အခန်း ၁၉၉၉
Vol. 135 Ch. 1999
အပိုင်း ( 1999 ) မဟာဧကရာဇ်များ စုဝေးခြင်း။
ဟွင်းဧကရာဇ်... ဤကျောက်ချပ်ပြားက ဟွင်းဧကရာဇ် အသုံးပြုသော လက်နက်တစ်ခု ဖြစ်နိုင်သည်။
ဟွင်းဧကရာဇ်က သူ၏ ဆရာဖြစ်ပြီး ဟွင်းယွမ်ကျမ်းကလည်း ဟွင်းဧကရာဇ်ထံမှ ဆင်းသက်လာခြင်းပင်။
လုမင်က ဤနေရာကို ရောက်လာသည်နှင့် ဤကျောက်ချပ်ပြား၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပါ။
"လုမင်၊ ဒီကျောက်ချပ်ပြားမှာ ကြောက်စရာကောင်းတဲ့ ချိပ်ပိတ်နိုင်စွမ်းရှိတယ်လို့ ငါတို့ ခန့်မှန်းကြတယ်။ ငါတို့သာ ဒါကိုထိန်းချုပ်နိုင်ရင် မိစ္ဆာနတ်ဘုရားမျိုးနွယ်ရဲ့ ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ပစ်နိုင်မှာလေ။ အရင်က ငါတို့တွေ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမဲ့ စိတ်မကောင်းစရာက အသုံးမဝင်ခဲ့ဘူး။ ဒါကြောင့် ငါတို့တွေက မင်းအကြောင်းကို တွေးလိုက်မိတာ"
"မင်းက ကစဉ့်ကလျားရဲ့သားတော်ဖြစ်ပြီး ကစဉ့်ကလျားနိယာမကို ထိန်းချုပ်နိုင်တယ်။ မင်းဆိုရင်တော့ ဒီကျောက်ချပ်ပြားကို ထိန်းချုပ်ပြီး လှုပ်ရှားစေနိုင်သင့်တယ်"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် ကြိုးစားကြည့်မယ်"
လုမင်က ခေါင်းညိတ်ပြီး ကျောက်ချပ်ပြားဆီသို့ ခြေလှမ်းလိုက်လေသည်။
ကျောက်ချပ်ပြားက တောင်ငယ်လေးတစ်လုံးကဲ့သို့ ကြီးမားသည်။ လုမင်က ကစဉ့်ကလျားနိယာမကို ဖြန့်ကျက်ပြီး ကျောက်ချပ်ပြားဆီသို့ ချဉ်းကပ်သွား၏။
"ဝမ်"
ကစဉ့်ကလျားနိယာမက ကျောက်ချပ်ပြားကို ဖုံးလွှမ်းသွားသောအခါ နှစ်ခု ပဲ့တင်ထပ်သကဲ့သို့ ကျောက်ချပ်ပြားမှာ တုန်ခါသွားတော့သည်။
"အလုပ်ဖြစ်တယ်"
ထျန်းဟော်ဧကရာဇ်၊ ဟွင်းထျန်းဧကရာဇ်နှင့် မဟာဧကရာဇ်ဝူရှန်းတို့၏ မျက်လုံးများက တောက်ပသွားကြသည်။
"ဆက်လုပ်"
လုမင်က အဝေးမှာနေပြီး ကစဉ့်ကလျားနိယာမဖြင့် ကျောက်ချပ်ပြားကို ဆက်လက်ဖုံးအုပ်လိုက်သည်။
"ဝမ်"
ကျောက်ချပ်ပြားက ပြင်းထန်စွာ တုန်ခါလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ချပ်ပြားတစ်ခုလုံးကို ဖုံးအုပ်သွား၏။ ထိုအချိန်တွင် အပေါ်ယံ ကျောက်သားများက ကွာကျသွားပြီး ကျောက်ချပ်ပြားအစစ်အမှန်က ပေါ်လာတော့သည်။
