အခန်း ၁၅၃
Vol. 14 Ch. 153
အခန်း ၁၅၃ - သတ်ဖြတ်ခြင်း
"မင်းတို့တွေ လောလောဆယ် ဒီမှာပဲ နေခဲ့ကြဦး၊ ငါ အပြင်ထွက်ပြီး သွားကြည့်လိုက်မယ်"
"ဂရုစိုက်"
ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံအပြင်ဘက်သို့ နောက်တစ်ကြိမ် ထွက်လာခဲ့၏။
ဝေကျန့်ကော်နှင့် အခြားလူများ၏ စကားကို ကြားပြီးနောက် သူ၏ဗဟုသုတများနှင့် ပေါင်းစပ်လိုက်ချိန်တွင် ဝမ်ထောင်သည် တစ်ခုခုတော့ မမှန်ကန်ဟု ခံစားလိုက်ရသည်။
ပထမဆုံးအနေဖြင့် ဤဇွန်ဘီများသည် တစ်ပြိုင်နက်တည်း အုပ်စုလိုက် ဝိုင်းအုံမလာကြခြင်းဘဲ ပွဲကြည့်ပရိတ်သတ်လုပ်နေခြင်းမှာ ပုံမှန်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဇွန်ဘီများသည် တိုက်ခိုက်ရေး ကျင့်ဝတ်များကို ဂရုစိုက်တတ်သူများ မဟုတ်ကြရာ ၎င်းတို့က မည်သည့်အတွက်ကြောင့် တရားမျှတသော တိုက်ပွဲကို ဖန်တီးပေးရမည်နည်း။
ထို့နောက် အပြင်ဘက်ရှိ ဖားပြုတ်ဇွန်ဘီ ရှိနေသေး၏။ ၎င်း၏ အမြင့်ဆုံး သွေးပမာဏမှာ ၁၂၀၀၀ ဖြစ်သော်လည်း သွေးပြည့်မနေဘဲ ၉၀၀၀ ကျော်သာ ရှိနေသည်။ ဒါကလည်း ထူးဆန်းလှ၏။
ယေဘုယျအားဖြင့် ပြောရလျှင် ဇွန်ဘီများသည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်လေ့မရှိကြပေ။ ရွှေကျဲခရိုင်တွင် ရွှေကျဲစခန်းမှလွဲ၍ အခြား အသက်ရှင်ကျန်ရစ်သူများ မရှိကြချေ။
ဖားပြုတ်ဇွန်ဘီ၏ သွေးပမာဏက အဘယ့်ကြောင့် လျော့နည်းနေရတာလဲ။ အခြား အသက်ရှင်ကျန်ရစ်သူများ ရှိနေတာလား။ သို့မဟုတ် ထိုစိတ်တိုတတ်သော ဂေါ်ရီလာဇွန်ဘီကဲ့သို့ အခြားဇွန်ဘီများ ရှိနေခြင်းလော။
ထို့ကြောင့် ဝမ်ထောင်သည် ဘာတွေဖြစ်ပျက်နေသည်ကို ရှာဖွေရမည် ဖြစ်၏.။ တကယ်လို့ အမှောင်ထဲမှာ အခြားသန်မာတဲ့ ဇွန်ဘီတစ်ကောင် ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပုန်းအောင်းနေတာ အမှန်ပဲဆိုရင် သူ သတိထားရမည် ။
ဘက်စုံသုံးအဆောက်အအုံအပြင်ဘက်သို့ ရောက်သောအခါ ဝမ်ထောင်၏ မျက်လုံးများမှ အစိမ်းရောင်အလင်းဖျော့ဖျော့တစ်ခု ထွက်ပေါ်လာ၏။
မှောင်မိုက်နေသော အမှောင်ထုထဲရှိ ဇွန်ဘီအုပ်ကြီးသည် ဘက်စုံသုံးအဆောက်အအုံကို တိုက်ခိုက်ခြင်းမပြုသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်ရသည်။ ဖားပြုတ်ဇွန်ဘီက ၎င်းတို့ကို အော်ဟစ်နေသော်လည်း ၎င်းတို့မှာ ရှုပ်ထွေးစွာဖြင့် လျှောက်သွားနေကြရုံသာ ရှိ၏။
ဒါက... စစ်သားတွေက ဗိုလ်ချုပ်ရဲ့ အမိန့်ကို နားမလည်နိုင်ကြသလိုမျိုးပဲ။
ဝမ်ထောင်သည် အကြောင်းရင်းကို မသိသော်လည်း ထိုအရာက မိမိအတွက် အခွင့်အရေးကောင်း ဖြစ်ကြောင်း သိသည်။
ဝှစ်—
ဝမ်ထောင်သည် ဖားပြုတ်ဇွန်ဘီထံသို့ တိုက်ရိုက် ပြေးဝင်သွား၏။
ဒုတိယအဆင့်သို့ အဆင့်တက်ပြီးနောက် ဝမ်ထောင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ဘက်စုံ တိုးတက်လာခဲ့ပြီး သူ၏ အရှိန်မှာလည်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖားပြုတ်ဇွန်ဘီ၏ အနီးနားသို့ ရောက်ရှိသွားတော့၏။
ဖားပြုတ်ဇွန်ဘီကလည်း မခေပါ ။ ခေါင်းကို ချက်ချင်းလှည့်ကာ ၎င်း၏ နောက်ခြေထောက်များကို အားပြု၍ ခုန်တက်လိုက်ပြီး ဝမ်ထောင်ထံသို့ အုပ်ထည့်လိုက်သည်။
"ဖယ်စမ်း"
ဝမ်ထောင်သည် ၎င်း၏ ဝမ်းဗိုက်ကြီးကို တည့်တည့်ဆောင့်ကန်ကာ ၎င်း၏ အရှိန်ကို တားဆီးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ပုဆိန်ကို ၎င်း၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ လွှဲခုတ်လိုက်၏။
【-၅၄၃】
【၈၆၇၀/၁၂၀၀၀】
"တောက်၊ ဒဏ်ရာရရှိတာက ဒီလောက်တောင် နည်းနေတာလား"
ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် ဝမ်ထောင်၏ ပထမဆုံးအကြိမ် အားအပြည့်တိုက်ခိုက်မှု ဖြစ်သော်လည်း ဒဏ်ရာရရှိမှုက တစ်ထောင်ပင်မပြည့်သေးချေ။
"အု—"
