← Chapters

အခန်း ၁၄၉

Vol. 14 Ch. 149

အခန်း ၁၄၉

Vol. 14 Ch. 149

အခန်း ၁၄၉ - အထူးစွမ်းအင်

ဝမ်ထောင်၏အကြည့်က မီးခိုးရောင် သွေးဘားတန်းပေါ်သို့ ကျရောက်သွားသောအခါ ရှင်းပြသော စာသားအချို့ ပေါ်ထွက်လာခဲ့သည်။

【လက်ရှိ အထူးစွမ်းအင် - ၅၁၆၀】

【မိမိထက် အဆင့်မြင့်သော ရန်သူများကို သတ်ဖြတ်ပါက အထူးစွမ်းအင် ရရှိလိမ့်မည်】

【အထူးစွမ်းအင်ကို စွမ်းရည်များ ထုတ်ယူရန် သို့မဟုတ် ပေါင်းစပ်ရန် အသုံးပြုနိုင်သည်】

【စွမ်းရည်ထုတ်ယူခြင်း - တတ်မြောက်ထားသော စွမ်းရည်တစ်ခုကို ၎င်း၏ လက်ရှိအဆင့်ရှိ အမြုတေတစ်ခုအဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ ပထမအဆင့်စွမ်းရည်တစ်ခုကို ထုတ်ယူပါက အထူးစွမ်းအင် ၁၀၀၀ ကုန်ဆုံးမည်ဖြစ်ပြီး၊ ဒုတိယအဆင့်စွမ်းရည်တစ်ခုကို ထုတ်ယူပါက အထူးစွမ်းအင် ၅၀၀၀ ကုန်ဆုံးမည် ဖြစ်ကာ၊ တတိယအဆင့်စွမ်းရည်တစ်ခုကို ထုတ်ယူပါက အထူးစွမ်းအင် ၃၀၀၀၀ ကုန်ဆုံးမည် ဖြစ်သည်】

【စွမ်းရည်ပေါင်းစပ်ခြင်း - တတ်မြောက်ထားသော အဆင့်တူစွမ်းရည်နှစ်ခုကို ပေါင်းစပ်ခြင်း ဖြစ်သည်။ အကယ်၍ အောင်မြင်ပါက ထိုစွမ်းရည်သည် ဗီဇနှစ်ခုစလုံးကို ပိုင်ဆိုင်မည်ဖြစ်ပြီး ၎င်း၏ စွမ်းရည်အဆင့်မှာ ထိုနှစ်ခု၏ ပျမ်းမျှအဆင့် ဖြစ်လာလိမ့်မည်။ အကယ်၍ ကျရှုံးပါက ပင်မစွမ်းရည်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ဒုတိယစွမ်းရည်မှာ ပျောက်ကွယ်သွားလိမ့်မည်။ ပထမအဆင့်စွမ်းရည်များကို ပေါင်းစပ်ပါက အထူးစွမ်းအင် ၁၀၀၀ ကုန်ဆုံးမည်ဖြစ်ပြီး၊ ဒုတိယအဆင့်စွမ်းရည်များကို ပေါင်းစပ်ပါက အထူးစွမ်းအင် ၅၀၀၀ ကုန်ဆုံးမည် ဖြစ်ကာ၊ တတိယအဆင့်စွမ်းရည်များကို ပေါင်းစပ်ပါက အထူးစွမ်းအင် ၃၀၀၀၀ ကုန်ဆုံးမည် 】

ဤမီးခိုးရောင်ဘားတန်းမှာ မိမိထက် အဆင့်မြင့်သော ဇွန်ဘီများကို သတ်ဖြတ်ခြင်းဖြင့် ရရှိသည့် အထူးစွမ်းအင် ဖြစ်၏။ ယခင်က ၎င်းကို အသုံးမပြုနိုင်သေးသဖြင့် ပြသခြင်းမရှိခဲ့ဘဲ ယခုအခါ သူသည် ဒုတိယအဆင့်သို့ အဆင့်တက်တော့မည်ဖြစ်ပြီး ၎င်းကို အသုံးပြုနိုင်ပြီဖြစ်၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထို့ပြင် မီးခိုးရောင်ဘားတန်းတွင် ရရှိခဲ့သော အထူးစွမ်းအင်၏ ပမာဏအတိအကျကိုလည်း ပြသနေသေးသည်။

အချိန်ကာလအလိုက်ဆိုလျှင် ၎င်းတို့မှာ - ၉၆၀၊ ၆၀၀၊ ၁၀၈၀၊ ၁၅၆၀၊ ၉၆၀... စုစုပေါင်း ကိန်းဂဏန်း ငါးစုဖြစ်ပြီး ဝမ်ထောင်သည် ဒုတိယအဆင့်ဇွန်ဘီ ငါးကောင်ကို သတ်ဖြတ်ခဲ့၏။ သူသည် ပထမဆုံးကိန်းဂဏန်းဖြစ်သော ၉၆၀ ကို ကောင်းစွာ မှတ်မိနေ၏။ ထိုအရာက ဒုတိယအဆင့်ဇွန်ဘီ ရှောက်ယုံကို သတ်ဖြတ်စဉ်က သူရရှိခဲ့သော သွေးပမာဏ မဟုတ်ပါလား။

တစ်နည်းအားဖြင့်ဆိုသော် ဤအရာများသည် ဇွန်ဘီရှောက်ယုံ၊ ခေါင်းစွပ်ဇွန်ဘီ၊ မျက်လုံးစိမ်းဇွန်ဘီ၊ ဂေါ်ရီလာဇွန်ဘီနှင့် ဇွန်ဘီဝူဖေးတို့ကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့သော သွေးပမာဏများဖြစ်ပြီး အားလုံးက

သွေးပမာဏပေးရုံသာမကဘဲ အထူးစွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်၏။

ငါးထောင်ကျော်ရှိသော အထူးစွမ်းအင်ဖြင့် သူသည် တတ်မြောက်ထားသော စွမ်းရည်လေးခုထဲမှ တစ်ခုကို ထုတ်ယူနိုင်ပြီး အခြားစွမ်းရည်တစ်ခုကို ထပ်မံသင်ယူနိုင်ပြီ ဖြစ်သည်။ အခြားသူတစ်ဦး အသုံးပြုရန်အတွက် စွမ်းရည်တစ်ခုကိုလည်း ထုတ်ယူပေးနိုင်ပြီး ၎င်းက အခြေခံအားဖြင့် အမွေဆက်ခံမှုတစ်ခုကို လွှဲပြောင်းပေးခြင်းနှင့် တူညီလှ၏။

