုလှောင်လက်ကောက် များဖြစ်သည်။ သူသည် ဤသိုလှောင်လက်ကောက်များထဲမှ ပစ္စည်းများကို စီမံခန့်ခွဲလိုက်၏။
ထို့နောက် မြေပြင်ပေါ်တွင် အနက်ရောင် သလင်းကျောက်တုံးများ စုပုံလာသည်။ ၎င်းက တောင်ငယ်တစ်လုံးကဲ့သို့ ပုံထပ်နေပြီး အရေအတွက် မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။
ဤကျောက်များကလည်း စွမ်းအင်ကျောက်တစ်မျိုး ဖြစ်သည်။ ၎င်းတို့က ကျောက်ကြမ်းများနှင့် အလွန်ဆင်တူပေသည်။ သို့သော်လည်း အထဲမှာရှိတာက ယွမ်ချီအစား ထူးဆန်းသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ ကျင့်ကြံသူများက ၎င်းတို့ကို စုပ်ယူပြီး သန့်စင်နိုင်သည်။ သို့သော်လည်း ၎င်းတို့ကို သန့်စင်ရန် ခက်ခဲမှုက ယွမ်ချီထက် များစွာပိုမိုမြင့်မားပေသည်။
လုမင်က ဤကျောက်တုံးများ၏ စွမ်းအင်ကို ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ထဲသို့ သန့်စင်ရန် စီစဉ်ခဲ့သည်။
"ခွမ်း..."
လုမင်က လက်ကိုဝှေ့ယမ်းလိုက်သောအခါ များပြားလှသော ကျောက်ကြမ်းများက ပေါက်ကွဲသွားကြသည်။ ထိုအထဲမှ စွမ်းအင်များကိုတော့ ကောင်းကင်ဧကရာဇ်၏ခန္ဓာက စုပ်ယူလိုက်၏။
နောက်ရက်အနည်းငယ်အတွင်းမှာ လုမင်က လေ့ကျင့်ခြင်း မပြုခဲ့ပေ။ သူက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွက် ကျောက်ကြမ်းများကို သန့်စင်ရန်သာ အာရုံစိုက်ခဲ့သည်။
သုံးရက်အတွင်းမှာပင် အနက်ရောင် ကျောက်ကြမ်းအားလုံးကို သန့်စင်ပြီးသွားသည်။ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားသော စွမ်းအင်မှာလည်း နောက်ဆုံးမှာ ၁ ရာခိုင်နှုန်းကို ကျော်လွန်ပြီး ၁.၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီ။
လုမင် ဝမ်းသာအားရ ဖြစ်သွားသည်။
သူဟာ တစ်ဆယ်ရာခိုင်နှုန်းနှင့် နီးစပ်လာနေပြီ။
ထိုစဉ်က ကောင်းကင်ဧကရာဇ်၏ အမှတ်အသားသည် သူ့ကို သူ့ကို သိုလှောင်ထားသော စွမ်းအင် တစ်ဆယ်ရာခိုင်နှုန်းရှိမှသာ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို စတင်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ကျောက်တုံးလူသားတစ်ယောက်ဖြစ်သောကြောင့် ယခုအချိန်မှာ ရုပ်သေးရုပ်တစ်ရုပ်လို ဖြစ်နေပြီ။ လုံလောက်သော စွမ်းအင်မရှိလျှင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင် သိုလှောင်ထားသော စွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသရွေ့ ကောင်းကင်ဧကရာဇ်၏ခန္ဓာမှာ လုမင်၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာမည် ဖြစ်သည်။
နောက်ရက်များမှာတော့ လုမင်သည် မျက်လုံးသုံးလုံးနတ်မျိုးနွယ်စုနှင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်တွင် လေ့ကျင့်ခဲ့သည်။
