← Chapters

အခန်း ၁၉၉၇

Vol. 135 Ch. 1997

အခန်း ၁၉၉၇

Vol. 135 Ch. 1997

အပိုင်း ( 1997 ) မိစ္ဆာဝိညာဥ်ဂိုဏ်း၏ ဇာစ်မြစ်။

လုမင်နှင့် အခြားသူများလည်း နေရာတစ်ခုကို ရှာဖွေကာ အနားယူခဲ့ကြသည်။

သုံးရက်ကြာပြီးနောက်...

"ဒေါင်... ဒေါင်... ဒေါင်..."

ခမ်းနားထည်ဝါသော ခေါင်းလောင်းသံက ယွမ်တောင် ရှေးဟောင်းမြို့တော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

မဟာဧကရာဇ်ကြီးမှ ကျွမ်းကျင်သူအားလုံးကို စုဝေးရန် အချက်ပေးသံ ဖြစ်၏။

ယွမ်တောင် ရှေးဟောင်းမြို့တော်တွင်းရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများလည်း ခေါင်းလောင်းမြည်သည့်နေရာသို့ စုဝေးလာကြတော့သည်။

"ကျွမ်းကျင်သူတွေ အများကြီးပဲ"

လုရှန်းရှန်းက ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်ရင်း ပြောလိုက်သည်။

မရေမတွက်နိုင်သော ပုံရိပ်များက တရိပ်ရိပ် ဖြတ်သန်းသွားနေတာကို သူတို့ မြင်ကြရပေသည်။

အထူးသဖြင့်၊ တချို့လူများ၏ အရှိန်အဝါများက ကြောက်စရာကောင်းလွန်းသည်။ သူတို့၏ အရှိန်အဝါများကို အထူးထုတ်ဖော်ထားခြင်း မရှိလျှင်ပင် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်တချို့ကို ခံစားနိုင်သေးသည်။

သိုင်းဧကရာဇ်များ...

သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော်များက သိုင်းဧကရာဇ်များ၏ တပ်မဟာတစ်ခုသဖွယ် စုစည်းခဲ့ကြသည်။

မဟာ မြင့်မြတ်နယ်မြေကြီးကိုးခု၏ အပြင်ဘက်တွင် တည်ရှိကြသော ဧကရာဇ်အဆင့် အင်အားစုများ၏ အရေအတွက် အံ့ဖွယ်ကောင်းလွန်းလှပေသည်။

ဟုတ်သည်၊ အန္တိအသူတော်စင်နှင့် ဧကရာဇ်တစ်ပိုင်း အရေအတွက်ကတော့ အများဆုံးပင်။

သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ အလွန်ခက်ခဲသည်။ ရှေးခေတ်ကတည်းက မရေမတွက်နိုင်သော သိုင်းလမ်းစဉ်လျှောက်လှမ်းသူများသည် ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ပိတ်မိနေခဲ့ပြီး အဆင့်မတက်နိုင်ခဲ့ကြပေ။

ထို့ကြောင့် ဤနေရာတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ လက်ညှိုးထိုးမလွဲအောင် ဖြစ်ခဲ့သည်။

မကြာမီ၊ သူတို့က လွန်စွာ ကျယ်ဝန်းသော ရင်ပြင်တစ်ခုဆီသို့ ရောက်ရှိလာကြသည်။

ရင်ပြင် အလယ်ဗဟိုတွင် အဆက်မပြတ် တုန်ခါနေသော ခေါင်းလောင်းကြီးတစ်လုံး ရှိ၏။

မရေမတွက်နိင်သော ကျင့်ကြံသူများက ရင်ပြင်တစ်ဝိုက်တွင် စုဝေးနေကြသည်။

'ဒီလောက်များပြားတဲ့ ကျွမ်းကျင်သူတွေ... သူတို့အားလုံးသာ တိုက်ခိုက်မှုစတင်ခဲ့ရင် ကမ္ဘာကြီးကိုတောင် တကယ် ဖျက်ဆီးနိုင်လိမ့်မယ်'

လုမင်လည်း တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

"ဝှစ်... ဝှစ်..."

