← Chapters

အခန်း ၁၅၄

Vol. 14 Ch. 154

အခန်း ၁၅၄

Vol. 14 Ch. 154

အခန်း ၁၅၄ - ကျန်းရှောင်ရွှယ်

ကမ္ဘာပျက်ကပ်အတွင်းရှိ ညများသည် အလွန်ဆူညံလှ၏။ ဇွန်ဘီများသည် မှောင်မိုက်သော ပတ်ဝန်းကျင်ကို နှစ်သက်ကြပြီး ညတိုင်းတွင် ၎င်းတို့၏ ညသတ္တဝါ ဘဝကို စတင်လေ့ရှိကြသည်။

သို့သော် ယခုအခါတွင်မူ ရွှေကျဲစခန်းသည် အလွန်တိတ်ဆိတ်နေ၏။ မမှန်ကန်ဟု ခံစားရလောက်အောင်ပင် တိတ်ဆိတ်လွန်းနေသည်။

ယခင်က ဝမ်ထောင်သည် ဇွန်ဘီအုပ်ကြီးကို မျှားခေါ်သွားခဲ့စဉ်က အချို့သော သာမန်ဇွန်ဘီများသည် မထွက်သွားဘဲ ရွှေကျဲစခန်း၏ အပြင်ဘက်တွင် ရှိနေခဲ့ကြ၏။

သို့သော် ယခုတွင် ဝမ်ထောင်သည် မည်သည့်ဇွန်ဘီကိုမျှ မမြင်ရသလို မည်သည့်ဟောက်သံကိုမျှလည်း မကြားရပေ။ နေ့ခင်းဘက်ကဲ့သို့ပင် တိတ်ဆိတ်နေသည်။

၄င်းမှာ လုံးဝမရိုးရှင်းပေ။

စခန်းတွင် တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား။

သူတို့သည် ဤမျှအထိ ကံဆိုးလွန်းခြင်းကတော့ မဖြစ်သင့်တော့ပါ။

ဝမ်ထောင်သည် လေးနက်သော မျက်နှာထားဖြင့် ဘက်စုံသုံးအဆောက်အအုံသို့ ရောက်လာပြီး တံခါးကို ခေါက်လိုက်၏။

"တံခါးဖွင့်... ငါပါ"

ခဏအကြာတွင် လူကန်းသည် တံခါးကို ဖွင့်ပေးလိုက်ပြီး သူ၏နောက်တွင် ဝေကျန့်ကော်နှင့် အခြားသူများ ရှိနေကြသည်။

"ဝမ်ထောင်... မင်း အဆင်ပြေရဲ့လား"

လူကန်းက အလျင်အမြန် မေးလိုက်၏။

"ငါ အဆင်ပြေပါတယ်"

လူကန်းနှင့် အခြားသူများ ဒဏ်ရာမရဘဲ ရှိနေသည်ကို မြင်မှသာ ဝမ်ထောင် သက်ပြင်းချနိုင်တော့သည်။ စခန်း အဆင်ပြေနေသည်မှာ ကောင်း၏။ လူနည်းနည်းသာ ကျန်တော့သဖြင့် နောက်ထပ်ဆုံးရှုံးမှုများကို မခံနိုင်တော့ပေ။

"အား... ဒါက ဘာလဲ"

ဝမ်ထောင် ဝင်လာပြီးနောက် သူ၏ကျောပေါ်တွင် သွေးချင်းချင်းနီနေသော လူတစ်ဦးကို ပိုးထားသည်ကို မြင်သဖြင့် လူတိုင်း အံ့သြသွားကြသည်။

"ရှန့်အိုကြီး.."

". ရှန့်ဟုန်ပင်းပဲ... သူ မသေသေးဘူး"

ဝမ်ထောင်သည် ရှန့်ဟုန်ပင်းကို ညင်သာစွာ ချပေးလိုက်ရာ လူတိုင်းသည် ရှန့်ဟုန်ပင်း၏ ဖြူလျော်နေသော မျက်နှာကို မြင်လိုက်ကြရ၏။

"ရှန့်အိုကြီး"

ခဏမျှ မှင်တက်သွားပြီးနောက် လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် တိုးဝှေ့လာကြသည်။

"သူ... သူ တကယ်ပဲ မသေသေးဘူး..."

ဝေကျန့်ကော်၏ မျက်လုံးများ နီမြန်းနေ၏။ သူသည် ရှန့်ဟုန်ပင်းကို ကိုင်ရန် လက်လှမ်းလိုက်သော်လည်း အိပ်မက်ဖြစ်နေမည်ကို စိုးရိမ်သဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"သူ အသက်ရှင်သေးတယ်... ဒါပေမဲ့ သူ ကျော်ဖြတ်နိုင်မလား ဆိုတာကတော့ သူကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်..."

ကုသမှု ခံယူပြီးနောက်တွင် ရှန့်ဟုန်ပင်း၏ သွေးပမာဏသည် သိသိသာသာ တိုးလာခဲ့သဖြင့် သူ အသက်ရှင်နိုင်ခြေ မြင့်မားသည်ဟု ဝမ်ထောင် ခံစားရ၏။ သို့သော် မျှော်လင့်ချက် ကြီးမားလေ စိတ်ပျက်ရလျှင် ပိုခံစားရလေ ဖြစ်နိုင်သောကြောင့် ဝမ်ထောင်သည် အပိုင် မပြောလိုပေ။

"ဆရာဝန် ရှိလား... ရှန့်အိုကြီးရဲ့ ဒဏ်ရာတွေကို လာကုပေးပါဦး"

ဝမ်ထောင်က အော်ပြောလိုက်၏။

"ကျွန်တော် ရှိပါတယ်"

ချန်ကျွမ်းသည် အလျင်အမြန် လက်ထောင်လိုက်သည်။

သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ကျပ်ခိုးများ ပေကျံနေသဖြင့် ဝမ်ထောင်သည် ယခင်က သူ့ကို သတိပင်မထားမိခဲ့ပေ။

"ကောင်းပြီ... သူ့ကို မင်းလက်ထဲပဲ အပ်ခဲ့မယ်"

ဝမ်ထောင်သည် ချန်ကျွမ်း၏ ပုခုံးကို ပုတ်လိုက်၏။

"ချန်ကျွမ်းက စခန်းမှာ ကျန်ခဲ့တဲ့ နောက်ဆုံး ဆရာဝန်ပဲ..."