ဖားပြုတ်ဇွန်ဘီက အော်ဟစ်လိုက်ပြီး ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်ကာ ရှည်လျားလှသော လျှာဖြင့် ဝမ်ထောင်ထံသို့ လှမ်းပစ်လိုက်သည်။
ဝမ်ထောင်သည် ညာဘက်လက်မောင်းကို မြှောက်လိုက်ရာ ဖားပြုတ်ဇွန်ဘီ၏ လျှာသည် အရှိန်ပြင်းလက်မောင်းကာများပေါ်သို့ ကျရောက်သွား၏။
【-၆】
【၄၉၉၄/၅၀၀၀】
【+၆】
【၅၀၀၀/၅၀၀၀】
မိမိ၏ သွေးပမာဏက ၆ သာ လျော့နည်းသွားပြီး ချက်ချင်း ပြန်လည်ပြည့်သွားသည်ကို မြင်သောအခါ ဝမ်ထောင် စိတ်သက်သာရာရသွားသည်။
သူ၏ ဒဏ်ရာပေးနိုင်စွမ်းက မြင့်မားပုံမရသော်လည်း သူ၏ ခံစစ်ကမူ အံ့မခန်းလှပေ။
ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦးအနေဖြင့် သူ၏ ကိုယ်ပိုင်ခံစစ်၊ အရှိန်ပြင်းလက်မောင်းကာများ၏ ခံစစ်၊ အကာအကွယ်အတားအဆီး စွမ်းရည်၏ ခံစစ်နှင့် သွေးပြန်လည်ပြည့်ဖြိုးမှုတို့ ပေါင်းစပ်လိုက်ချိန်တွင်... ဤသုံးခု၏ ပေါင်းစပ်မှုက နောက်ပြောင်စရာ မဟုတ်ပေ။
ဖားပြုတ်ဇွန်ဘီ၏ တိုက်ခိုက်မှုကို သူ ခံနိုင်ရည်ရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်၏ တိုက်ခိုက်မှုပုံစံက ပိုမိုပြင်းထန်လာတော့သည်။
သူသည် ဝတ်စုံအပြည့် ဝတ်ဆင်ထားသရွေ့ သူ၏ ဦးခေါင်းကို ကာကွယ်ထားနိုင်လျှင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများပေါ်ရှိ တိုက်ခိုက်မှုများကို သူ ခံနိုင်ရည်ရှိပေလိမ့်မည်။
ပတ်ဝန်းကျင်ရှိ သာမန်အဆိပ်မြူဇွန်ဘီများ၏ တိုက်ခိုက်မှုကို လုံးဝဂရုမစိုက်ဘဲ ဝမ်ထောင်သည် ဖားပြုတ်ဇွန်ဘီ၏ ဦးခေါင်းကို ပုဆိန်ဖြင့် နောက်တစ်ကြိမ် လွှဲခုတ်လိုက်၏။
【-၆၁၂】
ဖားပြုတ်ဇွန်ဘီသည် မရှောင်တိမ်းနိုင်ဘဲ ခြောက်ရာကျော် ဒဏ်ရာရရှိသွားသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဖုအပိမ့်တစ်ခုက ရုတ်တရက် ပေါက်ထွက်သွားသည်။
ဖူး—
ရွံရှာဖွယ်ကောင်းလှသော အဝါရောင်အစိမ်းရောင် အရည်များ ပန်းထွက်လာ၏။ ဝမ်ထောင်သည် ထိုအရည်က ဘာလဲဆိုသည်ကို မသေချာသဖြင့် တိုက်ခိုက်မှုကို ယာယီရပ်တန့်ကာ ချက်ချင်း နောက်ဆုတ်လိုက်သည်။
ထိုအရည်များ မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် အသံမြည်သွားပြီး အစိမ်းရောင်အဆိပ်မြူတစ်ခု စတင်ထွက်ပေါ်လာ၏။
အစိမ်းရောင်အဆိပ်မြူက အလျင်အမြန် ပြန့်နှံ့သွားရာ ဝမ်ထောင်သည် မတော်တဆ အချို့ကို ရှူမိလိုက်သည်။ ထို့နောက် သူ၏ သွေးဘားတန်းအောက်တွင် အနုတ်သဘောဆောင်သောအခြေအနေတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရ၏—။
【အားနည်းခြင်း ၁၀%၊ ခုခံစွမ်းအား ၁၀% လျော့နည်းခြင်း၊ ချောင်းဆိုးခြင်း၊ တဒင်္ဂ သွေးလျော့နည်းခြင်း။ ကြာချိန် - ၃ စက္ကန့်】
"ဒါက အဆိပ်မြူလား"
ဝမ်ထောင် နိုးလာချိန်တွင် အဆိပ်မြူအများစုမှာ လျူဟဲကြောင့် လွင့်စင်သွားပြီ ဖြစ်သဖြင့် သူသည် ထိုအရာ၏ သက်ရောက်မှုကို မသိခဲ့ပေ။
ယခုအခါ အဆိပ်မြူ၏ သက်ရောက်မှုကို မြင်တွေ့ရချိန်တွင် ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားမိ၏။ ထိုမြူများက လုပ်ဆောင်ချက် တော်တော်များများ ရှိနေသည်တကား။
သူသည် အဆိပ်မြူနှင့် ချက်ချင်း ဝေးရာသို့ ရွှေ့ဆိုင်းလိုက်ပြီး သုံးစက္ကန့်အကြာတွင် အနုတ်သဘောဆောင်သောအခြေအနေက လုံးဝ ကွယ်ပျောက်သွားသည်။
ထိုအခါမှ ဝမ်ထောင် သက်ပြင်းချနိုင်၏။
အမြဲတမ်း သို့မဟုတ် ရေရှည်တည်တံ့မည့် အနုတ်သဘောဆောင်သောအခြေအနေ မဟုတ်သရွေ့ ကိုင်တွယ်ရလွယ်ကူပါသည်။
သို့သော် ဖားပြုတ်ဇွန်ဘီသည် ဤအဆိပ်မြူကို ဆက်လက်ထုတ်လုပ်နိုင်သည်ကို ထည့်သွင်းစဉ်းစားရမည် ။ နေရာတိုင်းမှာ မြူများက ရှောင်စရာမရှိအောင် ပြည့်နှက်သွားမည်ဆိုပါက သူ့ကို သက်ရောက်မှုက အမြဲ ရှိနေလိမ့်မည်။ ထို့ကြောင့် ဝမ်ထောင်သည် တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ရန် ပြင်ဆင်လိုက်၏။