သို့သော် သူသည် ဒုတိယအဆင့်သို့ ရောက်ရှိပြီးမှသာ ဒုတိယအဆင့်စွမ်းရည်များကို ထုတ်ယူနိုင်မည်ဟု ရှင်းလင်းချက်တွင် ဖော်ပြထားသဖြင့် လောလောဆယ်တွင် မည်သည့်အရာကိုမျှ ထုတ်ယူနိုင်ခြင်း မရှိသေးချေ။

ထို့ပြင် ဝမ်ထောင်သည် မည်သည့်စွမ်းရည်ကို ထုတ်ယူရမည်ကိုလည်း မဆုံးဖြတ်ရသေးပါ။ အမှန်တော့ သူ လက်ရှိပိုင်ဆိုင်ထားသော စွမ်းရည်လေးခုစလုံးက သူ့အတွက် အလွန်အသုံးဝင်လှသဖြင့် ဖျက်ဆီးရန်မတွေးသေးပါ။

ဝမ်ထောင်သည် စွမ်းရည်ပေါင်းစပ်ခြင်းကို ပိုမိုစိတ်ဝင်စားမိ၏။

သူသည် စွမ်းရည်လေးခု တတ်မြောက်ထားရာ အကယ်၍ ၎င်းတို့လေးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်မည်ဆိုပါက စွမ်းရည်နေရာလွတ် သုံးခု ကျန်ရှိနေမည် မဟုတ်ပါလား။

"အရမ်းအဆင်ပြေတယ်"

သို့သော်လ ၄င်းက လောလောဆယ်တွင် အတွေးတစ်ခုသာ ဖြစ်သေးသည်။ အမှန်တော့ ပေါင်းစပ်ခြင်းတွင် ကျရှုံးမှုနှုန်း ရှိနေသဖြင့် အကယ်၍ ကျရှုံးသွားပါက သူ ဒုက္ခရောက်နိုင်၏။

ထို့ပြင် စွမ်းရည်ထုတ်ယူခြင်းကဲ့သို့ပင် ပေါင်းစပ်ခြင်းကိုလည်း လောလောဆယ် အသုံးမပြုနိုင်သေးချေ။ သူသည် တရားဝင် ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ဖြစ်လာပြီးမှသာ ဤလုပ်ဆောင်ချက်နှစ်ခုလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဝမ်ထောင်သည် အရာအားလုံးကို နောက်တစ်ကြိမ် သေချာစွာ စစ်ဆေးလိုက်ပြီးနောက် ပြဿနာမရှိသည်ကို အတည်ပြုပြီးမှ သက်ပြင်းတစ်ချက်ချကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။

အဆင့်တက်ခြင်း စတင်ပြီ။

ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နွေးထွေးသောခံစားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် အလွန်သက်တောင့်သက်သာ ရှိလှ၏။ ထို့နောက် သူ၏ အသိစိတ်များက ဖြည်းဖြည်းချင်း လွင့်ပျောက်သွားတော့သည်... ။

နောက်တစ်နေ့ နံနက် ၆ နာရီ။

အပြင်ဘက်တွင် မိုးဖွဲဖွဲ စတင်ရွာသွန်းနေပြီ ဖြစ်သည်။

ရွှေကျဲစခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ ဝမ်းနည်းပူဆွေးမှုအတွက် အချိန်မရှိကြချေ။ လူတိုင်းသည် ဘေးအန္တရာယ်အပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အလုပ်ရှုပ်နေကြသည်။

ပတ်လည်တံတိုင်း ကာကွယ်ရေးများကို မနေ့က ပြင်ဆင်ခဲ့ကြသော်လည်း စခန်းအတွင်းသို့ ဇွန်ဘီများ ဝင်ရောက်လာခြင်းက ကြီးမားသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့၏။ ထို့ပြင် ကာကွယ်ရေးများကို အားဖြည့်ရန် လိုအပ်နေသေးသဖြင့် လူတိုင်းတွင် လုပ်ဆောင်ရမည့် ကိုယ်ပိုင်တာဝန်များ ရှိနေကြ၏။

ကော်မတီကလည်း ကတ်စေးနည်းခြင်းမရှိဘဲ အစားအစာများကို အမြောက်အမြား ပံ့ပိုးပေးထားသည်။ အကန့်အသတ်မရှိ ပေးဝေခြင်းမျိုးမဟုတ်သော်လည်း လူတိုင်း ဗိုက်ပြည့်စေရန် သေချာစေရုံသာမက အလုပ်အတွက် ရရှိနိုင်မည့် ပံ့ပိုးမှုရမှတ်များကလည်း များပြားလေသည်။

ဘက်စုံသုံးအဆောက်အအုံအတွင်း၌။

"မင်း တကယ်ပဲ အောင်မြင်သွားတာလား"

ရှန့်ဟုန်ပင်းသည် ဝေကျန့်ကော်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိသည်။

အချို့သော ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မနေ့က ဝမ်ထောင် ပေးခဲ့သော အစိမ်းရောင်အဆင့်တက်အမြုတေကို ဝေကျန့်ကော်အား ပေးရန် လူတိုင်းက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သီအိုရီအရဆိုလျှင် ရှန့်ဟုန်ပင်းသည် စခန်းတွင် ဒုတိယမြောက် အသန်မာဆုံးလူဖြစ်သဖြင့် သူ အသုံးပြုသင့်သော်လည်း သူသည် မိမိ၏ ကံတရားကို တကယ်ပဲ မယုံကြည်သဖြင့် ဤအခွင့်အရေးကို လက်လွှတ်ခဲ့ခြင်း ဖြစ်၏။ ဖုန်းမင်အန်းက အကျိအချွဲအန်အမြုတေကို ပေါင်းစပ်စဉ်ကလည်း ရှန့်ဟုန်ပင်းသည် သူ၏ ကံကို မယုံကြည်သဖြင့် ဖုန်းမင်အန်းကို ပေးခဲ့ခြင်း ဖြစ်သည်။

သူမမျှော်လင့်ထားဘဲ ဝေကျန့်ကော်က အမှန်တကယ် အောင်မြင်သွားခဲ့သည်။

၅၅% သော ဖြစ်နိုင်ခြေ... ဝေကျန့်ကော်သည် ကံကောင်းလှသည်ဟုသာ ဆိုရမည် ။

"ဟားဟား ဟားဟား ၊ ငါ့ရဲ့ ကံတရားက အမြဲတမ်း အတော်လေး ကောင်းမွန်နေကျပဲလေ"

