အခန်း ၁၅၆
Vol. 14 Ch. 156
အခန်း ၁၅၆ - ကံကောင်းပါစေ (ဇာတ်သိမ်း)
ဝမ်ထောင် ဆွဲထုတ်လာပြီးနောက် လီချို့ယွီ၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး လုံးဝ မတ်တပ်မရပ်နိုင်တော့ပေ။ သူမသည် အလွန်ထိတ်လန့်နေသဖြင့် ဝမ်ထောင်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး ခွေနေရင်း သူ့ကိုသာ ဖက်ထားနိုင်တော့၏။
ဝမ်ထောင်က သူမ၏ နားနား၌ တိုးတိုးလေး ပြောလိုက်သည်။
"ဒီအတွက် စိတ်မကောင်းပါဘူး... ဒါပေမဲ့ ငါ မင်းရဲ့ သမီးကို ခဏလောက် အသုံးချမှရမယ်"
လီချို့ယွီ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်သေးမီမှာပင် ဝမ်ထောင်က ရုတ်တရက် အော်ဟစ်လိုက်သည်ကို သူမ မြင်လိုက်ရ၏။
"ကျန်းရှောင်ရွှယ်... ထွက်လာခဲ့စမ်း... ငါ့ကို ကူညီပေးပါ... မဟုတ်ရင် ငါ သူ့ကို သတ်ပစ်မယ်"
"..."
လူတိုင်းသည် ဝမ်ထောင် ဘာလုပ်နေသည်ကို နားမလည်နိုင်ကြသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
သူက ဘာလို့ လီချို့ယွီကို ဒီလိုလုပ်ရတာလဲ ။ဒါက ကောင်းတဲ့အပြုအမူတော့ မဟုတ်ဘူး ။ ပြီးတော့ ကျန်းရှောင်ရွှယ်ဆိုတာ ဘယ်သူလဲ။
"နင်... နင် ဘာလုပ်မလို့လဲ"
လီချို့ယွီသည် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ဝမ်ထောင်ကို ဝေခွဲမရစွာ စိုက်ကြည့်လိုက်၏။
"ငါတစ်ယောက်တည်းဆိုရင် ဒီသားရဲကောင်ကို မျှားခေါ်သွားလို့ မရဘူး... ငါ့မှာ အကူအညီ လိုတယ်"
ဝမ်ထောင်က အမှန်အတိုင်း ပြောလိုက်သည်။
မြူခိုးမည်းသားရဲကောင်သည် လူသားတို့၏ စိတ်ဓာတ်ကို လွှမ်းမိုးနိုင်သဖြင့် ၎င်း၏ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို သူတောင့်ခံနိုင်မည် မဟုတ်ကြောင်း ဝမ်ထောင် ခံစားနေရ၏။
သို့သော် ကျန်းရှောင်ရွှယ်မှာမူ တောင့်ခံနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမတွင်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော စွမ်းရည် ရှိနေသည့်အပြင် ဤမြူခိုးမည်းသားရဲကောင်နှင့် အနီးကပ် ထိတွေ့ဖူးသည်ဟု ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်ကို အကူအညီတောင်းရန် စီစဉ်လိုက်ခြင်းပင်။ သူသည် သားရဲကောင်ကို မျှားခေါ်သွားမည် ဆိုသော်လည်း မသေချင်သေးပါ ။ သို့သော် ကျန်းရှောင်ရွှယ်သည် အလွယ်တကူ ထွက်လာမည် မဟုတ်သဖြင့် သူသည် အထူးနည်းလမ်းအချို့ကို အသုံးပြုရပေလိမ့်မည်။
ကျန်းရှောင်ရွှယ် ဤနေရာတွင် ရှိမရှိ ဆိုသည်နှင့် ပတ်သက်၍မူ ဝမ်ထောင်က ရှိနေသည်ဟု ယုံကြည်၏။
စခန်းမှ ထွက်ပြေးလာကတည်းက ဝမ်ထောင်သည် မိမိအပေါ်သို့ ကျရောက်နေသော အကြည့်တစ်ချက်ကို မရေမရာ ခံစားနေခဲ့ရသည်။ ဤခံစားချက်မှာ အလွန် ရင်းနှီး၏... ၎င်းမှာ ကျန်းရှောင်ရွှယ်ပင် ဖြစ်ရမည်။
ထို့ကြောင့် ဝမ်ထောင်သည် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
အကယ်၍ သူ နိုင်ခဲ့လျှင် အသက်ရှင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူ ရှုံးခဲ့လျှင်မူ ကံကြမ္မာအတိုင်းသာ လက်ခံရတော့မည် ။
"နင်... နင် ရှောင်ရွှယ်ကို ဆွဲမသွင်းပါနဲ့... ငါ့သမီးလေးက ဒီလိုအခြေအနေမျိုး ရောက်နေပြီဥစ္စာ..."
လီချို့ယွီသည် ဝမ်ထောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
သူမ မသေချင်ပါ။ သို့သော်လည်း မိခင်တစ်ယောက်အနေဖြင့် သူမ၏သမီးလေးကို ပို၍ပင် မသေစေချင်ပေ။ အကယ်၍ ရွေးချယ်ခွင့် ရှိခဲ့လျှင် သူမသမီးကိုယ်စား သူမသာ သေဆုံးချင်ပါသည်။ ဤသည်မှာ မိခင်တစ်ယောက်အနေဖြင့် သူမ၏ အတ္တပင် ဖြစ်၏...။
ဝမ်ထောင် ခေါင်းခါလိုက်သည်။
"စိတ်မကောင်းပါဘူး... ငါ ဒီလိုပဲ လုပ်နိုင်တော့မယ်"
ဝမ်ထောင်သည် ဤသို့ မပြုမူချင်သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ အကယ်၍ မျှားခေါ်ခြင်း အစီအစဉ် ပျက်ပြားသွားပါက အားလုံး သေဆုံးကြရပေလိမ့်မည်။
"မလုပ်နဲ့... နင် မလုပ်ရဘူး..."
