အခန်း ၁၅၁
Vol. 14 Ch. 151
အခန်း ၁၅၁ - အစွမ်းသစ်တစ်ခုကို ပေါင်းစပ်ခြင်း
ဝေကျန့်ကော်သည် မိမိမျက်လုံးကို မိမိမယုံကြည်နိုင်သဖြင့် ပွတ်သပ်လိုက်မိ၏။
"တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...သောက်ခွေး..။ ဒုတိယအဆင့်ဇွန်ဘီ ၁၁ ကောင်တောင်လား။ တကယ်ကြီးလား ။ ရွှေကျဲခရိုင်ထဲက ဒုတိယအဆင့်ဇွန်ဘီတွေ အားလုံး ရှင်းသွားပြီ မဟုတ်ဘူးလား။ ဒါတွေက ဘယ်ကနေ ရောက်လာတာလဲ"
သူ နိုးလာချိန်တွင် စခန်းကို ဇွန်ဘီများ ဝိုင်းရံထားသည်ကို တွေ့ရသဖြင့် အခြေအနေကို အကျဉ်းချုပ် နားထောင်ပြီးသည်နှင့် ချက်ချင်း ပြေးထွက်လာခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုဇွန်ဘီများ ဘယ်ကနေ ရောက်ရှိလာသည်ကို သူ အခုထိ မသိသေးပေ။
ယခုအချိန်သည် ဇွန်ဘီများ မည်သည့်နေရာမှ ရောက်လာသည်ကို တွေးတောနေရမည့်အချိန် မဟုတ်ပါ။ ဤမျှများပြားလှသော ဒုတိယအဆင့်ဇွန်ဘီများကို မည်သို့ရင်ဆိုင်ရမည်ဆိုသည်ကိုသာ စဉ်းစားရမည့်အချိန် ဖြစ်သည်။
တိုက်ခိုက်ရမလား။
ဒုတိယအဆင့်ဇွန်ဘီ ၁၁ ကောင်တောင် ရှိနေ၏။ သူ တစ်ယောက်တည်းနှင့် ထိုအကောင်အားလုံးကို အနိုင်တိုက်နိုင်ရန် မဖြစ်နိုင်ပေ။
ထွက်ပြေးရမလား။
ဝေကျန့်ကော်သည် မိမိနောက်ရှိ မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသော မျက်ဝန်းများကို ပြန်ကြည့်လိုက်ရာ သူ မပြေးရက်တော့ပေ။ သူသည် မိမိအသက်တစ်ချောင်းအတွက် စခန်းကို စွန့်ပစ်ကာ တစ်ယောက်တည်း ထွက်ပြေးမည့်လူစားမျိုး မဟုတ်ပေ။
ထို့အပြင် အမှန်အတိုင်းပြောရလျှင် သူ ထွက်ပြေးနိုင်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။
"ထားလိုက်တော့၊ သူတို့ရဲ့ ခွန်အားကို အရင် စမ်းကြည့်ရတာပေါ့"
ဝေကျန့်ကော်သည် အစောပိုင်းက သူ နောက်သို့ လွင့်စင်အောင် တိုက်ခိုက်ခဲ့သော ဒုတိယအဆင့်ဇွန်ဘီကောင်ကို ပစ်မှတ်ထားကာ အရှိန်ပြင်းဝင်တိုက်ခြင်း စွမ်းရည်ကို အသက်သွင်းလိုက်၏။
ဝူး—
ဒုန်း—
သူသည် ထိုဇွန်ဘီကို တိကျစွာဖြင့် နောက်တစ်ကြိမ် ဆောင့်တိုက်လိုက်ပြန်သည်။
"ဂါး... ဂရား.."
ထိုဒုတိယအဆင့်အဆိပ်မြူဇွန်ဘီသည် အတိုက်ခံရသဖြင့် အနည်းငယ် ကြောင်အမ်းသွားသော်လည်း ယခုတစ်ကြိမ်တွင်မူ လဲကျမသွားပေ။
ဝေကျန့်ကော်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ ပုဆိန်ကို မြှောက်ကာ အဆိပ်မြူဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ ခုတ်ချလိုက်၏။
ခွပ်—
ဝေကျန့်ကော်သည် အရိုးကျိုးသွားသည့်အသံကို ကြားလိုက်ရသည်ဟု ထင်လိုက်သော်လည်း အဆိပ်မြူဇွန်ဘီသည် အားနည်းသောအကောင်မဟုတ်ပေ။ ၎င်းသည် လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်ကာ ဝေကျန့်ကော်ကို ရုတ်တရက် တင်းကျပ်စွာ ဖက်လိုက်ပြီးနောက် သူ၏ လည်ပင်းကို ကိုက်ရန် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်၏။
ဝေကျန့်ကော်သည် အဆိပ်မြူဇွန်ဘီ၏ လက်မောင်းများက သံကွင်းများကဲ့သို့ သူ့ကို ချုပ်နှောင်ထားသည်ဟု ခံစားလိုက်ရသည်။
"အား... ငါ့အပေါ်ကနေ ဖယ်စမ်း"
ဝေကျန့်ကော်သည် မိမိ၏ ခွန်အားအားလုံးကို ထုတ်သုံးကာ ဇွန်ဘီ မကိုက်မိခင် ၎င်း၏ ဖက်ထားမှုမှ ရုန်းထွက်လိုက်ပြီးနောက် ရင်ဘတ်ကို ပြင်းထန်စွာ ကန်ထည့်လိုက်၏။
ဒုန်း—
ဇွန်ဘီ လွင့်စင်သွားသည်။
ဝေကျန့်ကော်သည် အသာစီးရခိုက်တွင် ထပ်ဆင့်တိုက်ခိုက်လိုက်၏။ ဇွန်ဘီ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် သူသည် ၎င်း၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်ကာ ပုဆိန်ကို မြှောက်၍ ဦးခေါင်းခွံကို ထပ်မံခုတ်ချလိုက်သည်။
ခွပ်—
နောက်ထပ် အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာ၏။
ဝေကျန့်ကော်သည် နောက်တစ်ချက် ထပ်ခုတ်လိုက်ရုံဖြင့် ဤဇွန်ဘီ သေဆုံးသွားမည်ကို သိသည်။
သို့သော် ထိုအချိန်တွင် အခြားဒုတိယအဆင့်ဇွန်ဘီများ ရောက်ရှိလာပြီ ဖြစ်၏။
တကယ်လို့ သူက နောက်တစ်ချက် ထပ်ခုတ်မည်ဆိုပါက ၎င်းတို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
မျက်တောင်ခတ်ရုံမျှ အချိန်အတွင်း ဝေကျန့်ကော်သည် စိတ်ကို တင်းပစ်လိုက်ပြီး တတိယအကြိမ်အဖြစ် ပုဆိန်ကို ပြင်းထန်စွာ ခုတ်ချလိုက်၏။