၎င်းက ကစဉ့်ကလျားကျောက်ကဲ့သို့ မီးခိုးရောင် ဖြစ်သည်။ ၎င်းအပေါ်မှာလည်း လျှို့ဝှက်ဆန်းကြယ်သော ရွန်းများကို ထွင်းထုထား၏။
ထိုအချိန်တွင် ရွန်းများက လင်းလက်လာသည်။
"ဝမ်"
နောက်ဆုံးတွင် ကျောက်ချပ်ပြားက တုန်ခါပြီး လုမင်၏ ဦးခေါင်းအထက်သို့ ပျံတက်လာတော့သည်။
ဤအချိန်တွင် လုမင်၏ အသိစိတ်က တုန်ခါသွားသည်။ ခမ်းနားထည်ဝါသော အရှိန်အဝါတို့ဖြင့် ပုံရိပ်တစ်ခုက အစီရင်ဓာတ်ပြားကို ထိန်းချုပ်ပြီး တစ်ဖက်ရန်သူအား ဆန့်ကျင်တိုက်ခိုက်နေသည်ကို မြင်လိုက်ရသလိုပင်။
'ဟွင်းဧကရာဇ်'
လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ထိုပုံရိပ်က အမှန်တကယ် ဟွင်းဧကရာဇ်ပင်။
ဤကျောက်ချပ်ပြားက အမှန်တကယ်ပင် ဟွင်းဧကရာဇ်၏လက်နက် ဖြစ်ပုံရသည်။
'ဘယ်လိုတောင် လျှို့ဝှက်ဆန်းကြယ်တဲ့ ကစဉ့်ကလျားနိယာမလဲ'
ဤအချိန်တွင် လုမင်က ကျောက်ချပ်ပြားမှ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ကစဉ့်ကလျားနိယာမတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက သူကိုယ်တိုင် နားလည်ဆင်ခြင်ခြင်းထက် အဆပေါင်းများစွာ ပိုမြန်၏။
ဤအခိုက်တွင်၊ လုမင်၏ ကစဉ့်ကလျားနိယာမအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာတော့သည်။
ဤကာလအတွင်းတွင် သူ၏ ကစဉ့်ကလျားနိယာမအပေါ် နားလည်မှုမှာ ကိုးဆယ့်ငါး ရာခိုင်နှုန်းသို့ ရောက်ရှိပြီး ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူက ကိုးဆယ့်ခြောက် ရာခိုင်နှုန်းသို့ နီးကပ်လာပြီဟု ခံစားရပေသည်။
"ဝမ်"
ကျောက်ချပ်ပြားက ဆက်လက်တုန်ခါနေဆဲ ဖြစ်သည်။ ဟွင်းဧကရာဇ်၏ပုံရိပ်က တဖြည်းဖြည်း ဝေဝါးပြီး ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင်၊ ကျောက်ချပ်ပြားက ကျုံ့လာပြီး လုမင်၏ လက်ထဲသို့ ကျရောက်လာတော့သည်။
"ဟားဟားဟား၊ အောင်မြင်ပြီထင်တယ်"
မဟာဧကရာဇ် ဝူရှန်းက ရယ်မောလိုက်သည်။
ဟွင်းထျန်းမဟာဧကရာဇ်နှင့် ထျန်းဟော်မဟာဧကရာဇ်တို့လည်း ပြုံးလိုက်ကြလေသည်။
သို့သော်လည်း မဟာဧကရာဇ်ကြီးသုံးပါးက မကြာမီ အပြုံးများကို ရုပ်သိမ်းလိုက်ကြသည်။