လီချို့ယွီ၏ မျက်လုံးများ မှေးမှိန်လျက် ခေါင်းကိုဆက်တိုက်ခါ၏။
အခြားသူများမှာမူ ဝမ်ထောင် ဘာလုပ်နေသည်ကို မသိကြသဖြင့် ဝေခွဲမရ ဖြစ်နေကြသော်လည်း ဟန်ရွှေနှင့် တင်ယွီချင်တို့ နှစ်ဦးသာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။
အပေါ်ထပ်ရှိ အနက်ရောင် မြူခိုးထုကြီးမှာ တဖြည်းဖြည်း လွင့်ကာဆင်းသက်လာနေသည်။ ၎င်းသည် ကြွက်ကို ကြောင်ကစားသကဲ့သို့ လူတိုင်းကို ချက်ချင်း တိုက်ခိုက်ရန် အလျင်စလို မလှုပ်ရှားသေးပေ။
ထိုအခိုက် ရုတ်တရက် လူတိုင်း၏ မျက်စိရှေ့တွင် လျှပ်ခနဲ ဖြစ်သွားခဲ့သည်။
ညစ်ပေသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ဆောင်းကာ ခေါင်းငုံ့ထားသည့် သေးသွယ်သော ခန္ဓာကိုယ်တစ်ခုသည် ဝမ်ထောင်နှင့် လီချို့ယွီတို့၏ မလှမ်းမကမ်းတွင် ပေါ်ထွက်လာခဲ့၏။
သူမ ခေါင်းမော့လိုက်သောအခါ လူတိုင်းသည် သွေးကဲ့သို့ နီမြန်းနေသော မျက်လုံးတစ်စုံကိုသာ မြင်လိုက်ကြရသည်။
"လွှတ်လိုက်... မဟုတ်ရင်... နင် သေမယ်"
ကျန်းရှောင်ရွှယ်၏ အသံမှာ အက်ကွဲ၍ တောင့်တင်းနေသဖြင့် လူများကို စိတ်မသက်မသာ ဖြစ်စေ၏။
လီချို့ယွီ ပါးစပ်ဟသွားခဲ့ရသည်။ သူမသမီးသည် အမှန်တကယ်ပင် ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ သူမ၏ စိတ်ခံစားချက်များသည် ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့်အတူ ရှုပ်ထွေးသွားခဲ့ရ၏။
ဝမ်ထောင် ပြုံးလိုက်သည်။ သူသည် မြေပြင်ပေါ်သို့ ဆင်းသက်လုနီးပါး ဖြစ်နေသော မြူခိုးမည်းသားရဲကောင် ထုကြီးကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်၏။ ကြီးမားလာသော ဖိအားများကို ခံစားရင်း ဝမ်ထောင်က ကျန်းရှောင်ရွှယ်ကို ပြောလိုက်သည်။
"ငါ့ကို ကူညီပေးပါ... ငါတို့နှစ်ယောက် အတူတူ ဒီသားရဲကောင်ကို မျှားခေါ်ကြရအောင်"
ကျန်းရှောင်ရွှယ်သည် ဝမ်ထောင်၏ စကားကို နားလည်မလည် မသိပါ။ သူမက တောင့်တင်းနေသော အသံဖြင့်သာ ပြောလိုက်၏။
"နင်... သူမကို လွှတ်လိုက်"
ဝမ်ထောင်သည် လီချို့ယွီ၏ လည်ပင်းပေါ်သို့ လက်တင်ထားရုံသာ ဖြစ်ပြီး အမှန်တကယ် ညှစ်ထားခြင်း မဟုတ်ပေ။ ကျန်းရှောင်ရွှယ်၏ တုံ့ပြန်မှုကို မြင်သောအခါ သူက အနည်းငယ် အားစိုက်လိုက်၏။
"အင့်..."
လီချို့ယွီသည် အသက်ရှူရကျပ်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။ သူမသည် ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ငါ့ကို လည်ပင်းညှစ်တာ နှစ်ခါရှိနေပြီ ။
"ငါ့ကို ကူညီပေးရင် သူအသက်ရှင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်... မကူညီရင်တော့ ငါတို့အားလုံး အတူသေကြတာပေါ့"
ဝမ်ထောင်သည် အေးစက်သော မျက်နှာထားဖြင့် ကျန်းရှောင်ရွှယ်ကို စိုက်ကြည့်လိုက်၏။
"သူ့ကို လွှတ်လိုက်... ငါ... သဘောတူတယ်"
ကျန်းရှောင်ရွှယ် နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်ကို မြင်သောအခါ ဝမ်ထောင်သည် ချက်ချင်း လှည့်၍ လီချို့ယွီကို ကားထဲသို့ တွန်းပို့ကာ တံခါးပိတ်လိုက်တော့သည်။
လီချို့ယွီသည် ကားထဲသို့ရောက်သည်နှင့် ကားတံခါးကို ရူးသွပ်စွာ ထုရိုက်တော့၏။
"ဝမ်ထောင်... နင့်ကို ငါ မုန်းတယ်... အကယ်လို့ နင် ရှောင်ရွှယ်ကို ထိခိုက်အောင်လုပ်ရင် နင့်ကို ငါ သတ်ပစ်မယ်... နင်နဲ့ ရှောင်ရွှယ် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်... မဟုတ်ရင် ငါ့လက်နဲ့ကိုယ်တိုင် နင့်ကို သတ်ပစ်မှာ"
လီချို့ယွီ၏ ဒေါသတကြီးပုံစံကို ကြည့်ကာ ဝမ်ထောင် ပြုံးလိုက်ပြီးနောက် အခြားသူများကို လှည့်ကြည့်လိုက်၏။
"အားလုံးပဲ... ဂရုစိုက်ကြ.. ငါ မကြာခင် မင်းတို့ကို ပြန်ရှာမှာပါ"
"ဝမ်ထောင်..."
"အစ်ကိုကြီး..."
ဝမ်ထောင်သည် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ကျန်းရှောင်ရွှယ်ဆီသို့ ပြေးလေ၏။ ထို့နောက် သူသည် ကျန်းရှောင်ရွှယ်၏ လက်မောင်းကို ဆွဲကာ မြူခိုးမည်းသားရဲကောင်ဆီသို့ တည့်တည့်ပြေးဝင်သွားတော့သည်။
သို့သော် ပြေးလွှားနေစဥ်မှာပင် ဝမ်ထောင်၏ လက်ထဲ၌ လေးရှည်တစ်လက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ ယခင်က လေးကိုင်ထားသော ဇွန်ဘီကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ဆုလာဘ်တစ်ခု ဖြစ်၏။ ဤလေးမှာ အလွန် ကောင်းမွန်ပြီး အစွမ်းထက်သော်လည်း ၎င်းကို အသုံးပြုရန် ခက်ခဲလှသဖြင့် ဝမ်ထောင်သည် ပုံမှန်အားဖြင့် ဒူးလေးကိုသာ အသုံးပြုလေ့ရှိသည်။
သို့သော် ဝမ်ထောင်၏ ခွန်အား တိုးတက်လာပြီးနောက် ဒူးလေးမှာ လုံလောက်မှု မရှိတော့သဖြင့် ဝမ်ထောင်သည် ၎င်းကို တင်ယွီချင်အတွက် ချန်ထားခဲ့သည်။
ကျန်းရှောင်ရွှယ်၏ မျက်လုံးထဲမှ နီမြန်းသော အလင်းရောင်မှာ ခဏမျှ ဖျတ်ခနဲ ဖြစ်သွားခဲ့၏။ ဝမ်ထောင် ထိုလေးကို ဘယ်ကနေ ထုတ်လိုက်သည်ကို သူမ မမြင်လိုက်ရပေ။
ဝမ်ထောင်သည် ပြေးလွှားရင်း မြှားတစ်စင်းကို လေးကြိုးတွင် တပ်ဆင်လိုက်သည်။
တိကျစွာပစ်ခတ်ခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက် သူ၏ မြှားသည် မြူခိုးမည်းထုကြီးထဲသို့ တည့်တည့်ကြီး တိုးဝင်သွားခဲ့၏။
သို့သော် မြှားသည် မြူခိုးမည်းထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ မြူခိုးမည်း၏ ခေါင်းပေါ်တွင် ထိခိုက်မှုပြသချက် ပေါ်မလာခဲ့သလို ၎င်း၏ သွေးပမာဏမှာလည်း အပြည့် ရှိနေဆဲ ပင်။
"မထိဘူးလား"
ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် နောက်ထပ် မြှားအချို့ကို လျင်မြန်စွာ ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။ ဤမြှားများအားလုံးသည် အနက်ရောင်အရိပ်ထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့သော်လည်း ထိခိုက်မှု ပေါ်မလာခဲ့ချေ။
"..."