ဒုတ်—
ဇွန်ဘီ၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး ချက်ချင်းပင် ရုန်းကန်ခြင်း ရပ်တန့်သွားသည်။
ထိုအချိန်တွင် အခြားသော ဒုတိယအဆင့်ဇွန်ဘီ အနည်းငယ်က ဝေကျန့်ကော်ကို ဝိုင်းရံထားပြီး ဖြစ်၏။ ၎င်းတို့သည် လက်မောင်းများကို ပြိုင်တူလွှဲကာ နက်မှောင်သော လက်သည်းများဖြင့် သူ့ကို ကုတ်ခြစ်ရန် ပစ်မှတ်ထားလိုက်ကြသည်။
ဝေကျန့်ကော်သည် အမြုတေကို ထုတ်ယူရန်ပင် အချိန်မရတော့ပေ။ သူသည် အ
မြန်ဆုံးလှုပ်ရှားကာ ဇွန်ဘီအချို့၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်၏။ သို့သော် ဇွန်ဘီတစ်ကောင်၏ တိုက်ခိုက်မှုက သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား
ခဲ့သည်။
ဒုန်း—
ဝေကျန့်ကော်သည် မီတာ ဒါဇင်ပေါင်းများစွာ နောက်သို့ လွင့်စင်သွား၏။
သူသည် ရင်ဘတ်ပေါ်ရှိ ပုံပျက်သွားသော သံမဏိပြားကို ငုံ့ကြည့်လိုက်ရင်း သူ၏ မျက်နှာအမူအရာက ခက်ထန်သွားသည်။
သူ့တွင် ဒဏ်ရာမရရှိဟု ထင်ရသော်လည်း ဇွန်ဘီ၏ တိုက်ခိုက်မှုက မနည်းလှကြောင်းကို သူကိုယ်တိုင်သာ သိသည်။
ဤဒုတိယအဆင့်ဇွန်ဘီများသည် ခေါင်းစွပ်ဇွန်ဘီနှင့် ယှဉ်လျှင် များစွာနိမ့်သဖြင့် သူထင်ထားသလောက်တော့ မသန်မာပါ။
သို့သော် ၎င်းတို့သည် ပထမအဆင့်များနှင့် မနှိုင်းယှဉ်နိုင်သော ဒုတိယအဆင့်ဇွန်ဘီများ ဖြစ်ကြဆဲပင်။ ထို့အပြင် ၎င်းတို့၏ အရေအတွက်ကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ့အနေဖြင့် အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်၏။
"ဂယား... ဂစ်ဂစ်.."
အပြင်ဘက်တွင် ရူးသွပ်ဇွန်ဘီများ ပိုမိုများပြားလာပြီး အချို့မှာ ဤအဆိပ်မြူဇွန်ဘီများနှင့်ပင် တိုက်ခိုက်နေကြသည်ကို မြင်သောအခါ ဝေကျန့်ကော်သည် ဤတိုက်ပွဲတွင် အနိုင်ရရန် နည်းလမ်းတစ်ခုသာ ရှိတော့ကြောင်း သိလိုက်၏။ ထိုနည်းလမ်းမှာ ဝမ်ထောင် နိုးလာသည်ကို စောင့်ဆိုင်းရန်ပင် ဖြစ်သည်။
"ဒုတိယအဆင့်ဇွန်ဘီတွေက များလွန်းတယ်။ ငါ အကုန်လုံးကို အနိုင်မတိုက်နိုင်ဘူး။ သူတို့ကို ခုခံထားပြီး ဝမ်ထောင် နိုးလာတာကို စောင့်ကြစို့"
ဝေကျန့်ကော်သည် လှည့်၍ ရှန့်ဟုန်ပင်းနှင့် အခြားလူများကို အော်ပြောလိုက်၏။
ရှန့်ဟုန်ပင်းနှင့် အခြားလူများသည်လည်း အလွန်အမင်း ဖိအားဖြစ်နေကြသည်။ ဝေကျန့်ကော် နိုးလာခြင်းက တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု အစက သူတို့ ထင်မှတ်ခဲ့သော်လည်း ဒုတိယအဆင့်ဇွန်ဘီများက ဤမျှအထိ များပြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဝေကျန့်ကော်သည် ဒဏ်ရာရမည့်အန္တရာယ်ကို စွန့်စားကာ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ထပ် ၁၀ ကောင် ကျန်ရှိနေသေးသည်။
"သူတို့ကို ခုခံထားဖို့က မလွယ်ဘူး။ ဒီဇွန်ဘီတွေ ထုတ်နေတဲ့ အဆိပ်မြူတွေကြောင့် ငါတို့ အားနည်းပြီး ချောင်းတအားဆိုးနေကြရတယ်။ လူတော်တော်များများ သွေးတွေတောင် အန်နေကြပြီ"
ဖုန်းမင်အန်က တတ်နိုင်စွမ်းမရှိသည့် လေသံဖြင့် ပြောလိုက်၏။
"..."
ဝေကျန့်ကော်သည် ဤအချက်ကို သတိမထားမိခဲ့ပေ။ အကြောင်းမှာ ပထမအဆင့်ဇွန်ဘီများ၏ အဆိပ်မြူများသည် ဒုတိယအဆင့် စွမ်းရည်ရှင်ဖြစ်သော သူ့အပေါ်တွင် သက်ရောက်မှု သိပ်မရှိသောကြောင့် ဖြစ်သည်။ သူ၏ ခွန်အား အနည်းငယ် လျော့နည်းသွားသည်ဟု ခံစားရသော်လည်း ပမာဏမှာ အလွန်နည်းပါးသဖြင့် တိုက်ပွဲအပေါ် သက်ရောက်မှု မရှိပေ။ ဒုတိယအဆင့်ဇွန်ဘီများ၏ အဆိပ်မြူများကသာ သူ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သို့သော် အခြားလူများအတွက်မူ မတူညီပေ။ ရှန့်ဟုန်ပင်းကဲ့သို့သော စွမ်းရည်ရှင်များပင် အားနည်းလာနေပြီး အခြားလူများမှာ အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေနိုင်သည်။
ဝေကျန့်ကော် တွေးနေစဉ်အတွင်း ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်က ထပ်မံတိုက်ခိုက်လာပြီး ကျန်ရှိသောအကောင်များက အခြားလူများထံသို့ ပြေးဝင်သွားကြ၏။
သူသည် တိုက်ကွက်အချို့ကို အလျင်အမြန် ခုခံလိုက်ပြီးနောက် လှည့်၍ မေးလိုက်သည်။
"မနေ့က ဝမ်ထောင် ဒုတိယအဆင့်ကို အဆင့်စတပ်တာ ဘယ်အချိန်ကလဲ"
"ညနေ ရှစ်နာရီ ဝန်းကျင်လောက်ကပါ..."