သူသည် အပြေးမြန်ဆေးရည်နှင့် ခွန်အားတိုးဆေးရည်တို့ကို ချက်ချင်း အသုံးပြုလိုက်သည်။
မိမိ၏ ခန္ဓာကိုယ်အတွင်း ခွန်အားများ တိုးပွားလာသည်ကို ခံစားရချိန်တွင် ဝမ်ထောင်၏ လက်ထဲ၌ အကျိအချွဲဗုံးတစ်လုံး ပေါ်လာ၏။
သူသည် အကျိအချွဲဗုံးက ရန်သူကို အချိန်အကြာကြီး တားဆီးထားနိုင်လိမ့်မည်ဟု မျှော်လင့်မထားပါ။ ဖားပြုတ်ဇွန်ဘီ၏ အဖုအပိမ့်များ ပေါက်ထွက်ချိန်တွင် ထိုအရည်များကို အေးခဲစေနိုင်မလားဆိုသည်ကိုသာ သူ မြင်တွေ့လိုခြင်း ဖြစ်သည်။
ဝူး—
ဝမ်ထောင်သည် အသက်ကို အောင့်ထားရင်း အစိမ်းရောင်အဆိပ်ရှိသော မီးခိုးများထဲသို့ ပြေးဝင်သွားတော့၏။
ဖားပြုတ်ဇွန်ဘီသည် ၎င်း၏ လက်မောင်းကို ချက်ချင်းလွှဲကာ ဝမ်ထောင်၏ ရင်ဘတ်ကို ကုတ်လိုက်သည်။
ဝမ်ထောင် မရှောင်တိမ်းပါ။ ထူထဲလှသော ကွန်ကရစ်တူကြီးတစ်ခုသည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာ၏။
ဤကဲ့သို့ ခံစစ်မြင့်မားသော ဇွန်ဘီနှင့် ရင်ဆိုင်ရချိန်တွင် အသွားမပါသောလက်နက်များက အသွားပါသောလက်နက်များထက် ပိုမိုထိရောက်မှု ရှိသည်။
ဘုန်း—
【-၅၄】
【 ၄၉၄၆/၅၀၀၀】
ဖားပြုတ်ဇွန်ဘီ၏ လက်ဖဝါးသည် ဝမ်ထောင်၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး သူ၏ သွေးပမာဏ ငါးဆယ်ကျော် လျော့နည်းသွား၏။
【+၁၀】
သို့သော် ဝမ်ထောင်၏ အကာအကွယ်အတားအဆီး စွမ်းရည်က တစ်စက္ကန့်လျှင် သွေး ၁၀ ပြန်လည်ပြည့်စေသဖြင့် သွေး ၁၀ စက် ချက်ချင်း ပြန်လည်ရရှိခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်ထောင်၏ တူကြီးသည် ဖားပြုတ်ဇွန်ဘီ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
ဘုန်း—
【-၈၂၆】
【၇၂၃၂/၁၂၀၀၀】
ဤတိုက်ခိုက်မှုသည် ဖားပြုတ်ဇွန်ဘီ၏ သွေးပမာဏ ရှစ်ရာကျော် လျော့နည်းသွားစေခဲ့ပြီး ပုဆိန်၏ ဒဏ်ရာပေးနိုင်စွမ်းထက် သိသာစွာ မြင့်မားလှသည်။
"ဂါး—"
ဖားပြုတ်ဇွန်ဘီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဖုအပိမ့်အချို့ စတင်ကြီးထွားလာ၏။ ၎င်းတို့ မပေါက်ကွဲခင်မှာပင် ဝမ်ထောင်သည် အကျိအချွဲဗုံးကို ပစ်ထည့်လိုက်သည်။
ဘက်—
ကြီးမားလှသော အကျိအချွဲထုကြီးသည် ဖားပြုတ်ဇွန်ဘီတစ်ကောင်လုံးကို ချက်ချင်း ဖုံးလွှမ်းသွား၏။ ၎င်းသည် နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်အတွင်းမှာပင် ရုန်းထွက်နိုင်ခဲ့သော်လည်း ပေါက်ထွက်သွားသော အဖုအပိမ့်များမှ အရည်များသည် ဖြူဖွေးသောအကျိအချွဲများနှင့် ပေါင်းစပ်သွားတော့သည်။
ရှဲ—
ဖြူဖွေးသောအကျိအချွဲများသည် ချက်ချင်း တိုက်စားခံလိုက်ရသော်လည်း ထိုအဝါရောင်အစိမ်းရောင် အရည်များသည် အစိမ်းရောင်အဆိပ်မြူကို ထပ်မံထုတ်လွှတ်ခြင်း မပြုတော့ပေ။
အလုပ်ဖြစ်သည်ကို မြင်သောအခါ ဝမ်ထောင် ပြုံးလိုက်၏။
ထို့နောက် သူ တူကြီးကို နောက်တစ်ကြိမ် ထပ်မံလွှဲကာ အားရပါးရထုထည့်လိုက်သည်။
ဘုန်း—
【-၈၉၅】
【၆၃၃၇/၁၂၀၀၀】
၉၀၀ နီးပါးရှိသော ဒဏ်ရာများ ပေါ်လာ၏။ ဖားပြုတ်ဇွန်ဘီ၌ သွေးပမာဏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
ဖားပြုတ်ဇွန်ဘီသည် အလွန်ဒေါသထွက်သွားပုံရပြီး ယခင်ကနှင့်မတူသော အော်ဟစ်သံတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်၏။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးစွာ လျှောက်သွားနေကြသော ဇွန်ဘီများသည် အသံမြည်လိုက်ကြပြီး ၎င်းတို့၏ အကြည့်များကို ဝမ်ထောင်ထံသို့ လှည့်ကာ သူ့ထံသို့ ပြေးဝင်လာကြတော့သည်။
အကယ်၍ ဒုတိယအဆင့်သို့ မရောက်ရှိခင်ကဆိုလျှင် ဝမ်ထောင် သေချာပေါက် နောက်ဆုတ်မိပေလိမ့်မည်။ သူ မည်မျှပင် သန်မာစေကာမူ ဤမျှများပြားလှသော ဇွန်ဘီများ၏ တိုက်ခိုက်မှုကို သူ တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူသည် ဒုတိယအဆင့်သို့ ရောက်ရှိနေလေပြီ ။