မြူခိုးမည်းကြီး ပိုမို နီးကပ်လာသည်ကို ကြည့်ရင်း ဝမ်ထောင် အနည်းငယ် ထိတ်လန့်လာမိသည်။
မြူခိုးမည်းသားရဲကောင်သည် ဤမျှအထိ အစွမ်းထက်သလား... သူ၏ တိုက်ခိုက်မှုများက လုံးဝအရာမရောက်ပါ။
အကယ်၍ သူသည် မြူခိုးမည်းသားရဲကောင်ကို ထိခိုက်မှုကလေးပင် မပေးနိုင်ခဲ့လျှင် ၎င်းကို မည်သို့ မျှားခေါ်သွားနိုင်ပါမည်နည်း...။
ရုတ်တရက် ဝမ်ထောင်သည် သူ၏ မျက်စိရှေ့ရှိ အရာအားလုံး ပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။
လမ်းမများလည်း မရှိ၊ အနက်ရောင်အရိပ်များလည်း မရှိ၊ ဇွန်ဘီများ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူများလည်း မရှိသလို ကျန်းရှောင်ရွှယ်လည်း ရှိမနေတော့ပေ။
သူသည် ရင်းနှီးလှသော လေအေးပေးစက်ဖွင့်ထားသည့် အခန်းထဲတွင် ကွန်ပျူတာဂိမ်းများ ဆော့ကစားနေခြင်း ဖြစ်သည်။ မိန်းကလေးတစ်ဦးက သူ့အတွက် အတုံးလေးများ လှီးထားသော အအေးခံဖရဲသီးတစ်ပန်းကန်ကို ယူဆောင်လာပေးခဲ့၏။ သူ့ကို အနည်းငယ် ခွံ့ကျွေးပြီးနောက် သူမသည် သူ၏ ပုခုံးနှင့် ခြေထောက်များကို တိတ်တဆိတ် နှိပ်နယ်ပေးနေခဲ့သည်..။
ဘယ်လောက် လှပတဲ့ မြင်ကွင်းလဲ...။ ဒါပေမဲ့ နှမြောစရာကောင်းတာက ဒါက သိပ်ပြီး အတုအယောင် ဆန်လွန်းနေတယ်...။
အဘယ်ကြောင့်ဆိုသော် သူ့ဘေးက မိန်းကလေးက နှစ်ဖက်မြင် စက္ကူကောင်မလေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ဝမ်ထောင်သည် သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါ မင်းကို တစ်ခုခု ပေးမယ်... အဲဒါကို အဲဒီသားရဲကောင်ဆီ တည့်တည့်လှမ်းပစ်ပေး"
သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ထောင်၏ လက်ထဲ၌ ဘတ်စကက်ဘောလုံး အရွယ်အစားရှိသော နှလုံးသားတစ်ခု ပေါ်ထွက်လာခဲ့၏။၄င်းမှာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံး ဖြစ်သည်။
ကျန်းရှောင်ရွှယ်က ယခင်က မြူခိုးမည်းသားရဲကောင်သည် ရေနှင့် ဆူညံသံကို မုန်းသည်ဟု ပြောခဲ့ဖူးရာ ဤအရာမှ ထွက်ပေါ်လာမည့် ဆူညံသံမှာ လုံလောက်စွာ ကျယ်လောင်ပေလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် စတင် ကျယ်ပြန့်လာပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေပုံရ၏။
ချက်ချင်းဆိုသလိုပင် ဝမ်ထောင်သည် သူ၏ လက်ထဲမှ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ဝုန်းခနဲ မြည်သံနှင့်အတူ။
ဝမ်ထောင်သည် သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ မှန်တစ်ချပ်ကဲ့သို့ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်လိုက်ရ၏...။
ကျန်းရှောင်ရွှယ်သည် သူ့ကို ရူးသွပ်စွာ ဆွဲခေါ်သွားခြင်း ဖြစ်ပြီး ၎င်းတို့သည် အနက်ရောင်အရိပ်ကို ကျော်ဖြတ်ပြီး ဖြစ်နေခဲ့ပြီ။
မြူခိုးမည်းသားရဲကောင်၏ သွေးပမာဏ ကလည်း ပြောင်းလဲသွားခဲ့၏။
[၃၄၉၉၅ / ၃၅၀၀၀]
၎င်း၏ သွေးပမာဏ ၅ မှတ် လျော့နည်းသွားခဲ့သည်။
ချက်ချင်းပင် ဝမ်ထောင်သည် မွှေးညင်းနုများ ထောင်ထသွားခဲ့ရသည်။ မြူခိုးမည်းထဲမှ နီမြန်းနေသော မျက်လုံးတစ်စုံသည် ဝမ်ထောင်ကို စိုက်ကြည့်နေ၏။
၎င်း ဒေါသထွက်နေပြီဖြစ်ကြောင်း ဝမ်ထောင် ခံစားလိုက်ရသည်။
ဒေါသထွက်တာ ကောင်းတာပေါ့။
"ပြေး.."
ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီးနောက် သူ၏ ဝတ်စုံမှ အရှိန်ပြင်းဝင်တိုက်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်၏။
ဝူး...
သူတို့နှစ်ဦးသည် မီတာသုံးဆယ်ကျော်ခန့် ရှေ့သို့ အဟုန်ပြင်းစွာ ရောက်ရှိသွားခဲ့ကြသည်။
သူတို့ စတင် ပြေးထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ ခုနက ရှိနေခဲ့သော နေရာတွင် အနက်ရောင် မြူခိုးထုကြီး တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။
"နေရာရွှေ့ပြောင်းစွမ်းရည်လား"
ဝမ်ထောင်သည် ပြိုင်ဘက် မည်သို့ လှုပ်ရှားသွားသည်ကို လုံးဝ မမြင်လိုက်ရပေ။ သူ့အတွက်မူ ၎င်းသည် နေရာရွှေ့ပြောင်းစွမ်းရည်ကဲ့သို့ပင် ။
သို့သော် ထိုနေရာရွှေ့ပြောင်းစွမ်းရည်ကဲ့သို့သော စွမ်းရည်ကို မြူခိုးမည်းသားရဲကောင်က တစ်ကြိမ်သာ အသုံးပြုခဲ့သည်။ ထို့နောက် ၎င်းသည် မြေပြင်ပေါ်တွင် လွင့်ပါးနေသော ကြီးမားလှသည့် အနက်ရောင် တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ဝမ်ထောင်၏နောက်သို့ လိုက်လံ တိုက်ခိုက်လေ၏။
မြူခိုးမည်းသည် ပေါ့ပါးပျံလွင့်နေပုံရသော်လည်း ၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်လှသည်။ ဝမ်ထောင်သည် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သော်လည်း အကွာအဝေးကို ပိုမိုကျယ်ပြန့်အောင် မလုပ်နိုင်ရုံသာမက အမှန်တကယ်တွင် ပို၍ပင် နီးကပ်လာခဲ့၏။
ဝမ်ထောင်သည် နောက်လှည့်ကြည့်လိုက်ရာ ဝေကျန့်ကော်နှင့် ၎င်းတို့၏ ကားမှာ တဖြည်းဖြည်း ထွက်ခွာသွားသည်ကို မြင်ရသဖြင့် ပြုံးလိုက်မိသည်။
သူ၏ ရည်ရွယ်ချက်မှာ ဝေကျန့်ကော်နှင့် အခြားသူများ ဘေးကင်းကင်းဖြင့် ထွက်ခွာနိုင်ရန်အတွက် မြူခိုးမည်းသားရဲကောင်ကို ဆွဲဆောင်ရန် ဖြစ်သည်။ သူ ၎င်းကို ကြာကြာ ဆွဲဆောင်နိုင်လေလေ၊ ၎င်းတို့ ထွက်ခွာနိုင်ရန် အခွင့်အရေး ပိုမို များပြားလေလေ ဖြစ်၏။
ဝမ်ထောင်၏ ရည်မှန်းချက်မှာ သုံးပုံတစ်ပုံခန့် ပြီးမြောက်သွားခဲ့ပြီ။ ယခုအခါတွင် တာဝန်နှစ်ခု ကျန်ရှိနေသေးသည်... ၎င်းကို လုံလောက်သော အချိန်အထိ ဆွဲဆောင်ရန်နှင့် မြူခိုးမည်းသားရဲကောင်ကို ဖယ်ထုတ်ပစ်မည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်သည်။
...ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်က သူ့ထက်ပင် ပို၍ ပြေးနိုင်သည်ကို တွေ့လိုက်ရ၏။
ယခင်က ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်ကို ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သော်လည်း သူ အသက်ပြင်းပြင်း ရှူလာရသည့် အခါတွင်မူ ကျန်းရှောင်ရွှယ်က သူ့ကို ပြန်လည် ဦးဆောင်နေခဲ့သည်။ ပြီးတော့ ကျန်းရှောင်ရွှယ်သည် မောဟိုက်ခြင်းပင် မရှိဘဲ သူ့ထက် ပို၍မြန်ဆန်စွာ ပြေးနိုင်ခဲ့၏။ အကယ်၍ ကျန်းရှောင်ရွှယ်သာ မရှိခဲ့လျှင် သူ ဖမ်းဆီးခံရလောက်ပြီ ဖြစ်သည်။
ကျန်းရှောင်ရွှယ်၏ လက်ဖဝါးမှ အေးစက်စက် အပူချိန်ကို ခံစားရင်း သူမသည် မကြာမီ ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားနိုင်ကြောင်း ဝမ်ထောင် သိလိုက်၏...
