အခန်း ၁၅၅
Vol. 14 Ch. 155
အခန်း ၁၅၅။ တတိယအဆင့်
ဝမ်ထောင်၏ ရုတ်တရက် သဘောပေါက်သွားသော မျက်နှာထားကို ကြည့်ကာ လီချို့ယွီသည် အနည်းငယ် မှင်တက်သွား၏။
သူမကိုယ်တိုင်ပင် သူမသမီး၏ စိတ္တဇဆန်သော စကားများကို နားမလည်နိုင်ပါဘဲနှင့် ဝမ်ထောင်က နားလည်သွားသည်လား။
"နင် နည်းနည်းလောက် တိတိကျကျ ပြောပြလို့ရမလား... အဲဒီအရာက ဘယ်လောက်အထိ အစွမ်းထက်လဲ... ဘယ်ကနေ လာတာလဲ... ပြီးတော့ ဘာအတွက် လာတာလဲ..."
ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်ဆီသို့ လျှောက်သွားရင်း စကားပြောလိုက်၏။
ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ အစိမ်းရောင်အလင်းတန်းတစ်ခု ရံဖန်ရံခါ တောက်ပနေသည်။ ဤသည်မှာ ဝမ်ထောင်၏ မျက်လုံးတွင် အထူးစွမ်းရည်တစ်ခုခု ရှိနေခြင်းကြောင့် မဟုတ်ဘဲ သူသည် ကျန်းရှောင်ရွှယ်နှင့် တူညီသော အရည်အသွေးအချို့ကို ပြသလိုက်လျှင် သူမ၏ သတိထားမှုကို လျော့ကျသွားစေနိုင်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးစလုံးသည် သားရဲများ ဖြစ်ကြသောကြောင့်ပင်။
မျှော်လင့်ထားသည့်အတိုင်းပင် ယခုတစ်ကြိမ်တွင်မူ ကျန်းရှောင်ရွှယ်သည် ပုန်းကွယ်မသွားတော့ပေ။ ဝမ်ထောင် သူမအနားသို့ ရောက်ရှိကာ သူမ၏ခေါင်းကို လှမ်းပုတ်ရန် လက်ကမ်းလိုက်သည့် အချိန်အထိပင် ဖြစ်သည်။
ထိုစဉ် ကျန်းရှောင်ရွှယ်သည် လန့်ဖျပ်သွားသော ယုန်သူငယ်တစ်ကောင်ကဲ့သို့ ဝမ်ထောင်၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး မီတာတစ်ဆယ်ခန့်အကွာတွင် ပြန်လည် ပေါ်လာခဲ့၏။
သူမ၏ မျက်လုံးထဲမှ နီမြန်းသော အလင်းရောင်မှာ ပိုမို တောက်ပလာသည်။ ဝမ်ထောင်သည် ပတ်ဝန်းကျင်ရှိ လေထုမှာ အေးစက်သွားပြီး မိမိကိုယ်ကိုယ် ဒေါသထွက်ခြင်း၊ မကျေနပ်မှု၊ မုန်းတီးခြင်းနှင့် သတ်ဖြတ်ခြင်းကဲ့သို့သော မကောင်းသည့် စိတ်ခံစားချက်များဖြင့် ဝန်းရံခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဟူး...
ဝမ်ထောင်ပင် ချမ်းစိမ့်သွားသဖြင့် တုန်ရင်သွားသည်။
သူမ၏ မျက်လုံးများသည် အလွန် အစွမ်းထက်လှ၏။ ညဘက်မြင်နိုင်ပြီး သာမန်လူများထက် ပိုထက်သော အမြင်အာရုံရှိသည့် သူ၏ မျက်လုံးများထက် အဆများစွာ ပိုအစွမ်းထက်သည်။
ဝမ်ထောင်ပင် မနာလိုဖြစ်မိ၏။
သူသည် ရှေ့သို့ ထပ်မံ ချဉ်းကပ်ရန် မဝံ့ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်ရွှယ်၏ ယခုအခြေအနေမှာ အလွန် မတည်မငြိမ် ဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ စိတ်လှုံ့ဆော်မှုကြောင့် သူမသည် ဇွန်ဘီအဖြစ် ပြောင်းလဲသွားလျှင် အခက်တွေ့ပေလိမ့်မည်။
ဘေးမှလီချို့ယွီသည် ပို၍ပင် မှင်တက်နေ၏။
ကျန်းရှောင်ရွှယ်သည် သူမကို အပြင်သို့ ခေါ်ထုတ်လာပြီးနောက် ထိုမိန်းကလေးသည် သူမကို လုံးဝ အထိမခံခဲ့ပေ။သူမမှာ သမီးဖြစ်သူကို ဖက်လှည့်ရန် ဝေးစွ... ထိပင်မထိနိုင်ခဲ့ချေ။ သို့သော် ဝမ်ထောင်မှာမူ ကျန်းရှောင်ရွှယ်၏ ခေါင်းကို ပွတ်သပ်နိုင်ခဲ့၏။ ဝမ်ထောင်သည် သူမသမီး၏ စကားကို နားလည်နိုင်ရုံသာမက သူမနှင့် ဤမျှအထိ ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေနိုင်ပြီး အမေဖြစ်သော သူမကိုယ်တိုင်မှာမူ ဘာမှ မလုပ်နိုင်ပါ။
. "ငါက အပြင်လူတစ်ယောက်လို ခံစားနေရတာ ဘာလို့လဲ..."
လီချို့ယွီမှာ အထီးကျန်သလို ခံစားလိုက်ရသည်။
ဝမ်ထောင်သည် လီချို့ယွီ၏ အတွေးများကို မသိပါ။ သူသည် ကျန်းရှောင်ရွှယ်ကို ခဏမျှ ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
ခဏအကြာတွင် ကျန်းရှောင်ရွှယ်၏ မျက်လုံးထဲမှ နီမြန်းသော အလင်းရောင်မှာ အနည်းငယ် မှေးမှိန်သွားသည်။
"အဲဒီအရာက... အလွန် အစွမ်းထက်တယ်... နင်တို့... မနိုင်ဘူး... သူက ရေကို မုန်းတယ်... ဆူညံသံကိုလည်း မုန်းတယ်... ငါ သူနဲ့ အနီးကပ်... ထိတွေ့ခဲ့ဖူးတယ်... သူက အရမ်း အစွမ်းထက်တယ်... သူ ဘာလုပ်နေလဲဆိုတာ... ငါမသိဘူး... ဘာပဲဖြစ်ဖြစ် နင်တို့ မထွက်သွားရင်... အားလုံး သေကုန်ကြလိမ့်မယ်..."