ဟန်ရွှေက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
ယခုအချိန်တွင် ညနေ ခြောက်နာရီကျော်သာ ရှိသေးသဖြင့် နောက်ထပ် နှစ်နာရီ လိုပါသေးသည်။
မိမိရှေ့ရှိ ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်ကို ခေတ္တမျှ မောင်းထုတ်ပြီးနောက် ဝေကျန့်ကော်သည် လှည့်ကာ လူတိုင်းကို အော်ပြောလိုက်၏။
"အားလုံးပဲ၊ ငါတို့ နောက်ထပ် နှစ်နာရီပဲ တောင့်ခံထားဖို့ လိုတယ်။ တကယ်လို့ နှစ်နာရီကြာအောင် တောင့်ခံနိုင်ရင် ငါတို့ အသက်ရှင်မယ်။ အသက်ပဲ ပေးရပေးရ ငါတို့ သေချာပေါက် နှစ်နာရီ တောင့်ခံထားရမယ်"
'တောင့်ခံထားပါ' ဟု ပြောသော်လည်း အဆိုးဆုံးအချက်မှာ အတိအကျအချိန် မရှိခြင်း ဖြစ်သည်။
အချိန်မရှိဘဲ တောင့်ခံခိုင်းခြင်းက အလကားပင် ။ အကြောင်းမှာ လူများသည် မျှော်လင့်ချက်ကို မမြင်ရသဖြင့် ဆက်လက်ကြိုးစားလိုစိတ် ကုန်ခမ်းသွားတတ်သောကြောင့် ဖြစ်သည်။ သို့သော် အတိအကျအချိန်တစ်ခုကို ပေးလိုက်လျှင်မူ၊ ဥပမာ နှစ်နာရီ တောင့်ခံပြီးနောက် ကယ်တင်ခြင်းခံရမည်ဟု သိလိုက်လျှင် ကြိုးစားလိုစိတ်က သဘာဝအတိုင်း ပြန်လည်နိုးထလာတတ်သည်။
လူအချို့မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သော်လည်း ၎င်းတို့သည် စိတ်ဓာတ်ကို အတင်းပြန်လည်စုစည်းကာ ဇွန်ဘီများကို အသက်စွန့်၍ တိုက်ခိုက်ကြတော့၏။
မည်သို့ပင်ဆိုစေ ၎င်းတို့တွင် ဆုတ်ခွာစရာ လမ်းမရှိတော့ပေ။
"ရနိုင်တဲ့ လက်နက်မှန်သမျှကို သုံးကြ၊ တိုက်ခိုက်နိုင်တဲ့ လူမှန်သမျှကို ခေါ်ထုတ်ပြီး နှစ်နာရီ တောင့်ခံထားဖို့ပဲ အာရုံစိုက်ကြစို့။ တကယ်လို့ နှစ်နာရီတောင် မတောင့်ခံနိုင်ရင် သေခြင်းတရားပဲ ရှိတော့တယ်"
ဝေကျန့်ကော်သည် ဝေါ်ကီတော်ကီထဲသို့ ချက်ချင်း ပြောလိုက်၏။
"အဟွတ်..အဟွတ်. ကောင်းပါပြီ"
ရန်ကျဲ၏ အသံ ထွက်ပေါ်လာသည်။
ဒါက ရွှေကျဲစခန်းရဲ့ အသက်ရှင်သန်ရေးအတွက် အရေးကြီးဆုံး အခိုက်အတန့်
ဖြစ်၏။ မည်သူမျှ မပြေးနိုင်သလို ဘာကိုမျှလည်း ချန်ထား၍ မရပေ။ ၎င်းတို့သည် နောက်ဆုံးတိုက်ပွဲအဖြစ် အသေအလဲ တိုက်ခိုက်ရမည် ဖြစ်သည်။
မကြာမီ လူအုပ်စုတစ်စုသည် ဘက်စုံသုံးအဆောက်အအုံအတွင်းမှ ထွက်လာကြ၏။
အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားသော လက်နက်များကို ကိုင်ဆောင်ထားကြပြီး ကြောက်ရွံ့နေသော မျက်နှာအမူအရာများထဲ၌ ပြတ်သားမှုအချို့ ရှိနေသည်။
ရန်ကျဲသည် ပစ္စတိုသေနတ်တစ်လက်ကို ကိုင်ကာ အရှေ့ဆုံးမှ လျှောက်လာပြီး သူ၏ နောက်တွင် ကျောပိုးအိတ်တစ်လုံးကို လွယ်ထားသော လျူဟဲက ကပ်လျက် လိုက်ပါလာ၏။
ကောဟွာသည် ပုဆိန်နှစ်လက်ကို ကိုင်ဆောင်ကာ တင်ယွီချင်၏ နောက်တစ်လှမ်းအကွာမှ လျှောက်လှမ်းနေသည်။ သူ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာပြီးနောက် ပြောလိုက်၏။
"မစိုးရိမ်ပါနဲ့ မရီး။ ကျွန်တော့်အသက်က အစ်ကိုကြီး ပေးထားတာပါ။ ကျွန်တော် သေရင်တောင် မရီးကို သေချာပေါက် ကာကွယ်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်..."