မြူခိုးမည်းသားရဲကောင်နှင့် ဝမ်ထောင်တို့အကြား အကွာအဝေးက ထပ်မံ ကျဉ်းမြောင်းသွားပြီးနောက် ဝမ်ထောင်၏ အမြင်အာရုံမှာ ဝေဝါးသွားခဲ့ပြီး သူသည် ရုပ်ရှင်ရိုက်ကွင်းတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဒါရိုက်တာက သူ့ကို ပြင်ဆင်ရန်နှင့် သူ ထွက်ရတော့မည်ဖြစ်ကြောင်း ပြောနေ၏။ နှမြောစရာကောင်းတာက ထိုဒါရိုက်တာတွင် ခေါင်းမရှိပေ။
စကားတစ်ခွန်းမျှ မဆိုဘဲ ဝမ်ထောင်သည် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးတစ်လုံးကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။
"ဗုံးခွဲပေး"
ဗုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ဒိုင်း...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြင်ကွင်းမှာ ကွဲအက်သွားခဲ့ပြီး ဝမ်ထောင်သည် လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ထောင်သည် ပြင်းထန်လှသော သတ်ဖြတ်ခြင်း စိတ်ရိုင်းကို ခံစားလိုက်ရ၏။
သူသည် နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ မြူခိုးမည်းသားရဲကောင်သည် နောက်ထပ် သွေးပမာဏ ၅ မှတ် လျော့နည်းသွားသည်ကို မြင်လိုက်ရသည်။
"ဒီခုခံမှုက တကယ်ကို အစွမ်းထက်တာပဲ"
ဝမ်ထောင်သည် စိတ်ထဲတွင် ညည်းတွားလိုက်မိ၏။ ဒုတိယအဆင့်ဇွန်ဘီကို ဒုက္ခပေးနိုင်သော သို့မဟုတ် သတ်ဖြတ်နိုင်သော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးသည် ၎င်းကိုမူ ၅ မှတ်သာ ထိခိုက်မှု ပေးနိုင်ခဲ့၏။...
သို့သော် ဗုံးခွဲခံရပြီးနောက် မြူခိုးမည်းသားရဲကောင်၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့သဖြင့် ၎င်းသည် ဝမ်ထောင်နှင့် ကျန်းရှောင်ရွှယ်တို့၏နောက်သို့ ယာယီအားဖြင့် မလိုက်နိုင်တော့ပေ။
ခရီးအနည်းငယ် ဆက်သွားပြီးနောက် ဝေကျန့်ကော်နှင့် အခြားသူများ ဝေးကွာသွားလောက်ပြီဟု ဝမ်ထောင် ခံစားလိုက်ရသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးတစ်လုံး သူ၏ လက်ထဲ၌ ပေါ်လာခဲ့ပြီး သူက ပေါ့ပေါ့ပါးပါးပင် လှမ်းပစ်လိုက်၏။
ဗုံး...
ဗုံးပေါက်ကွဲသွားသည်နှင့် ဝမ်ထောင်၏ လက်ထဲ၌ နောက်ထပ် တစ်လုံး ပေါ်လာခဲ့ပြန်သည်။
ဗုန်း..
ဗုန်း....
ဗုန်း..ဗုံး.
ရေတွက်၍မရသော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးများကို ဝမ်ထောင်က ဆိုက်တိုက်ပစ်၏။ပေါက်ကွဲသံများသည် တစ်ခရိုင်လုံးရှိ ဇွန်ဘီအားလုံးကို လန့်ဖျပ်သွားစေလုနီးပါးပင်။
ထိုအခီုက် ကျန်းရှောင်ရွှယ်၏ ခေါင်းကလှည့်လာပြီး သူမ၏ နီမြန်းသော မျက်လုံးများသည် ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။ ဝမ်ထောင်သည် သူမ၏ မျက်လုံးထဲမှ ဒေါသထွက်ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကဲ့သို့သော စိတ်ခံစားချက်များကို ဖတ်ရှုနိုင်လေသည်။
ဇွန်ဘီများသည် အသံကို အလွန် အာရုံခံလွယ်ကြသည်။ ကျန်းရှောင်ရွှယ်သည် သူမ၏ ယခုအခြေအနေတွင် ဇွန်ဘီတစ်ကောင်နှင့် ဆင်တူနေပေလိမ့်မည်။ သူမသည် သူမ၏ ဒေါသကို ထိန်းချုပ်နေပုံရကြောင်း ဝမ်ထောင် ခံစားလိုက်ရ၏။
"အခြားနည်းလမ်းမရှိဘူး...။ ဘယ်သူက ဒီသားရဲကောင်ကို ဆူညံသံမုန်းအောင် လုပ်ထားတာလဲ...။တကယ်လို့ ငါတို့ ကသောင်းကနင်းဖြစ်အောင် မလုပ်ရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ဝမ်ထောင်က ဗုံးများကို ဆက်၍ပစ်နေရင်း ရှင်းပြလိုက်သည်။
ဗုန်း..
ဗုန်း...