ရေနှင့် ဆူညံသံကို မုန်းသည်.. ဟုတ်လား။
အလွန် အရေးကြီးသော သတင်း ဖြစ်သည်။
ဝမ်ထောင်သည် ဤအချက်ကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။
ကျန်းရှောင်ရွှယ်သည် ထိုအရာနှင့် အနီးကပ် ထိတွေ့နိုင်ခဲ့သဖြင့် သူမသည်လည်း မရိုးရှင်းလှပေ။
ကျန်းရှောင်ရွှယ်က ထိုသားရဲကြီးသည် အလွန် အစွမ်းထက်ပြီး စခန်းအနေဖြင့် မနိုင်နိုင်ဟု ပြောခြင်းကိုတော့ ဝမ်ထောင် လုံးဝ မသံသယဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးလကတည်းကပင် ထိုအရာ၌ သွေးပမာဏ ၁၀၀၀၀ ရှိခဲ့ရာ ယခုအခါတွင်မူ ဘယ်လောက်အထိ အစွမ်းထက်နေမည်ကို မည်သူ သိနိုင်ပါမည်နည်း...။
ဝမ်ထောင်သည် ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စခန်းကို ချက်ချင်း ရွှေ့ပြောင်းရန် စီစဉ်လိုက်တော့သည်။
ထို့နောက် ဝမ်ထောင်သည် အဆိပ်မြူဇွန်ဘီများနှင့် ပတ်သက်၍ မေးမြန်းလိုက်၏။ ကျန်းရှောင်ရွှယ်၏ ပြတ်တောင်းပြတ်တောင်းနှင့် စိတ္တဇဆန်သော စကားများမှတစ်ဆင့် ဝမ်ထောင်သည် ယေဘုယျ အခြေအနေကို သဘောပေါက်သွားခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုဇွန်ဘီများသည် ကျန်းရှောင်ရွှယ်၏ လွှမ်းမိုးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော် ကျန်းရှောင်ရွှယ်၏ စွမ်းရည်မှာ အကန့်အသတ် ရှိသဖြင့် သူမသည် ထိုဇွန်ဘီများကို လုံးဝ မထိန်းချုပ်နိုင်ဘဲ စခန်းကို မတိုက်ခိုက်မိစေရန်သာ အတတ်နိုင်ဆုံး ကြိုးစားပေးနိုင်ခဲ့၏။
နောက်ပိုင်းတွင် ဖားပြုတ်ဇွန်ဘီ ရောက်ရှိလာပြီး ဇွန်ဘီများကို ဦးဆောင်ကာ ဝမ်ထောင်ကို လိုက်လံ တိုက်ခိုက်သည့် အခါတွင်မူ ကျန်းရှောင်ရွှယ်သည် ၎င်းတို့ကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။
ဖားပြုတ်ဇွန်ဘီ၏ သွေးပမာဏ အပြည့်မရှိခြင်းမှာ ကျန်းရှောင်ရွှယ်၏ တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် ကျန်းရှောင်ရွှယ်သည် လီချို့ယွီကို မြင်သောကြောင့် ဖားပြုတ်ဇွန်ဘီကို တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ ဤဖားပြုတ်ဇွန်ဘီသည် ကျောင်းတုန်းက ကျန်းရှောင်ရွှယ်၏ စီနီယာကျောင်းသား ဖြစ်ခဲ့ပြီး ၎င်းတို့အကြားတွင် ယခင်က ပဋိပက္ခအချို့ ရှိခဲ့သောကြောင့် ဖြစ်၏။
ကျန်းရှောင်ရွှယ်သည် ယခုအခါတွင် လူတစ်ဝက် ဇွန်ဘီတစ်ဝက် အခြေအနေတွင် ရှိနေသည်။ အကယ်၍ သူမက ၎င်းတို့ကို မတိုက်ခိုက်သရွေ့ ဇွန်ဘီများသည် သူမကို တိုက်ခိုက်မည် မဟုတ်ပေ။
သူမသည် လီချို့ယွီကို ခေါ်ထုတ်သွားစဉ် လမ်းခရီးတွင် စခန်းပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို သတ်ဖြတ်ခဲ့သဖြင့် ဝမ်ထောင် ပြန်ရောက်လာသောအခါ စခန်းပတ်ဝန်းကျင်တစ်ခုလုံး ဤမျှအထိ တိတ်ဆိတ်နေခြင်း ဖြစ်သည်။
ဤအဆိပ်မြူဇွန်ဘီများ စခန်းသို့ အဘယ်ကြောင့် လာရသနည်း ဟုဆိုလျှင်မူ ဖားပြုတ်ဇွန်ဘီသည် ဂေါ်ရီလာဇွန်ဘီ သေဆုံးသွားသည်ကို အာရုံခံမိပြီး ၎င်း၏ နယ်မြေကို သိမ်းပိုက်လိုသောကြောင့် ဖြစ်သည်ဟု ကျန်းရှောင်ရွှယ်က ပြောသည်။
"အများကြီး ကျေးဇူးတင်ပါတယ်. ၊ ငါတို့ စခန်းကို နောက်ကို ရွှေ့တော့မယ်... နင် ဒါကို လိုအပ်လား"
ဝမ်ထောင်သည် သူ၏အိတ်ထဲမှ ဗိုင်းရပ်ခုခံဆေးများနှင့် ဗိုင်းရပ်စ်ထိန်းချုပ်ဆေးများကို ထုတ်လိုက်၏။ သို့သော် သူ မော့ကြည့်လိုက်သောအခါ ကျန်းရှောင်ရွှယ်မှာ မရှိတော့ပေ။
"သူ့ဆီမှာ အဲဒါတွေ ရှိပုံရပါတယ်..."
လီချို့ယွီသည် သူမ၏အိတ်ထဲမှ ဗိုင်းရပ်ခုခံဆေးပုလင်း အနည်းငယ်ကို ထုတ်ရင်း သက်ပြင်းချလိုက်သည်။
"သူက ဒါတွေကို ငါ့ကို ပေးခဲ့တာ..."