ကျွမ်းကျင်သူများက ဆက်လက်ရောက်ရှိလာနေပြီး ရင်ပြင်တစ်ဝိုက်တွင် လူအရေအတွက်မှာ ပိုမိုများပြားလာသည်။

"ကြည့်ကြစမ်း၊ ဒါက ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရဲ့ ရှန်းယွမ်အင်ပါယာ၊ ခရမ်းရောင်မီးလျှံအိမ်တော်နဲ့ တစ်ခုတည်းသော နတ်နန်းတော်တို့ပဲ"

အနီးအနားတွင် တစ်စုံတစ်ယောက်က ခပ်တိုးတိုးလေးပြောလိုက်သည်။ လုမင်က လှမ်းကြည့်လိုက်သောအခါ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ အဓိကအင်အားစုသုံးခုမှ လူများကို မြင်လိုက်ရ၏။

ရှန်းယွမ်အင်ပါယာမ၏ လူများထဲတွင် အိုးရန်ဝူရွှမ့်လည်း ပါသည်။ သူကလည်း လုမင်ကို မြင်‌ပြီး ပြုံးလျက် ခေါင်းညိတ်ပြလေသည်။

သို့ရာတွင်၊ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ အသန်မာဆုံး အင်အားစုဖြစ်သည့် တာ့လော့ကောင်းကင်ဂိုဏ်းက မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပါ။

"ဒါက ရွှမ်ထျန်းမြင့်မြတ်နယ်မြေက လူတွေပဲ"

"နောက်ပြီး နဂါးချောက်နက် မြင့်မြတ်နယ်မြေလည်း ရှိသေးတယ်"

မြင့်မြတ်နယ်မြေများမှ ကျွမ်းကျင်သူများက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာကြသည်။

ထို့ပြင် ရှေးဟောင်းမျိုးနွယ်စုများစွာလည်း ရောက်ရှိလာကြ၏။

လုမင်က ရှေးဟောင်းရှန့်မျိုးနွယ်၏ လူများကြားတွင် ရှဲ့နျန်ချင်းကို တွေ့ရလေသည်။ သူက နှင်းသားကဲ့သို့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားကာ အများကြားတွင် ထင်ရှားနေသည်။

ရှေးဟောင်းရှန့်မျိုးနွယ်သည် အလွန်အစွမ်းထက်သော ရှေးဟောင်းမျိုးနွယ်စုတစ်ခု ဖြစ်သည်။

ရှေးဟောင်းမျိုးနွယ်များမှာလည်း အင်အားကြီးသူနှင့် အင်အားနည်းသူများ ရှိပေသည်။

ဖုန်းမျိုးနွယ်ကဲ့သို့ ရှေးဟောင်းမျိုးနွယ်အချို့က အားနည်းကြသည်။

ဖုန်းမျိုးနွယ်စုက ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်သော်လည်း သူတို့တွင် မဟာဧကရာဇ်မရှိပါ။

ရှေးဟောင်းရှန့်မျိုးနွယ်ကိုတော့ ၎င်းတို့ကို မဟာဧကရာဇ်မှ ဦးဆောင်ခဲ့သည်ဟု ဆိုကြသည်။

သို့ရာတွင်၊ ကောင်းကင်ဧကရာဇ်မြို့တော်၏ ထိပ်သီး အင်အားစုကြီးနှစ်ခုဖြစ်သော ဟန်မိသားစုနှင့် ဟဲမိသားစုကို မတွေ့ရပေ။

"ဟန်မိသားစု၊ ဟဲမိသားစုနဲ့ တာ့လော့ကောင်းကင်ဂိုဏ်းတို့ မဟာဧကရာဇ်အဆင့် အင်အားစုသုံးခုက လူတွေကို မစေလွှတ်ခဲ့ပါလား။ ဘာတွေဖြစ်နေတာလဲ"

လူအတော်များများက စိတ်ပျက်ခဲ့ကြသည်။

မဟာဧကရာဇ်အဆင့် အင်အားစုကြီးသုံးခု ပါဝင်လာမည်ဆိုလျှင် သူတို့၏အင်အားက သိသိသာသာ ပိုအားကောင်းလာလိမ့်မည်။

"အင်အားစုကြီးသုံးခုက တခြားနေရာမှာ တိုက်ခိုက်နေကြတာ ဖြစ်မှာပေါ့"

"ကျုပ်‌ကတော့ သူတို့တွေက မတိုက်ခိုက်ဘဲ ပုန်းအောင်းနေမှာကို ကြောက်တယ်"

လူအတော်များများက ခန့်မှန်းပြောဆိုလိုက်ကြသည်။

ဤအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်သုံးခု ရုတ်တရက် ပေါ်လာပြီး နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မဟာဧကရာဇ်သုံးပါး ရောက်လာပြီ။

လုမင်နှင့် အခြားသူများသည် ယခင်က အကြီးအကဲတစ်ဦးကိုသာ မြင်တွေ့ဖူးကြသည်။ ထိုသူမှာ မဟာဧကရာဇ် ဝူရှန်းမှတပါး အခြား မဟုတ်ပေ။