အချိန်မည်မျှ ကြာအောင် ပြေးခဲ့သည်မသိဘဲ ၎င်းတို့နှစ်ဦးသည် ရွှေကျဲစခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
ထို့နောကိ ရွှေကျဲစခန်း၏ နောက်ရှိ ကြီးမားသော မြစ်ကြီးကို မြင်ရသောအခါ ဝမ်ထောင်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပြည့်နှက်သွားခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ အမြင်အာရုံမှာ မည်းမှောင်သွားခဲ့ပြီး သူ၏ ရှေ့တွင် အနက်ရောင် မြူခိုးထုကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
ဝမ်ထောင်၏ ဦးရေပြား ချက်ချင်းပင် ထုံကျင်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ အသေအချာ မြင်လိုက်ရသဖြင့် ယခုတစ်ကြိမ်တွင်မူ ၎င်းသည် အမြင်မှားခြင်း မဟုတ်ဘဲ ၎င်းတို့သည် မြူခိုးမည်းသားရဲကောင်နှင့် တိုက်ရိုက် တိုးမိသွားလေပြီ။
ယခင်က သားရဲကောင် အနားသို့ ချဉ်းကပ်လာသရွေ့ ဝမ်ထောင်သည် အမြင်မှားခြင်းများကို ကြုံတွေ့ရလေ့ရှိသည်။
သို့သော် ကျန်းရှောင်ရွှယ်မှာမူ အမြင်မှားခြင်းများ၏ လွှမ်းမိုးမှုကို မခံရသဖြင့် သူမကို ဗုံးပစ်ခိုင်းရ၏။ မြူခိုးမည်းသားရဲကောင် ထိခိုက်မှု ခံရသည်နှင့်တစ်ပြိုင်နက် ဝမ်ထောင်သည် အမြင်မှားခြင်းမှ ရုန်းထွက်နိုင်ခဲ့သည်။
ထို့ကြောင့် ဝမ်ထောင်သည် အမြင်မှားခြင်းထဲသို့ ဝင်ရောက်နေပြီဟု ခံစားရတိုင်း မြူခိုးမည်းသားရဲကောင်သည် မိမိနောက်သို့ လိုက်လံ တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထိုသားရဲကောင်သည် အမြင်မှားခြင်းများကို မသုံးတော့ဘဲ နေရာရွှေ့ပြောင်းစွမ်းရည်ကဲ့သို့သော စွမ်းရည်ကို တိုက်ရိုက် အသုံးပြုကာ ဝမ်ထောင်နှင့် ကျန်းရှောင်ရွှယ်တို့၏ ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးမှာ ပြေးလာသည့်အရှိန်ကြောင့် အချိန်မီ မတုံ့ပြန်နိုင်ကြဘဲ ၎င်းထဲသို့ တည့်တည့်ကြီး တိုးဝင်သွားတော့သည်။
ဝမ်ထောင်၏ အမြင်အာရုံမှာ လုံးဝ မည်းမှောင်သွားခဲ့၏။ သူ၏ မျက်လုံးများ အစိမ်းရောင် တောက်ပနေလျှင်ပင် သူ မည်သည့်အရာကိုမျှ မမြင်ရပေ။
မမြင်ရုံသာမကဘဲ ဝမ်ထောင်သည် အသက်ရှူရကျပ်လာပြီး ခန္ဓာကိုယ် တောင့်တင်းလာကာ သူ၏ အသိစိတ်ပင် ဝေဝါးလာသည်ကို ခံစားလိုက်ရ၏။
"ငါ သေတော့မှာလား..."
ဝမ်ထောင် အနည်းငယ် ကြောက်လန့်လာမိသည်... ။ သူ၏ စိတ်ထဲတွင် သူ၏ ဘဝမှတ်တမ်းများ ပြန်လည် မြင်ယောင်လာခဲ့၏။
ဝုန်း...
ရုတ်တရက် ဝမ်ထောင်သည် သူ၏ ဝမ်းဗိုက်တွင် ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး ကန်ကျောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့နောက် သူ၏ အမြင်အာရုံမှာ လင်းထိန်သွားခဲ့၏... ။
သူသည် မြူခိုးမည်းထဲမှ ရုန်းထွက်နိုင်ခဲ့လေပြီ။
မြူခိုးမည်းကြီးမှာလည်း လှုပ်ခတ်နေပြီး ကျန်းရှောင်ရွှယ်နှင့် ထိုသားရဲကောင်တို့သည် အတွင်းထဲ၌ ပြင်းထန်စွာ တိုက်ခိုက်နေကြပုံရ၏။
"ကျန်းရှောင်ရွှယ်..."
ဝမ်ထောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသော်လည်း အကယ်၍ လီချို့ယွီအတွက်သာ မဟုတ်ခဲ့လျှင် ကျန်းရှောင်ရွှယ်သည် သူ့ကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူ သိသည်။
ထို့ကြောင့် တွေဝေမနေတော့ဘဲ ဝမ်ထောင်သည် ကိုယ်ပျောက်ဆေးရည်ကို အသုံးပြုရင်း မြစ်ကြောင်းအတိုင်း အနောက်ဘက်သို့ တိုက်ရိုက် ပြေးသွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် ခရိုင်အတွင်းရှိ ဇွန်ဘီများသည် ဗုံးသံများကြောင့် သွေးရူးသွပ်ခြင်းဖြစ်နေကြသဖြင့် အကယ်၍ သူ ကိုယ်ပျောက်ဆေးရည်ကို မသုံးခဲ့လျှင် ပိတ်မိသွားမည်မှာ အသေအချာပင် ဖြစ်သောကြောင့်ပင်။
ဝမ်ထောင် ထွက်ပြေးခဲ့သော အရပ်မျက်နှာမှာမူ ဝေကျန့်ကော်နှင့် အခြားသူများ ထွက်ခွာသွားသော အရပ်မျက်နှာနှင့် ဆန့်ကျင်ဘက် ဖြစ်၏။
ကျန်းရှောင်ရွှယ် ဘယ်လောက်အထိ တောင့်ခံနိုင်မည်ကို သူ မသိသော်လည်း အချိန်အကြာကြီး ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယအဆင့်နှင့် တတိယအဆင့်တို့အကြား ကွာခြားချက်မှာ အလွန် ကြီးမားလွန်းသောကြောင့် ဖြစ်၏။
အကယ်၍ ထိုသားရဲကောင် ထပ်မံ လိုက်လာခဲ့လျှင် ၎င်းသည် ဝေကျန့်ကော်နှင့် အခြားသူများနောက်သို့ မလိုက်စေရန် ဝမ်ထောင် သေချာစေချင်သည်..။မဟုတ်ပါက သူ၏ ကြိုးပမ်းမှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ထိုစဉ် ဝမ်ထောင်သည် ကောင်းကင်ယံမှ ဝူးဝူးဝါးဝါး မြည်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
"ဟင်..."
ဝမ်ထောင် မော့ကြည့်လိုက်သည်။ မိုးဖွဲဖွဲလေးများ သူ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူသည် ကောင်းကင်ယံတွင် အနက်ရောင် အရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်း မှင်တက်သွားခဲ့ရ၏။
"လေထီးရိက္ခာလား... ဒီအချိန်ကျမှ လေထီးရိက္ခာ ဖြစ်နေတယ်..."