လူကန်းက စိတ်ပျက်လက်ပျက် အသံဖြင့် ရှင်းပြသည်။

"ဟင်း..."

ဝမ်ထောင်သည် သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။

"အားလုံးပဲ နားလိုက်ကြဦး... အဆိပ်မြူဇွန်ဘီတွေကို ငါ အကုန် သတ်ပစ်လိုက်ပြီ... အခု အားလုံး ဘေးကင်းသွားပါပြီ"

ထိုစကားကို ကြားသောအခါ လူတိုင်းသည် စိတ်လှုပ်ရှားသွားကြသော်လည်း ပျော်ရမည့်အစား ဝမ်းနည်းသွားကြ၏။

ဝေကျန့်ကော်နှင့် အခြားသူများသည် ရှန့်ဟုန်ပင်းကို ကြည့်နေကြသည်။ တင်ယွီချင်နှင့် ဟန်ရွှေတို့သည် ဝမ်ထောင်၏ လက်များကို ဘေးတစ်ဖက်တစ်ချက်စီမှ ဆုပ်ကိုင်ထားကြရာ သူတို့၏ ခန္ဓာကိုယ်လေးများ တုန်ရင်နေသည်ကို ဝမ်ထောင် ခံစားမိ၏။

"ကော်မတီဝင် ရန်ကျဲ... ကော်မတီဝင် လျူဟဲ... ကော်မတီဝင် ဖုန်းမင်အန်... သူတို့အားလုံး သူရဲကောင်းဆန်ဆန် စွန့်လွှတ် အနစ်နာခံသွားကြပြီ... ဟော့ကျိယီလည်း မရှိတော့ဘူး... သူ မသေခင်မှာ သူသေချာ တိုက်ထားတဲ့ အကသစ်ကို ရှင့်ကို ကြည့်စေချင်တယ်လို့ ပြောသွားတယ်..."

ဟန်ရွှေက ခေါင်းငုံ့ကာ တိုးတိုးလေး ပြော၏။

ဝမ်ထောင်သည် ရန်ကျဲနှင့် အခြားသူများ၏ မျက်နှာများကို ပြန်လည် မြင်ယောင်လာပြီး ဟော့ကျိယီနှင့် သူမ၏ သူငယ်ချင်းများက သူ့အတွက် ကပြပြီးနောက် ချီးမွမ်းစကားကို စောင့်မျှော်နေခဲ့ကြသော မျက်နှာများကို လည်း သတိရလိုက်သည်။

ဝမ်ထောင်သည် ဟန်ရွှေ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။

"သူတို့အားလုံးဟာ သူရဲကောင်းတွေပဲ"

"ဟုတ်တယ်... သူတို့အားလုံးဟာ သူရဲကောင်းတွေပဲ"

ဝမ်ထောင်သည် အခြားသူများကို အထဲဝင်နားရန် ပြောလိုက်ပြီး သူကိုယ်တိုင်မှာမူ အရုဏ်တက်ချိန်အထိ စခန်းကို စောင့်ကြပ်ရန် ဆုံးဖြတ်လိုက်သည်။ ဟန်ရွှေနှင့် တင်ယွီချင်တို့သည်လည်း ခဏမျှ နားပြီးဖြစ်၍ သိပ်မအိပ်ချင်သေးသဖြင့် သူနှင့်အတူ နေရန် ဆုံးဖြတ်ကြ၏။

အမျိုးသမီး နှစ်ဦးကို ကြည့်ရင်း ဝမ်ထောင်သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း အတိအကျကိုမူ မပြောနိုင်ပေ။

ထိုစဉ် ဟန်ရွှေက တင်ယွီချင်ကို ရုတ်တရက် မေးလိုက်သည်။

"ဒါနဲ့... လီချို့ယွီ ဘယ်ရောက်သွားလဲ"

သူမ ထိုသို့ ပြောလိုက်သောအခါမှ ဝမ်ထောင်သည် ဘာမှားနေသည်ကို ရုတ်တရက် သဘောပေါက်သွား၏။ သူ ပြန်ရောက်လာကတည်းက လီချို့ယွီကို မမြင်မိပေ။

သူ ဇွန်ဘီများကို မျှားခေါ်သွားစဉ်က ဟန်ရွှေတို့နှင့်အတူ လီချို့ယွီ ရှိနေသည်ကို သူ အသေအချာ မြင်ခဲ့သည်။

"သူ..."

တင်ယွီချင် မှင်တက်သွား၏။ သူမ နားနေစဉ်က လီချို့ယွီသည် သူမ၏ ဘေးတွင် ရှိနေခဲ့သည်။ သို့သော် ဝမ်ထောင် ပြန်ရောက်လာပြီး လူတိုင်း သူ့ကို လာကြည့်ကြသောအခါတွင်မူ လီချို့ယွီကို မမြင်မိတော့ပေ။

"သူကို သွားရှာရအောင်"

အမျိုးသမီး နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဘေးကင်းစေရန်အတွက် လူတိုင်းသည် အတူတူ နေနေကြပြီး မည်သူမှ တစ်ဦးတည်းထွက်မသွားကြပါ။

မိနစ်အနည်းငယ် ကြာပြီးနောက် ဝေကျန့်ကော်နှင့် အခြားသူများလည်း ရောက်ရှိလာကြပြီး လူတိုင်း၏ မျက်နှာများသည် အလွန် လေးနက်နေကြ၏။

လီချို့ယွီ... ပျောက်ဆုံးသွားလေပြီ ။

အခန်းများထဲမှ အခန်းတစ်ခန်း၏ ပြတင်းပေါက်မှာ အပြင်ဘက်မှ ဖြုတ်ထားသော လက္ခဏာများ ရှိနေ၏။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုက အထဲဝင်လာပြီး လီချို့ယွီကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ လီချို့ယွီသည် အော်ဟစ်ရန် သို့မဟုတ် ရုန်းကန်ရန်ပင် အခွင့်အရေး မရခဲ့ပေ။

သူတို့ လူအများအပြား ရှိနေပါလျက်နှင့် သတိပင်မထားမိခဲ့ကြပေ။

၄င်းမှာ အလွန် ခြောက်ခြားဖွယ် ကောင်းလှ၏။

အကယ်၍ ပစ်မှတ်ကသာ သူတို့ဖြစ်ခဲ့လျှင် သူတို့အားလုံး ဘာမှပင်မသိဘဲ သေဆုံးလောက်ပြီ မဟုတ်ပါလား။