"လုမင်၊ ငါတို့ရဲ့ မူလအစီအစဉ်က တစ်ဖက်လူရဲ့ အာရုံကို ဆွဲဆောင်ဖို့အတွက် တပ်မဟာတွေကို ဦးဆောင်ပြီး အစွမ်းကုန် တိုက်ခိုက်ဖို့ပဲ။ အဲဒီနောက်မှာတော့ ဧကရာဇ်ကြီးတွေက ရုတ်တရက် ဝင်ရောက်လာပြီး ဟင်းလင်းပြင်လမ်းကြောင်းဆီကို ထိုးဖောက်သွားကြလိမ့်မယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဟင်းလင်းပြင်လမ်းကြောင်းကို ကစဉ့်ကလျားကျောက်ချပ်ပြားနဲ့ ပိတ်ဆို့မှာ"
"ဒါပေမဲ့ ဟင်းလင်းပြင်လမ်းကြောင်းအတွင်းကို မဟာဧကရာဇ်တွေ မဝင်လာနိုင်ရင်တောင် ရန်သူ မဟာဧကရာဇ်တွေက အများကြီးရှိနေသေးတာကို မင်းသိထားသင့်တယ်။ အဲဒီတုန်းက သူတို့ထဲက နှစ်ယောက်ကို ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာက သတ်ခဲ့တာကြောင့် ရှစ်ယောက်ကျန်ခဲ့တယ်။ ဒီကာလအတွင်းမှာ ငါတို့က တစ်ယောက်ကို ထပ်ပြီးသတ်လိုက်ပေမဲ့ ခုနစ်ယောက် ကျန်နေသေးတယ်။ ဒါကြောင့် မင်းသွားဖို့က အန္တရာယ်အရမ်းများတယ်။ မင်းကို ငါတို့ အတင်းအကြပ်မလုပ်ပါဘူး၊ မင်း မသွားချင်ရင် ငါတို့က တခြားနည်းလမ်းကို စဉ်းစားမယ်"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့က မင်းကိုကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားမှာဖြစ်ပေမဲ့လို့ ရန်သူက မဟာဧကရာဇ်ပဲ... မမျှော်လင့်ထားတဲ့ အခြေအနေတွေ မဖြစ်လာဘူးလို့ အာမမခံနိုင်ဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ စဉ်းစားပြီး ဆုံးဖြတ်ပါ"
ထျန်းဟော် မဟာဧကရာဇ်က ပြောလိုက်သည်။
ဤကိစ္စက အန္တရာယ်များလွန်းသဖြင့် လုမင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမည်။
"ကျွန်တော် သွားမယ်"
လုမင်က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။
ယောက်ျားကောင်း တစ်ယောက်အတွက် လုပ်သင့်သည့်အရာရှိသလို မလုပ်သင့်သည့်အရာများလည်း ရှိသည်။
သူက ဤကိစ္စမျိုးကို အဘယ်သို့ ငြင်းဆန်နိုင်မည်နည်း။
မဟာဧကရာဇ် ဝူရှန်းနှင့် အခြားသူများက လုမင်၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။
"လုမင်၊ မင်းစိတ်ချပါ။ ငါတို့သေရမယ်ဆိုရင်တောင် မင်းကို အကောင်းဆုံးကာကွယ်ပေးမှာပါ"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"မင်းသေရင် ငါတို့လည်းသေရမယ်"