တင်ယွီချင်သည် စိုးရိမ်နေသော်လည်း နောက်ဆုတ်မသွားပေ။
လီချို့ယွီ၊ ဟော့ကျိယီနှင့် အခြားအမျိုးသမီးတစ်စုသည် ကြောက်ရွံ့နေသော မျက်နှာများဖြင့် တင်ယွီချင်၏ နောက်မှ လိုက်ပါလာကြ၏။
ရန်ကျဲသည် ဤအမျိုးသမီးများကို တင်ယွီချင်၏ အမိန့်ကို နာခံရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
၎င်းတို့သည် အဓိက တိုက်ခိုက်ရေးအင်အားစု မဟုတ်ဘဲ ခဲယမ်းမီးကျောက်များ၊ ဆေးဝါးအထောက်အပံ့များ၊ ခုခံဆေးများနှင့် အခြားအရာများကို ပြင်ဆင်ပေးရန် ကူညီကြရမည့်သူများ ဖြစ်သည်။ တကယ်လို့ သူတို့သည် ဇွန်ဘီများကို သတ်ဖြတ်နိုင်စွမ်း ရှိပါက သတ်နိုင်၏။ မသတ်နိုင်ပါက ထောက်ပံ့ရေးတာဝန်ကိုသာ သစ္စာရှိစွာ လုပ်ဆောင်ရမည် ဖြစ်
သည်။
ဝေကျန့်ကော်သည် စခန်းတွင် အရန်သိမ်းဆည်းထားသော အရာအားလုံးကို ထုတ်ယူခဲ့၏။ သူတို့သည် နှစ်နာရီကြာအောင် မတောင့်ခံနိုင်သေးပါက သူလည်း ဘာမှတတ်နိုင်တော့မည် မဟုတ်ပါ။
နှစ်နာရီ တောင့်ခံပြီးနောက် တကယ်ပဲ ကယ်တင်ခြင်း ခံရပါ့မလားဆိုသည်ကိုမူ ဝေကျန့်ကော် အများကြီး မတွေးတော့ပေ။ အကြောင်းမှာ သူသည်လည်း မိမိကိုယ်ကိုယ် မျှော်လင့်ချက် ပေးထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများ ထွက်လာပြီးနောက် အောက်ခြေရှိ ဇွန်ဘီများ၏ သတိပြုမိခြင်းကို ချက်ချင်း ခံလိုက်ရ၏။အဆိပ်မြူဇွန်ဘီများနှင့် ရူးသွပ်ဇွန်ဘီများ အားလုံးသည် လူအုပ်ကြီးထံသို့ ပြေးဝင်လာကြသည်။
"ဒိုင်း ဒိုင်း ဒိုင်း—"
သို့သော် လုံခြုံရေးတပ်ဖွဲ့တစ်ခုသည် အဆောက်အအုံအတွင်းမှ ပြေးထွက်လာပြီး ချက်ချင်းပင် ကျည်ဆန်များကို အသုံးပြု၍ ဇွန်ဘီများကို တားဆီးလိုက်၏။
အစိမ်းရောင်အဆိပ်မြူများသည် ယခုအခါ ပိုမိုထူထပ်ပြီး နက်မှောင်လာကာ မြူများက အပေါ်သို့ ဖြည်းညှင်းစွာ လွင့်မျောနေသဖြင့် လုံခြုံရေးတပ်ဖွဲ့၏ မြင်ကွင်းကို ပြင်းထန်စွာ အဟန့်အတား ဖြစ်စေသည်။ သူတို့သည် အပေါ်ထပ်မှနေ၍ ဇွန်ဘီများကို ရှင်လင်းစွာ မမြင်ရတော့ပေ။ သူတို့ သာ အောက်သို့ ဆင်းမလာပါက ကျည်ဆန်များသည် အသင်းဖော်များကို သေချာပေါက် မှန်ပေလိမ့်မည်။
ဘက်စုံသုံးအဆောက်အအုံ၏ အောက်တွင် သဲအိတ်များစွာ ရှိနေသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သည် ထိုသဲအိတ်များကို အကာအကွယ်အဖြစ် ချက်ချင်းအသုံးပြုကာ ပုန်းအောင်း၍ ဇွန်ဘီများကို တိုက်ခိုက်ကြ၏။
အသက်ရှင်ကျန်ရစ်သူများသည်လည်း မိမိတို့၏ လက်နက်များကို ကိုင်ဆောင်ကာ သဲအိတ်များနောက်တွင် ဝပ်လိုက်ကြသည်။ အကယ်၍ ဇွန်ဘီတစ်ကောင်ကောင် ပြေးဝင်လာပါက ၎င်းတို့က သတ်ဖြတ်ရန် တာဝန်ယူထားခြင်း ဖြစ်၏။
ယခင်က ဖြစ်ပွားခဲ့သော ဂေါ်ရီလာဇွန်ဘီ အကျပ်အတည်းအတွင်း ရွှေကျဲစခန်းရှိ လူဦးရေ၏ ထက်ဝက်ကျော် သေဆုံးခဲ့သည်။ ယခု ကျန်ရှိနေသောသူများသည် လူအနည်းငယ်မှလွဲ၍ အခြေခံအားဖြင့် သွေးပမာဏ တစ်ထောင်ကျော် ရှိကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်လူများထက် များစွာ ပိုမိုသန်မာ၏။
သူတို့သည် ဤဇွန်ဘီများကို တစ်ချက်တည်းဖြင့် အပြတ်မသတ်နိုင်သော်လည်း အနည်းဆုံးအားဖြင့် သူတို့၏ ကာကွယ်ရေးကို ဖောက်ထွက်နိုင်စွမ်း ရှိသည်။ လူအင်အား လုံလောက်ပြီး ၎င်းတို့၏ ပစ်မှတ် တိကျနေသရွေ့ အုပ်စုအားဖြင့် အဆိပ်မြူဇွန်ဘီများနှင့် ရူးသွပ်ဇွန်ဘီများကို သတ်ဖြတ်နိုင်သည်။
လူများ ပူးပေါင်းလာမှုကြောင့် အစောပိုင်းက ထွက်၍ တိုက်ခိုက်နေသော စွမ်းရည်ရှင်များ၏ ဖိအားသည် ရုတ်တရက် လျော့နည်းသွားသည်ဟု ခံစားလိုက်ရ၏။
သို့သော် ၎င်းတို့တွင် အနားယူရန် အချိန်မရှိပေ။ အကြောင်းမှာ ဒုတိယအဆင့်ဇွန်ဘီများက သူတို့ကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။
ဒုတိယအဆင့်အဆိပ်မြူဇွန်ဘီများသည် ဒုတိယအဆင့်အတွင်း၌ သန်မာသည်ဟု မသတ်မှတ်နိုင်သော်လည်း လူကန်း၏ စနိုက်ပါပစ်ကူမှု ရှိနေသည့်တိုင် ရှန့်ဟုန်ပင်းနှင့် အခြားလူများအတွက်မူ ရုန်းကန်နေရဆဲ ဖြစ်၏။
ထို့ကြောင့် ပထမအဆင့် စွမ်းရည်ရှင်များသည် ဒုတိယအဆင့်အဆိပ်မြူဇွန်ဘီများနှင့် ရင်ဆိုင်ရချိန်တွင် အခြေခံအားဖြင့် ခုခံနိုင်စွမ်း မရှိကြပါ။
မိနစ်အနည်းငယ်အတွင်းမှာပင် စွမ်းရည်ရှင် အနည်းငယ်သည် ဒုတိယအဆင့်ဇွန်ဘီများ၏ ကိုက်ခဲခြင်းကို ခံရသဖြင့် သေဆုံးသွားခဲ့ရသည်။
"အား..."