ဝေကျန့်ကော်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"ငါ ခဏနေရင် အပြင်ထွက်ပြီး အထူးဇွန်ဘီတချို့ကို သွားအမဲလိုက်ရင်း ဒုတိယအဆင့်စွမ်းရည်ရဲ့ သက်ရောက်မှုတွေကို စမ်းသပ်ကြည့်ဦးမယ်"

ဝေကျန့်ကော် ယခုတစ်ကြိမ် အောင်မြင်စွာ အဆင့်တက်ခဲ့သော အမြုတေမှာ အရှိန်ပြင်းဝင်တိုက် ဖြစ်သည်။ သူသည် ဒုတိယအဆင့် အရှိန်ပြင်းဝင်တိုက်၏ စွမ်းအားကို အလွန်စမ်းချင်နေလေပြီ။

"ကောင်းပြီလေ၊ ငါပါ လိုက်ခဲ့ရမလား"

ရှန့်ဟုန်ပင်းသည်လည်း ၎င်းကို မျှော်လင့်နေ၏။

"ရတာပေါ့"

သူတို့နှစ်ဦးသည် လက်ရှိတာဝန်များကို လွှဲပြောင်းပေးခဲ့ပြီးနောက် ကားကို မောင်းနှင်ကာ စခန်းအပြင်ဘက်သို့ ထွက်ခွာခဲ့ကြ၏။

"တောက်....လမ်းမတွေပေါ်က အထူးဇွန်ဘီတွေအားလုံး ဘယ်ရောက်ကုန်တာလဲ။ မလိုတဲ့အချိန်ကျရင် နေရာအနှံ့ ရှိနေပြီး လိုတဲ့အချိန်ကျတော့ တစ်ကောင်မှ ရှာမတွေ့ဘူး"

ရှန့်ဟုန်ပင်းသည် ကားအပြင်ဘက်ရှိ အသုံးမဝင်သောဇွန်ဘီများကို ကြည့်ကာ ကျိန်ဆဲနေမိသည်။

ဝေကျန့်ကော်လည်း အနည်းငယ် စိတ်ပျက်နေ၏။ သဘာဝအတိုင်းပင် သူသည် ဇွန်ဘီများစွာ ပေါ်လာသည်ကို မလိုလားသော်လည်း လက်ရှိအချိန်တွင် သူ၏ စွမ်းအားကို စမ်းသပ်ရန် အထူးဇွန်ဘီတစ်ကောင်ကို အမှန်တကယ်တွေ့ချင်နေလေသည်။

"ငါတို့ နောက်ထပ် နည်းနည်းဝေးတဲ့အထိ မောင်းကြည့်ရအောင်"

"ကောင်းပြီလေ"

အနည်းငယ် ထပ်မံမောင်းနှင်ပြီးနောက် ရှန့်ဟုန်ပင်း၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။

"ဟိုမှာ ပေါက်ကွဲဇွန်ဘီတစ်ကောင် ရှိနေတယ်"

မလှမ်းမကမ်းတွင် ရင်ဘတ်မှ အတွင်းကလီစာများ ပွင့်ထွက်နေသော ဇွန်ဘီတစ်

စ်ကောင် ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။

"အဲဒါပဲ"

ဝေကျန့်ကော်သည် ကားပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။ သူသည် လောလောဆယ်တွင် ပေါက်ကွဲဇွန်ဘီနှင့် မီတာသုံးဆယ်ကျော် အကွာအဝေး၌ ရှိနေပြီး ကြားထဲတွင် သာမန်ဇွန်ဘီအချို့ ရှိနေသဖြင့် ပေါက်ကွဲဇွန်ဘီသည် သူ့ကို သဘာဝအတိုင်း သတိမထားမိပါ။

"အဆင်သင့်ပြင်ထား။ တကယ်လို့ ငါက ပေါက်ကွဲဇွန်ဘီကို တစ်ချက်တည်းနဲ့ အပြတ်မသတ်နိုင်ဘဲ အဲဒါက ပေါက်ကွဲသွားမယ်ဆိုရင် ငါ့ကို လာခေါ်ဖို့ ကားကို မြန်မြန်မောင်းလာခဲ့"

ဝေကျန့်ကော်တွင် ယုံကြည်မှု အနည်းငယ် လိုအပ်နေသေး၏။

"စိတ်မပူနဲ့"

ရှန့်ဟုန်ပင်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ ဝေကျန့်ကော်သည် ၎င်းကို သေချာပေါက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ ခံစားရသော်လည်း လိုအပ်သော ပြင်ဆင်မှုများကိုမူ ပြုလုပ်ထားရမည်။

သင့်တော်သောထောင့်တစ်ခုကို ရှာဖွေပြီးနောက် ဝေကျန့်ကော်သည် အရှိန်ပြင်းဝင်တိုက်ခြင်းကို ချက်ချင်း အသက်သွင်းလိုက်၏။

ဝူး -

အလင်းဖြူတစ်ချက် ဖြတ်သန်းသွားပြီးနောက် ပေါက်ကွဲဇွန်ဘီ အပါအဝင် လမ်းကြောင်းပေါ်ရှိ ဇွန်ဘီတိုင်းသည် သွေးမြူခိုးများအဖြစ်သို့ ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။

ပေါက်ကွဲဇွန်ဘီသည် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန်ပင် မည်သည့်အခွင့်အရေးမျှ မရရှိခဲ့ပါ။

"အမေလေး... တကယ်ကို အံ့သြစရာကောင်းလိုက်တာ"

၎င်းကို မြင်သောအခါ ရှန့်ဟုန်ပင်း၏ မျက်နှာသည် အံ့သြချီးမွမ်းခြင်းများဖြင့် ပြည့်နှက်သွားပြီး ကားကို လျင်မြန်စွာ မောင်းလာခဲ့သည်။

အခြားတစ်ဖက်တွင် ဝေကျန့်ကော်သည် သူ၏ရလဒ်ကို အတော်လေး စိတ်လှုပ်ရှားနေမိ၏။

ဒုတိယအဆင့် အရှိန်ပြင်းဝင်တိုက်စွမ်းရည်မှာ အမှန်တကယ်ပင် ထူးခြားလှလေသည်။

သို့သော် ရုတ်တရက် သူ ကြောင်အသွားခဲ့၏။

ဘာလို့ ငါက အခုချက်ချင်းကို ဒုတိယအဆင့်ကို အဆင့်တက်နိုင်ပြီဟု ခံစားနေရတာလဲ။

"အဘိုးကြီးဝေ၊ ဒါက တကယ်ကို မယုံနိုင်စရာပဲ"

ရှန့်ဟုန်ပင်းက ကားမောင်းလာကာ ဝေကျန့်ကော်ကို လက်မထောင်ပြလိုက်သည်။

သို့သော် ဝေကျန့်ကော်က မျက်မှောင်ကုတ်ကာ ရှန့်ဟုန်ပင်းကို ပြောလိုက်၏။

"ငါ ခံစားနေရတာက... ငါ အခုပဲ ဒုတိယအဆင့်ကို အဆင့်တက်လို့ရပြီ ထင်တယ်..."