ဝမ်ထောင်သည် ခေါင်းခါလိုက်၏။
"သွားကြစို့... ငါတို့ အရင် ပြန်ကြရအောင်"
"ဒါပေမဲ့ ရှောင်ရွှယ်က..."
လီချို့ယွီ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပြည့်နှက်နေသည်။
"အခွင့်အရေး ရှိရင် ငါတို့ ထပ်ဆုံကြဦးမှာပါ"
ဝမ်ထောင်က သူမကို နှစ်သိမ့်ပေးလိုက်၏။
သို့သော် ထိုစကားများသည် နှစ်သိမ့်ရုံသက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီများသည် ကျန်းရှောင်ရွှယ်ကို တက်ကြွစွာ တိုက်ခိုက်မည် မဟုတ်သဖြင့် သူမသည် အလိုရှိသည့် အချိန်တိုင်း ဇွန်ဘီအုပ်ကြီးထဲတွင် ပုန်းကွယ်နေနိုင်ရာ မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့အပြင် သူမသည် မကြာမီ ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား...။
ဝမ်ထောင်သည် လီချို့ယွီကို စခန်းသို့ ပြန်ခေါ်လာခဲ့သည်။
သို့သော် သူတို့ စခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ထောင်၏ မွှေးညင်းနုများ ရုတ်တရက် ထောင်ထသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွား၏။
သူသည် ဤခံစားချက်နှင့် အလွန် ရင်းနှီးလှသည်...။ ထိုသားရဲကြီးသည် သူ့ကို မြင်သွားခဲ့လေပြီ ။
"နင် ဘာဖြစ်လို့လဲ"
လီချို့ယွီသည် ရုတ်တရက် တောင့်တင်းသွားသော ဝမ်ထောင်ကို ကြည့်ကာ အနည်းငယ် ထူးဆန်းနေမိသည်။
"သူ လာနေပြီ"
ဝမ်ထောင်သည် ဆန်းကြယ်သော စကားတစ်ခွန်းကို ပြောလိုက်ပြီးနောက် လီချို့ယွီ၏ ခါးကို ချက်ချင်းပွေ့ချီကာ ဘက်စုံသုံးအဆောက်အအုံဆီသို့ အပြေးအလွှား ပြေးသွားခဲ့၏။
ယခုအခါ ဝမ်ထောင်၏ အာရုံခံစားမှုမှာ အလွန် အားကောင်းနေပြီ ဖြစ်သည်။ ထိုသားရဲကြီး အသေအချာပင် ရောက်ရှိလာပြီဖြစ်ကြောင်း သူ သိလိုက်၏။ ကျန်းရှောင်ရွှယ် ရုတ်တရက် ထွက်သွားခြင်းသည်လည်း ဤအရာ ရောက်ရှိလာခြင်းနှင့် သက်ဆိုင်နိုင်သည်ဟု ဝမ်ထောင် သံသယဝင်မိသည်။
"အားလုံးပဲ... အစားအသောက်နဲ့ လက်နက်တွေကို ယူပြီး စခန်းကနေ အမြန်ဆုံး ဆုတ်ခွာကြပါ"
ဘက်စုံသုံးအဆောက်အအုံသို့ ရောက်သည်နှင့် ဝမ်ထောင်က ဟိန်းဟောက်လိုက်၏။
အသက်ရှင်ကျန်ရစ်သူများသည် အနည်းငယ် မှင်တက်သွားကြပြီး အချို့မှာ နားပင်မလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ခုနက ရရှိထားသော တာဝန်မှာ စခန်းကို ပြန်လည် တည်ဆောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။
"မြန်မြန်... မြန်မြန်... မြန်မြန်... အချိန်မဆွဲကြနဲ့... နှေးရင် သေကုန်လိမ့်မယ်"
ဝမ်ထောင်၏ အလေးအနက် ပြောကြားသံကို ကြားမှသာ လူတိုင်း ဤတစ်ကြိမ်တွင် သဘောပေါက်သွားကြတော့သည်။ ဝမ်ထောင်အပေါ်ထားသော ယုံကြည်မှုကြောင့် ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း သိကြသဖြင့် သူတို့သည် ရရာပစ္စည်းများကို ချက်ချင်း ဆွဲယူကာ အပြင်သို့ ပြေးထွက်ခဲ့ကြ၏။
ဝေကျန့်ကော်သည် သတိမေ့မြောနေဆဲဖြစ်သော ရှန့်ဟုန်ပင်းကို ပိုးကာ ပြေးထွက်လာသည်။ ဝမ်ထောင်ကို မြင်သောအခါ သူက ချက်ချင်း မေးလိုက်၏။
"ဘာဖြစ်တာလဲ"
"အကောင်ကြီးတစ်ကောင် လာနေပြီ... ငါ မနိုင်ဘူး"
ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း ရှင်းပြလိုက်သည်။ သူ မည်သည့်အရာကိုမျှ မမြင်ရသော်လည်း စောင့်ကြည့်ခံလိုက်ရသည့် ထိုခဏမှာ အမြင်မှားခြင်း လုံးဝ မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ဝေကျန့်ကော်သည် အချိန်မဆွဲဝံ့တော့ဘဲ အသက်ရှင်ကျန်ရစ်သူများကို အလျင်အမြန် ဆုတ်ခွာရန် နှိုးဆော်တော့၏။
စခန်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဆုံးရှုံးရသည်မှာ နှမြောစရာ ကောင်းသော်လည်း အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များကြောင့် လူအများအပြား သေဆုံးခဲ့သဖြင့် စခန်းတွင် လူအနည်းငယ်သာ ကျန်တော့ရာ သူတို့သည် လျင်မြန်စွာ စုစည်းနိုင်ခဲ့ကြသည်။
"သွားစို့... အရှေ့ဘက်ကို ဦးတည်မယ်"
လူတိုင်း ရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်ထောင်သည် ကားထဲသို့ ချက်ချင်း ဝင်လိုက်၏။
သူသည် ထိုသားရဲကြီးကို မမြင်ရသော်လည်း အနောက်ဘက်သည် ပို၍ အန္တရာယ်များနိုင်သည်ဟု မရေမရာ ခံစားရသဖြင့် အရှေ့ဘက်သို့ သွားရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
ဝူး...