ကျန်နှစ်ယောက်တွင် တစ်ယောက်က မီးလျှံအမှတ်အသားဖြင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ကြံ့ခိုင်သည့် လူတစ်ယောက် ဖြစ်သည်။ သူက ထျန်းဟော်ဧကရာဇ် ဖြစ်ရမည်။

ကျန်တစ်ယောက်မှာတော့ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူက ဟွင်းထျန်း မဟာဧကရာဇ်ကြီးပင်။

မဟာဧကရာဇ်သုံးပါး ပေါ်လာခြင်းနှင့်အတူ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"‌‌ဒီအဘိုးကြီးက ဝူရှန်းပါ"

"ဒီအဘိုးကြီးက ထျန်းဟော်"

"ဒီအဘိုးကြီးကို ဟွင်းထျန်းလို့ ခေါ်တယ်"

မဟာဧကရာဇ်သုံးပါးက ပြောလိုက်ကြသည်။

"မဟာဧကရာဇ်များကို နှုတ်ခွန်းဆက်ပါတယ်"

လူတိုင်းက ဦးညွှတ်ပြီး ဂါရဝပြုလိုက်ကြ၏။

ကောင်းကင်ဧကရာဇ်များ မပေါ်ထွန်းသရွေ့ မဟာဧကရာဇ်များသည် အထွတ်အထိပ် တည်ရှိမှုများ ဖြစ်သည်။ သူတို့က လူအပေါင်း၏ လေးစားမှုကို ခံယူထိုက်ပေသည်။

"ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းမှာ ရန်သူကို အတူတကွ တိုက်ထုတ်ကြရအောင်"

မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။

"ကျုပ်တို့/ကျွန်မတို့ အားလုံးလည်း မဟာဧကရာဇ်တို့နဲ့အတူရှင်သန်ပြီး သေဆုံးဖို့ ဆန္ဒရှိပါတယ်"

လူအများက အော်ဟစ်လိုက်ကြသည်။

"ကောင်းပြီ၊ ဒါပေမဲ့ တိုက်ပွဲမတိုင်ခင်မှာတော့ တိုင်းမျိုးနွယ်စုတွေရဲ့ မူလအစအကြောင်း ပြောပြပါရစေ။ ဒီမှာရှိတဲ့ လူအများစုက တိုင်းတပါးမျိုးနွယ်တွေရဲ့ မူလအစကို မသိကြသေးမှာ စိုးရတယ်"

မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်၏။

လူအတော်များများက ခေါင်းညိတ်လိုက်ကြသည်။ ဤကာလအတွင်းမှာ သူတို့သိသမျှက တိုင်းတပါးမျိုးနွယ်စုများဟာ တခြားကမ္ဘာက လာရောက်ကြခြင်းဆိုတာကိုပင်။ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး မြင်သူတိုင်းကို သတ်ကြသည်။

"ငါတို့ အခုနေထိုင်တဲ့ကမ္ဘာကို ယွမ်လု(ရှေးဦးလောက)လို့ခေါ်ကြောင်း လူတိုင်းသိကြပြီး ဖြစ်မယ်။ ယွမ်လုနဲ့ နီးစပ်တဲ့ ကမ္ဘာတစ်ခုကိုတော့ ကောင်းကင်လောကတဲ့။ ဒီကမ္ဘာနှစ်ခုက အမွှာကမ္ဘာတွေဖြစ်ပြီး အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်"

"ဒါပေမဲ့ ကောင်းကင်ကမ္ဘာရဲ့ ကျင့်ကြံမှုသမိုင်းကြောင်းက ယွမ်လုထက် အများကြီးသာလွန်တယ်။ ယွမ်လုရဲ့ ကျင့်ကြံမှုနည်းလမ်းအများစုဟာ ကောင်းကင်ကမ္ဘာကနေ လက်ဆင့်ကမ်းလာခဲ့ကြတာပဲ"

မဟာဧကရာဇ်ဝူရှန်းက ရှင်းပြလိုက်သည်။ အားလုံးက တိတ်ဆိတ်စွာ နားထောင်ကြလေသည်။ သူတို့ထဲမှ အတော်များများကတော့ ဤလျှို့ဝှက်ချက်ကို ကြာမြင့်စွာကတည်းက သိရှိထားပြီးသား ဖြစ်သည်။