ဝမ်ထောင်သည် လေထီးရိက္ခာထဲမှ ပစ္စည်းများကို အလွန် လိုချင်မိသော်လည်း သွားမယူရဲပါ။ ယခုအချိန်တွင် အသက်ရှင်သန်ရေးကသာ အရေးကြီးဆုံး ဖြစ်သည် မဟုတ်ပါလား။
သို့သော် ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ သူ၏နောက်ကွယ်ရှိ မြူခိုးမည်းသားရဲကောင်သည် လေယာဉ်ပျံသံကို ကြားရသောအခါ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရပုံရပြီး လေယာဉ်ပျံ၏ ပျံသန်းမှု လမ်းကြောင်းအတိုင်း တိုက်ရိုက် လိုက်လံ တိုက်ခိုက်ခြင်း ဖြစ်၏။
ဝေကျန့်ကော်နှင့် အခြားသူများက အရှေ့ဘက်သို့ ပြေးကြပြီး ဝမ်ထောင်က အနောက်ဘက်သို့ ပြေးခဲ့ကာ လေယာဉ်ပျံမှာ တောင်ဘက်မှ မြောက်ဘက်သို့ ပျံသန်းနေခြင်း ဖြစ်သည်။ မြူခိုးမည်းသားရဲကောင်သည် လေယာဉ်ပျံ၏နောက်မှနေ၍ မြောက်ဘက်သို့ လိုက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ ဝမ်ထောင်သည် ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် စိတ်ရှုပ်ထွေးသွားခဲ့ရ၏။
သို့သော် နောက်ဆုံးတွင် အံကြိတ်ကာ နောက်သို့ ပြန်ပြေးခဲ့သည်။
ကျန်းရှောင်ရွှယ်နှင့် ထိုအနက်ရောင်အရိပ်တို့ တိုက်ခိုက်ခဲ့သော နေရာသို့ ရောက်ရှိလာ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွနေခဲ့သော်လည်း ကျန်းရှောင်ရွှယ်၏ အရိပ်အယောင် သို့မဟုတ် အလောင်းကိုမျှ မတွေ့ရပေ။
သူမ ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ပြီလား။ သို့မဟုတ် သားရဲကောင်၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရပြီး စားသုံးခြင်း ခံလိုက်ရပြီလား... ဝမ်ထောင် မသိပါ။ သို့သော် သူ့တွင် အန္တရာယ်ရှိသော ခံစားချက်တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်...။
ထိုမြူခိုးမည်းသားရဲကောင် ပြန်လာနေပုံရ၏။
ဝမ်ထောင်သည် အချိန်မဆွဲဝံ့တော့ဘဲ မြစ်ကြောင်းအတိုင်း အနောက်ဘက်သို့ ချက်ချင်း ဆက်ပြေးခဲ့တော့သည်။
သို့သော် မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ဝမ်ထောင်သည် စောင့်ကြည့်ခံနေရသည့် ထိုမရေမရာ ခံစားချက်ကို ထပ်မံ ခံစားလိုက်ရပြန်၏။
"တောက်..."
ဝမ်ထောင်သည် အံကြိတ်ကာ မြစ်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်တော့သည်။
ဤသားရဲကောင်ကို မျှားခေါ်ရန် သူ၏ အစီအစဉ်မှာ ရေထဲမှတစ်ဆင့် ထွက်ပြေးရန် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်ရွှယ်က ယခင်က ဤသားရဲကောင်သည် ရေကို မုန်းသည်ဟု ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ဝမ်ထောင်သည် ရေထဲတွင် အခြားသော သားရဲကောင်များ သို့မဟုတ် ဇွန်ဘီများ ရှိမရှိကိုလည်း မသေချာပါ။... အကယ်၍ ရှိခဲ့လျှင် သူ သွားပြီ ဖြစ်သည်။
ယခုမူ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။
ဝမ်ထောင် ရေထဲသို့ ခုန်ချလိုက်ပြီးနောက် သူသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
စက္ကန့်တစ်ဆယ်ခန့်အကြာတွင် ဝမ်ထောင် ရေထဲသို့ ခုန်ချခဲ့သော နေရာ၌ အနက်ရောင် မြူခိုးထုကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ မြူခိုးမည်းထဲမှ နီမြန်းနေသော မျက်လုံးတစ်စုံသည် မြစ်ရေပြင်ကို စိုက်ကြည့်နေပြီး အလွန် ဒေါသထွက်နေပုံရ၏။
နောက်ဆုံးတွင် ၎င်းသည် ရေပြင်ပေါ်မှ လွင့်ပါးသွားခဲ့တော့သည်။
.............
ပလပ် ပလပ်..
.မိုးရေစက်များသည် မြစ်ရေပြင်ပေါ်သို့ ကျရောက်နေပြီး ဂယက်လှိုင်းငယ်လေးများ တဖြည်းဖြည်း ဖြစ်ပေါ်နေ၏။
ဗွက်ဗွက်...
ရုတ်တရက် မြစ်ရေပြင်ပေါ်သို့ ရေပူဖောင်းအချို့ တက်လာခဲ့ပြီးနောက် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ဟူး... အဟွတ် အဟွတ်... ဖူး..."
ဝမ်ထောင်သည် ရေများကို မှုတ်ထုတ်ရင်း အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်ရာ ကမ်းခြေတွင် မည်သည့် သားရဲကောင်မျှ မရှိသည်ကို တွေ့လိုက်ရ၏။ သူ ပြုံးလိုက်ပြီးနောက် ကမ်းပါးပေါ်သို့ အသည်းအသန် ကူးကာတက်ခဲ့တော့သည်။
သူ ရေထဲတွင် အချိန်မည်မျှ ကြာအောင် နေခဲ့သည်ကို မသိသလို ဤနေရာက မည်သည့်နေရာလဲဆိုသည်ကိုလည်း သူ မသိရပေ။ယခု သူ ထွက်မလာခဲ့လျှင် အမှန်တကယ်ပင် အသက်ရှူကျပ်၍ သေဆုံးသွားနိုင်ကြောင်းကိုသာ သူ သိ၏။
ဝမ်ထောင်သည် သူ၏ သွေးပမာဏကို လှမ်းကြည့်လိုက်ရာ တစ်ထောင်အောက်သာ ရှိတော့သည်ကို တွေ့လိုက်ရသည်။ သူသည် အသုံးပြုနိုင်သော စွမ်းရည်အားလုံးကို အလျင်အမြန် အသက်သွင်းလိုက်ပြီး ရှိသမျှ ဆေးရည်အားလုံးကို သောက်သုံးလိုက်၏။
ခဏအကြာတွင် မြစ်ကမ်းပါးရှိ ရွှံ့နွံထဲ၌ လဲလျောင်းနေသော ဝမ်ထောင်သည် သူ၏ သွေးပမာဏ ပြန်လည် နာလန်ထူလာသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်နိုင်တော့သည်။
ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများကို အောင့်အီးကာ မတ်တပ်ရပ်လိုက်၏။
ထို့နောက် ဤနေရာမှာ စွန့်ပစ်ထားသော လူသူမရှိသည့် ရွာငယ်လေးတစ်ရွာ ဖြစ်ကြောင်း တွေ့ရှိခဲ့၏။ ဤနေရာတွင် ဇွန်ဘီများ ရှိမရှိကိုတော့ သူ မသိရပေ။
ပိုမို ပြင်းထန်လာသော မိုးရေစက်များကို ကြည့်ရင်း ဝမ်ထောင်သည် ယနေ့ ထွက်ခွာနိုင်မည်မဟုတ်ကြောင်း သိသဖြင့် ဤရွာတွင် တစ်ညတာ အနားယူရန် စီစဉ်လိုက်သည်။
သို့သော် ဝမ်ထောင်သည် အန္တရာယ် ရှိမရှိ စစ်ဆေးရန် ရွာထဲသို့ ဝင်ရန် ပြင်လိုက်စဥ်မှာပင် မြစ်ရေပြင်ပေါ်တွင် မျောပါနေသော ရုပ်အလောင်းတစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်၏... ။
မဟုတ်ဘူး... ရုပ်အလောင်း မဟုတ်ဘဲ ဇွန်ဘီတစ်ကောင်.။.. သေလုမြောပါး ဖြစ်နေသော ဇွန်ဘီတစ်ကောင် ဖြစ်သည်။
ဇွန်ဘီသေခြင်း မသေခြင်းက အရေးမကြီးသော်လည်း အရေးကြီးဆုံးအချက်မှာ ၎င်းမှာ ကျန်းရှောင်ရွှယ် ဖြစ်နေခြင်းပင်။
[သွေးပမာဏ - ၆၆ / ၁၈၀၀၀]
[စွမ်းအင်ပမာဏ - ၄၂၃၅ / ၁၆၀၀၀]
[အဆင့် - ဒုတိယအဆင့် ဇွန်ဘီဘုရင်]
[ဖုံးကွယ်ထားသောအရည်အသွေး - ပဋိညာဉ်မျက်လုံး]
ဝမ်ထောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ မြစ်ထဲသို့ ထပ်မံ ငုပ်လျှိုးသွားခဲ့ပြီးနောက် သေးသွယ်သော ခန္ဓာကိုယ်ကို ကမ်းပေါ်သို့ ဆွဲတင်ရန် မိနစ်ဝက်နီးပါး အချိန်ယူခဲ့ရသည်။
"ဟူး..."