ဝမ်ထောင်၏ လျှပ်စစ်တောင်တက်ကားသည် ရှေ့မှ ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် အခြားကားငါးစီး လိုက်ပါလာကာ စခန်းမှ ထွက်ခွာပြီးနောက် အရှေ့ဘက်သို့ ဦးတည်မောင်းနှင်ခဲ့ကြ၏။
သူတို့ယာဉ်တန်း စခန်းမှ ထွက်ခွာသွားပြီး မကြာမီတွင် စခန်းအတွင်း၌ အနက်ရောင် မြူခိုးထုကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ခဏမျှ ရပ်တန့်နေပြီးနောက် မည်းမှောင်သော မိုးတိမ်တစ်ခုကဲ့သို့ မြေပြင်နှင့် ကပ်လျက် အရှေ့ဘက်သို့ တဖြည်းဖြည်း လွင့်ပါးသွားလေ၏။
ကားခြောက်စီးသည် လမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေကြပြီး ၎င်းတို့၏နောက်တွင် ရူးသွပ်ဇွန်ဘီများ အုပ်စုလိုက် လိုက်ပါနေကြသည်။
ကားထဲတွင် ဝမ်ထောင်သည် ဝေါ်ကီတော်ကီမှတစ်ဆင့် လက်ရှိ အခြေအနေကို အကျဥ်းချုပ် ရှင်းပြလိုက်၏။
ယခင်က သူမြင်တွေ့ခဲ့ရသော အနက်ရောင်သားရဲကြီး လာနေပြီဟု ဝမ်ထောင် ပြောသည်ကို ကြားသောအခါ လူတိုင်း ထိတ်လန့်တကြား သက်ပြင်းချလိုက်ကြသည်။
ဝမ်ထောင်သည် ထိုသားရဲကြီးမှာ အလွန်အမင်း စွမ်းအားကြီးမားပြီး ၎င်းတို့အနေဖြင့် နိုင်ရန် အခွင့်အရေး မရှိကြောင်း... နိုင်ဖို့ နေနေသာသာ ထွက်ပြေးနိုင်ပါမည်လား ဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်ကြောင်း သတိပေးခဲ့၏။
ကားများသည် အရှိန်အဟုန်မြှင့် မောင်းနှင်နေကြသည်။ စွန့်ပစ်ထားသော ကားများ သို့မဟုတ် ဇွန်ဘီများကဲ့သို့သော အတားအဆီးများနှင့် ကြုံတွေ့ရသောအခါ ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့သည် ၎င်းတို့ကို ဖယ်ရှားရန်အတွက် တုန်ခါလှိုင်းများကို တိုက်ရိုက် အသုံးပြုခဲ့ကြ၏။
လမ်းပွင့်သွားသည်ကို မြင်ရသဖြင့် လူတိုင်း သက်ပြင်းပင် မချနိုင်သေးမီမှာပင် ဖိနှိပ်ချုပ်ချယ်၍ ခြောက်ခြားဖွယ်ကောင်းသော ဖိအားလှိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို ခံစားလိုက်ကြရသဖြင့် ၎င်းတို့သည် မော့ကြည့်လိုက်ကြသည်။
ကျိ...
ကားအားလုံး ဘရိတ်အုပ်လိုက်ကြ၏။
သူတို့သည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ရှေ့ရှိ ခြောက်ထပ်လူနေအဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် အနက်ရောင် အရိပ်တစ်ခု နားနေသည်ကို မြင်လိုက်ရသည်။
နီမြန်းသော အလင်းရောင်များ တောက်ပနေသည့် ထိုမျက်လုံးများသည် ယာဉ်တန်းကို စိုက်ကြည့်နေ၏။
"ဒါ... ဒါက ရှင်ပြောတဲ့ အနက်ရောင်အရိပ်လား... အရမ်း ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုးပဲ..."
ဟန်ရွှေသည် သူမ၏ နှုတ်ခမ်းများ တုန်ရင်နေသည်ကို ခံစားလိုက်ရသည်။ သူမ ဤမျှအထိ ခြောက်ခြားဖွယ်ကောင်းသော ဖိအားမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ဂေါ်ရီလာဇွန်ဘီသည်ပင် ဤအရာနှင့် လုံးဝ နှိုင်းယှဥ်၍ မရနိုင်ပါ။
ဝမ်ထောင်သည် ခေါင်မိုးပေါ်ရှိ အနက်ရောင်အရိပ်သားရဲကောင်ကို စိုက်ကြည့်နေမိသည်...။၄င်းမှာ အမှန်တကယ်ပင် အနက်ရောင် အရိပ်တစ်ခု ဖြစ်သည်။
ယခင်က ဤသားရဲကြီးကို မြင်ခဲ့ရစဉ်က ဝမ်ထောင်သည် အသေအချာ မမြင်ရခြင်းကြောင့် မရေမရာ အနက်ရောင်အရိပ်တစ်ခုအဖြစ် မြင်ရခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။
သို့သော် ယခုအခါတွင်မူ ၎င်းသည် အနက်ရောင် မြူခိုးထုကြီးတစ်ခုဖြင့် ဖွဲ့စည်းထားပုံရကြောင်း သဘောပေါက်လာ၏။
မြူခိုးမည်းထဲမှ နီမြန်းသော အလင်းတန်း နှစ်ခုမှတစ်ပါး အခြား မည်သည့်အရာကိုမျှ မမြင်ရပေ။
အသွင်အပြင်မှာ မရေးကြီးပါ။ပြဿနာမှာ ၎င်း၏ စွမ်းအားပင်။
[သွေးပမာဏ - ၃၅၀၀၀/၃၅၀၀၀]
[စွမ်းအင်ပမာဏ - ၃၂၀၀၀/၃၂၀၀၀]
[အဆင့် - တတိယအဆင့် ဇွန်ဘီဘုရင်]