လီချို့ယွီက မိမိသဘောဖြင့် မိမိ ထွက်သွားခြင်း ဖြစ်နိုင်မလားဟု ဆိုလျှင်မူ လူတိုင်းက မဖြစ်နိုင်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ယခုမှာ သန်းခေါင်ယံအချိန် ဖြစ်ပြီး မည်သူမဆို ဤအချိန်တွင် တစ်ယောက်တည်း အပြင်မထွက်သင့်ကြောင်း သိသောကြောင့် ဖြစ်သည်။

"မင်းတို့ အရင်နားလိုက်ကြဦး... လီချို့ယွီရဲ့ ကိစ္စကို မနက်ဖြန်ကျမှ ငါတို့ ဖြေရှင်းကြမယ်... ငါ စောင့်ပေးထားမယ်... မင်းတို့ စိတ်ချလက်ချ နားကြ"

ဝမ်ထောင်သည် ပြတင်းပေါက် ဘေးရှိ လက်သည်းရာများကို ကြည့်ကာ လူတိုင်းကို လှည့်ပြောလိုက်၏။

"ကောင်းပြီ..."

ညအချိန် ဖြစ်နေသဖြင့် အပြင်ထွက်ရှာလျှင်ပင် မည်သည့်အရာကိုမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဝမ်ထောင်သည် ဟန်ရွှေနှင့် တင်ယွီချင်တို့ကို နားရန် လွှတ်လိုက်ပြီး သူတစ်ဦးတည်း ခန်းမကြီးထဲတွင် ထိုင်နေခဲ့သည်။ ဝေကျန့်ကော် ရောက်လာပြီး ဒုတိယအဆင့် အဆင့်တက်ခြင်းနှင့် ပတ်သက်သည့် ကိစ္စအချို့ကို ဝမ်ထောင်နှင့် ဆွေးနွေး၏။ နောက်ဆုံးတွင်မူ ဝေကျန့်ကော်သည် ဆက်မတောင့်ခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။

ဝမ်ထောင်သတိကြီးစွာ စောင့်နေသော်လည်း အရုဏ်တက်ချိန်အထိ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။

နောက်တစ်နေ့တွင် နေရောင်ခြည်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူများ အားလုံးသည် ဝမ်းသာမျက်ရည်များ ကျလာ၏။

"အားလုံးပဲ... သုံးလို့ရတဲ့ ထောက်ပံ့ရေးပစ္စည်းတွေအားလုံးကို စုဆောင်းကြပါ..."

ဝေကျန့်ကော်က ချက်ချင်းပင် အမိန့်များ ပေးတော့သည်။ ကံမကောင်းစွာဖြင့် လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ကျန်တော့သဖြင့် စခန်းကို ပြန်လည် တည်ဆောက်ရေး ထိရောက်မှုမှာ များစွာ လျော့နည်းသွား၏။

ဝမ်ထောင်ကတော့ ခေါင်မိုးပေါ်သို့ တက်လာခဲ့သည်။ မိုးဖွဲဖွဲ ရွာနေဆဲ ဖြစ်သော်လည်း သူ၏ အမြင်အာရုံကို မပိတ်ဆို့နိုင်ပေ။ သူသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေ၏။

မနေ့က လီချို့ယွီ ပျောက်ဆုံးသွားမှုက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

ဒုတိယအဆင့်သို့ အဆင့်တက်ပြီးနောက် သူ၏ အာရုံငါးပါးမှာ များစွာ တိုးတက်လာရုံသာမက သူ၏ ဆဋ္ဌမအာရုံပင်လျှင် အားကောင်းလာပုံ ရ၏။

သူ၏ စိတ်ကို ထူးထူးခြားခြား မသက်မသာ ဖြစ်စေရန်အတွက်ဆိုလျှင် မနေ့ညက ဖားပြုတ်ဇွန်ဘီသည် မလုံလောက်ပေ။ အနည်းဆုံး ဂေါ်ရီလာဇွန်ဘီ အဆင့်မျိုး ဖြစ်ရပေမည်။

သို့သော် ယခုတစ်ကြိမ်တွင် ရွှေကျဲခရိုင်၌ အခြား ဒုတိယအဆင့်ဇွန်ဘီများ မရှိသင့်တော့ပေ။

ဒါဆို အခုလို စိတ်မသက်မသာ ဖြစ်နေရတာက... ဘာကြောင့်လဲ။

ရုတ်တရက် ဝမ်ထောင်သည် စခန်း၏ ပျက်စီးနေသော အပြင်ဘက် တံတိုင်းအပိုင်းတစ်ခုမှတစ်ဆင့် သံသယဖြစ်ဖွယ် အနက်ရောင်အရိပ်တစ်ခု တွားတက်လာသည်ကို မြင်လိုက်ရ၏။

သူမ ခေါင်းမော့ကြည့်လိုက်သောအခါ ဝမ်ထောင် မှင်တက်သွားသည်။

"လီချို့ယွီလား"

စခန်း၏ အရှေ့ဘက် တံတိုင်းတွင် ဖြစ်သည်။

လီချို့ယွီသည် အတော်လေး ကြိုးစားလိုက်ရပြီးနောက် နောက်ဆုံးတွင် အထဲသို့ တွားတက်နိုင်ခဲ့၏။

"ဟူး..."

သူမသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် မိုးရေစိုနေသော သူမ၏ အဝတ်အစားများကို ကြည့်ကာ နောက်မှ မည်သို့ ရှင်းပြရမည်ကို တွေးပြီး ခေါင်းခဲနေ၏။

ပတ်ဝန်းကျင်တွင် လူမရှိကြောင်း အတည်ပြုပြီးနောက် သူမသည် ဘက်စုံသုံးအဆောက်အအုံဆီသို့ ချက်ချင်းပင် အပြေးအလွှား လျှောက်လှမ်းခဲ့သည်။

"ခင်ဗျား ဘယ်သွားခဲ့တာလဲ"

ရုတ်တရက် သူမ၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

"အမလေး..."

လီချို့ယွီသည် လန့်ဖျပ်သွားသည်။ သူမသည် အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူမ၏နောက် မလှမ်းမကမ်းတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဝမ်ထောင်ကို မြင်လိုက်ရ၏။

"ငါ.. ငါ စီမံခန့်ခွဲရေးအဆောက်အအုံကို သွားခဲ့တာ... ဟုတ်တယ်... မနေ့ညက ငါ အရမ်းကြောက်လို့ အမှတ်မထင် စီမံခန့်ခွဲရေးအဆောက်အအုံထဲ ဝင်ပြေးမိတာ..."