"ဟ . မင်းက အမြုတေအမျိုးအစားလေးခုကို ပေါင်းစပ်ထားတာလေ၊ ဒုတိယအဆင့်ကို ရောက်ဖို့အတွက် အဆင့်တက်အမြုတေ လေးခု ပေါင်းစပ်ဖို့ မလိုဘူးလား။ ဝမ်ထောင်တုန်းက အဲဒီလိုပဲလေ"

ရှန့်ဟုန်ပင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"ဒါပေမဲ့ ငါက အချိန်မရွေး ဒုတိယအဆင့်ကို အဆင့်တက်နိုင်တယ်လို့ ခံစားနေရတာပဲ... ငါ ပိုပြီး သေချာအောင် ခံစားကြည့်လိုက်ဦးမယ်"

ဝေကျန့်ကော်သည် ပေါက်ကွဲဇွန်ဘီ၏ အမြုတေကို ကောက်ယူကာ ကားထဲသို့ ဝင်လိုက်၏။

ကားထဲတွင် ခေတ္တမျှ သေချာစွာ ခံစားကြည့်ပြီးနောက် သူက ပိုင်နိုင်စွာပြောလိုက်သည်။

"ဒါက သေချာပေါက် အမှန်ပဲကွ။ ငါ အခုပဲ ဒုတိယအဆင့်ကို အဆင့်တက်လို့ရတယ်၊ ပြီးတော့ ၂၄ နာရီကြာအောင် အိပ်စက်ဖို့ မလိုဘူး - ၆ နာရီပဲ လိုအပ်တယ်။ ပြီးတော့ ငါ တိုးတက်မှုရရှိပြီးတဲ့နောက် ဒီအရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို ဖျက်ပစ်ဖို့ ဒါမှ

မဟုတ် အခြားသူတစ်ဦးကို လွှဲပြောင်းပေးဖို့ ရွေးချယ်နိုင်တယ်လို့ ခံစားရတယ်..."

ဝေကျန့်ကော်၏ ခံစားမှုမှာ ဝမ်ထောင် ခံစားခဲ့ရသည်နှင့် အနည်းငယ် တူညီလှသည်။ သူသည် အဆင့်တက်ရန် မည်သည့်အချိန်ကိုမဆို ရွေးချယ်နိုင်ပြီး စွမ်းရည်များကို ဖျက်ပစ်ရန် သို့မဟုတ် လွှဲပြောင်းပေးရန် ရွေးချယ်မှုများကိုလည်း ခံစားနေရ၏။

သို့သော် သုံးရက်အတွင်း အချိန်တစ်ခုကို ရွေးချယ်ရမည့် ဝမ်ထောင်နှင့်မတူဘဲ သူ့တွင် ထိုကဲ့သို့သော အချိန်ကန့်သတ်ချက်မျိုး မရှိချေ။ သူ အလိုရှိသည့် အချိန်မရွေး အဆင့်တက်နိုင်၏။

ထို့ပြင် ဝမ်ထောင်သည် သူ၏ မည်သည့်စွမ်းရည်ကိုမဆို ဖျက်ပစ်ရန် သို့မဟုတ် လွှဲပြောင်းပေးရန် ခံစားခဲ့ရသော်လည်း ဝေကျန့်ကော်မှာမူ သူ၏ တစ်ခုတည်းသော ဒုတိယအဆင့်စွမ်းရည်ဖြစ်သော အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကိုသာ ဖျက်ပစ်ရန် သို့မဟုတ် လွှဲပြောင်းပေးရန် ရွေးချယ်နိုင်၏။ ပထမအဆင့်စွမ်းရည်များကိုမူ ဖျက်ပစ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။

" မင်းက တကယ်ပဲ အဆင့်တက်နိုင်တာလား၊ ပြီးတော့ ဝမ်ထောင်နဲ့လည်း မတူဘူးပေါ့။ ဝမ်ထောင်က ငါတို့ကို လိမ်ပြောမှာမဟုတ်ပါဘူး။ မဟုတ်ရင် သူ အစောကြီးကတည်းက အဆင့်တက်မှာပေါ့ ၊ ခုလို အသက်ဆုံးရှုံးလုနီးပါး ဖြစ်မှာမဟုတ်ဘူး... ဒါဆိုရင် မင်းတို့နှစ်ယောက်က မတူတာများလား.."

ရှန့်ဟုန်ပင်းသည် သူ၏ ခေါင်းကို ကုတ်နေမိသည်။ အကြောင်းရင်းကို မသိသော်လည်း ရလဒ်ကိုမူ သိရှိထားပြီ ဖြစ်၏ ။

ဝမ်ထောင်သည် အဆင့်တက်အမြုတေ လေးခု လိုအပ်ပြီး လေးခုစလုံး စုဆောင်းမိပါက သုံးရက်အတွင်း အဆင့်တက်ရမည်ဖြစ်ကာ သို့မဟုတ်ပါက အလိုအလျောက် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ဝေကျန့်ကော်မှာမူ အဆင့်တက်ရန် အမြုတေတစ်ခုသာ လိုအပ်ပြီး အချိန်ကန့်သတ်ချက်မရှိချေ..ဟ. ဝမ်ထောင်က ပို၍သန်မာသည်မှာ လူတိုင်းအသိဖြစ်ရာ ဤအရာက သန်မာခြင်းအတွက် ပေးဆပ်ရသော တန်ဖိုး ဖြစ်နေသလား။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မငြင်းခုံကြပါ ။ ၄င်းက ကြီးမားသော ကိစ္စမဟုတ်ချေ။ ဝမ်ထောင် အဆင့်တက်ခြင်း ပြီးမြောက်သွားပါက

သူတို့သည် သူနှင့် စကားပြောကြည့်ကာ

ပို၍ သိရှိနိုင်မည် ဖြစ်သည်။

"မင်း အဆင့်တက်နိုင်ပြီဆိုတော့ ဘယ်အချိန်မှာ စတင်ဖို့ စိတ်ကူးထားလဲ"

ရှန့်ဟုန်ပင်းက မေးလိုက်၏။

"ဟီး.. ငါ မစောင့်နိုင်တော့ဘူး။ ငါ အခုပဲ ပြန်ပြီး အဆင့်တက်ဖို့ ကြိုးစားလိုက်မယ်။ ငါက ဝမ်ထောင်ထက်တောင် အရင် ဒုတိယအဆင့်ကို ရောက်သွားနိုင်တယ်"

ဝေကျန့်ကော်က အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် အခုပဲ ပြန်ကြရအောင်"

ရှန့်ဟုန်ပင်းသည် စခန်းသို့ ချက်ချင်း ပြန်မောင်းခဲ့၏။

တစ်ချိန်တည်းမှာပင် ရွှေကျဲတောင်၏ ခြေရင်း၌....