ဟွင်းထျန်းမဟာဧကရာဇ်က ပထမဆုံးအကြိမ် ဝင်ပြောလိုက်၏။ သူ့လေသံက ခိုင်မာပြီး ပြတ်သားသည်။
လုမင်လည်း အလွန်ခံစားသွားရလေသည်။ မဟာဧကရာဇ်များအနေဖြင့် သူတို့က အလွန်တန်ခိုးကြီးပြီး ဩဇာအာဏာကြီးမားသည်။ သူတို့က လုမင်အား မည်သည့်အရာကိုမဆို လုပ်ဆောင်စေရန် ဖိအားပေးနိုင်ပေသည်။ မဟာဧကရာဇ်များနှင့် ရင်ဆိုင်ရသောအခါ လုမင်က နာခံရုံသာ တတ်နိုင်သည်။
သို့သော် သူတို့ မလုပ်ခဲ့ကြပါ။ ယင်းအစား လုမင်၏ အမြင်ကို မေးမြန်းခဲ့ကြသည်။
သူတို့က လုမင်ကို အသက်နှင့်လဲပြီး ကာကွယ်မည်ဟုပင် ကတိပေးခဲ့ကြသေးသည်။
မဟာဧကရာဇ်ကြီးများဖြစ်သည့်တိုင် ဤသို့ ပြုလုပ်နိုင်ကြသည်။ လုမင်လည်း သူတို့၏ စိတ်နေစိတ်ထားအတွက် အံ့အားသင့်ခဲ့မိပေသည်။
"မဟာဧကရာဇ်များခင်ဗျ၊ ကျွန်တော်တို့မှာ အခြားမဟာဧကရာဇ်ကြီးတွေ ရှိနေကြသေးတာလား"
လုမင်က မေးလိုက်သည်။
"ဒါပေါ့၊ မဟုတ်ရင် ငါတို့သုံးယောက်က မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်၏။
လုမင် သဘောပေါက်သွားသည်။ မမှားပေ၊ သူတို့သုံးယောက်တည်းက မိစ္ဆာနတ်ဘုရားမျိုးနွယ်စုနှင့် မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ ထို့ပြင်၊ သူတို့က မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးကိုပင် သတ်ခဲ့ကြသေးသည်။
အမှောင်ထဲမှာ တခြားမဟာဧကရာဇ်ကြီးများ ရှိနေခဲ့ကြသည်။
"ငါ မင်းကို သူတို့နဲ့တွေ့ဖို့ အခု ခေါ်သွားပေးမယ်"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
သူက ဟင်းလင်းပြင်ကိုဖွင့်ပြီး လုမင်ကို စခန်းသို့ ပြန်ခေါ်လာခဲ့လေသည်။ ထို့နောက် မဟာဧကရာဇ်ဝူရှန်းက သတင်းစကား ပေးပို့လိုက်သည်။
မကြာမီ၊ ဟင်းလင်းပြင်က လှိုင်းထလာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်ကို အဖြူရောင်အလင်းများက လွှမ်းခြုံထား၏။ ဒါက နတ်ဘုရား၏အလင်းရောင်ကဲ့သို့ မျက်စိမဖွင့်နိုင်လောက်အောင် တောက်ပသည်။
စန်းပြည်နယ်ရှိ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများသည်လည်း နတ်ဘုရားအလင်းကို လေ့ကျင့်ကြပေသည်။ သို့သော်လည်း ဤနတ်အလင်းနှင့် နှိုင်းယှဉ်ပါက နံ့သာဆီနှင့်အီး ဖြစ်သည်။
မဟာဧကရာဇ်...