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဝေကျန့်ကော်၏ မျက်လုံးများသည် ဒေါသကြောင့် နီမြန်းသွား၏။
သူသည် ဒုတိယအဆင့်ဇွန်ဘီ၏ အာရုံစိုက်မှုကို မိမိထံသို့ ဆွဲဆောင်ရန်အတွက် ချက်ချင်း ပြေးဝင်သွားသည်။
ဝေကျန့်ကော်၏ မူလအစီအစဉ်မှာ အခြားလူများကို ဒုတိယအဆင့်ဇွန်ဘီ၏ တိုက်ခိုက်မှုများကို ခုခံခိုင်းထားပြီး သူ၊ ရှန့်ဟုန်ပင်းနှင့် အခြားလူအနည်းငယ်က ခွန်အားများကို စုစည်းကာ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကိုပစ်မှတ်ထားကာ ကိုင်တွယ်ရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဒုတိယအဆင့်ဇွန်ဘီများသည် သာမန်ပထမအဆင့် စွမ်းရည်ရှင်များနှင့် ယှဉ်လျှင် ကြီးမားသော အဆင့်အတန်း ကွာခြားမှု ရှိသည်။ ထို့ကြောင့် လူများသည် ခုခံနိုင်စွမ်း လုံးဝမရှိဘဲ တိုက်ကွက်အနည်းငယ်အတွင်းမှာပင် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
ဝေကျန့်ကော်သည် မိမိ၏ နည်းဗျူဟာကို ပြောင်းလဲရုံသာ ရှိတော့ပြီး မီးသတ်သမားတစ်ဦးကဲ့သို့ အန္တရာယ်ရှိသော နေရာမှန်သမျှသို့ အပြေးအလွှား သွားရောက်ကာ ကူညီနေရသည်။
ရလဒ်အနေဖြင့် လူတော်တော်များများကို ကယ်တင်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို သတ်ဖြတ်ရန် အခွင့်အရေး မရှိတော့ပေ။
သို့သော် ထိုသို့လုပ်ပေးနေလင့်ကစား ထိခိုက်သေဆုံးမှု အရေအတွက်ကတော့ ဆက်လက်တိုးပွားနေဆဲပင်။
ဝေကျန့်ကော်၏ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေပြီး သူသည် မကြုံစဖူး တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ကာ ဒုတိယအဆင့်ဇွန်ဘီ ငါးကောင်ကို တစ်ယောက်တည်းဖြင့် တားဆီးထားနိုင်ခဲ့၏။
ကျန်ရှိသော ငါးကောင်အတွက်မူ သူ အမှန်တကယ် တတ်နိုင်စွမ်းမရှိတော့ဘဲ အခြားလူများထံသို့သာ လွှဲအပ်ထားနိုင်တော့သည်။
ရှန့်ဟုန်ပင်းသည် အားပြန်ပြည့်ဆေးရည် တစ်ပုလင်းကို ထိုးသွင်းလိုက်၏။ ရုတ်တရက် သူသည် နောက်ဆုံးခွန်အားကို ထုတ်သုံးလိုက်သကဲ့သို့ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်၏ တိုက်ခိုက်မှူကို အချိန်တိုအတွင်း ပိတ်ဆို့ထားနိုင်ခဲ့သည်။
ဟန်ရွှေနှင့်တို့သည်လည်း ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို ပိတ်ဆို့ရန် အင်အားချင်း ပူးပေါင်းခဲ့ကြသော်လည်း ၎င်းတို့သည် တဖြည်းဖြည်း နောက်ဆုတ်နေရ၏။
ရန်ကျဲနှင့် လျူဟဲတို့သည် စွမ်းရည်ရှင် အနည်းငယ်ကို ဦးဆောင်ကာ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို ပိတ်ဆို့ထားကြသည်။ သူတို့၏ ခွန်အားက မကြီးမားလှပေ။ သူတို့ ထိုအကောင်ကို တားဆီးထားနိုင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ လျူဟဲ၏ ကျောပိုးအိတ်ထဲတွင် လက်လုပ်ဗုံးများ ပြည့်နှက်နေသောကြောင့် ဖြစ်၏။ သူသည် ဒုတိယအဆင့်ဇွန်ဘီကို အနီးသို့မလာစေရန် လူတိုင်းထံသို့ ဗုံးအချို့ကို ဖြန့်ဝေပေးခဲ့သည်။
ဤဒုတိယအဆင့်ဇွန်ဘီသည် ယခုအချိန်အထိ အဆိုးရွားဆုံးအခြေအနေရှိသော အကောင်ပုံစံ ဖြစ်နေပြီး ၎င်း၏ အသားများ စုတ်ပြတ်နေကာ အရိုးများ ပေါ်နေ၏။ သို့သော် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်က အနည်းငယ်မျှ လျော့နည်းမသွားပေ။ လူတိုင်း၏ လက်ထဲရှိ ဗုံးများသည် မိမိတို့၏ လူများကို မထိခိုက်စေရန် ကာကွယ်ရမည်ဖြစ်သဖြင့် စိတ်ကြိုက် မပစ်ပေါက်နိုင်ကြဘဲ ဝေခွဲမရဖြစ်ကာ တိုက်ခိုက်နေကြရသည်။
နောက်ဆုံးကျန်သော ဒုတိယအဆင့်ဇွန်ဘီကိုမူ စွမ်းရည်ရှင် ၂၀ ကျော်၏ ပူးပေါင်းအင်အားဖြင့် တုံ့ပြန်နေကြရ၏။
သို့သော် ဤလူများသည် ဒုတိယအဆင့်ဇွန်ဘီနှင့် ယှဉ်လျှင် အလှမ်းဝေးလွန်းနေသေးသည်။ လူအင်အား ပိုများသော်လည်း မည်သည့်အသာစီးကိုမျှ မရရှိနိုင်ဘဲ ဒုတိယအဆင့်ဇွန်ဘီ၏ ကာကွယ်ရေးကို ဖောက်ထွက်ရန် ခက်ခဲနေကြကာ ဇွန်ဘီ၏ သာမန်တိုက်ကွက်တစ်ခုကပင် ၎င်းတို့ကို သေဆုံးစေခြင်း သို့မဟုတ် ဒုက္ခိတဖြစ်စေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
"ဗိုင်းရပ်ခုခံဆေး၊ ခုခံဆေး"
ဇွန်ဘီ၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသော လူတစ်ဦးသည် အနောက်သို့ ပြေးသွားရင်း အရေးတကြီး အော်ဟစ်လိုက်၏။ ဇွန်ဘီဗိုင်းရပ်စ်ကြောင့် မျိုးဗီဇပြောင်းလဲခြင်း ဖြစ်ပေါ်သည့်အချိန်သည် ၁ မိနစ်မှ ၂၄ နာရီအထိ ရှိသည်။ တကယ်လို့ ကံမကောင်းပါက ၁ မိနစ်အကြာတွင် ၎င်းတို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
လီချို့ယွီသည် ခုခံဆေးတစ်ပုလင်းကို အလျင်အမြန် ထုတ်ယူကာ ထိုလူ့ထံသို့ အပြေးအလွှား သွားရောက်ပေးအပ်လိုက်၏။
"ကျေးဇူးပဲ"
ထိုလူသည် ၎င်းကို အလျင်အမြန် မော့သောက်လိုက်သည်။
"အီး... အား..."