လီချို့ယွီသည် အနီးနားရှိ စီမံခန့်ခွဲရေးအဆောက်အအုံကို ကြည့်ကာ ချက်ချင်းရှင်းပြလိုက်၏။

ဝမ်ထောင်သည် စကားမပြောဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် သူမဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

ဒုတိယအဆင့်သို့ အဆင့်တက်ပြီးနောက် ဝမ်ထောင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် သိသိသာသာ တိုးတက်လာ၏။ ယခင်က သူသည် အရပ် ၁.၈ မီတာသာ ရှိသော်လည်း ယခုတွင် ၁.၉ မီတာ ရှိနေပြီ ဖြစ်သည်။ သူ၏ ကြွက်သားကြီးမားသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် ကြီးမားသော ဖိအားကို ပေးစွမ်းနိုင်၏။

ဝမ်ထောင် နီးကပ်လာသည်ကို ကြည့်ရင်း လီချို့ယွီသည် မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်... မနေ့ညက မင်း ဘယ်သွားခဲ့တာလဲ"

ဝမ်ထောင်၏ လေသံမှာ အနည်းငယ် အေးစက်နေ၏။

လီချို့ယွီသည် ဝမ်ထောင်၏ယခုလို ပြတ်သားသောပုံစံကို တစ်ခါမျှ မမြင်ဖူးပေ။ သူမသည် အနည်းငယ် ကြောက်လန့်နေပြီး သူ့မျက်လုံးများကို စိုက်မကြည့်ရဲပေ။

"ငါ... ငါ တကယ်ပဲ စီမံခန့်ခွဲရေးအဆောက်အအုံထဲမှာ ရှိနေခဲ့တာပါ..."

"ဟင်း... မင်းက ငါ့ကို စိတ်ပျက်စေတာပဲ" ယ

ဝမ်ထောင်သည် ရုတ်တရက် သက်ပြင်းချလိုက်ပြီးနောက် လီချို့ယွီ၏ လည်ပင်းကို ဆတ်ခနဲ လှမ်းဖမ်းလိုက်၏။

"အင့်..."

လီချို့ယွီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝမ်ထောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူ၏ အေးစက်မှုမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်ရသဖြင့် သူမသည် ဝမ်ထောင်၏ လက်မောင်းကို အလျင်အမြန် ကုတ်ဖဲ့ကာ ရုန်းထွက်ရန် ကြိုးစားတော့၏။

သို့သော် သူမ၏ စွမ်းအားဖြင့် ဝမ်ထောင်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ သူမသည် ဝမ်ထောင်ကို တောင်းပန်သော မျက်နှာထားဖြင့် ကြည့်နေသော်လည်း ဝမ်ထောင်သည် မည်သည့်ကရုဏာမျှ မပြပေ။

ထိုစဉ် ဝမ်ထောင်သည် သူ၏ကျောပြင်ကို စိုက်ကြည့်နေသော ဒေါသ၊ သတ်ဖြတ်လိုစိတ်နှင့် မကျေနပ်ချက်များ ပြည့်နှက်နေသည့် အကြည့်တစ်ချက်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ဝမ်ထောင်သည် သတိရှိနေသော်လည်း တုန်လှုပ်ခြင်း မရှိပေ။ သူသည် လီချို့ယွီ၏ လည်ပင်းကို အနည်းငယ် လျှော့ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"အခု မင်း စကားပြောလို့ရပြီလား"

"အဟွတ်... အဟွတ်..."

လီချို့ယွီသည် သူမ၏ လည်ပင်းကို အလျင်အမြန် ဆုပ်ကိုင်ကာ ခဏမျှ ချောင်းဆိုးနေပြီးနောက် ဝမ်ထောင်ကို ဝမ်းနည်းနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ငါ ပြောပါ့မယ်... အဟွတ်... အဟွတ်..."

ဝမ်ထောင်သည် အမှန်တကယ်တွင် စွမ်းအားအများကြီး မသုံးခဲ့ပေ။ ကြည့်ရသည်မှာ ကြောက်စရာကောင်းနေရုံသာ ဖြစ်သည်။ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အနည်းငယ်မျှ အားစိုက်လိုက်ရုံနှင့် လီချို့ယွီ၏​လည်ပင်းမှာ ဖြောက်ခနဲကျိုးပြီး အသက် ပျောက်သွားနိုင်၏။

သို့သော် လီချို့ယွီသည် နုနယ်ရှာသဖြင့် ထိုခဏမျှ ရုန်းကန်မှုအပြီးတွင် မခံမရပ်နိုင် ဖြစ်သွားကာ သူမ၏ လည်ပင်းတွင် နီမြန်းသော အမှတ်အသားအချို့ ထင်ကျန်ရစ်ပြီး ဝမ်ထောင်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံထားရသကဲ့သို့ ဖြစ်နေသည်။

ဝမ်ထောင်သည် လီချို့ယွီကို စီမံခန့်ခွဲရေးအဆောက်အအုံရှိ ရုံးခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့၏။ အခန်းထဲသို့ ဝင်ပြီးမှသာ စောင့်ကြည့်ခံရသည့် ခံစားချက် ပျောက်ကွယ်သွားသည်။

ဝမ်ထောင်သည် အနည်းငယ် စိတ်ပျက်သွားမိ၏။

ဝမ်ထောင်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး လီချို့ယွီမှာမူ တံခါးဝတွင် ရပ်နေသည်။ သူမသည် ဝမ်ထောင်ကို အနည်းငယ် ကြောက်နေသဖြင့် အနားသို့ မလာရဲပေ။

"ထိုင်"

ဝမ်ထောင်သည် သူ၏ဘေးရှိ နေရာလွတ်ကို ညွှန်ပြလိုက်၏။

ယခုလေးတင် သေလောက်သောအန္တရာယ်ကို ခံစားခဲ့ရသည်ကို သတိရသဖြင့် လီချို့ယွီသည် မရုန်းကန်ရဲတော့ဘဲ ဆိုဖာပေါ်တွင် အလိုက်သင့် ထိုင်လိုက်သော်လည်း ဝမ်ထောင်နှင့် တော်တော်လေး ဝေးဝေးတွင် ကပ်နေသည်။