ထိုသူမှာ မဟာဧကရာဇ်တစ်ပါးဖြစ်ကြောင်း လုမင် သိလိုက်သည်။ သူ၏ အရှိန်အဝါက မဟာဧကရာဇ် ဝူရှန်းနှင့် တခြားသူများထက် အားမနည်းပေ။
"လုမင်၊ ဒါက ရှေးဟောင်းရှန့်မျိုးနွယ်စုရဲ့ မဟာဧကရာဇ်ပဲ"
မဟာဧကရာဇ် ဝူရှန်းက မိတ်ဆက်ပေးလိုက်သည်။
"မဟာဧကရာဇ်ရှန့်"
လုမင်က ဦးညွှတ်လိုက်သည်။
"ကစဉ့်ကလျားကျောက်ချပ် နိုးထလာပြီလား"
မဟာဧကရာဇ်ရှန့်က တန်ခိုးကြီးမားသော နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စွာ ပြောသည်။
"ဟုတ်တယ်"
မဟာဧကရာဇ် ဝူရှန်းက ခေါင်းညိတ်လိုက်၏။ ထိုအခါ မဟာဧကရာဇ်ရှန့်က အခြားမည်သည့်အရာကိုမျှ မပြောတော့ပေ။
ထို့နောက် ဟင်းလင်းပြင်က လှိုင်းထသွားပြီး နောက်ထပ်လူတစ်ဦး ရောက်လာသည်။
ထိုလူက ယွမ်တောင်ရှေးမြို့ဟောင်းမှ မဟာဧကရာဇ်တစ်ပါးပင်။
ဤမဟာဧကရာဇ်ကြီး ရောက်ရှိလာသည်နှင့် ဟင်းလင်းပြင်က လှိုင်းထသွားပြီး နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ဦးလေးခုန်း"
လုမင်က ဤပုံရိပ်ကို မြင်သောအခါ မနေနိုင်ဘဲ အော်လိုက်မိလေသည်။
ထိုလူက အမှန်တကယ်ပင် ဦးလေးခုန်း ဖြစ်သည်။
ဦးလေးခုန်းက မဟာဧကရာဇ်တစ်ပါးဖြစ်ပုံပင်။
ထို့ပြင် သူက တိုက်ပွဲမှာ လျှို့ဝှက်စွာ ပါဝင်နေခြင်း ဖြစ်နိုင်သည်။
"ဆရာကြီး သန်းခုန်း"
ဦးလေးခုန်း ရောက်လာသောအခါ မဟာဧကရာဇ်ဝူရှန်းနှင့် အခြားသူများက လက်ယှက်ပြကာ နှုတ်ဆက်လိုက်ကြသည်။
နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မားပြီး အေးစက်သော မဟာဧကရာဇ်ရှန့်ပင်လျှင် ဦးလေးခုန်းကို နှုတ်ခွန်းဆက်ရ၏။
ဦးလေးခုန်း၏ အဆင့်အတန်းက အလွန်မြင့်မားပုံရသည်။
"အင်း"
ဦးလေးခုန်းက ခေါင်းညိတ်ပြလိုက်သည်။ သူ့ပုံစံကို ကြည့်လျှင်တော့ အလွန်အိုမင်းနေပုံရလေသည်။ သူက လုမင်ကိုကြည့်ပြီး ပြောလိုက်သည်။
"ငါက လုမင်ကို အထဲခေါ်သွားပေးမယ်"
"အကြီးအကဲသန်းခုန်းက ဒီကိစ္စကို ကိုင်တွယ်ပေးရင် ကျွန်တော်တို့ စိတ်ချနိုင်ပါပြီ။ တခြား မဟာဧကရာဇ်တွေကို ကျွန်တော်တို့ ရင်ဆိုင်လိုက်မယ်"
မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"အကြီးအကဲတို့၊ ဘာဖြစ်လို့ ကျွန်တော် ဟန်မိသားစုနဲ့ ဟဲမိသားစုကို မတွေ့ရတာလဲ"
လုမင်က ဟန်မိသားစု၊ ဟဲမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့အကြောင်း သိချင်နေသည်။ ယခုကဲ့သို့ အရေးကြီးသောအချိန်မျိုးမှာ ထိုအင်အားစုများမှ မဟာဧကရာဇ်များကို အရိပ်အယောင်ပင် မမြင်ရပေ။
"အဲဒီကြောက်တတ်တဲ့ မြေခွေးအိုတွေအကြောင်း မပြောစမ်းနဲ့။ တိုက်ပွဲစကတည်းက သူတို့အားလုံး ပုန်းအောင်းသွားပြီး နောက်ပိုင်းမှ အကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့ စောင့်နေကြတယ်"
မဟာဧကရာဇ်ရှန့်က အေးစက်စွာ ပြောလိုက်သည်။ သူက ဟန်မိသားစုနှင့် ဟဲမိသားစုတို့၏ မဟာဧကရာဇ်များအပေါ် အလွန်အမြင်မကြည်ဖြစ်နေပုံရပေသည်။