တစ်ကိုယ်လုံးမှ အစိမ်းရောင်ဓာတ်ငွေ့များ ထွက်ပေါ်နေသော ဇွန်ဘီတစ်ခုသည် တောအုပ်ထဲမှ ထွက်လာခဲ့သည်။

"ဂါး....ဂါး.."

ဇွန်ဘီသည် သူ၏ ခေါင်းကို စောင်းလိုက်ပြီးနောက် တောင်အရပ်သို့ စတင်ရွေ့လျားလေသည်။

ထို့နောက် ဒုတိယတစ်ကောင် ..ပေါ်လာ၏။ တဖန် တတိယတစ်ကောင်ထပ်ပေါ်လာပြန်၏။ထို့နောက်.. အစိမ်းရောင်ဓာတ်ငွေ့များ ထွက်ပေါ်နေသော မရေမတွက်နိုင်သည့် ဇွန်ဘီများသည် ဆင်တိုက်လိုလို တောအုပ်ထဲမှ ထွက်ပေါ်လာကြပြီး အားလုံးက တောင်အရပ်သို့ ဦးတည်နေကြ၏... ။

ဝေကျန့်ကော်တို့ စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် မွန်းတည့် ၁၂ နာရီ တိတိ ရှိနေပြီ ဖြစ်သည်။

အစားအစာအနည်းငယ်ကို လျင်မြန်စွာ စားသောက်ပြီးနောက် ဝေကျန့်ကော်သည် ဒုတိယအဆင့်သို့ အဆင့်တက်ခြင်းကို စတင်ရန် ဆုံးဖြတ်လိုက်၏။

"ငါ အခုပဲ အဆင့်တက်ခြင်းကို စတင်လိုက်မယ်။ ညနေ ၆ နာရီဆိုရင်တော့ နိုးလာသင့်ပြီ"

သူသည် အဆင့်တက်အမြုတေတစ်ခုတည်းကို ပေါင်းစပ်ခြင်းဖြင့် ဒုတိယအဆင့်သို့ အဆင့်တက်နိုင်သဖြင့် အခြားအရာများကို ထပ်ရှာရန် မလိုအပ်တော့ပါ။

အဆင့်တက်အမြုတေ လေးခုကို အသုံးပြုလျင်တော့ သူ၏ စွမ်းရည်လေးခုစလုံးကို ဖျက်ပစ်ရန် သို့မဟုတ် အခြားသူများထံ လွှဲပြောင်းပေးရန် ခွင့်ပြုနိုင်သည်ဟု သူ ခန့်မှန်းနိုင်သော်လည်း ၎င်းက လုံးဝ မလိုအပ်ပါ။

သူသည် မိမိ၏ စွမ်းရည်များကို အထင်မသေးပေ။ အရှိန်ပြင်းဝင်တိုက်ကဲ့သို့သော စွမ်းရည်မျိုးအတွက်ပင် သူသာ ရူးသွပ်မသွားပါက ၎င်းကို ဖျက်ပစ်ခြင်း သို့မဟုတ် အခြားသူတစ်ဦးထံ လွှဲပြောင်းပေးခြင်းမျိုး ဘယ်တော့မှ ပြုလုပ်မည်မဟုတ်ပေ။

ထို့ကြောင့် သူ အဆင့်တက်နိုင်လေပြီ။။

အခြားကော်မတီဝင်များမှ ထိုအကြောင်း ကြာပြီးနောက် အံ့သြသွားကြ၏။

ဝမ်ထောင်နှင့် မတူညီသော်လည်း ဝေကျန့်ကော် ယခုလို အဆင့်တက်ရန် ရွေးချယ်ခြင်းအပေါ် လူတိုင်းက ထောက်ခံကြသည်။

စခန်းတွင် ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ပိုရှိနေခြင်းက ခွန်အားတစ်ခု ပိုတိုးတက်လာခြင်း မဟုတ်ပါလား။

အိမ်သို့ ပြန်ရောက်ပြီးနောက် ဝေကျန့်ကော်သည် အဆင့်တက်ခြင်းအတွက် လိုအပ်သော နှစ်ခြိုက်စွာအိပ်စက်ခြင်းထဲသို့ မကြာမီပင် ကျရောက်သွားခဲ့တော့သည်။

ညနေ ၄ နာရီ။

အမိုးပေါ်တွင် ကင်းစောင့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်မိ၏။

"အဲဒါ ဘာကြီးလဲ..."

သူသည် သူ၏ မှန်ပြောင်းကို လျင်မြန်စွာ ကောက်ယူကာ စခန်း၏ မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ သေသေချာချာ မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ချွေးစေးများ ပြန်လာခဲ့၏။

"ဒုက္ခပဲ။ မြောက်ဘက်ကနေ ဇွန်ဘီတွေ အများကြီး လာနေကြပြီ။ အများကြီးပဲ"

လုံခြုံရေးတပ်ဖွဲ့ဝင်သည် သတင်းပို့ရန် သူ၏ ဝေါကီတော်ကီကို လျင်မြန်စွာ နှိပ်လိုက်တော့သည်။

ခေတ္တမျှကြာသော် အေးချမ်းနေသော စခန်းလေးသည် ထိတ်လန့်ခြောက်ခြားမှုလေထုထဲသို့ ကျရောက်သွားခဲ့၏။

စခန်းသည် မနေ့ကတင် ဇွန်ဘီများ၏

အပြင်းအထန်တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့ကာ လူတိုင်းက စိတ်ဒဏ်ရာရရှိထားကြဆဲ ဖြစ်သည်။

"အခြေအနေက ဘာလဲ။ ဇွန်ဘီ ဘယ်လောက်တောင် ရှိလို့လဲ"

ပေါက်ဓားပစ်ခြင်းကို လေ့ကျင့်နေသော ရှန့်ဟုန်ပင်းသည် ပေါက်ဓားများကို လျင်မြန်စွာ ချလိုက်ပြီး ဘက်စုံသုံးအဆောက်အအုံ၏ အမိုးပေါ်သို့ ရောက်ရှိလာခဲ့သည်။

"ကော်မတီဝင်ရှန့်၊ မြောက်ဘက်ကို ကြည့်လိုက်ပါဦး"

လုံခြုံရေးတပ်ဖွဲ့ဝင်က သူ့ကို မှန်ပြောင်း ကမ်းပေးလိုက်၏။

"မအေ......."