ဝမ်ထောင်သည် လီချို့ယွီ၏ ဘေးသို့ တိုးထိုင်လိုက်၏။ သူမ ပျာယာခတ်နေသည်ကို မြင်သဖြင့် ဝမ်ထောင် လက်လှမ်းလိုက်ရာ လီချို့ယွီသည် မသိစိတ်ဖြင့် သူမ၏ လည်ပင်းကို နောက်သို့ ဆုတ်လိုက်မိသည်။

ဝမ်ထောင်သည် လီချို့ယွီ၏ လည်ပင်းမှ နီမြန်းနေသော အမှတ်အသားပေါ်သို့ လက်တင်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။

"တောင်းပန်ပါတယ်... ငါ မင်းကို နာကျင်အောင် လုပ်မိသွားလား"

လီချို့ယွီသည် မော့ကြည့်လိုက်ပြီး ဝမ်ထောင် ဘာကို ဆိုလိုသည်ကို မသေချာပေ။ သို့သော် သူမ၏ စိတ်ထဲတွင် သူ၏အပေါ် အထင်အမြင် အမြဲတမ်း ကောင်းမွန်ခဲ့၏။ သူက ရက်စက်သောမျက်နှာသေကြီးနှင့် ရှိမနေလျှင် သူသည် ထိုမျှအထိ ကြောက်စရာမကောင်းဟု သူမ ခံစားရသည်။

"နာတယ်..."

လီချို့ယွီက ဝမ်းနည်းသောအသံဖြင့် ပြောလိုက်၏။

"ဒါဆို... မင်းရဲ့ သမီးကော အဆင်ပြေရဲ့လား"

ဝမ်ထောင်က ထင်မထားသည့်စကားကို ထပ်မေးလိုက်သည်။

"သူက..."

လီချို့ယွီသည် ရုတ်တရက် ထရပ်လိုက်ပြီး ဝမ်ထောင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေ၏။

"ရှင်..."

လီချို့ယွီ၏ တုံ့ပြန်မှုကို မြင်သောအခါ ဝမ်ထောင်သည် ချက်ချင်း သဘောပေါက်သွားသည်။

မျှော်လင့်ထားသည့်အတိုင်း သူ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။

မနေ့က အဆိပ်မြူဇွန်ဘီများ အားလုံးသည် ရွှေကျဲတောင်မှ လာခြင်းဖြစ်ပြီး ၎င်းတို့အနက် အများစုမှာ ရွှေကျဲတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြသည်။ လီချို့ယွီ၏ သမီးသည်လည်း ရွှေကျဲတောင်တွင် ရှိနေခဲ့သည်။ လီချို့ယွီသည် မနေ့ညက ရုတ်တရက် ပျောက်ဆုံးသွားပြီး ယနေ့တွင် တိတ်တဆိတ် ပြန်ရောက်လာခဲ့၏။

သူမသည် သူမ အလွန်ယုံကြည်သော ကယ်တင်ရှင်ဖြစ်သည့် ဝမ်ထောင်ကိုပင် လိမ်ညာခဲ့သည်။

ထို့နောက် သူ၏ကျောပြင်ပေါ်တွင် ဆူးများဖြင့် ထိုးနေသကဲ့သို့ ခံစားရသည့် အဝေးမှအကြည့်နှင့် ပေါင်းစပ်လိုက်သောအခါ ဤလက္ခဏာများ အားလုံးက လီချို့ယွီသည် သူမ၏ သမီးကို တွေ့ခဲ့သည်ဟု ဝမ်ထောင်ကို သံသယဝင်ရန် အကြောင်းပြချက် ပေးနေ၏။ ထို့အပြင် သူမ သမီး၏ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။

"ရှင် ဘာတွေ ပြောနေတာလဲ... ငါ... ငါ နားမလည်ဘူး..."

လီချို့ယွီက အမြန်လိုက်သည်။

သို့သော် သူမကပြာပြာသလဲ ငြင်းလေးလေး ဝမ်ထောင်၏ သံသယက ပိုခိုင်မာလေလေပင်။

"မင်းရဲ့ သမီးက ဇွန်ဘီအဖြစ် မပြောင်းလဲသေးဘူး မဟုတ်လား... မဟုတ်သေးဘူး... တကယ်လို့ သူမ ပြောင်းလဲသွားရင် အသိစိတ် ရှိမနေသင့်ဘူး... ဒါမှမဟုတ်... ဝူဖေးနဲ့ ရှောက်ယုံတို့လိုပဲ သူမမှာ အတွင်းပိုင်းအညစ်အကြေးများ များလွန်းလို့ ဇွန်ဘီအဖြစ် ပြောင်းလဲတော့မှာလား"

"ရှင်.. ရှင်..ဆက်မပြောနဲ့တော့... အီးဟီး...ဟီးဟီး"

ဝမ်ထောင်၏ စကားများက လီချို့ယွီ၏ စိတ်ခံစားချက်ကို လုံးဝ ပေါက်ကွဲသွားစေသည်။ သူမသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျက်နှာကို အုပ်ပြီး ယူကျုံးမရ ငို၏။

ဝမ်ထောင်သည် သူမကို အားဖြင့် ဆွဲထူကာ သူ၏ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး မျက်ရည်များကို ကြင်နာစွာ သုတ်ပေးလိုက်သည်။

"မငိုနဲ့တော့... အခု ငါ့ကို ပြောပြလို့ရပြီလား... အတိအကျက ဘာတွေဖြစ်နေတာလဲ... မင်းကို ငါတစ်ယောက်ပဲ ကူညီနိုင်လိမ့်မယ်ဆိုတာ မင်း သိပါတယ်"

"အဟင့် ဟီးဟီး..."

လီချို့ယွီသည် ဝမ်ထောင်၏ ပုခုံးကို မှီကာ ခဏမျှ ငိုနေပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်၏။

"မနေ့ညက... ငါ မျက်စိမှိတ်ပြီး နားနေတုန်း တစ်စုံတစ်ယောက်က ငါ့ကို စိုက်ကြည့်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရတယ်... ငါ မျက်လုံးဖွင့်ကြည့်လိုက်တော့ သွေးလို နီမြန်းနေတဲ့ မျက်လုံးတစ်စုံကို မြင်လိုက်ရတယ်... အဲဒီနောက်မှ... သူ.. သူက တကယ်တော့ ရှောင်ရွှယ် ဖြစ်နေတာကို သိလိုက်ရတယ်..."