ဝမ်ထောင်သည် ကွန်ကရစ်တူကြီးကို မြင့်မားစွာ မြှောက်လိုက်ပြီး သွေးဆာဇွန်ဘီတစ်ကောင်ကဲ့သို့ပင် မိမိ၏ ခြေလှမ်းအောက်ရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထုချလိုက်တော့သည်။
ဘုန်း—
ပြင်းထန်သောအသံကြီးတစ်ခုနှင့်အတူ ထင်ရှားလှသော တုန်ခါလှိုင်းတစ်ခုသည် ဝမ်ထောင်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွား၏။
【-၄၀၀၀】
【-၄၂၀၀】
【-၄၁၂၇】
【-၄၁၀၀】
【...】
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အဆိပ်မြူဇွန်ဘီများ အားလုံး အပိုင်းပိုင်း ပြတ်တောက်သွားကြတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဖားပြုတ်ဇွန်ဘီရဲ့ ခံစစ်က အလွန် မြင့်မားလွန်းတယ်"
ဝမ်ထောင်သည် မိမိ၏ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းသွားသလားဟုပင် သံသယဝင်မိလုနီးပါး ဖြစ်သွားသည်။
အခြားဇွန်ဘီများ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် ဝမ်ထောင်သည် ဖားပြုတ်ဇွန်ဘီကို နောက်တစ်ကြိမ် ကြည့်လိုက်၏။
ဖားပြုတ်ဇွန်ဘီသည် ယခင်ကထက် ပိုမိုကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်ပြန်ရာ စခန်း၏ အရပ်မျက်နှာအနှံ့မှ အဆိပ်မြူဇွန်ဘီများသည် ဝမ်ထောင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြန်သည်။
"တခြားအဆိပ်မြူဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လား"
ဝမ်ထောင်သည် ယခုအခါ ဤအဆိပ်မြူဇွန်ဘီများက အမှန်တကယ်ပင် ထိန်းချုပ်ခံထားရခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။
သို့သော် ဤဖားပြုတ်ဇွန်ဘီသည် အဘယ်ကြောင့် ဇွန်ဘီများကို ယခင်က တိုက်ခိုက်ခွင့်မပြုခဲ့သနည်း။ ၎င်းတွင် အခြား အကြံအစည်တစ်ခုခု ရှိနေခြင်းလော။
မိမိထံသို့ ပြေးဝင်လာနေသော ဇွန်ဘီအများအပြားကို မြင်သောအခါ ဝမ်ထောင်သည် ယခုတစ်ကြိမ်တွင် အတင်းအကျပ် မလုပ်တော့ဘဲ အရင်ဆုံး နောက်ဆုတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ ညကြည့်စွမ်းရည်အရ ပတ်ဝန်းကျင်တွင် အနည်းဆုံး ရှစ်ထောင် သို့မဟုတ် တစ်သောင်းခန့်သော အဆိပ်မြူဇွန်ဘီများ ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရရာ ဤမျှများပြားလှသော ဇွန်ဘီများနှင့် အချိန်ဖြုန်းနေရန် မလိုပေ။
ဝမ်ထောင်သည် ၎င်းတို့ကို အပြင်သို့ ဆွဲထုတ်သွားရန် ပြင်ဆင်လိုက်ပြီးနောက် ကိုယ့်ကိုကိုယ်ဖောက်ခွဲဗုံးအချို့ ပစ်ပေါက်ကာ ၎င်းတို့ကို ဖောက်ခွဲဖျက်ဆီးနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ချင်၏။
သို့သော် ဝမ်ထောင် အပြင်သို့ ပြေးထွက်သွားချိန်တွင် မြေပြင်ပေါ်၌ ခြေထောက်နှစ်ဖက်စလုံးနှင့် ညာဘက်လက်မောင်း ပြတ်တောက်နေသော ခန္ဓာကိုယ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်—။
မဟုတ်သေးဘူး၊ ဒါက အလောင်းမဟုတ်ဘူး၊ သူ အသက်ရှင်နေသေးတာပဲ။
"အဘိုးကြီးရှန့်"
အပေါ်ပိုင်း ခန္ဓာကိုယ်အများစုသာ ကျန်ရှိတော့သော ရှန့်ဟုန်ပင်းကို ကြည့်ရင်း ဝမ်ထောင် ထိတ်လန့်သွားပြီး ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
ဝေကျန့်ကော်က သူ့ကို ယခင်က ပြောပြခဲ့သည်မှာ ရှန့်ဟုန်ပင်းနှင့် အခြားလူများသည် သူရဲကောင်းဆန်စွာ စွန့်လွှတ်ခဲ့ကြပြီ ဖြစ်ကြောင်း ဖြစ်၏။
သို့သော် ရှန့်ဟုန်ပင်း အသက်ရှင်နေသေးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီး သေလုမြောပါး ဖြစ်နေသော်လည်း သူ အမှန်တကယ် အသက်ရှင်နေသေးကာ ဇွန်ဘီအဖြစ်သို့ မပြောင်းလဲသေးချေ။
၄င်းက ဇွန်ဘီများသည် အစောပိုင်းက ရှုပ်ထွေးနေသော အခြေအနေတွင် ရှိနေသဖြင့် သူ့ကို မတိုက်ခိုက်ခဲ့ကြခြင်းကြောင့် ဖြစ်နိုင်သည်။