ရှန့်ဟုန်ပင်းမှာ ဒေါသတကြီးဖြင့်

အော်ဆဲမိသွားလေသည်။

မှန်ပြောင်းမှတစ်ဆင့် သူသည် သိပ်သည်းကျပ်ညပ်နေသော ဇွန်ဘီအုပ်ကြီးကို မြင်လိုက်ရ၏။ ထို့ပြင် ၎င်းတို့သည် ခန္ဓာကိုယ်မှ အစိမ်းရောင်ဓာတ်ငွေ့များ ထွက်ပေါ်နေသော ဇွန်ဘီအမျိုးအစားသစ်များ ဖြစ်ကြသည်။

၎င်းတို့သည် မြစ်ကြီးပေါ်ရှိ တံတားကို ဖြတ်ကျော်ခဲ့ကြပြီး စခန်း၏ မြောက်ဘက်တံခါးသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြ၏။

ရွှေကျဲစခန်းသည် မူလက ရွှေကျဲတက္ကသိုလ်ဖြစ်သဖြင့် တံခါးအချို့ ရှိသော်လည်း အခြားတံခါးများကို ပိတ်ဆို့ထားပြီး တောင်ဘက်ရှိ ပင်မတံခါးမကြီးသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

"ဒီဇွန်ဘီတွေအားလုံး ဘယ်ကနေ ရောက်လာတာလဲ"

ရှန့်ဟုန်ပင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။ သူသည် ရွှေကျဲခရိုင်ကို အကြိမ်ကြိမ် ပတ်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော ဇွန်ဘီအမျိုးအစားကို တစ်ကောင်မှပင် မမြင်ဖူးခဲ့ချေ၊ယခုတော့ အုပ်လိုက်ကြီးပေါ်လာ၏။

ရန်ကျဲနှင့် အခြားသူများလည်း လျင်မြန်စွာ တက်လာခဲ့သည်။

"ငါ အသက်ရှင်ကျန်ရစ်သူ အများစုကို ဘက်စုံသုံးအဆောက်အအုံထဲမှာ သွားပုန်းနေဖို့ သတိပေးချက် ထုတ်ပြန်ထားပြီးပြီ။ ဝမ်ထောင်နဲ့ အဘိုးကြီးဝေတို့ကိုလည်း ဒီကို ရွှေ့ထားပြီးပြီ... ဘာဖြစ်နေတာလဲ"

ဇွန်ဘီအုပ်ကြီး စခန်းသို့ ဦးတည်လာနေသည်ဟူသော သတင်းကို ရန်ကျဲ ကြားလိုက်ရချိန်တွင် သူသည် တိုက်ခိုက်ရေးစွမ်းရည်မရှိသူ အသက်ရှင်ကျန်ရစ်သူများကို ဘက်စုံသုံးအဆောက်အအုံသို့ သွားရောက်ရန်အမိန့်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။

သူတို့သည် ပြီးခဲ့သည့်အကြိမ်ကတည်းက သင်ခန်းစာ ရရှိထားကြသည်။ အကယ်၍ ဂေါ်ရီလာဇွန်ဘီနှင့် တိုးခဲ့စဉ်က သူတို့ ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်ခဲ့လျှင် လူတစ်ရာကျော် သေဆုံးခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းကို စီစဉ်ပြီးမှသာ ဤနေရာသို့ ပြေးတက်လာခဲ့ခြင်း ဖြစ်၏။

လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကျဲထံသို့ မှန်ပြောင်းကို လျင်မြန်စွာ ကမ်းပေးလိုက်သည်။

"..."

ရန်ကျဲသည် မှန်ပြောင်းမှတစ်ဆင့် ဇွန်ဘီအုပိကြီးကို မြင်ပြီးနောက် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ ကျိန်ဆဲလိုက်၏။

"ကျိန်စာပဲ...."

စခန်း၏ မြောက်ဘက်တံခါးရှိ ဇွန်ဘီအရေအတွက်မှာ ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ ရှိနေပုံရသည်။

ဒီလောက်များတဲ့ ဇွန်ဘီတွေက ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ။

ထို့ပြင် သူသည် ဤကဲ့သို့သော ဇွန်ဘီအမျိုးအစားကို ယခင်က မမြင်ဖူးသဖြင့် ၎င်းတို့၏ ခွန်အားကို မသိရှိပါ။ထိုဇွန်ဘီများအားလုံး သည် ဒုတိယအဆင့်များ ဖြစ်နိုင်ခြေမရှိသော်လည်း ၎င်းတို့က သာမန်ဇွန်ဘီများနှင့် သိသိသာသာ ကွဲပြားနေ၏... အကယ်၍ ၎င်းတို့အားလုံး ပထမအဆင့် အထူးဇွန်ဘီများ ဖြစ်နေကြပါက ရူးသွပ်ဇွန်ဘီများထက်ပင် ပိုမိုထိတ်လန့်စရာ ကောင်းမှာအသေအချာပင်။

ယခုအခါ ကျေးဇူးတင်ရမည့် တစ်ခုတည်းသောအချက်မှာ သူတို့က စခန်း၏ ကာကွယ်ရေးများကို ပြုပြင်ထားပြီးဖြစ်ကာ ဤအုပ်စုထဲတွင် ဂေါ်ရီလာဇွန်ဘီကဲ့သို့သော ခန္ဓာကိုယ်ကြီးမားသောဇွန်ဘီများ ပါဝင်ခြင်းမရှိခြင်းပင်။ ထို့ကြောင့် သီအိုရီအရ စခန်းသည် ၎င်းတို့ကို တားဆီးနိုင်သင့်သည်... ။

"နေဦး...သူတို့က ရွှေကျဲတောင်ကနေ လာနေကြတာပဲ။ ဝမ်ထောင် ပြောခဲ့တာ ငါမှတ်မိတယ်၊ ရွှေကျဲတက္ကသိုလ်က ကျောင်းသားတွေအားလုံး ရွှေကျဲတောင်ပေါ်မှာ ရှိနေခဲ့ကြတာတဲ့။ ဒါတွေအားလုံးက ရွှေကျဲတက္ကသိုလ်က ကျောင်းသားတွေ ဖြစ်နေနိုင်မလား"