"ရှောင်ရွှယ်က ငါ့ပါးစပ်ကို ပိတ်ပြီး အပြင်ကို ဆွဲခေါ်သွားတယ်... ပြီးတော့ ရှောင်ရွှယ်က ဒီနေရာက အရမ်း အန္တရာယ်များလိမ့်မယ်လို့ ပြောပြီး ငါ့ကို ခရိုင်ထဲကနေ မြန်မြန် ထွက်ပြေးဖို့ ပြောတယ်..."

"ငါ တစ်ယောက်တည်းတော့ မပြေးချင်ဘူး... ပြီးတော့ ငါတစ်ယောက်တည်းဆို အဝေးကြီးလည်း မသွားနိုင်ဘူး... ငါ ပြန်လာပြီး မင်းတို့ကို ဒီသတင်း ပြောပြချင်တာ... ဟီး... ငါက စေတနာနဲ့ သတင်းလာပြောတာကို နင်က ငါ့ကို အဲဒီလို လုပ်ရက်တယ်..."

ထိုစကားကို ကြားသောအခါ ဝမ်ထောင်သည် လီချို့ယွီ၏ ငိုသံများကို လျစ်လျူရှုလိုက်ပြီး မေးစေ့ကို ပွတ်ကာ နက်နက်နဲနဲ တွေးနေမိသည်။

"အရမ်း အန္တရာယ်များတယ်" ဆိုသည်မှာ မည်သို့သော အန္တရာယ်မျိုး ဖြစ်သနည်း။

"ကျန်းရှောင်ရွှယ်က အတိအကျအားဖြင့် ဘယ်လို အခြေအနေမျိုးလဲ"

ဝမ်ထောင်က ထပ်မေးလိုက်၏။

လီချို့ယွီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ထောင်ကို ကြည့်ကာ တောင်းပန်သော လေသံဖြင့် ပြောရှာသည်။

"ရှင် သူ့ကို မသတ်ပါနဲ့လို့ တောင်းပန်ပါတယ်...။ သူ ဘာပဲဖြစ်သွားဖြစ်... သူက ငါ့သမီးပဲ..."

လီချို့ယွီကိုကြည့်ကာ ဝမ်ထောင်သည် မျက်မှောင်ကုတ်လိုက်၏။

"ကျန်းရှောင်ရွှယ်က ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီလား"

"မဟုတ်ဘူး... သူက ဇွန်ဘီ မဟုတ်ဘူး... မဟုတ်ပါဘူး..."

လီချို့ယွီက ပြာပြာသလဲ ငြင်း၏။သူမက သမီးဖြစ်သူအား ဝမ်ထောင်သတ်မည်ကို အလွန်ကြောက်နေရှာသည်။

"ဒါဆို သူက ဘာပုံစံမျိုးလဲ... မင်း အသေအချာ မပြောရင်တော့ ငါ့ကို အပြစ်မတင်နဲ့... စခန်းပတ်ဝန်းကျင်မှာ စွမ်းအားကြီးတဲ့ ဇွန်ဘီတွေကို ရှိခွင့်မပေးနိုင်ဘူး"

လီချို့ယွီသည် ခဏမျှ ရုန်းကန်နေရသော်လည်း နောက်ဆုံးတွင်မူ ဖွင့်ပြောလိုက်တော့၏။

"... ရှောင်ရွှယ်... ၊သူ... သူက ငါ့အတွက်တော့ ဇွန်ဘီတစ်ကောင်လို ခံစားရပေမဲ့ သူမှာ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိတယ်.။ သူက ငါ့ကို မှတ်မိတယ်။ ပြီးတော့ စကားလည်း ပြောနိုင်တယ်.။ သူက ဇွန်ဘီ မဟုတ်ဘူး..."

လီချို့ယွီက သူမ၏ သမီးသည် ဇွန်ဘီမဟုတ်ကြောင်း အထပ်ထပ် အခါခါ အလေးပေး ပြောနေသည်ကို မြင်သောအခါ ဝမ်ထောင်သည် ဤရှောင်ရွှယ်သည် ဝူဖေးနှင့် ဆင်တူသော အခြေအနေမျိုးတွင် ရှိနေနိုင်သည်ဟု ခံစားရ၏။ ဇွန်ဘီအဖြစ် ပြောင်းလဲခါနီး ဖြစ်သော်လည်း အသက်မျှင်လေး တစ်ချောင်းဖြင့် ထိန်းထားခြင်း ဖြစ်ပေမည်။

ဝူဖေး၏ အသက်မျှင်မှာ ဝမ်ထောင်ကို ကျေးဇူးဆပ်လိုသော ဆန္ဒ ဖြစ်သည်။ ရှောင်ရွှယ်၏ အသက်မျှင်မှာမူ သူမ၏ မိခင် လီချို့ယွီ ဘေးကင်းသည်ကို မြင်တွေ့လိုခြင်း ဖြစ်နိုင်၏။

ထိုသို့ တွေးကြည့်လျှင် ရှောင်ရွှယ်သည် မကြာမီ ဇွန်ဘီအဖြစ် ပြောင်းလဲသွားဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် လီချို့ယွီက ရှောင်ရွှယ်သည် သူမကို အတူတူ ထွက်ပြေးရင်း ကာကွယ်ပေးမည်ဟု မပြောဘဲ တစ်ယောက်တည်း ထွက်ပြေးရန်သာ ပြောခဲ့သည်ဟု ဆိုသောကြောင့် ဖြစ်သည်။

သာမန်လူတစ်ယောက်သည် ဤကဲ့သို့ ပြောမည်မဟုတ်ပေ။

"သူ့ကို ဒီခေါ်ခဲ့ပါ... ငါ သူ့ကို မေးစရာ တချို့ ရှိတယ်"

ဝမ်ထောင်က လီချို့ယွီကို ပြောလိုက်၏။

သူမ ပြောသော "အရမ်း အန္တရာယ်များတယ်" ဆိုသည့် အရာက အတိအကျအားဖြင့် ဘာလဲဆိုသည်ကို သိချင်နေသည်။ တိကျသော အန္တရာယ်ကို မသိဘဲနှင့် ထွက်ပြေးရန် မလွယ်ကူပေ။ အကယ်၍ ၎င်းတို့သည် အန္တရာယ်ဆီသို့ တည့်တည့် တိုးမိသွားလျှင် မည်သို့လုပ်မည်နည်း။

"သူ ထွက်သွားပြီ... ဒီမနက် ငါ နိုးလာတော့ သူ အဲဒီမှာ မရှိတော့ဘူး..."