[အတွင်းပိုင်းအညစ်အကြေးများ - ၅၀%]
သွေးအား သုံးသောင်းငါးထောင်။ စွမ်းအင်က သုံးသောင်းနှစ်ထောင်။
မည်သည့်သက်ရှိကိုမဆို စိတ်ပျက်အားငယ်မှုကို ပေးစွမ်းနိုင်သော တည်ရှိမှုကြီးပင်။ ထို့အပြင် ၎င်းသည် တတိယအဆင့်တွင်လည်း ရှိနေသည် မဟုတ်ပါလား။
ဝမ်ထောင်သည် ယခုအချိန်တွင် တတိယအဆင့် သတ္တဝါများ ရှိနေနိုင်လားဟု တွေးနေခဲ့မိရာ ယခုတွင်မူ တစ်ကောင် ပေါ်လာခဲ့လေပြီ ။ ထို့အပြင် ၎င်းသည် တတိယအဆင့်က်ုမှ ဇွန်ဘီဘုရင် အဆင့်ဖြစ်သည်။
ဝမ်ထောင်သည် ဤအဆင့်မှာ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုသည်ကို မသိသော်လည်း သူတို့ လုံးဝ မယှဉ်နိုင်ကြောင်းကိုတော့ သူ အသေအချာ သိ၏။
ထိုအရာကြီးကလည်ူ မည်သူ့ကိုမျှ သက်ညှာလိမ့်မည် မဟုတ်ပေ။
သို့သော် ဝမ်ထောင်သည် ထူးဆန်းသော အချက်တစ်ခုကို သတိပြုမိလိုက်သည်။. ဤသားရဲကြီးသည် ဇွန်ဘီတစ်ကောင် ဟုတ်ပုံမရပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတွင် "အတွင်းပိုင်းအညစ်အကြေးများ" ရှိနေသောကြောင့် ဖြစ်သည်။ ဇွန်ဘီများ၏ ခန္ဓာကိုယ်မှာ အညစ်အကြေးများဖြင့်သာ လုံးဝ ဖွဲ့စည်းထားသဖြင့် ဤအရည်အသွေး ရှိမနေသင့်ပေ။
သို့သော် လောလောဆယ်တွင် ထိုအရာကြီးက ဘာဖြစ်သည်အား ခွဲခြားနေရန်မဟုတ်ပါ ။ မည်သို့ ထွက်ပြေးရမည်နည်း ဆိုသည်ကသာ အရေးကြီးလှ၏။
အကယ်၍ ဤသားရဲကြီးသည် လမ်းကြုံရုံသက်သက်သာ ဖြစ်ပြီး သူတို့အပေါ် စိတ်ဝင်စားမှု မရှိလျှင် သူတို့ ထွက်ပြေးနိုင်ရန် အခွင့်အရေး ရှိနေဆဲ ပင်။ အကယ်၍ ဤသားရဲကြီးသည် သူတို့ဆီသို့ တမင်ဦးတည်လာခြင်း ဖြစ်လျှင်မူ..။
. "ဆုတ်ကြစို့... မြန်မြန် ဆုတ်ကြစို့"
ဝမ်ထောင်သည် ဝေါ်ကီတော်ကီမှတစ်ဆင့် ချက်ချင်း ခိုင်းလိုက်၏။
ဝမ်ထောင်၏ အသံကို ကြားမှသာ လူများမှာ နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာကြတော့သည်။ ဝမ်ထောင် ယခင်က ဖြစ်ခဲ့ဖူးသကဲ့သို့ပင် သူတို့သည်လည်း ထိုဖိအားလှိုင်းကြောင့် ကြောက်လန့်တကြား တောင့်တင်းနေခဲ့ကြခြင်း ဖြစ်၏။
ဝူး...
ကားများသည် ချက်ချင်းပင် ဘတ်ဂီယာထိုးကာ ဆုတ်ခွာခဲ့ကြသည်။
သူတို့သည် ယခုအခါ လမ်းကြားတစ်ခုထဲတွင် ရှိနေသဖြင့် ကားများကို ကွေ့ရန် အချိန်များစွာ ကြာမြင့်နိုင်သောကြောင့် နောက်ပြန်ဆုတ်ခြင်းက ပို၍ ကောင်း၏။
သို့သော် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လမ်းကြား၏ နောက်ရှိ အဆောက်အအုံတစ်ခု ရုတ်တရက် ပြိုကျသွားပြီး ၎င်းတို့၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်တော့၏။
"သွားပြီ..."
၄င်းကို မြင်ရသောအခါ လူတိုင်း၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ဂေါ်ရီလာဇွန်ဘီ သေဆုံးခြင်း သို့မဟုတ် အဆိပ်မြူဇွန်ဘီများနှင့် ရင်ဆိုင်ခဲ့ရစဉ်က နိုင်နိုင်ခြေ အနည်းငယ်မျှ ရှိနေဆဲ ဖြစ်ကြောင်း သိကြသဖြင့် လူတိုင်း အသက်လုကာ ခုခံခဲ့ကြသော်လည်း ယခုအခါ ဤမြူခိုးမည်းသားရဲကောင်နှင့် ရင်ဆိုင်ရသောအခါတွင်မူ ခုခံလိုစိတ်ပင် မမွေးမြူနိုင်ကြတော့ပေ။
ခုခံခြင်းမှာ အချည်းနှီးသာ ဖြစ်ပြီး တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ သေဆုံးရမည်ဟု ခံစားနေကြရ၏။
အခြားသူများကို ထားလိုက်ဦး... ဝမ်ထောင်ကိုယ်တိုင်ပင်လျှင် တော်တော်လေး စိတ်ဓာတ်ကျနေမိသည်။
"ငါ လက်လျှော့လိုက်တာပဲ ကောင်းမလား..."
သို့သော် ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ထောင်သည် တုန်ရင်သွားပြီး ရုတ်တရက် အသိစိတ် ပြန်ဝင်လာခဲ့၏။
"ငါ ဒီလောက်နဲ့တင် ဘာလို့ အလွယ်တကူ လက်လျှော့နိုင်မှာလဲ...ဒီသားရဲကြီးက... လူတွေရဲ့ စိတ်ဓာတ်ကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည် ရှိနေတာလား..."