"တိုင်းတပါး မျိုးနွယ်စုတွေကတော့ သူတို့က မိစ္ဆာအကျဉ်းထောင်ကမ္ဘာလို့ခေါ်တဲ့ အခြားကမ္ဘာကနေ လာကြတာ။ အဲဒီကမ္ဘာပေါ်က သက်ရှိတွေက သူတို့ကိုယ်သူတို့ နတ်ဘုရားမျိုးနွယ်လို့ ခေါ်ကြတယ်၊ ဒါပေမဲ့ အဲဒါက ကြွားလုံးထုတ်တာပဲလေ။ ငါတို့ကတော့ သူတို့ကို မိစ္ဆာမျိုးနွယ် ဒါမှမဟုတ် မိစ္ဆာနတ်ဘုရားမျိုးနွယ်လို့ ခေါ်ကြတယ်"

"ရှေးခေတ်တုန်းက မိစ္ဆာနတ်ဘုရားမျိုးနွယ်ဟာ လွတ်လပ်တဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပြီး ကောင်းကင်ကမ္ဘာကို တိုက်ခိုက်ခဲ့ကြတယ်။ သူတို့က ကောင်းကင်ကမ္ဘာနဲ့ ပြင်းထန်တဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲခဲ့တယ်လေ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ သူတို့ ဘယ်နေရာကိုပဲ ဖြတ်သွားဖြတ်လာပါစေ မြက်ပင်တစ်ပင်မှ မရှင်သန်နိုင်ဘူး။ မြင်မြင်သမျှ သက်ရှိအားလုံးကို သူတို့သတ်ခဲ့ကြပြီး သွေးတွေက မြစ်တွေလို စီးဆင်းခဲ့ကြတယ်။ သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုတောင် ချမ်းသာမပေးခဲ့ကြဘူး"

ထို့နောက် မဟာဧကရာဇ်ဝူရှန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ပုံရိပ်များစွာတို့ လေထဲတွင် ပေါ်လာသည်။

ထိုပုံရိပ်များထဲတွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ တိုက်ခိုက်မှုမြင်ကွင်းများလည်း ပါဝင်ပေသည်။ သူတို့ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မရေမတွက်နိုင်သော သက်ရှိများမှာ ဝမ်းနည်းစရာ အဖြစ်ဆိုးများဖြင့် သေဆုံးခဲ့ကြရသည်။ သူတို့၏ အလောင်းများက‌ တောင်များသဖွယ် စုပုံနေပြီး သွေးများကလည်း မြစ်၊ ချောင်းများကဲ့သို့ပင်။ ဒါက အလွန်ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းများ ဖြစ်သည်။

ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အချို့သော ပုံရိပ်များက တိုက်ပွဲကြီးများ၏ ပုံရိပ်များ ဖြစ်၏။ အစွမ်းထက်သော အင်အားစုများစွာမှာလည်း မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ တိုက်ခိုက်မှုအောက်တွင် ဖျက်ဆီးခံခဲ့ရသည်။

လုမင်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်မှလွဲ၍ အခြားမျိုးနွယ်များလည်းရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးက အလွန်တရာ ကြောက်စရာကောင်းပြီး ခန့်မှန်းရခက်ပေသည်။

"ရှေးခေတ်စစ်ပွဲမှာ ကောင်းကင်ကမ္ဘာက သူတို့နဲ့ မယှဉ်နိုင်ခဲ့ဘူး။ မရေမတွက်နိုင်တဲ့ အကျော်အမော်တွေ တိုက်ပွဲမှာ သေဆုံးခဲ့ပြီး အင်အားကြီး အင်အားစုတွေလည်း ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်ပွဲက အထွတ်အထိပ်ကို ရောက်တဲ့အခါ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကောင်းကင်ကမ္ဘာရဲ့ အမွေအနှစ်တွေ အများကြီးလည်း ယွမ်လုကို ကျရောက်သွားခဲ့တယ်။ အင်အားကြီး အကျော်အမော်တချို့ရဲ့ အလောင်းတွေကလည်း ယွမ်လုကို ကျရောက်လာပြီး တားမြစ်နယ်မြေတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်"

"ဒါပေါ့၊ အခြေအနေကို အခွင့်ကောင်းယူပြီး ယွမ်လုကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် အကျော်အမော်‌တွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဟင်းလင်းပြင်အက်ကြောင်းက အလိုအလျောက် ပြန်ကောင်းသွားတာကြောင့် အားကောင်းတဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တွေအတွက် ယွမ်လုကို ဝင်ရောက်ဖို့ ခက်ခဲသွားခဲ့တယ်"