ဝမ်ထောင်သည် စကားတစ်ခွန်းမှ မပြောဘဲ ရှန့်ဟုန်ပင်းကို ဆွဲခေါ်ကာ ပြေးလိုက်ပြီးနောက် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ အသက်ဝင်မှုတားမြစ်ဆေးရည်တစ်ပုလင်းကို ထုတ်ယူ၍ ထိုးနှံပေးလိုက်၏။
【အသက်ဝင်မှုတားမြစ်ဆေးရည် (စမ်းသပ်ဆဲ): ကူးစက်ခံရသူ၏ ခန္ဓာကိုယ်အတွင်းရှိ ဇွန်ဘီဗိုင်းရပ်စ်၏ အသက်ဝင်မှုကို ၃ ရက်မှ ၁၀ ရက်အထိ လျှော့ချပေးနိုင်သည်။ ဇွန်ဘီဗိုင်းရပ်စ်၏ အသက်ဝင်မှု လျော့နည်းသွားပါက ၎င်းတို့သည် ဇွန်ဘီအဖြစ်သို့ မျိုးဗီဇပြောင်းလဲခြင်း ရှိမည်မဟုတ်ပေ။】
စွပ်—
ဆေးရည်က သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ရှန့်ဟုန်ပင်းသည် တွန့်သွားသော်လည်း နိုးမလာသေးပေ။
အသက်ဝင်မှုတားမြစ်ဆေးရည်ကြောင့် ရှန့်ဟုန်ပင်းသည် အနည်းဆုံး သုံးရက်အတွင်း ဇွန်ဘီအဖြစ်သို့ ပြောင်းလဲမည် မဟုတ်ပေ။ ထိုအချိန်နောက်ပိုင်းတွင်မူ သူသည် ခုခံဆေးကို အသုံးပြုရမည် ဖြစ်၏။
သို့သော် ခုခံဆေးကို အသုံးပြုရခြင်းက အလွန် နာကျင်လှ၏။ ၄င်းကို တောင့်ခံနိုင်ရန် သန်မာသော ခန္ဓာကိုယ် သို့မဟုတ် ပြင်းထန်သော အသက်ရှင်လိုသည့် စိတ်ဓာတ်ခွန်အား လိုအပ်သည်။
ရှန့်ဟုန်ပင်း၏ ခန္ဓာကိုယ်က ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီး သူသည် သတိလစ်နေသဖြင့်... အသက်ဝင်မှုတားမြစ်ဆေးရည်ကို အသုံးပြုခြင်းက ပိုမိုဘေးကင်းလိမ့်မည်ဟု ဝမ်ထောင် ထင်မိသည်။
ဝမ်ထောင်သည် ရှန့်ဟုန်ပင်းကို မိမိ၏ ကျောပေါ်တွင် ပိုးထားရင်း စခန်း၏ အပြင်ဘက်သို့ ဆက်လက်ပြေးသွားတော့၏။
အဆိပ်မြူဇွန်ဘီများကလည်း စခန်းကို စွန့်လွှတ်လိုက်ကြပြီး ဖားပြုတ်ဇွန်ဘီ၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ ဝမ်ထောင်နောက်သို့ လိုက်လာကြတော့သည်။ ယခင်က အဆိပ်မြူဇွန်ဘီများ၏ တားဆီးခြင်းကို ခံထားရသော ရူးသွပ်ဇွန်ဘီများသည်လည်း ဝမ်ထောင်နောက်သို့ လိုက်လာကြ၏။
မိမိ၏ အနောက်ရှိ ဇွန်ဘီဒီရေလှိုင်းကြီးကို ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းလှသော အော်ဟစ်သံများကို ကြားရချိန်တွင် ဝမ်ထောင်သည် မိမိ၏ ဦးရေပြားများ ထုံကျင်သွားသည်ဟု ခံစားလိုက်ရသည်။
မိမိ၏ အနောက်ရှိ ဇွန်ဘီအားလုံး ပေါင်းစပ်လိုက်လျှင် သေချာပေါက် တစ်သောင်းကျော် ရှိပေလိမ့်မည်။ တကယ်လို့ သူ ဝိုင်းရံခံရမည်ဆိုပါက သူ အသက်ရှင်နိုင်မလားဆိုသည်ကို မသေချာပေ။
ကံကောင်းလှစွာပင် ဝမ်ထောင်၌ ညကြည့်စွမ်းရည် ရှိနေသဖြင့် အမှောင်ထုထဲတွင် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ ခံစားရစေကာ ဤဇွန်ဘီများကသူ့အား ဝိုင်းရံရန် အခွင့်အရေး မပေးခဲ့ချေ။
ဝမ်ထောင်သည် အချိန်အကြာကြီး ပြေးခဲ့၏။ သူ စခန်းနှင့် အတော်အတန် ဝေးကွာသွားပြီဟု ခံစားရချိန်တွင် အခွင့်အရေးတစ်ခု ရှာကာ ငါးထပ်အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူသည် မိမိ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ ကိုယ်ကိုကိုယ်ဖောက်ခွဲဗုံးအချို့ကို ထုတ်ယူကာ အောက်ထပ်သို့ ဆက်တိုက်ပစ်ချလိုက်တော့၏။
နှလုံးပုံသဏ္ဌာန်ရှိသော ကိုယ့်ကိုကိုယ်ဖောက်ခွဲဗုံးများ ဝမ်ထောင်၏ လက်ထဲတွင် ပေါ်လာချိန်တွင် ၎င်းတို့သည် စတင်ခုန်လှုပ်လာကြသည်။ ၎င်းတို့ မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် လေထုထဲ၌ ပေါက်ကွဲသွားကြ၏။
ဘုန်း—
ပြင်းထန်လှသော အသံအချို့ကြောင့် အဆောက်အအုံကြီး တုန်ခါသွားသည်။ အောက်ထပ်တွင် သွေးမြူများ ပြည့်နှက်သွားတော့၏။
အောက်ထပ်တွင် ဇွန်ဘီအများအပြား ရှိနေသေးသည်ကို မြင်သောအခါ ဝမ်ထောင် အားမနာတော့ဘဲ ကိုယ့်ကိုကိုယ်ဖောက်ခွဲဗုံးများကို ထပ်မံထုတ်ယူလိုက်သည်။
ဘုန်း—
ဘုန်း—
...ဂျိမ်း—