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် တိုက်ခိုက်ရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။
ဝမ်ထောင်၏ နဖူးတွင် ချွေးစေးများ ထွက်လာ၏။ သူသည် ဝေါ်ကီတော်ကီမှတစ်ဆင့် အလျင်အမြန် အော်ပြောလိုက်သည်။
"လက်မလျှော့ကြနဲ့... ဘယ်သူမှ စိတ်မလျှော့ပစ်နဲ့... သတိထားကြ"
ဝမ်ထောင်၏ အသံမှာ အလွန် ကျယ်လောင်လှသည်။ ၎င်းကို ကြားရသောအခါ အခြားသူများလည်း နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာကြပြီး လူတိုင်း ချွေးစေးများ ပြန်လာကြ၏။
သို့သော် ၎င်းတို့ သတိရလာလျှင်ပင် မည်သို့ ထွက်ပြေးကြရမည်နည်း။
"ရှေ့ကို မောင်း... သူ့ရဲ့ အောက်တည့်တည့်ကနေ ဖြတ်မောင်းမယ်"
ဝမ်ထောင်က အရိပ်မည်းကြီးအားကြည့်
ကာ ပြတ်သားစွာ ပြောလိုက်၏။
ခုနက အဆောက်အအုံ ပြိုကျမှုမှာ မြူခိုးမည်းသားရဲကောင်ကြောင့် ဖြစ်သည်မဖြစ်သည်ကို သူ မသေချာသော်လည်း ယခုအခါ သူတို့အတွက် အခြားရွေးချယ်စရာ မရှိတော့ပေ။
မြူခိုးမည်းသားရဲကောင်သည် ခြောက်ထပ်မြောက် ခေါင်မိုးပေါ်တွင် ရှိနေသဖြင့် သူတို့နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ သူတို့သည် ၎င်း၏အောက်ရှိ လမ်းမမှတစ်ဆင့် တိုက်ရိုက် ဖြတ်သန်းသွားနိုင်ကောင်း သွားနိုင်ပေလိမ့်မည်။
သို့သော်... ထိုအရာက ထိုမျှအထိ မလွယ်ကူနိုင်ကြောင်းကိုမူ လူတိုင်း သိကြသဖြင့် တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြ၏။
ထို့နောက်။
ဝုန်း...
ကားအချို့သည် လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ တံတိုင်းများကို ဝင်တိုက်မိသွားကြသည်။
"ဘာဖြစ်တာလဲ"
ဝမ်ထောင်သည် သူ၏ဘေးရှိ ဟန်ရွှေကို ကြည့်လိုက်၏။
သူသည် ဟန်ရွှေ မောင်းနှင်နေသော ကားထဲတွင် ရှိနေခြင်း ဖြစ်ပြီး သူမသည်လည်း တံတိုင်းကို ဝင်တိုက်မိခဲ့သည်။
"ငါ... ငါ ဘာဖြစ်သွားလဲ မသိဘူး... ငါ တည့်တည့်ပဲ မောင်းနေတယ်လို့ ထင်တာ... ဘာလို့ ကွေ့သွားတာလဲ မသိဘူး..."
ဟန်ရွှေသည် အနည်းငယ် ပျာယာခတ်နေ၏။
သူမသည် ကားမောင်းလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သဖြင့် တည့်တည့်မောင်းခြင်းနှင့် ကွေ့ခြင်းတို့၏ ကွာခြားချက်ကို သိ၏။ သူမသည် တည့်တည့်မောင်းနေသည်မှာ အသေအချာပင် ဖြစ်ပါလျက်နှင့် တံတိုင်းကို တည့်တည့်ကြီး ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ကားတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ မခံစားရသလို သူမကိုယ်တိုင် မှားယွင်းသွားသည်ဟုလည်း မထင်ပါ။ သို့သော် တံတိုင်းကို ဝင်တိုက်မိခဲ့၏။
"ဆက်မောင်း.. အတင်း တိုးမောင်းမယ်"
ဟန်ရွှေ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဝမ်ထောင်သည် အခြေအနေ မကောင်းကြောင်း စိတ်ထဲတွင် တွေးလိုက်သော်လည်း သူက ထပ်မံ အော်ပြောလိုက်၏။
ကားမောင်းသူများသည် ကားများကို ချက်ချင်း ပြန်တည့်ကာ လမ်းဆုံဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ကြသည်။
ဝမ်ထောင်သည် ခေါင်မိုးပေါ်မှ မလှုပ်မယှက် ရှိနေသော မြူခိုးမည်းသားရဲကောင်ကို စောင့်ကြည့်ရင်း ဟန်ရွှေကိုလည်း ဂရုတစိုက် လေ့လာနေ၏။
ထို့နောက် ကားစထွက်သည်နှင့်တစ်ပြိုင်နက် ဟန်ရွှေသည် စတီယာရင်ကို ညာဘက်သို့ ရုတ်တရက် ဆတ်ခနဲ လှည့်လိုက်သည်ကို သူ မြင်လိုက်ရသည်။
ဝုန်း...
ကားသည် တံတိုင်းကို ထပ်မံ ဝင်တိုက်မိပြန်၏။
သူတို့ကားတင်မကဘဲ နောက်က လိုက်လာသော ကားများအားလုံးလည်း ဝင်တိုက်မိကြသည်။
ဟန်ရွှေသည် လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။
"ငါ... ငါ တကယ်ပဲ အကောင်းဆုံး မောင်းနေတာပါ... ဘယ်လိုလုပ်ပြီး..."
ဝမ်ထောင်သည် သက်ပြင်းချလိုက်မိသည်။
ယခုအခါ ကံကောင်းမှုကို မျှော်လင့်၍ မရတော့ပေ... ဤသည်မှာ ထိုမြူခိုးမည်းသားရဲကောင်၏ လက်ချက်ပင် ဖြစ်သည်။
၎င်းသည် လူသားတို့၏ စိတ်ဓာတ်ကို လွှမ်းမိုးနိုင်သော စွမ်းရည် ဖြစ်ရပေမည်။ ထို့အပြင် ၎င်းသည် ဧရိယာအကျိုးသက်ရောက်မှု ရှိသော စွမ်းရည်မျိုးလည်း ဖြစ်၏။
သို့သော် ဤစွမ်းရည်မှာ အရမ်းတော့ပြင်းထန်ပုံမရပေ ။ သို့မဟုတ်ပါက ကားများကို တံတိုင်းနှင့် တိုက်မိအောင် လုပ်နေရန် မလိုဘဲ လူများကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းမည်မဟုတ်ပါလား...။
"ဆင်းကြစို့... အားလုံး ကားပေါ်က ဆင်းကြမယ်"
ဝမ်ထောင်က ချက်ချင်း အော်ပြောလိုက်၏။
ဤအခြေအနေမျိုးတွင် ၎င်းတို့ ကားမောင်းနိုင်မည် မဟုတ်ကြောင်း ထင်ရှားသဖြင့် ခြေလျင်သာ သွားရပေမည်။ ကားမရှိဘဲ ထွက်ပြေးနိုင်ရန် အခွင့်အရေးမှာ ပို၍ပင် နည်းပါးသွားမည် ဖြစ်သော်လည်း... လူတိုင်း ကားပေါ်က ဆင်းလာကြပြီးနောက် ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့မှတစ်ပါး အခြားသူများအားလုံးသည် ခြေထောက်များ ပျော့ခွေသွားကြကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့၏။
"အားလုံး ဘာဖြစ်တာလဲ"
ဝမ်ထောင်က အမြန် မေးလိုက်သည်။
တင်ယွီချင်သည် ဝမ်ထောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာတွင် ထိတ်လန့်တကြား ဖြစ်နေရိပ်များ ပြည့်နှက်နေ၏။
"အရမ်း ခြောက်ခြားဖို့ကောင်းတဲ့ ဖိအားလှိုင်းပဲ... ငါ ကြောက်တယ်... ငါ မလှုပ်ရှားနိုင်တော့ဘူး..."