"အဲဒီအချိန်က ယွမ်လုကို ဝင်ရောက်နိုင်ခဲ့တဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တွေကတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ နတ်ဆိုးဝိညာဉ်ဂိုဏ်းတို့လို ကြောက်စရာကောင်းတဲ့ အင်အားစုတွေကို လျှို့ဝှက်ဖွဲ့စည်းခဲ့ကြတယ်။ သူတို့ဟာ ယွမ်လုရဲ့ ပါရမီရှင်တွေနဲ့ အကျော်အမော် ကျွမ်းကျင်သူတွေကို အမဲလိုက်ရာမှာ အထူးပြုခဲ့ကြတယ်လေ။ ပြီးခဲ့တဲ့အကြိမ်တုန်းက ဒီတည်ရှိမှုတွေကပဲ ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်ပေးပြီး မိစ္ဆာနတ်ဘုရားမျိုးနွယ်စုကို ကောင်းကင်ဧကရာဇ်မြို့တော်ထဲ ဝင်ရောက်ခွင့်ပေးခဲ့တာပဲ"

မဟာဧကရာဇ်ဝူရှန်း၏ ရှည်လျားစွာ ရှင်းပြမှုအပြီးတွင် လူအများက အခြေအနေကို နောက်ဆုံးမှာ ‌နားလည်သွားကြသည်။

"ဒါဆို နတ်ဆိုးဝိညာဉ်ဂိုဏ်း၊ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တခြားအင်အားစုတွေအားလုံးကို မိစ္ဆာနတ်ဘုရားမျိုးနွယ်က တည်ထောင်ခဲ့တာပေါ့။ အံ့သြစရာမရှိပါဘူး"

"ဒီမိစ္ဆာဂိုဏ်းတွေကို အမြန်ဆုံး ဖယ်ရှားပစ်သင့်တယ်"

လူအများက ဆွေးနွေးခဲ့ကြသည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်း"

လုမင်လည်း သူ့လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။

လက်ရှိ စန်းပြည်နယ်သည် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။

"ဒါပေမဲ့ ဒီတစ်ခေါက်မှာ မိစ္ဆာနတ်ဘုရားမျိုးနွယ်က ဖွင့်လှစ်လိုက်တဲ့ ဟင်းလင်းပြင်လမ်းကြောင်းက သေးငယ်တဲ့ လမ်းကြောင်းတစ်ခုပါပဲ။ အဲဒါက တည်ငြိမ်မှုမရှိတာကြောင့် မဟာဧကရာဇ်တွေ ဒါမှမဟုတ် မဟာဧကရာဇ်နယ်ပယ်အထက်က ကျွမ်းကျင်သူတွေဟာ ဖြတ်သန်းသွားလို့ မရဘူး။ သူတို့တွေ အတင်းအကြပ် ဖြတ်သန်းသွားဖို့ ကြိုးစားမယ်ဆိုရင် ဟင်းလင်းပြင်လမ်းကြောင်းက ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ဖြတ်သန်းသွားနိုင်တဲ့သူတွေက မဟာဧကရာဇ်နယ်ပယ်အောက်က တည်ရှိမှုတွေပဲ"

မဟာဧကရာဇ် ဝူရှန်းက ဆက်လက်ပြောလိုက်သည်။

လူတိုင်း၏ မျက်လုံးများက တောက်ပသွားကြ၏။

မဟာဧကရာဇ်နယ်ပယ်နှင့် သူ့အထက်မှ ကျွမ်းကျင်သူများ ဖြတ်သန်းသွားလာ၍ မရခြင်းမှာ သူတို့အတွက် သတင်းကောင်းတစ်ခုပင်။

"ဒါပေမဲ့ သိပ်လည်း အပျော်မစောကြပါနဲ့ဦး။ ဒါက တိုက်ပွဲလေးတစ်ခုပဲ။ အနာဂတ်မှာ မိစ္ဆာနတ်ဘုရားမျိုးနွယ်က တည်ငြိမ်တဲ့ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို ဖောက်လုပ်နိုင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကောင်းကင်ကမ္ဘာရဲ့ ကျန်ရှိတဲ့ အင်အားစုတွေက တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် မိစ္ဆာနတ်ဘုရားမျိုးနွယ်တွေက အလုံးအရင်းနဲ့ ဆင်းသက်လာလိမ့်မယ်။ ဒါကြောင့် အဆုံးသတ်တိုက်ပွဲက အနှေးနဲ့အမြန် ရောက်လာမှာပဲ"

မဟာဧကရာဇ်ဝူရှန်းက ဆက်ပြောလိုက်သည်။ ထိုစကားက လူတိုင်းကို တိတ်ဆိတ်သွားစေပြီး မျက်နှာအမူအရာများ လေးနက်သွားစေခဲ့ပေသည်။

All Chapters