လီချို့ယွီက နာကျင်သော မျက်နှာထားဖြင့် ပြောလေသည်။

"ထွက်သွားပြီ ဟုတ်လား... မဟုတ်ဘူး... သူမထွက်သွားသေးဘူး... သူ နင့်ကို အမှောင်ထဲကနေ စောင့်ကြည့်နေတာ"

ခုနက သူ့ကို စိုက်ကြည့်နေသော အကြည့်မှာ လီချို့ယွီ၏ သမီးသာဖြစ်သည်ဟု ဝမ်ထောင် ခံစားရ၏။

"အာ..."

လီချို့ယွီသည် မယုံကြည်နိုင်သော်လည်း ဝမ်းသာသွားသည်။

အကယ်၍ ဖြစ်နိုင်လျှင် သူမသည် မိမိသမီးကို မိမိဘေးမှ ထွက်မသွားစေလိုပေ။ အခြားသူများက သူမ၏ သမီးကို သားရဲကြီးဟု ထင်မြင်ကြလျှင်ပင် သူမကိုယ်တိုင် ထိုသို့ မထင်သရွေ့ အဆင်ပြေသည်။ သူမ၏ သမီးတွင် အသိစိတ် ရှိနေဆဲ ဖြစ်ပြီး သူမကို မိခင်အဖြစ် မှတ်မိနေသည် မဟုတ်ပါလား။

"သွားကြစို့... အချိန်မရှိတော့ဘူး... ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"

ဝမ်ထောင်သည် လီချို့ယွီကို ခေါ်ကာ သူမ ခုနက တွားတက်လာခဲ့သော နေရာသို့ ချက်ချင်း သွားလိုက်၏။

၎င်းတို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝမ်ထောင်သည် မိမိကိုယ်ကိုယ် စောင့်ကြည့်ခံနေရသည်ဟု ခံစားလိုက်ရသည်။

လီချို့ယွီပင်လျှင် ဤခံစားချက်ကို ရရှိနေ၏။

"ရှောင်ရွှယ်... ဒါ နင်လား ၊ ရှောင်ရွှယ်... ထွက်လာခဲ့ပါ.၊ ငါ နင့်အကူအညီ လိုတယ်"

လီချို့ယွီက စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်၏။

သူမ ခဏမျှ အော်ခေါ်ပြီးနောက်တွင် သူမ၏ သမီးသည် ပေါ်မလာသေးဘဲ သာမန်ဇွန်ဘီအချို့သာ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

ဝမ်ထောင်သည် ရှေ့သို့ နှစ်လှမ်း တိုးလိုက်ပြီး လီချို့ယွီ၏ ရှေ့မှ ကာကွယ်ပေးကာ ဤဇွန်ဘီများကို ဖြေရှင်းရန်အတွက် တုန်ခါလှိုင်း နှစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်၏။

ထိုစဉ် ဝမ်ထောင်သည် တစ်ခုခုကို ခံစားလိုက်ရသဖြင့် ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

သူသည် ညစ်ပတ်နေသော ဟူဒီအင်္ကျီကို ဝတ်ဆင်ထားပြီး ဦးထုပ်က မျက်နှာကို ဖုံးကွယ်ထားသော သေးသွယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် လူသားအသက်ရှင်ကျန်ရစ်သူတစ်ဦး လီချို့ယွီ၏နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။

သူမသည် မော့ကြည့်လိုက်ရာ နီမြန်းသော အလင်းရောင်များ တောက်ပနေသည့် မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။

ဝမ်ထောင်၏ လှုပ်ရှားမှုကို မြင်သောအခါ လီချို့ယွီသည် မသိစိတ်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ပြီး ဤသေးသွယ်သော ပုံရိပ်ကို မြင်လိုက်ရလေ၏။

"ရှောင်ရွှယ်"

သူမသည် အလွန် စိတ်လှုပ်ရှားသွားသဖြင့် မိန်းကလေးကို ချက်ချင်း ဖက်ရန် ကြိုးစားသော်လည်း အလွယ်တကူပင် ရှောင်တိမ်းခြင်း ခံလိုက်ရသည်။

"..."

လီချို့ယွီ၏ မျက်နှာတွင် အရှက်ရရိပ် မရှိဘဲ နာကျင်မှုသာ ရှိနေ၏။

ဝမ်ထောင်သည် မိမိရှေ့ရှိ သေးသွယ်သော ပုံရိပ်ကို ကြည့်ကာ သတိကြီးစွာ ထားလိုက်သော်လည်း အံ့သြသွားမိသည်။

သူ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။

ကျန်းရှောင်ရွှယ်သည် ထိုစဉ်က ဝူဖေးနှင့် ဆင်တူသော အခြေအနေမျိုးတွင် ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူမသည် ဝူဖေးထက် များစွာ ပိုမို စွမ်းအားကြီးမားလှပေသည်။

[သွေးပမာဏ - ၉၀၀၀/၉၀၀၀]

[စွမ်းအင်ပမာဏ - ၈၀၀၀/၈၀၀၀]

[အဆင့် - ဒုတိယအဆင့်]

[အတွင်းပိုင်းအညစ်အကြေးများ - ၁၀၀%]

[ဖုံးကွယ်ထားသောအရည်အသွေး - ပဋိဉာဥ်မျက်လုံး]

[ပဋိဉာဥ်မျက်လုံး - ညကြည့်စွမ်းရည်၊ အခြားသူများ၏ အတွေးအခေါ်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည်]

သွေး ကိုးထောင်၊ စွမ်းအင် ရှစ်ထောင်။

ဤအရည်အသွေးများကို ကြည့်ရုံမျှဖြင့် ဤသည်မှာ ဝမ်ထောင် ယခုအချိန်အထိ မြင်ဖူးသမျှ အစွမ်းထက်ဆုံး လူသားအသက်ရှင်ကျန်ရစ်သူ ဖြစ်သည် ။

သို့သော် သူမကို လူသားဟုပြောရန်လည်း ခက်နေ၏။

အဘယ်ကြောင့်ဆိုသော် သူမ၏ သွေးဘားတန်းသည် ယခုအခါတွင် နီလိုက် စိမ်းလိုက် အခြေအနေတွင် တုန်ခါနေသောကြောင့် ဖြစ်သည်။ ၎င်းသည် နီရဲသော အခြေအနေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် လုံးဝဥဿုံ ဇွန်ဘီတစ်ကောင် ဖြစ်သွားပေလိမ့်မည်။