အခြားသူများလည်း ထို့အတူပင် ဖြစ်ကြပြီး ၎င်းတို့ လမ်းမလျှောက်နိုင်ကြတော့ပေ။
"တောက်..."
ထူထဲသော သံမဏိပြားများဖြင့် မွမ်းမံထားသော ဤကားများသည် အမှန်တကယ်တွင် ဖိအားလှိုင်းများကို ကာကွယ်ပေးနိုင်သော စွမ်းဆောင်ရည် ရှိနေလိမ့်မည်ဟု ဝမ်ထောင် မမျှော်လင့်ထားခဲ့ပေ။ ကားထဲတွင် ရှိနေစဉ်က ကြောက်လန့်နေကြသော်လည်း ခြေထောက်များ ပျော့ခွေသွားသည်အထိမူ မဖြစ်ခဲ့ကြပေ။
ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့ နှစ်ဦးသာ မတ်တပ်ရပ်နိုင်ကြခြင်းမှာ ၎င်းတို့နှစ်ဦးစလုံးသည် ဒုတိယအဆင့်စွမ်းရည်ရှင်များ ဖြစ်ကြသောကြောင့် ဖြစ်ပေလိမ့်မည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့သည် လူတိုင်းကို ကားထဲသို့ ပြန်လည် ထည့်သွင်းပေးလိုက်ကြရ၏။
"ဟူး..."
၎င်းတို့ ကားထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။
"ခုနက... တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"
ဟန်ရွှေသည် ကြောက်စိတ်မပြယ်သေးသော မျက်နှာထားဖြင့် ဝမ်ထောင်ကို ကြည့်လိုက်၏။ သူမ ကားပေါ်က ဆင်းလိုက်သည့် ခဏတွင် သေတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
.. ဝမ်ထောင်၏ ရင်ထဲတွင် အေးစက်သွားမိသည်။
ဤသားရဲကြီးသည် ၎င်းတို့အားလုံးကို ပိတ်လှောင်၍ သတ်ဖြတ်ရန် ကြိုးစားနေခြင်းပင်။
ကားများလည်း ရှေ့မတိုးနိုင်၊ လူများလည်း လမ်းမလျှောက်နိုင်၊ နောက်ပြန်ဆုတ်မည့် လမ်းကြောင်းကလည်း ပိတ်ဆို့နေပြီ ဖြစ်ရာ... ၎င်းတို့သည် အိုးထဲက လိပ်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
ထိုစဉ် ဝမ်ထောင်သည် ခေါင်မိုးပေါ်ရှိ အနက်ရောင် မြူခိုးထုကြီး လှုပ်ရှားလာသည်ကို မြင်လိုက်ရ၏။ ၎င်းသည် အဆောက်အအုံ၏ အပြင်ဘက် တံတိုင်းအတိုင်း မည်းမှောင်သော မိုးတိမ်တစ်ခုကဲ့သို့ ခေါင်မိုးပေါ်မှ မြေပြင်ဆီသို့ တဖြည်းဖြည်းနှင့် အေးအေးလူလူ လွင့်ပါးလာခဲ့သည်။
၎င်း နီးကပ်လာသည်နှင့်အမျှ ကားထဲရှိ လူများ၏ ကြောက်ရွံ့မှု ခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့၏။
၎င်းတို့တင်မကဘဲ ဝမ်ထောင်ကိုယ်တိုင်ပင်လျှင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းလာသည်ကို သတိပြုမိလိုက်သည်။
၎င်း မြေပြင်ပေါ်သို့ ဆင်းသက်ကာ ၎င်းတို့ရှေ့သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မည်သူမျှ မလှုပ်ရှားနိုင်တော့ဘဲ သေဆုံးခြင်းကိုသာ စောင့်မျှော်ရတော့မည်ဟု ဝမ်ထောင် ခံစားလိုက်ရ၏။
သူသည် ၎င်းကို ဤနေရာသို့ လုံးဝ အလာမခံနိုင်ပေ။ ၎င်းကို မျှားခေါ်သွားရမည် ဖြစ်သည်။
သွေးပမာဏ နည်းပါးနေသော လူစု၊ တင်ယွီချင်၏ ထိတ်လန့်နေသော မျက်နှာငယ်လေးနှင့် အသက်လု ခုခံရန် ပြင်ဆင်နေကြသည့် ဟန်ရွှေ၊ ဝေကျန့်ကော်နှင့် အခြားသူများ၏ ပြတ်သားသော မျက်နှာထားများကို ကြည့်ရင်း ဝမ်ထောင်သည် သက်ပြင်းအရှည်ကြီး ချလိုက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
"ခဏနေရင် အခွင့်အရေးကို ကြည့်ပြီး ထွက်ပြေးကြ"
လူတိုင်း ချက်ချင်းပင် ဝမ်ထောင်ကို လှည့်ကြည့်လိုက်ကြသည်။
"ဝမ်ထောင်... နင်... နင် ဘာလုပ်မလို့လဲ"
တင်ယွီချင်သည် စိုးရိမ်တကြီးဖြင့် ဝမ်ထောင်၏ လက်ကို ဆွဲကိုင်လိုက်၏။
ဝမ်ထောင်၏ မျက်နှာတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"ငါ သူ့ကို မျှားခေါ်သွားမယ်"
"မလုပ်ပါနဲ့... နင် သေလိမ့်မယ်"
ဤစကားကို ကြားသောအခါ တင်ယွီချင် စကားမပြောနိုင်သေးမီမှာပင် ဟန်ရွှေသည် ဝမ်ထောင်၏ အခြားလက်တစ်ဖက်ကို ချက်ချင်း ဆွဲကိုင်လိုက်၏။
ဤအနက်ရောင်အရိပ်မှာ ဘယ်လောက်အထိ ခြောက်ခြားဖွယ်ကောင်းလဲဆိုသည်ကို သူမ အသေအချာ သိသည်။ သူမသည် ဝမ်ထောင်ကို ယုံကြည်သော်လည်း သူသည် ဤအရာကို လုံးဝ မယှဉ်နိုင်ကြောင်း သိနေ၏။
"ဝမ်ထောင်..."