ထို့နောက် သူသည် မိမိ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးကြောများ ရုန်းကြွလာပြီး ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
လီချို့ယွီသည် ထိုလူ၏ နာကျင်နေသော အမူအရာကို မြင်သောအခါ အလွန် ကြောက်ရွံ့သွားပြီး သူ ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည်ကိုပင် စိုးရိမ်လာမိသည်။
တင်ယွီချင်က လီချို့ယွီကို ရှင်းပြလိုက်၏။
"ချို့ယွီ၊ မစိုးရိမ်နဲ့၊ ဒါက သာမန်ဖြစ်စဉ်ပဲ။ သူ ဒါကို ကျော်ဖြတ်နိုင်ရင် အဆင်ပြေသွားလိမ့်မယ်။ သူတို့တွေက ယောက်ျားကောင်းတွေမို့ သေချာပေါက် အောင့်ခံနိုင်ပါတယ်"
"အင်း..."
လီချို့ယွီသည် အများကြီး မကြည့်ရဲတော့ပေ။ သူသည် လိုအပ်နေသော အခြားလူများကို ပေးရန်အတွက် ခုခံဆေးပုလင်း အနည်းငယ်ကို အလျင်အမြန် ထပ်မံထုတ်ယူလိုက်၏။
ရုတ်တရက် လီချို့ယွီ တုံ့ဆိုင်းသွားသည်။ အကြောင်းမှာ စောင့်ကြည့်ခံနေရသည့် ခံစားချက်တစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသောကြောင့် ဖြစ်၏။
သူသည် ပတ်ဝန်းကျင်ကို ပျာပျာသလဲ ကြည့်လိုက်သော်လည်း အနီးအနားတွင် အသက်ရှင်ကျန်ရစ်သူများသာ ရှိနေပြီး အဝေးတွင်မူ ဇွန်ဘီများနှင့် အစိမ်းရောင်မီးခိုးများသာ ရှိသဖြင့် ဘာကိုမျှ ရှာမတွေ့ပေ။
လီချို့ယွီသည် အလိုလို တုန်လှုပ်သွားပြီး ခုခံဆေးများကို ချက်ချင်း ဆက်လက်ဝေငှလိုက်၏။
ရွှေကျဲစခန်း၏ အပြင်ဘက်၊ ခေါင်မိုးတစ်ခုပေါ်တွင် မျက်လုံးများ နီရဲနေသော ပုံရိပ်တစ်ခုက လီချို့ယွီကို စိုက်ကြည့်နေသည်။
.......
အဆင့်တက်ခြင်း၏ ခံစားချက်က အလွန် ထူးဆန်းလှ၏။
အိပ်ပျော်သွားပြီးနောက် ဝမ်ထောင်သည် 'မိမိကိုယ်ကိုယ် သိစိတ်ရှိပြီး ခံစားနိုင်သော်လည်း ပြင်ပကမ္ဘာကိုမူ မခံစားနိုင်သော' ထူးဆန်းသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေသည်။
၄င်းက အိပ်မက်ကို မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်သည့် အခြေအနေနှင့် ဆင်တူလှသည်။ သူ အိပ်မက်မက်နေသည်ကို သိသော်လည်း နိုးထ၍ မရသလို အိပ်မက်ကိုလည်း ပြောင်းလဲ၍ မရပေ။
ဝမ်ထောင်သည် မိမိ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုမိုသန်မာလာသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။ ဤခံစားချက်က အလွန် ထင်ရှားပြီး အလွန် သာယာလှသည်။ ၄င်းက ဝမ်ထောင်ကို လုံးဝ နိုးမလာချင်တော့သည့် စိတ်ကူးပင် ဖြစ်ပေါ်စေ၏။
သို့သော် ထို့သို့ မဖြစ်နိုင်ကြောင်းကိုလည်း ဝမ်ထောင် သိသည်။ သူ့တွင် ၂၄ နာရီသာ ရှိပြီး အချိန်ပြည့်ပါက သူ သေချာပေါက် နိုးလာမည် ဖြစ်၏။ ဝမ်ထောင်သည် အမှန်တရား
တစ်ခုကို တွေ့ရှိခဲ့သည်။ အဆင့်တက်ခြင်း လုပ်ငန်းစဉ်အတွင်း အိပ်စက်ချိန် ပိုမိုကြာမြင့်လေ ခွန်အား ပိုမိုတိုးပွားလေ ဖြစ်သည်။
အိပ်စက်ချိန်၏ ကြာမြင့်မှုသည် အဆင့်တက်ခြင်းအမြုတေ မည်မျှ ပေါင်းစပ်ထားသည်၊ သို့မဟုတ် ဒုတိယအဆင့် စွမ်းရည် မည်မျှရှိသည်ဆိုသည့်အချက်နှင့် ဆက်စပ်နေ၏။
ဒုတိယအဆင့်သို့ အဆင့်တက်ချိန်တွင် မိမိ၌ ရှိသော ဒုတိယအဆင့်စွမ်းရည်တစ်ခုစီအတွက် ၆ နာရီကြာ အိပ်စက်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သန်မာလာရန်အတွက် ၆ နာရီ အချိန် လိုအပ်၏။
ဝမ်ထောင်၏ စွမ်းရည် ၄ ခုလုံးက ဒုတိယအဆင့်များ ဖြစ်ကြသဖြင့် သူသည် ၂၄ နာရီကြာ အိပ်စက်ရမည် ဖြစ်သည်။
ထို့ကြောင့် တရားဝင် အဆင့်မတက်ခင် စွမ်းရည်အားလုံးကို ဒုတိယအဆင့်သို့ မြှင့်တင်ရန် မလိုအပ်ကြောင်းကို သူ ယခုမှ သိလိုက်ရ၏။