ဝမ်ထောင်သည် ကိုယ့်ကိုကိုယ်ဖောက်ခွဲဗုံး ဘယ်နှစ်လုံး ပစ်ပေါက်ခဲ့သည်ကို မသိတော့ပေ။ သူ၏ ခြေလှမ်းအောက်ရှိ အဆောက်အအုံကြီး ပြိုကျလုနီးပါး ဖြစ်လာသည်ဟု ခံစားရချိန်တွင်မှ သူ နောက်ဆုံးတွင် ရပ်တန့်လိုက်တော့၏။
"ပြေး"
ဘုန်း—
ငါးထပ်အဆောက်အအုံကြီးသည် လုံးဝ ပြိုကျပျက်စီးသွားတော့သည်။ ဝမ်ထောင်သည် အနည်းငယ် စုတ်ပြတ်သတ်နေသော ပုံစံဖြင့် အပျက်အစီးများထဲမှ ထွက်ပေါ်လာခဲ့၏။
ထွက်လာပြီးနောက် ဝမ်ထောင်သည် မလှမ်းမကမ်းတွင် ရှိနေသော ဖားပြုတ်ဇွန်ဘီနှင့် ရှုံးနိမ့်သွားသောအုပ်စုကြီးမှ ကျန်ရှိနေသော အကြွင်းအကျန်အချို့ကို မြင်လိုက်ရသည်။
ဖားပြုတ်ဇွန်ဘီသည် ပေါက်ကွဲမှုများကြောင့် သွေးပမာဏ အများကြီး လျော့နည်းမသွားဘဲ ငါးထောင်ငါးရာ ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေ ဝမ်ထောင်၏ အဓိကပစ်မှတ်မှာ အခြားဇွန်ဘီများ ဖြစ်သောကြောင့် ဖားပြုပ်ဇွန်ဘီကြီး မသေသေသည်မှာ သဘာဝကျပါသည်။
အခြားအဆိပ်မြူဇွန်ဘီများနှင့် ရူးသွပ်ဇွန်ဘီများမှာမူ အပိုင်းပိုင်း ပြတ်တောက်သွားကြခြင်း သို့မဟုတ် ပြိုကျသွားသော အဆောက်အအုံအောက်တွင် ဖိမိသွားကြသည်။ ယခုအခါ ဝမ်ထောင်၏ ရှေ့တွင် ဆယ်ကောင်ခန့်သာ မတ်တပ်ရပ်နေကြတော့သည်။
ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ ဤဇွန်ဘီတစ်ဆယ်ကောင်ထဲတွင် ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင် ပါဝင်နေခြင်း ဖြစ်၏။
【သွေးပမာဏ - ၁၂၃၉/၅၀၀၀】
【စွမ်းအင်ပမာဏ - ၇၆၈/၁၀၀၀】
【အဆင့်: ဒုတိယအဆင့် - အထူးဇွန်ဘီ】
ပထမဆုံး ဒုတိယအဆင့်ဇွန်ဘီတွင် သွေးပမာဏ တစ်ထောင်နှစ်ရာကျော် ကျန်ရှိတော့သည်။
【သွေးပမာဏ: ၁၀၀၄/၅၀၀၀】
【စွမ်းအင်ပမာဏ: ၈၀၆/၁၀၀၀】
【အဆင့်: ဒုတိယအဆင့် - အထူး】
ဒုတိယမြောက် ဒုတိယအဆင့်ဇွန်ဘီတွင် သွေးပမာဏ တစ်ထောင်ကျော် ကျန်ရှိနေသည်။
"ဒီဇွန်ဘီနှစ်ကောင်က ဝေကျန့်ကော် ပြောခဲ့တဲ့ အားနည်းတဲ့ ဒုတိယအဆင့်ဇွန်ဘီ အမျိုးအစား ဖြစ်ရမယ်..."
သွေးပမာဏ ၅၀၀၀ က ဒုတိယအဆင့်ရဲ့ ကန့်သတ်ချက် ဖြစ်သည်။ ဤအရာများသည် ဒုတိယအဆင့်သို့ အဆင့်တက်ပြီးစ ဖြစ်သည်မှာ မကြာသေးဘဲ ၎င်းတို့၏ စွမ်းအင်ပမာဏက အလွန် နည်းပါးလှ၏။ ဝမ်ထောင်အနေဖြင့် စွမ်းအင်ပမာဏ ပိုမိုများပြားသော ဇွန်ဘီများက ပိုမိုသန်မာလိမ့်မည်ဟု ခံစားမိသည်။
သဘာဝကျစွာပင် အကြီးမားဆုံး ကွဲပြားမှုမှာ အဆင့် ဖြစ်သည်။
ဖားပြုတ်ဇွန်ဘီ၏ အဆင့်မှာ 【ဒုတိယအဆင့်ဇွန်ဘီဘုရင်】 ဖြစ်ပြီး ဤဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်မှာမူ 【ဒုတိယအဆင့် - အထူးဇွန်ဘီ】 ဖြစ်နေသဖြင့် တစ်ဆင့် နိမ့်ကျနေသည်မှာ ထင်ရှားလှ၏။
ဝမ်ထောင်သည် သာမန်ဇွန်ဘီတစ်ကောင်ကို ကြည့်လိုက်သည်။
【သွေး: ၂၉၈၃/၄၀၀၀】
【စွမ်းအင်:၀/၀】
【အဆင့်: ပထမအဆင့် -သာမန်】
ဤဇွန်ဘီက ပို၍ပင် အားနည်းလှသည်။ ၎င်းတွင် စွမ်းအင်ပမာဏပင် မရှိချေ။ ထိုအရာက ၎င်း၌ အမြုတေ မရှိကြောင်း အဓိပ္ပာယ်ရသည်။ ၎င်း သယ်ဆောင်ထားသော အစိမ်းရောင်အဆိပ်မြူမှာမူ စွမ်းရည်တစ်ခု မဟုတ်ဘဲ ပင်ကိုယ်အရည်အချင်းတစ်ခု သို့မဟုတ် ဖုံးကွယ်ထားသောစွမ်းရည်တစ်ခုခု ဖြစ်နိုင်ပေသည်..။
. "အူး—"
ဖားပြုတ်ဇွန်ဘီသည် ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ထို့နောက် ၎င်းသည် ပြင်းထန်စွာအော်ဟစ်လိုက်ပြီး သူ့ထံသို့ ပြေးဝင်လာတော့သည်။
ဝမ်ထောင်သည် သူနှင့် တိုက်ခိုက်ရန် အာရုံမရှိသေးဘဲ ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်ရှေ့သို့ ပြေးဝင်သွားလိုက်၏။
ဘုန်း—
ဝမ်ထောင်က သူ၏ တူကြီးကို လွှဲခုတ်လိုက်ရာ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်၏ ဦးခေါင်းက ချက်ချင်း ပွင့်ထွက်သွားတော့သည်။
【-၁၀၀၄】
【၀/၅၀၀၀】
၎င်းတို့က အမှန်တကယ်ပင် အားနည်းလှသည်။
"ဂါး ..."