ထို့နောက် ကျန်းရှောင်ရွှယ်၏ ဖုံးကွယ်ထားသောအရည်အသွေးကို မြင်လိုက်ရသောအခါ ဝမ်ထောင်၏ သံသယအချို့သည် ချက်ချင်းပင် ပြေလည်သွားခဲ့၏။

စခန်းကို တိုက်ခိုက်နေသော ဇွန်ဘီများသည် အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်သွားသနည်း။ ၎င်းတို့သည် ကျန်းရှောင်ရွှယ်၏ လွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်မှုကို ခံလိုက်ရခြင်း ဖြစ်နိုင်၏။ ဖားပြုတ်ဇွန်ဘီပေါ်ရှိ ဒဏ်ရာများသည်လည်း ကျန်းရှောင်ရွှယ်ကြောင့် ဖြစ်နိုင်ခြေ အလွန်များသည်။

သူမ၏ ဤအခြေအနေသည် သူမ၏ စရိုက်လက္ခဏာကို ထိခိုက်စေဖွယ် ရှိ၏။

သူမသည် ယခင်က အလွန် အေးအေးစက်စက်နေတတ်သောကြောင့် လှုပ်ရှားမှု မရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ စခန်းထဲတွင် လီချို့ယွီ ရှိနေသည်ကို သိရှိပြီးမှသာ သူမ လှုပ်ရှားခဲ့ပုံရသည်။

"မင်္ဂလာပါ... ကျန်းရှောင်ရွှယ်... နင့်ကို တွေ့ရတာ ဝမ်းသာပါတယ်... ငါက ဝမ်ထောင်ပါ"

ဝမ်ထောင်သည် ယဉ်ကျေးစွာဖြင့် လက်ကမ်းလိုက်သော်လည်း ကျန်းရှောင်ရွှယ်သည် လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိပေ။ ဝမ်ထောင်သည် အရှက်မရသည့်အပြင် စိတ်သက်သာရာပင် ရရှိသွား၏။ သူသည် အမှန်တကယ်တွင် သတိအပြည့် ထားနေခြင်း ဖြစ်သည်။

ဝမ်ထောင်က ဆက်မေးမြန်းလိုက်၏။

"မကြာခင်မှာ ဒီနေရာက အရမ်း အန္တရာယ်များလိမ့်မယ်လို့ နင် နင့်အမေကို ပြောခဲ့တယ်လို့ ငါ ကြားတယ်..။. အဲဒါက အတိအကျအားဖြင့် ဘယ်လို အန္တရာယ်မျိုးလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"

ကျန်းရှောင်ရွှယ်သည် စကားမပြန်သေးပေ။

သူမ၏ မျက်နှာတစ်ခုလုံးကို ဦးထုပ်အတွင်း ဖုံးကွယ်ထားပြီး မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထားသဖြင့် ဝမ်ထောင်သည် သူမ၏ မျက်နှာအမူအရာကို မမြင်ရဘဲ သူမ၏ နီမြန်းသော မျက်လုံးများကိုသာ မြင်ရ၏။

သူမကို ကြည့်ရင်း ဝမ်ထောင်၏ မျက်လုံးများသည် ရုတ်တရက် အစိမ်းရောင် အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။

ကျန်းရှောင်ရွှယ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပုံရပြီး သူမ၏ မျက်လုံးများထဲမှ နီမြန်းသော အလင်းရောင်မှာ ပိုမို တောက်ပလာသည်ကို သူ အသေအချာ ခံစားလိုက်ရ၏။

သို့သော် ကျန်းရှောင်ရွှယ်သည် စကားမပြောသေးပေ။

ဝမ်ထောင်သည် လီချို့ယွီကို အကြောင်းပြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"ငါ အန္တရာယ်ကို တိတိကျကျ မသိရင် နင့်အမေနဲ့အတူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။... ငါတို့ အန္တရာယ်ဆီ တည့်တည့် တိုးမိသွားရင် အားလုံး သေကုန်ကြလိမ့်မယ်..."

ဤစကားကို ကြားသောအခါ ကျန်းရှောင်ရွှယ်၏ မျက်လုံးထဲမှ နီမြန်းသော အလင်းရောင်မှာ တုန်ခါသွားပြီးနောက် သူမသည် ဖန်ခွက်ကို ခြစ်နေသကဲ့သို့ ကြမ်းတမ်းပြီး စူးရှသောအသံဖြင့် စကားပြောလာ၏။

"သားရဲကြီး... လာနေပြီ... နင်တို့... အားလုံး သေမယ်..."

သူမက 'သားရဲကြီး' ဟူသော စကားလုံးကို ပြောလိုက်သောအခါ ကျန်းရှောင်ရွှယ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်သွားပုံရသည်။ သူမသည် ဤသားရဲကြီးကို ကြောက်ရွံ့သောကြောင့်လား သို့မဟုတ် သူမကိုယ်တိုင် သားရဲကြီးတစ်ကောင် ဖြစ်သွားသည်ဟု ခံစားရသောကြောင့်လား ဆိုသည်ကိုမူ မသိရပေ။

"သားရဲကြီးလား... ဘာသားရဲကြီးလဲ"

ဝမ်ထောင်က အလျင်အမြန် မေးလိုက်၏။

ကျန်းရှောင်ရွှယ်သည် စကားလုံးများကို စီစဉ်နေသကဲ့သို့ ခဏမျှ တိတ်ဆိတ်သွားသည်။

"အနက်ရောင်... ကြီးမားတယ်... နီတဲ့ မျက်လုံး..."

သူမ ပြောသွားသည်မှာ အလွန် စိတ်ကူးယဉ်ဆန်လှသဖြင့် လူအများစုသည် နားလည်နိုင်မည် မဟုတ်သော်လည်း ဝမ်ထောင်၏ စိတ်ထဲတွင်မူ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

ကမ္ဘာပျက်ကပ် အစောပိုင်းတွင် သွေးပမာဏ တစ်သောင်း ရှိခဲ့ပြီး သူ့ကို မလှုပ်ရှားနိုင်လောက်အောင် ထိတ်လန့်စေခဲ့သည့် ထိုအနက်ရောင်အရိပ်ပင် ဖြစ်သည်။

"သူပဲ"

.......

All Chapters