မျက်လုံးသုံးလုံးနတ်မျိုးနွယ်စုက အုပ်စုရှစ်စု ခွဲထွက်ရခြင်းကြောင့်လားတော့ မပြောတတ်ပေ။ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို ရောက်ရှိလာသော အင်အားစုက များစွာ မတောင့်တင်းခဲ့ပါ။ လဝက်ကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်စုက ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ နှိမ်နင်းမှုကို တဖြည်းဖြည်းခံခဲ့ရပြီး ဆုတ်ခွာသွားခဲ့ရသည်။
လူတိုင်းလည်း အလွန် ဝမ်းသာပျော်ရွှင်ခဲ့ပေသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ကို ကိုင်တွယ်ရန်လည်း သိပ်မခက်ခဲသလို ခံစားခဲ့ရသည်။
ဤအချိန်တွင် ယွမ်တောင်တစ်ခွင်လုံးမှာ သတင်းစကားတစ်ခု ပျံ့နှံ့သွားခဲ့သည်။
ယွမ်တောင်၏ ရှေးဟောင်းမြို့တော်တွင် ထျန်းဟော်ဧကရာဇ်၊ ဟွင်းထျန်းဧကရာဇ်နှင့် ဝူရှန်းဧကရာဇ်တို့ မဟာဧကရာဇ်သုံးပါးက ယွမ်တောင်ရှိ အင်အားစုအားလုံးကို စုစည်းပြီး အပြည့်အဝ တန်ပြန်တိုက်ခိုက်ခြင်းပြုရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့၏။
သတင်းထွက်ပေါ်လာသည်နှင့် ယွမ်တောင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ မရေမတွက်နိုင်သော အကျော်အမော်များ၊ ကျွမ်းကျင်သူများက ယွမ်တောင် ရှေးဟောင်းမြို့တော်တွင် စုဝေးခဲ့ကြ၏။
လုမင်နှင့် အခြားသူများလည်း သတင်းကိုကြားသောအခါ အလွန်ဝမ်းသာခဲ့ကြသည်။
ဤမဟာဧကရာဇ်သုံးပါးက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ခဲ့သော မဟာဧကရာဇ်သုံးပါးပင်။
ကောင်းကင်ဧကရာဇ်မြို့တော်တွင် တိုက်ပွဲဖြစ်ပြီးနောက် မဟာဧကရာဇ်ကြီးသုံးပါး၏ သတင်းကို မကြားရတော့ပါ။ ထို့ကြောင့် လုမင်နှင့် တခြားသူများမှာ မဟာဧကရာဇ်ကြီးသုံးပါး ဒုက္ခရောက်မှာကို စိုးရိမ်နေခဲ့ကြသည်။ ယခုတော့ သူတို့က အဆင်ပြေကြပုံပင်။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အဓိက အင်အားစုအားလုံးက အင်အားကြီး အင်အားစုများစွာနှင့်တွေ့ဆုံပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် ၎င်းတို့၏ ကျွမ်းကျင်သူများကို ယွမ်တောင် ရှေးဟောင်းမြို့တော်သို့ စေလွှတ်ခဲ့ကြသည်။
လုမင်နှင့် အခြားသူများလည်း တိုက်ပွဲတွင်ပါဝင်ရန် ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်း၏ အင်အားကြီး အကျော်အမော်များနောက်သို့ လိုက်ပါခဲ့ပေသည်။
ယွမ်တောင် ရှေးဟောင်းမြို့တော်က ယွမ်တောင်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ယခင်က၊ ဤနေရာသည် ယွမ်တောင်၏ နယ်မြေများထဲတွင် နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ကောင်းကင်မြို့တော် ပေါ်ပေါက်လာပြီးနောက် နံပါတ်တစ် နေရာမှ နောက်ဆုတ်ခဲ့ရပေသည်။
လုမင်နှင့် အခြားသူများ ရောက်လာသောအခါ ယွမ်တောင် ရှေးဟောင်းမြို့တော်တွင် မရေမတွက်နိုင်သော အကျော်အမော်များ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က ယွမ်တောင်၏ နေရာအနှံ့အပြားမှ လာရောက်ကြခြင်းပင်။