အခြား ဒုတိယအဆင့်ဇွန်ဘီက ဝမ်ထောင်ထံသို့ ပြေးဝင်လာသည်။ ဝမ်ထောင်သည် တူကြီးကို မြှောက်ကာ တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
ဘုန်း—
【-၁၂၃၉】
【၀/၅၀၀၀】
【-၂၉၈၃】
【၀/၄၀၀၀】
【...】
ဤဒုတိယအဆင့်ဇွန်ဘီ၏ ဦးခေါင်းသည်လည်း ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ ဇွန်ဘီများလည်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဝမ်ထောင်သည် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး သူ၏ သွေးဘားတန်းကို ကြည့်လိုက်၏။
သာမန်ဇွန်ဘီများကို သတ်ခြင်းက သွေးပမာဏ တိုးမလာသေးသော်လည်း ဤဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်ကို သတ်ခြင်းက တစ်ကောင်လျှင် ၈၀ စီ တိုးလာသဖြင့် စုစုပေါင်း ၁၆၀ တိုးလာ..။မဟုတ်သေးဘူး၊ သွေးပမာဏ ၈၀ ပဲလား။ ဒါက နည်းလွန်းတယ်လေ။
ဝမ်ထောင်သည် ဇွန်ဘီရှောက်ယုံကို သတ်စဉ်က သွေးပမာဏ ၉၆၀ ရရှိခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေ၏.။ သွေးပမာဏအပြင် ဝမ်ထောင်၏ အထူးစွမ်းအင်ဘားတန်းကလည်း မပြောင်းလဲသေးချေ။ ဤဇွန်ဘီနှစ်ကောင်ကို သတ်ခြင်းက အထူးစွမ်းအင် တိုးမလာခဲ့ပေ။
ဝမ်ထောင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆင့်ကျော်သတ်ခြင်းမှသာ အထူးစွမ်းရည်များ ရရှိနိုင်၏။ ယခု ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်မှာ အလွန် အားနည်းလှသဖြင့် ၎င်းတို့သည် ဝမ်ထောင်၏ အဆင့်ကျော်သတ်ခြင်း သတ်မှတ်ချက်နှင့် မကိုက်ညီပါ။
"အူး—"
ထိုအခိုက် ဖားပြုတ်ဇွန်ဘီသည် နောက်တစ်ကြိမ် မြင့်မားစွာ ခုန်တက်လိုက်ပြီး ဝမ်ထောင်ထံသို့ အုပ်လိုက်ပြန်သည်။
ဝမ်ထောင်သည် ဘေ့စ်ဘောရိုက်သကဲ့သို့ တူကြီးကို လွှဲယမ်းထည့်လိုက်၏။ ဖားပြုတ်ဇွန်ဘီ သူ့ထံသို့ ပစ်ဝင်လာချိန်တွင် ဝမ်ထောင်သည် တူကြီးဖြင့် ၎င်း၏ ဦးခေါင်းကို ပြင်းထန်စွာ ထုချလိုက်သည်။
ဒုန်း—
ဖားပြုတ်ဇွန်ဘီသည် ပစ်ဝင်လာသည့် အရှိန်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် အနောက်သို့ လွင့်စင်သွားတော့၏။
【-၁၀၂၄】
【၄၄၇၆/၁၂၀၀၀】
သို့သော် အနောက်သို့ လွင့်စင်သွားစဉ်မှာပင် ၎င်းသည် ပါးစပ်ကို ရုတ်တရက် ကျယ်လောင်စွာ ဖွင့်လိုက်ပြီး ထူထဲလှသော လျှာကြီးက ဝမ်ထောင်၏ ရင်ဘတ်ဆီသို့ ပစ်ထိုး၏။
လျှာက အလွန် မြန်ဆန်လွန်းလှသလို ဝမ်ထောင်ကလည်း ဖားပြုတ်ဇွန်ဘီကို လွင့်စင်အောင် ပြုလုပ်ပြီးစ ဖြစ်သဖြင့် ချက်ချင်း တုံ့ပြန်ရန် အချိန်မရှိခဲ့ချေ။
ဘုန်း—
လျှာသည် ဝမ်ထောင်၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိမှန်သွားတော့သည်။
【-၄၃၁】
ဝမ်ထောင်သည် သူ၏ ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး စူးရှလှသော နာကျင်မှုတစ်ခု နောက်ကလိုက်ပါလာရာ အသက်ပင် ရှူရခက်ခဲသွား၏။
"တောက်"
ဖားပြုတ်ဇွန်ဘီ၏ လျှာတိုက်ခိုက်မှုက ယခင်ကထက် များစွာ ပိုမိုပြင်းထန်လှပြီး ၎င်း၏ လျှာကလည်း ပို၍ကြီးမားလှသည်။ ဝမ်ထောင်သည် အကာအကွယ်အတားအဆီးကို အသက်သွင်းထားပြီး ခေါင်းမာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း သူ၏ သွေးပမာဏ လေးရာကျော် လျော့နည်းသွားခဲ့သည်။
အကယ်၍ ဝမ်ထောင်၌ ခံစစ်စွမ်းရည်များ သို့မဟုတ် အကာအကွယ်ပစ္စည်းများ မရှိခဲ့ပါက သဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် အသက်တစ်ဝက် သေဆုံးသွားနိုင်သည်။
အ၀က ဖားပြုတ်ဇွန်ဘီနှင့် ထိပ်တိုက်တွေ့ပြီးနောက် ဝမ်ထောင်၏ မာနက အနည်းငယ် ကြီးမားလာခဲ့သော်လည်း သူသည် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်တော့သည်။
သူ မည်မျှပင် သန်မာစေကာမူ ဒုတိယအဆင့်ဇွန်ဘီဘုရင်သည် အားနည်းသူ မဟုတ်ပေ။ အခြေအနေများက အလွယ်တကူ ဆိုးရွားသွားနိုင်လေသည်။
ဘေးကင်းစေရန်အတွက် ဝမ်ထောင်သည် ခံစစ်ဆေးရည်ကို အသုံးပြုလိုက်၏။