အဆင့်တက်ခြင်းအမြုတေ ၄ ခုကို အဘယ်ကြောင့် ပေါင်းစပ်ရသလဲဆိုသည်ကိုမူ သူ မသိပေ။ သူသည် အခြားလူများနှင့် အမှန်တကယ် ကွဲပြားသည်ဟုသာ ပြောနိုင်တော့သည်။
သို့သော် ၄င်းက ကောင်းလေ၏။ အဆင့်တက်အမြုတေ ၄ ခုကို ပေါင်းစပ်ပြီးမှ ဒုတိယအဆင့်သို့ မြှင့်တင်ခြင်းက ခွန်အားကို အကြီးမားဆုံး တိုးတက်စေသည့် နည်းလမ်း ဖြစ်သည်။
တကယ်လို့ အဆင့်တက်ခြင်းအမြုတေ ၁ ခုတည်းကိုသာ ပေါင်းစပ်ပြီး အလျင်အမြန် အဆင့်တက်မည်ဆိုပါက ၄င်းက ဖြုန်းတီးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ပျင်းရိမှုကို ခံစားရသဖြင့် ဝမ်ထောင်သည် မိမိ၏ အရည်အသွေးများကို စတင်လေ့လာလိုက်၏။
ထိုအခါ မီးခိုးရောင်ဘားတန်း၏ အထူးစွမ်းအင်ကို ယခုအခါ သူ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
သူ့တွင် အထူးစွမ်းအင် ၅,၁၆၀ ရှိပြီး သူ၏ စွမ်းရည်များက ဒုတိယအဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူ ထုတ်ယူသည်ဖြစ်စေ၊ ပေါင်းစပ်သည်ဖြစ်စေ တစ်ကြိမ်လျှင် စွမ်းရည် ၅,၀၀၀ စီ ကုန်ကျမည် ဖြစ်၏။
(ထုတ်ယူခြင်း နှင့် ဖျက်ဆီးခြင်းသည်
အတူတူဖြစ်ပါသည် ။ စွမ်းရည်တစ်ခုကို ထုတ်ပစ်ပြီး အခြားတစ်ခုနှင့်အစားထိူးခြင်းဖြစ်သည်။ ထို ထုတ်ယူထားသော စွမ်းရည်ကို အခြားသူအားပေးနိုင်၏။ ၃ ရက်အတွင်း မပေးပါက ထိုစွမ်းရည်က အလိုလိုပျက်စီးသွားပါမည်။ ဘာသာပြန်သူ)
ထုတ်ယူခြင်းက စွမ်းရည်တစ်ခုကို လဲလှယ်နိုင်ခြင်းနှင့် ညီမျှပြီး စွမ်းရည်အဟောင်းကို အခြားလူတစ်ဦးအား ပေးနိုင်သည်။
သို့သော် ပေါင်းစပ်ခြင်းကမူ ထုတ်ယူခြင်း
နှင့်မတူပါ ။ ၄င်းက မိမိ၌ရှိသော စွမ်းရည်တစ်ခုနှင့် နောက်ထပ်တစ်ခုကို ရောနှော၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခြင်းကို ဆိုလိုသည်။ ၄င်းက နောက်ထပ် စွမ်းရည်တစ်ခုကို ထပ်မံသင်ယူနိုင်ခြင်းနှင့် ညီမျှ၏။
သို့သော် ပေါင်းစပ်ခြင်းတွင် အောင်မြင်မှုနှုန်း ရှိသည်။ ဝမ်ထောင်သည် ပေါင်းစပ်ရန် အခွင့်အရေး ရှိမရှိကို အရင် ကြည့်ရမည် ဖြစ်၏။ တကယ်လို့ အခွင့်အရေး လုံးဝမရှိပါက သူ မေ့ပစ်လိုက်မည်သာ။
ဝမ်ထောင်၏ စိတ်ထဲမှ ပေါင်းစပ်ခြင်းအကြောင်းကို တွေးလိုက်သောအခါ ဇယားတစ်ခုသည် သူ၏ မျက်စိရှေ့တွင် ချက်ချင်း ပေါ်လာ၏။
ဇယားတွင် သူ၏ စွမ်းရည် ၄ ခုအတွက် ပေါင်းစပ်မှုနည်းလမ်း အနည်းငယ်နှင့် နည်းလမ်းတစ်ခုစီ၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းကို ဖော်ပြထားသည်။
【တုန်ခါလှိုင်း + တိကျစွာပစ်ခတ်ခြင်း (၁၀%)】
【တုန်ခါလှိုင်း + ကြေးအရေပြားသံအရိုး (၁၀%)】
【တုန်ခါလှိုင်း + ကိုယ်တိုင်ကုသခြင်း (၁၅%)】
【တိကျစွာပစ်ခတ်ခြင်း + ကြေးအရေပြားသံအရိုး (၄၀%)】
【တိကျစွာပစ်ခတ်ခြင်း + ကိုယ်တိုင်ကုသခြင်း (၅၅%)】
【ကြေးအရေပြားသံအရိုး + ကိုယ်တိုင်ကုသခြင်း (၉၅%)】
ဤအချက်အလက်များကို မြင်သောအခါ ဝမ်ထောင်သည် ပထမရွေးချယ်မှု ငါးခုကို တိုက်ရိုက် ဖယ်ထုတ်လိုက်၏။ အားလုံးခြုံကြည့်လျှင် အမြင့်ဆုံးက ၅၅ ရာခိုင်နှုန်းသာ ရှိသဖြင့် စွန့်စားရကျိုး မနပ်ပေ။
သို့သော် "ကြေးအရေပြားသံအရိုး" နှင့် "ကိုယ်တိုင်ကုသခြင်း" တို့၏ ပေါင်းစပ်မှု အောင်မြင်မှုနှုန်းက ၉၅ ရာခိုင်နှုန်းအထိ မြင့်မားနေသည်။
ဝမ်ထောင်သည် မိမိ၏ ကံတရားက အမြဲတမ်း ကောင်းမွန်ခဲ့သည်ဟု ခံစားရသဖြင့် ဤမျှမြင့်မားသော ရာခိုင်နှုန်းနှင့် ကျရှုံးရန် မဖြစ်နိုင်ကြောင်း ယုံကြည်၏။
ခဏမျှ တွေးတောပြီးနောက် ဝမ်ထောင်သည် ဤစွမ်းရည်နှစ်ခုကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။