တင်ယွီချင်သည် ဝမ်ထောင်ကို ကြည့်ကာ မျက်ရည်များ စီးကျလာရင်း ခေါင်းခါပြရှာသည်။ သူမသည် ဝမ်ထောင်ကို သေဘေးသို့ မသွားစေလိုပေ။
"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်... ငါလည်း ဒုတိယအဆင့်ပဲ"
ဝေကျန့်ကော်က ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်၏။
ဤသားရဲကြီးကို မျှားခေါ်ရန် ကြိုးစားခြင်းသည် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သေချာပေါက် သေဆုံးရမည်ကို သူ သိသည်။ သူသည် ဝမ်ထောင်ကို တစ်ဦးတည်း သေဘေးသို့ မသွားစေနိုင်ပေ။ သေရုံသက်သက်သာ ဖြစ်သဖြင့် သူ မကြောက်ပေ။
သို့သော် ဝမ်ထောင်သည် ခေါင်းခါကာ ငြင်းဆိုလိုက်သည်။
"မဟုတ်ဘူး... ဝေအိုကြီး... မင်း သူတို့ကို ခေါ်ပြီး ထွက်ပြေးပါ... မင်းရဲ့ ဒုတိယအဆင့် စွမ်းအားမရှိရင် ၎င်းတို့ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ရင်တောင် နောက်ပိုင်း ကမ္ဘာပျက်ကပ်ထဲမှာ အသက်ရှင်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပဲ... အသက်ရှင်ကျန်ရစ်သူစခန်းတိုင်းဟာ ငါတို့စခန်းလိုမျိုး စည်းလုံးညီညွတ်ကြတာ မဟုတ်ဘူး... မင်း သူတို့ကို ကာကွယ်ပေးရမယ်... ဒါက မင်းရဲ့ တာဝန်ပဲ"
"ဒါပေမဲ့ မင်းက..."
ဝမ်ထောင်၏ စကားများသည် ဝေကျန့်ကော်၏ အားနည်းချက်ကို ထိမှန်သွားခဲ့သည်။ သူသည် သေခြင်းတရားကို မကြောက်သော်လည်း သူ့ကို ယုံကြည်သော အခြားသူများကို မကာကွယ်နိုင်မည်ကိုမူ ကြောက်ရွံ့မိ၏။
"စိတ်မပူပါနဲ့... ငါ့ရဲ့ ကံတရားက အတော်ကောင်းပါတယ်... ငါ လုံးဝ သေမှာ မဟုတ်ပါဘူး... ပြီးတော့ ငါတစ်ယောက်တည်းဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်"
ဝမ်ထောင်သည် သူ၏မျက်နှာတွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်၏။ သူသည် အစီအစဥ်တစ်ခုကို တွေးတောမိသော်လည်း ၎င်းသည် အောင်မြင်မအောင်မြင်ကိုမူ မသေချာပေ...
ထို့နောက် ဝမ်ထောင်သည် ကားနောက်ဖုံးမှ အိတ်ကြီးတစ်အိတ်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
ဤအိတ်မှာ အမှန်တကယ်တွင် အလွတ်ဖြစ်သော်လည်း ၎င်းကို ထုတ်ယူစဉ် ဝမ်ထောင်သည် သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ ပစ္စည်းအများအပြားကို ၎င်းထဲသို့ ပြောင်းလဲ ထည့်သွင်းလိုက်၏။
ရှပ်...
ဝမ်ထောင်သည် အိတ်ကို ဖွင့်လိုက်ရာ ၎င်းထဲတွင် ဆေးရည်မျိုးစုံ၊ အမြုတေများ၊ ဆေးသေတ္တာများ၊ အာဟာရဖြည့်ဖျော်ရည်များနှင့် အခြား ထောက်ပံ့ရေးပစ္စည်းများ ရှိနေသည်။
"ငါ ဒီပစ္စည်းတွေကို မင်းတို့အတွက် ချန်ထားခဲ့မယ်... ဒါတွေကို ဘယ်လိုသုံးရမလဲဆိုတာ မင်းတို့အားလုံး သိကြတာမို့ ငါ ထပ်မပြောတော့ဘူး..."
ဝမ်ထောင်သည် သူ၏ နောက်ဆုံး မှာတမ်းစကားများကို ပြောနေသကဲ့သို့ ပြုမူနေသည်ကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာခဲ့ကြပြီး တင်ယွီချင်နှင့် ဟန်ရွှေတို့၏ မျက်နှာများသည် ပို၍ပင် ဖြူလျော်သွားခဲ့၏။
ဝမ်းနည်းဖွယ် ကောင်းသော လေထုက လူတိုင်းကို လွှမ်းမိုးသွားခဲ့သည်။
"အီး ဟီးဟီး..."
သူတို့၏ ဘေးတွင် စကားမပြောဘဲ ရှိနေသော လီချို့ယွီသည် ဆက်မတောင့်ခံနိုင်တော့ဘဲ ပါးစပ်ကို အုပ်ကာ ငိုရှာတော့၏။
သို့သော် ဝမ်ထောင်သည် ရုတ်တရက် လက်လှမ်းကာ လီချို့ယွီကို ဆွဲယူပြီး ကားအပြင်သို့ ဆွဲထုတ်လိုက်သည်။
လူတိုင်းနှင့် လီချို့ယွီတို့၏ လုံးဝ ဝေခွဲမရ ဖြစ်သွားသော အကြည့်များအောက်တွင် ဝမ်ထောင်သည် လီချို့ယွီ၏ လည်ပင်းပေါ်သို့ လက်တင်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"ကျန်းရှောင်ရွှယ်... ထွက်လာခဲ့စမ်း... ငါ့ကို ကူညီပေး... မဟုတ်ရင် ငါ သူ့ကို သတ်ပစ်မယ်"
---------