သူသည် ဇွန်ဘီတစ်ကောင် မဟုတ်ပေ။ ဇွန်ဘီ၏ရိုက်ချက်များသည် သူ၏ ဦးခေါင်းကို မထိမှန်နိုင်လျှင်ပင် အခြားနေရာများကို ထိမှန်ပါက သူ၏ သွေးပမာဏ လျော့နည်းသွားဦးမည် ဖြစ်သည်။ လူသားများ၌ ဇွန်ဘီများထက် အားနည်းချက်များစွာ ပိုမိုများပြားလှသည်။ သူသာ ယခုလိုပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ထပ်မံခံရမည်ဆိုပါက တောင့်ခံနိုင်ရန် မသေချာပေ။
ခံစစ်ဆေးရည်က ချက်ချင်း သက်ရောက်မှု ရှိလာသည်။ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ခွန်အားတစ်ခုကို ခံစားရချိန်တွင် ဝမ်ထောင်သည် တူကြီးကို ဆွဲကိုင်ကာ ဖားပြုတ်ဇွန်ဘီထံသို့ ချက်ချင်း ပြေးဝင်သွားတော့၏။
ခဏအကြာတိုက်ခိုက်ပြီးနောက် ဖားပြုတ်ဇွန်ဘီ၏ သွေးဘားတန်းမှာ "၃၅၆၆" သို့ ရောက်ရှိသွားသည်။ ဝမ်ထောင်သည် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသော မျက်မှူးဖြင့် ကြည့်လိုက်၏။
ဖားပြုတ်ဇွန်ဘီတွင် စုစုပေါင်း သွေးပမာဏ ၁၂၀၀၀ ရှိရာ ၃၀% မှာ ၃၆၀၀ ဖြစ်သည်။ ဝမ်ထောင်သည် ထိုအရည၌ ဂေါ်ရီလာဇွန်ဘီကဲ့သို့ တူညီသော သွေးဆာစွမ်းရည် ရှိမရှိကို သိချင်၏။
သွေးဆာစွမ်းရည်သည် သွေးပမာဏ ၃၀% အောက် ရောက်ရှိချိန်တွင် အသက်ဝင်လာခြင်း ဖြစ်သည်။
အကယ်၍ ၄င်း၌ သွေးဆာစွမ်းရည် ရှိခဲ့မည်ဆိုပါက သူ ထိုအရာကို ပေါင်းစပ်နိုင်မည် ဖြစ်၏။
ကံမကောင်းစွာဖြင့် ဖားပြုတ်ဇွန်ဘီ၏ သွေးပမာဏ ၃၀% အောက် ရောက်ရှိသွားချိန်တွင် ၎င်းက ပိုမိုဒေါသထွက်လာခြင်းမှလွဲ၍ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။
"တောက်....မင်းက ဘာမှအသုံးမဝင်တဲ့ ဖားပြုပ်ပဲ"
ဝမ်ထောင် ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားပြီး သူ၏ တူကြီးကို လွှဲကာ ရူးသွပ်စွာ စတင်တိုက်ခိုက်တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝမ်ထောင်သည် ဖားပြုတ်ဇွန်ဘီ၏ တိုက်ခိုက်မှုအချို့ကို တောင့်ခံရင်း နောက်ဆုံးတွင် တူတစ်ချက်ဖြင့် ၎င်း၏ ဦးခေါင်းကို ခွဲပစ်လိုက်တော့၏။
ခွပ်—
【-၆၂၁】
【၀/၁၂၀၀၀】
ဖားပြုတ်ဇွန်ဘီ၏ သွေးဘားတန်းက သုည ဖြစ်သွားပြီး ပစ္စည်းအမြုတေများ ထွက်ကျလာသည်။
ဝမ်ထောင်သည် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အမြုတေကို ကောက်ယူရင်း မိမိ၏ သွေးဘားတန်းကို ကြည့်လိုက်၏။
"သွေးပမာဏ ၆၀၀ ပဲ တိုးလာတာလား..."
ဝမ်ထောင် မျက်မှောင်ကုပ်လိုက်မိသည်။ ဖားပြုတ်ဇွန်ဘီသည် ဂေါ်ရီလာဇွန်ဘီကဲ့သို့ မသန်မာဟု သူ ခံစားရသော်လည်း ၄င်းက ဇွန်ဘီရှောက်ယုံထက်တော့ သိသာစွာ ပိုမိုသန်မာလှသည်။ မည်သို့ပင်ဆိုစေ ထိုအရာ၌ သွေးပမာဏ ၁၂၀၀၀ ရှိသော်လည်း ရရှိလာသော သွေးပမာဏမှာ ယခင်က ဇွန်ဘီရှောက်ယုံကို သတ်စဉ်ကထက် နည်းပါးနေ၏။
သူ ဇွန်ဘီရှောက်ယုံကို သတ်စဉ်က ပထမအဆင့် ဖြစ်နေပြီး ယခုအခါ ဒုတိယအဆင့် အချင်းချင်းဖြစ်နေသဖြင့် ယခင်က အပိုဆု ရရှိခဲ့ခြင်းကြောင့်လော။
ဂိမ်းကစားရတာကို နှစ်သက်တတ်သော ဝမ်ထောင်သည် ဤရှင်းလင်းချက်ကိုသာ ရှာဖွေတွေ့ရှိနိုင်တော့သည်။
ထို့နောက် ဝမ်ထောင်သည် မိမိ၏ အထူးစွမ်းင်ကို ထပ်မံစစ်ဆေးလိုက်၏။
"အာ၊ ဒါက တကယ်ပဲ တိုးလာတာပဲ"
အထူးစွမ်းအင်က ၃၂၀ တိုးလာသည်။ ယခင်က ၁၆၀ နှင့် ပေါင်းစပ်လိုက်လျှင် ယခုအခါ ၄၈၀ ရှိပြီ ဖြစ်၏။
ဝမ်ထောင်သည် ယခင်က အဆင့်ကျော်သတ်ခြင်းမှ အထူးစွမ်းအင် ရရှိခြင်းမှာ "ပထမအဆင့်က ဒုတိယအဆင့်ကို သတ်ခြင်း" ကဲ့သို့သော အရာမျိုးကို ဆိုလိုသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ဒုတိယအဆင့်အနေဖြင့် ဒုတိယအဆင့်ဇွန်ဘီဘုရင်ကို သတ်ခြင်းကလည်း အထူးစွမ်းအင်ကို ပေးစွမ်းနိုင်ပုံရပေသည်။
၄င်းက သတင်းကောင်း ဖြစ်၏။ သို့မဟုတ်ပါက သူ၏ လက်ရှိစွမ်းရည်ဖြင့် တတိယအဆင့်ဇွန်ဘီကို သတ်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် တတိယအဆင့်ဇွန်ဘီများ ရှိနေပြီလားဆိုသည်ကိုပင် မသေချာသေးချေ.။
"ငါ မြန်မြန်ပြန်မှရမယ်..."
ဝမ်ထောင်သည် ဘေးကင်းရာ၌ ဝှက်ထားခဲ့သော ရှန့်ဟုန်ပင်းဆီပြန်သွားကာ ကျောပိုးပြီး စခန်းဆီသို့ ပြေးသွားတော့၏။
သို့သော် စခန်းအပြင်ဘက်သို့ ရောက်ရှိချိန်တွင် ဝမ်ထောင် ရုတ်တရက် မျက်မှောင်ကုပ်လိုက်မိသည်။
"တစ်ခုခုတော့ မှားနေပြီ..."
--------