ပင်မနေရာနှင့် ဒုတိယနေရာ ခွဲခြားမှုအတွက် ဝမ်ထောင်သည် "ကိုယ်တိုင်ကုသခြင်း" ကို ပင်မနေရာတွင် ထားရှိပြီး "ကြေးအရေပြားသံအရိုး" ကို ဒုတိယနေရာတွင် ထားလိုက်၏။
အကြောင်းမှာ ပေါင်းစပ်မှု ကျရှုံးခဲ့ပါက ပင်မစွမ်းရည်က ပြောင်းလဲမည် မဟုတ်သော်လည်း ဒုတိယစွမ်းရည်က ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်တိုင်ကုသခြင်း စွမ်းရည်က အလွန် ရှားပါးလှပြီး သူ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့ရခြင်း ဖြစ်သဖြင့် ဘေးကင်းစေရန် အရှေ့တွင် ထားခြင်းက ပိုမိုကောင်းမွန်သည်။
ပေါင်းစပ်မှုကို အတည်ပြုလိုက်သည့် အခိုက်အတန့်တွင် မီးခိုးရောင်ဘားတန်းရှိ အထူးစွမ်းအင်က ၅,၀၀၀တိတိ လျော့နည်းသွားပြီး ၁၆၀ သာ ကျန်ရှိတော့သည်ကို ဝမ်ထောင် မြင်လိုက်ရ၏။
သူ၏ ကြေးအရေပြားသံအရိုး စွမ်းရည်သင်္ကေတသည် ကိုယ်တိုင်ကုသခြင်း စွမ်းရည်သင်္ကေတထဲသို့ တိုးဝင်သွားသည်။ သက်တန့်ရောင်အလင်းတစ်ခု ဖျတ်ခနဲ လက်သွားပြီးနောက် အချက်ပြအသစ်တစ်ခု ပေါ်လာ၏။
【ပေါင်းစပ်မှု အောင်မြင်ပါသည်။ စွမ်းရည်အသစ် ရရှိသည် - ဒုတိယအဆင့် အဆင့် ၁ · အကာအကွယ်အတားအဆီး】
【အကာအကွယ်အတားအဆီး - အချိန်ကြာမြင့်မှုတစ်ခုအတွင်း ကာကွယ်ရေးကို မြှင့်တင်ပေးနိုင်ပြီး ထိခိုက်ဒဏ်ရာ အချို့ကို ဖြည်းညှင်းစွာ ကုသပေးနိုင်သည် (ဘေးထွက်ဆိုးကျိုး - မရှိ)】
ဤစွမ်းရည်အသစ် "အကာအကွယ်အတားအဆီး" ကို မြင်သောအခါ ဝမ်ထောင် ဝမ်းသာအားရ ဖြစ်သွား၏။
သူသည် ဤစွမ်းရည်နှစ်ခုကို တစ်ခုတည်းအဖြစ် အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့လေပြီ။
ယခု သူ့တွင် စွမ်းရည်သုံးခုသာ ရှိတော့သဖြင့် အခြားစွမ်းရည်အသစ်တစ်ခုကိုလည်း ထပ်မံပေါင်းစပ်နိုင်ခွင့် ရှိလာပြီ မဟုတ်ပါလား။
ဝမ်ထောင်သည် မည်သည့်စွမ်းရည်အသစ်ကို ပေါင်းစပ်ရမည်ဆိုသည်ကို တွေးတောနေစဉ်အတွင်း ပြင်ပကမ္ဘာမှ လှုပ်ရှားမှုအချို့ကို ဖြည်းညှင်းစွာ ခံစားမိလာ၏။
"ငါ နိုးတော့မယ်"
သတ်မှတ်ထားသော အချိန်တစ်ခု၌။
ဝမ်ထောင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။
ထို့နောက် သူ၏ မျက်နှာပေါ်တွင် တစ်ခုခု ဖိကပ်ထားသည်ကို တွေ့ရပြီး သူ၏ မြင်ကွင်းကလည်း အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်နေသည်။
ဝမ်ထောင်သည် မိမိ၏ မျက်နှာကို စမ်းသပ်ကြည့်လိုက်၏။
"ပျက်စီးနေတဲ့ အဆိပ်ငွေ့ကာမျက်နှာဖုံးလား"
သူသည် အလျင်အမြန် ထထိုင်လိုက်ရာ မိမိ ရောက်နေသောနေရာသည် သူ၏ ဗီလာအခန်းမဟုတ်ဘဲ ဘက်စုံသုံးအဆောက်အအုံအတွင်း၌ ဖြစ်ကြောင်း သိလိုက်ရသည်။
အခန်းတွင်းသည် ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခု ဖြစ်ပြီး ပြတင်းပေါက်များ အပါအဝင် ဖန်ထည်ပစ္စည်း အများအပြားမှာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သကဲ့သို့ အပိုင်းပိုင်း ပြတ်တောက်နေ၏။
"တစ်ခုခု ဖြစ်သွားပြီ"
ဝမ်ထောင်သည် မိမိ၏ အရည်အသွေးများကို အရင် ကြည့်လိုက်ရာ အနုတ်သဘောဆောင်သော အခြေအနေများ မရှိသည်ကို တွေ့ရသဖြင့် တံခါးကို ဖွင့်လိုက်ရာ အဆောက်အအုံအပြင်ဘက်မှ လေးလံသော အရာတစ်ခု မြေပြင်ပေါ်သို့ ကျသွားသည့်အသံကဲ့သို့ "ဒုန်း" ဆိုသည့် အသံကို ရုတ်တရက် ကြားလိုက်ရ၏။
ဒုတိယအဆင့် စွမ်းရည်ရှင်တစ်ဦးအနေဖြင့် သူ၏ အလိုလိုသိစိတ်အရ ဝမ်ထောင်သည် အလွန်သန်မာသော ဒုတိယအဆင့်ဇွန်ဘီတစ်ကောင် အပြင်ဘက်တွင် ပေါ်လာပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။
ဝမ်ထောင်သည် အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားပြီး ပင်မတံခါးကို ကန်ဖွင့်လိုက်၏။
ဒုန်း—
------