လူကန်းက ရုတ်တရက် ပြောလိုက်၏။

သူတို့ စခန်းသို့ ပထမဆုံး ရောက်ရှိချိန်တွင် ရွှေကျဲတက္ကသိုလ်၌ လူ သို့မဟုတ် ဇွန်ဘီများ မရှိခဲ့ပါ။ တက္ကသိုလ်သည် အဆောက်အအုံအချို့ကို ပြုပြင်မွမ်းမံနေခြင်းဖြစ်သော်လည်း ညံ့ဖျင်းသောလက်ရာကြောင့် ဖြစ်နိုင်သည်၊ အနံ့အသက်များက မပျောက်ကွယ်သဖြင့် ကျောင်းသားများကို ရက်အနည်းငယ် အားလပ်ရက် ပေးထားခဲ့သည်ဟု ကြားသိခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် ဝမ်ထောင်ထံမှ ကြားသိရသည်မှာ ကျောင်းက အားလပ်ရက်ဟု ပြောထားသော်လည်း ၎င်းတို့က ကွင်းဆင်းလေ့လာရေးခရီးတစ်ခုကို စီစဉ်ခဲ့ပြီး ကျောင်းနောက်ဘက်ရှိ ရွှေကျဲတောင်ပေါ်သို့ ကျောင်းသားအများအပြားကို ပုံကြမ်းဆွဲခြင်းနှင့် ပစ္စည်းများ စုဆောင်းရန်အတွက် စေလွှတ်ခဲ့ကာ ကောက်ခံသည့် အခကြေးငွေကလည်း မနည်းလှပေ။

ဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်တွင် ကျောင်းသားအများအပြား တောင်ပေါ်၌ ရှိနေဆဲ ဖြစ်သည်။ ရွှေကျဲတက္ကသိုလ်တွင် ကျောင်းသား နှစ်သောင်းကျော် ရှိနေခဲ့ရာ... ထိုတောင်ပေါ်တွင် ဇွန်ဘီ မည်မျှလောက် ရှိနေမည်နည်း။

လူကန်း၏ စကားကို ကြားသောအခါ အခြားသူများလည်း ထိုဖြစ်နိုင်ခြေကို သဘောပေါက်သွားကြသည်။

မှန်ပြောင်းကို ယူကာ သေသေချာချာကြည့်လိုက်သောအခါ ​ ဇွန်ဘီများ၏ မျက်နှာကို သေချာစွာ မမြင်ရတော့သော်လည်း ၎င်းတို့၏ ဝတ်စုံများမှာ အတော်လေး ငယ်ရွယ်ပြီး စတိုင်ကျလှသည်။ ၎င်းတို့က ရွှေကျဲတက္ကသိုလ်မှ ကျောင်းသားများ အမှန်တကယ် ဖြစ်နေနိုင်၏...။

"ဒီဇွန်ဘီတွေ... သူတို့ကျောင်းကို ပြန်လာသိမ်းတာတော့ မဟုတ်ပါဘူးနော်"

ရှန့်ဟုန်ပင်းက ပြက်လုံးတစ်ခု ထုတ်လိုက်သော်လည်း မည်သူမှ မရယ်နိုင်ပါ။

"အခု ငါတို့ ဘာလုပ်သင့်လဲ"

လူကန်းက မျက်မှောင်ကုတ်ကာ မေးလိုက်၏။

ဇွန်ဘီများ ရောက်ရှိလာသည့် အချိန်ကိုက်မှုက တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။ ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့ နှစ်ဦးစလုံးက အဆင့်တက်နေကြသဖြင့် စခန်း၏ အသန်မာဆုံး တိုက်ခိုက်ရေးသမားနှစ်ဦးစလုံး မရှိနိုင်ဘဲ ဖြစ်နေ၏... ။ရန်ကျဲသည် ရှန့်ဟုန်ပင်းထံသို့ လှည့်လိုက်သည်။ ရှန့်ဟုန်ပင်းသည် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သဖြင့် ၎င်းတို့ တိုက်ခိုက်နိုင်မလားဆိုသည်ကို သူသာ သိနိုင်လိမ့်မည်။

"ငါတို့ လောလောဆယ် စခန်းအထဲကနေပဲ ယာယီ ကာကွယ်ရမယ်။ သူတို့မှာ ခန္ဓာကိုယ်ကြီးမားတဲ့ ဇွန်ဘီတွေမပါလို့ ငါတို့ရဲ့ ကာကွယ်ရေးကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ အဘိုးကြီးဝေနဲ့ ဝမ်ထောင်တို့ နိုးလာတဲ့အထိ စောင့်ကြတာပေါ့... ဒါပေမဲ့ ဘေးကင်းဖို့အတွက် တိုက်ခိုက်ရေးစွမ်းရည်မရှိသူတွေကို ဘက်စုံသုံးအဆောက်အအုံထဲမှာပဲ ဆက်ထားလိုက်"

"ကောင်းပြီလေ"

ယခုဇွန်ဘီများက တောင့်တင်းနေပုံရသော်လည်း ၎င်းတို့၏ လမ်းလျှောက်နှုန်းက မနှေးလှပေ။ မိနစ်နှစ်ဆယ်မပြည့်မီမှာပင် ၎င်းတို့သည် စခန်း၏ မြောက်ဘက်တံခါးသို့ ရောက်ရှိလာခဲ့ကြသည်။

မြောက်ဘက်တံခါးကို လုံးဝ ပိတ်ဆို့ထားပြီး စခန်းအတွင်းရှိ လူများပင် ဖွင့်၍မရပါ။ မြင့်မားသော ပတ်လည်တံတိုင်းများနှင့် ပေါင်းစပ်လိုက်သောအခါ ဇွန်ဘီများ ဝင်ရောက်ရန် နည်းလမ်းမရှိချေ။

ရှန့်ဟုန်ပင်းနှင့် အခြားသူများ မူလက ထင်မှတ်ထားခဲ့ကြသည်မှာ ဤဇွန်ဘီများသည် သာမန်ဇွန်ဘီများကဲ့သို့ နေရာတစ်ခုတည်းတွင်သာ စုပြုံအော်ဟစ်နေပြီး လိုက်လျောညီထွေဖြစ်အောင် မလုပ်ဆောင်နိုင်ဘဲ စောင့်ဆိုင်းနေကြလိမ့်မည်ဟူ၍ ဖြစ်သည်။