ဝမ်ထောင်သည် ယခင်က ကျန်းရှောင်ရွှယ်သာ ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လျှင် သူမသည် အလွန် အစွမ်းထက်သော ဇွန်ဘီတစ်ကောင် ဖြစ်လာလိမ့်မည်ဟု တွေးခဲ့ဖူးသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ။ သူမက ဇွန်ဘီဖြစ်သွားပြီးနောက် သူမ၏ သွေးပမာဏနှင့် စွမ်းအင်ပမာဏမှာ နှစ်ဆ တိုးပွားသွားခဲ့ပြီး သူမ၏ အဆင့်မှာလည်း ဘုရင်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သို့သော် သူမသည် ယခုအခါ စိုးရိမ်ရသော သွေးပမာဏ အခြေအနေတွင် ရှိနေသဖြင့် ဤသွေးပမာဏနှင့်ဆိုလျှင် တစ်ချက်ထိရုံမျှဖြင့် သေဆုံးသွားနိုင်၏။
သို့သော် စိုးရိမ်ရသော သွေးပမာဏ ရှိနေလျှင်ပင် ၎င်းသည် ဇွန်ဘီတစ်ကောင် ဖြစ်နေဆဲပင်။ ဝမ်ထောင် အချိန်များစွာ ယူပြီး သူမကို စိတ်ချရအောင်ပြုလုပ်လိုက်၏။
"ဂါး... ဂရား..."
ယခုအချိန်တွင် ဇွန်ဘီ ကျန်းရှောင်ရွှယ်၏ လက်နှင့် ခြေထောက်များကို ဝမ်ထောင်က တုတ်နှောင်ထားခဲ့ပြီ ဖြစ်သည်။ သူမသည် သူမ၏ နီမြန်းသော မျက်လုံးများဖြင့် ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပါးစပ်မှလည်း ဟိန်းဟောက်သံများ ထွက်ပေါ်နေ၏။
ဝမ်ထောင်သည် သူမကို ဥပေက္ခာပြုကာ သူမ၏ ခြေထောက်ကို ဆွဲ၍ ပျက်စီးယိုယွင်းနေသော ရွာငယ်လေးထဲသို့ ဆက်လက် ခေါ်ဆောင်သွားခဲ့သည်။
ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်လိုက်ပြီးနောက် ဝမ်ထောင်သည် ဤနေရာတွင် လူသား သို့မဟုတ် ဇွန်ဘီများ မရှိသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူသည် အိမ်တစ်အိမ်၏ တံခါးကို တွန်းဖွင့်ကာ ကျန်းရှောင်ရွှယ်ကို အတွင်းထဲသို့ ဆွဲသွင်းလိုက်သည်။
သူသည် တံခါးကို ပိတ်ဆို့လိုက်ပြီး မည်သည့် ဇွန်ဘီမျှ ဝင်မလာနိုင်စေရန် သေချာအောင် ပြုလုပ်လိုက်ပြီးနောက် အာဟာရဖြည့်ဆေးရည် အနည်းငယ်ကို ထုတ်ယူလိုက်၏။
ဂလု...ဂလု.
ပုလင်းအနည်းငယ်ကို ဆက်တိုက် သောက်ပြီးနောက် ဝမ်ထောင် များစွာ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။
"ဘေးအန္တရာယ်ကြီးတစ်ခုကနေ လွတ်မြောက်လာရင် ကံကောင်းခြင်းတွေ လိုက်လာလိမ့်မယ်လို့ လူတွေ ပြောလေ့ရှိကြတယ်... ငါ့ရဲ့ ကျန်ရှိနေသေးတဲ့ ကမ္ဘာပျက်ကပ် ဘဝက ပိုပြီးတော့ အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်မိပါတယ်..."
ထိုသို့ ညည်းတွားပြီးနောက် ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်ကို လှည့်ကြည့်လိုက်၏။
"ဂရား......"
ကျန်းရှောင်ရွှယ်သည် ဟိန်းဟောက်ကာ ဝမ်ထောင်ကို စားပစ်ချင်သည့်အလား စိုက်ကြည့်နေ၏။
ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်၏ ခေါင်းဆောင်းနှင့် မျက်နှာဖုံးကို တိုက်ရိုက် ဖယ်ရှားလိုက်ရာ ခြောက်ခြားဖွယ်ကောင်းသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။
"သူမ ဘာလို့ ခေါင်းဆောင်းနဲ့ မျက်နှာဖုံး အမြဲတမ်း တပ်ထားလဲဆိုတာ မဆန်းတော့ပါဘူး..."
မိန်းကလေးတစ်ဦးအနေဖြင့် ဤမျှအထိ ရုပ်ဆိုးလှသော အသွင်အပြင်သို့ ပြောင်းလဲသွားခြင်းမှာ အလွန် စိတ်ဆင်းရဲစရာ ကောင်းပေလိမ့်မည်။ သူမ၏ စစ်မှန်သော မျက်နှာကို အခြားသူများကို မပြချင်သည်မှာလည်း နားလည်နိုင်စရာပင်။
သို့သော် ဝမ်ထောင်သည် ရုပ်ဆိုးလှသော ဇွန်ဘီမျိုးစုံကို မြင်တွေ့ခဲ့ဖူးသဖြင့် ကျန်းရှောင်ရွှယ်၏ မျက်နှာကိုလည်း သဘာဝကျစွာပင် အသားကျနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ကျန်းရှောင်ရွှယ်၏ မျက်လုံးများသည် အလွန် လှပ၏။
ပုံမှန်အားဖြင့် ဇွန်ဘီများ၏ မျက်လုံးများသည် အတွင်းတိမ်ရှိသကဲ့သို့ ဖြူလျော်နေလေ့ရှိပြီး မျက်လုံး၏ အဖြူပိုင်းမှာလည်း အနက်ရောင် သွေးများဖြင့် ဖုံးလွှမ်းနေသဖြင့် အလွန် ခြောက်ခြားဖွယ်ကောင်းလှသည်။
သို့သော် ကျန်းရှောင်ရွှယ်မှာမူ ကွဲပြားခြားနားလှ၏... သူမ၏ မျက်ဝန်းများသည် မီးတောက်ကဲ့သို့ နီမြန်းနေပြီး ပတ္တမြားကဲ့သို့ လှပစွာ တောက်ပနေသည်။ ဝမ်ထောင်၏ အစိမ်းရောင် မျက်လုံးများကဲ့သို့ပင် ။
အကယ်လို့ ငါ သူ့ကို သတ်လိုက်ရင် ဒီမျက်လုံးတွေက ဆုလာဘ်အဖြစ် ကျလာနိုင်မလား။
အနည်းငယ် ယုတ်မာလှသော အတွေးတစ်ခု ဝမ်ထောင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသော်လည်း သူက အလျင်အမြန် ခေါင်းခါလိုက်မိသည်။ အကယ်၍ သူ ကျန်းရှောင်ရွှယ်ကို သတ်ချင်ခဲ့လျှင် မြစ်ထဲမှာကတည်းက သတ်ခဲ့ပြီး ဖြစ်လိမ့်မည်... ယခုအချိန်အထိ စောင့်နေမည် မဟုတ်ပါ။