သို့သော် သူတို့ အံ့အားသင့်သွားရသည်မှာ ဝင်ရောက်၍မရသည်ကို တွေ့ရှိပြီးနောက် ဇွန်ဘီများသည် မြောက်ဘက်တံခါးတွင်သာ ဆက်လက်စောင့်ဆိုင်းမနေကြပါ။ ယင်းအစား ၎င်းတို့သည် စခန်းတစ်ခုလုံးကို ဖြည်းည်းချင်း စတင်ပတ်ပတ်လည် ဝိုင်းရံလာခဲ့ကြတော့သည်။

၎င်းကို မြင်သောအခါ လူတိုင်းတွင် အတိတ်နိမိတ်မကောင်းသောခံစားမှုတစ်ခု ရှိလာခဲ့သည်။ စခန်းက အလွန်ကြီးမားသဖြင့် တစ်ချို့နေရာများ၌ ကာကွယ်ရေးတွင် အားနည်းချက်များ ရှိနေသည်။ အကယ်၍ ဇွန်ဘီများက တစ်ခုခုကို ရှာဖွေတွေ့ရှိသွားပါက... ။

ကံကောင်းထောက်မစွာဖြင့် စခန်းကို ဝိုင်းရံပြီးနောက် ဇွန်ဘီများသည် ရမ်းသန်းအော်ဟစ်ရုံသာ ပြုလုပ်ကြပြီး ရူးသွပ်ဇွန်ဘီများကဲ့သို့ တံတိုင်းများကို ကျော်တက်ရန် မကြိုးစားကြပါချေ။ ဇွန်ဘီများ ကျော်တက်လခြင်း မရှိပုံရသည်ကို မြင်ရမှ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။

သို့သော် နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် -။

ညနေ ၅ နာရီတွင် - ။

ရှန့်ဟုန်ပင်း၏ မျက်နှာက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့၏။

စခန်းအတွင်း၌ ဖျော့တော့သောအစိမ်းရောင်မြူခိုးများကို မြင်တွေ့လာရသောကြောင့်

ဖြစ်၏။

"ဒီဇွန်ဘီတွေက... အဆိပ်ရှိတယ်... အဟွတ်၊ အဟွတ်..."

သူသည် ရုတ်တရက် ပိုမိုအားနည်းသွားသလို ခံစားလိုက်ရပြီး ပြင်းထန်စွာချောင်းဆိုးလာ၏။။

ထိုမြူခိုးများကို ရှူရှိုက်မိသူတိုင်းသည် အားနည်းဆေးရည် မိထားသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် အင်အားချို့နဲ့ကာ ချောင်းဆိုးလာကြသည်။

"နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ဖို့ ပုဝါတွေကို ရေစွတ်ပြီး မြန်မြန်အသုံးပြုကြ.."

ရန်ကျဲက အမိန့်ပေးလိုက်၏။

၎င်းက အလုပ်ဖြစ်မဖြစ် သူ မသိသော်လည်း လောလောဆယ် သူတို့ လုပ်ဆောင်နိုင်သည်က ထိုနည်းလမ်းသာရှိ၏။

စခန်းတွင် အန္တရာယ်ကာကွယ်ရေးဝတ်စုံများကဲ့သို့သော အသုံးအဆောင်အချို့ ရှိနေသဖြင့် ရှန့်ဟုန်ပင်းက လူတိုင်း ဝတ်ဆင်ရန်အတွက် ၎င်းတို့ကို လျင်မြန်စွာ ရှာဖွေပေးခဲ့သည်။

အဆိပ်ငွေ့ကာမျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက် ရှန့်ဟုန်ပင်းသည် အတော်လေး သက်သာသွားသလို ခံစားရပြီး ချောင်းဆိုးခြင်းလည်း ရပ်တန့်သွားခဲ့၏။ အားနည်းနေသောအခြေအနေက ချက်ချင်း ပျောက်ကွယ်မသွားသော်လည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေသည်။

" ဒီဇွန်ဘီတွေ မဝင်နိုင်သေးတာ ကံကောင်းတယ်"

သူ စကားမဆုံးမီမှာပင် ဖျော့တော့သောအစိမ်းရောင်မြူခိုးများ ထွက်ပေါ်နေသော ဇွန်ဘီများထဲမှ လျင်မြန်ဖြတ်လတ်ပုံရသော ဇွန်ဘီအချို့ ပင်မတံခါးမကြီးသို့ ရုတ်တရက် ပေါ်ပေါက်လာပြီး ၎င်းကို စတင်တွန်းနေကြသည်ကို သူ မြင်လိုက်ရသည်။ ၎င်းတို့က ပိုမိုများပြားသော ဇွန်ဘီများကို ဆွဲဆောင်လိုက်ကြ၏။ မကြာမီမှာပင် တောင်ဘက်တံခါးရှေ့ရှိ ဧရိယာတစ်ခုလုံးတွင် ဇွန်ဘီများ ပြည့်နှက်သွားတော့သည်။

တံခါးမှာ ဂေါ်ရီလာဇွန်ဘီ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖာထေးထားရုံသာ ရှိသေးသဖြင့် ၎င်း၏ ကာကွယ်ရေးခွန်အားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပါ။

ထို့နောက် လူတိုင်းသည် ဇွန်ဘီများက တံခါးကို ဝိုင်းတိုးကာ ပုံပျက်သွားစေသည်ကို အကူအညီမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ကြရသည်။

ကျယ်လောင်သော "ဒုန်း" ကနဲ အသံနှင့်အတူ တံခါးမှာ ပျက်စီးပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

"ဂါး...ဂါး.."

အစိမ်းရောင်မြူခိုးများ ထွက်ပေါ်နေသော ဇွန်ဘီအုပ်ကြီးသည် စခန်းအတွင်းသို့ ဝင်ရောက်လာကြသည်။ စခန်းအတွင်းရှိ အစိမ်းရောင်မြူခိုးများမှာ ပိုမို၍ ထူထပ်လာ၏။

ဇွန်ဘီများသည် ဘက်စုံသုံးအဆောက်အအုံ၏ ခြေရင်းသို့ ရောက်ရှိလာကြပြီး အစိမ်းရောင်မြူခိုးများက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားတော့သည်။

"သွားပြီ... ငါတို့ အပြင်ကို မဖောက်ထွက်နိုင်ရင် အဆိပ်မိပြီး သေကုန်လိမ့်မယ်"

--------

All Chapters