ကျန်းရှောင်ရွှယ်တွင် လူသားအသွင်သို့ ပြန်လည် ရောက်ရှိရန် အခွင့်အရေး ၅၀ ရာခိုင်နှုန်း ရှိနေသေးသည်ဟု သူ ခံစားရ၏။
ဝမ်ထောင်သည် သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ ဆေးရည်ပုလင်းတစ်ပင်းကို ထုတ်လိုက်သည်။
[သန့်စင်ဆေးရည် (စမ်းသပ်ဆဲ) - ကူးစက်ခံရပြီး ၃ ရက်ထက်မကျော်သေးသော ဇွန်ဘီများအပေါ် အသုံးပြုပါက ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်များကို သန့်စင်ပေးနိုင်သော အခွင့်အရေး အချို့ ရှိပြီး ၎င်းတို့အား ကိုယ့်ကိုယ်ကိုယ်မီးလောင်ခြင်း ဖြစ်ပေါ်စေနိုင်သော အခွင့်အရေး အချို့လည်း ရှိသည်။ ကူးစက်ခံရပြီး ၃ ရက်ထက်ကျော်လွန်သော ဇွန်ဘီများအပေါ်တွင်မူ ထိရောက်မှု မရှိပေ (မှတ်ချက် - ဤဆေးရည်သည် စမ်းသပ်ဆဲ ဗားရှင်းဖြစ်သဖြင့် မသိရှိရသေးသော ဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်သည်)]
ဤသည်မှာ ယခင်က ဆေးရုံတွင် သူ သတ်ဖြတ်ခဲ့သော မျက်လုံးစိမ်းဇွန်ဘီထံမှ ကျလာခဲ့သော အရာ ဖြစ်၏။
ကျန်းရှောင်ရွှယ်၏ ကူးစက်မှုနှင့် ဗိုင်းရပ်စ်ပြောင်းလဲမှုမှာ သုံးရက်ထက် မကျော်လွန်သေးသည်မှာ သေချာသဖြင့် အသုံးပြုရန်အခြေအနေများနှင့် ကိုက်ညီလှသည်။
သို့သော် အခွင့်အရေးမှာ ၅၀ ရာခိုင်နှုန်းသာ ဖြစ်ပြီး အခြား ၅၀ ရာခိုင်နှုန်းမှာမူ ကိုယ့်ကိုယ်ကိုယ်မီးရှို့ခြင်း ဖြစ်သွားနိုင်ခြင်း ဖြစ်ရာ...။
လူသားပြန်ဖြစ်မလား သို့မဟုတ် သေဆုံးမလား။
ကျန်းရှောင်ရွှယ်၏ ယခုအခြေအနေကို ကြည့်ရသည်မှာ သူမတွင် လောင်းကြေးထပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ဆေးရည်ကို သူမအပေါ် အသုံးမပြုမီမှာပင် ဝမ်ထောင်သည် သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲရှိ ဇွန်ဘီပျိုးထောင်အရည်ကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။
သူ ဤအရာကို မည်သို့ အသုံးချရမည်နည်း ဆိုသည်ကို တစ်ခါမျှ ရှာမတွေ့ခဲ့သော်လည်း လွှင့်ပစ်လိုက်လျှင်လည်း နှမြောစရာ ကောင်းသဖြင့် သူ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။ ခုနက သန့်စင်ဆေးရည် ထုတ်ယူစဉ်က ၎င်းကို သူ မြင်လိုက်ရခြင်း ဖြစ်သည်။
ယခုအခါ ကျန်းရှောင်ရွှယ်ကို ပထမဦးစွာ ပျိုးထောင်ပြီးမှ သန့်စင်ဆေးရည်ကို အသုံးပြုရန် အခွင့်အရေး ရှိနိုင်မလား။
ဝမ်ထောင်သည် စမ်းသပ်ကြည့်ရန် ထိုက်တန်သည်ဟု တွေးလိုက်၏။
ထို့ကြောင့် ဝမ်ထောင်သည် ရွာထဲသို့ ပြန်သွားပြီး သံပိုက်များ၊ သံကြိုးများနှင့် အခြားပစ္စည်းများကို ရှာဖွေကာ ကျန်းရှောင်ရွှယ်ကို တစ်ကိုယ်လုံး ပတ်ပတ်လည် တုတ်နှောင်၍ တင်းကျပ်စွာ သော့ခတ်လိုက်တော့သည်။
ထို့နောက် ဝမ်ထောင်သည် သူ၏ လက်ဝဲဘက်တွင် ဇွန်ဘီပျိုးထောင်အရည်ပုလင်းကို ကိုင်ဆောင်ထားပြီး လက်ယာဘက်တွင် သန့်စင်ဆေးရည်ကို ကိုင်ထား၏။
ဇွန်ဘီပျိုးထောင်အရည်မှာ သူ သောက်သုံးခဲ့သော အာဟာရဖြည့်ဆေးရည်နှင့် ဆင်တူသော်လည်း ၎င်း၏အပေါ်တွင် အလွန် ထင်ရှားလှသော အဝါရောင်နှင့် အနက်ရောင် ဇီဝအန္တရာယ် အမှတ်အသား ရှိနေသည်။
ဝမ်ထောင်တွင် ဇွန်ဘီပျိုးထောင်အရည် စုစုပေါင်း ၁၀၀၀ ရှိပြီး ဤပုလင်းမှာ တစ်ပုံ ဖြစ်၏။
သူသည် ပထမဦးစွာ သံကွင်းတစ်ခုကို ယူ၍ ကျန်းရှောင်ရွှယ်၏ ပါးစပ်ကို ဖြဲလိုက်ပြီးနောက် ဇွန်ဘီပျိုးထောင်အရည်ကို လောင်းထည့်လိုက်တော့သည်။
ဂလု...
ကျန်းရှောင်ရွှယ်သည် ၎င်းကို အလိုအလျောက် သောက်သုံးလိုက်၏။ ထို့နောက် သူမသည် တောင့်တင်းသွားပြီး ဝမ်ထောင်ကို ငေးကြည့်နေခဲ့ကာ သူမ၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပျောက်ကွယ်သွားပုံရသည်။
ဝမ်ထောင်သည် ကျန်းရှောင်ရွှယ်၏ သွေးပမာဏတန်းကို လှမ်းကြည့်လိုက်ရာ ၎င်း၏အောက်တွင် အခြေအနေ နှစ်လိုင်း ပေါ်နေသည်ကို တွေ့လိုက်ရ၏။
[ပျိုးထောင်ခြင်း - စုစုပေါင်း ၁% (၉၉% ထပ်မံ ထည့်သွင်းနိုင်သည်)။ ကျန်ရှိချိန် ၅၉ မိနစ် ၅၉ စက္ကန့်]
[အားနည်းခြင်း - အရည်အသွေးအားလုံး ၉၉% လျော့နည်းသွားသည်၊ ကျန်ရှိချိန် ၅၉ မိနစ် ၅၉ စက္ကန့်]
ကျန်းရှောင်ရွှယ်သည် ပျိုးထောင်မှု အခြေအနေတွင် ရှိနေစဥ် ၉၉ ရာခိုင်နှုန်းသော အားနည်းသည့်ဆိုးကျိုးကို ခံစားနေရခြင်း ဖြစ်၏။
ဤအခြေအနေကို မြင်ရသောအခါ ဝမ်ထောင် ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းရှောင်ရွှယ်၏ သွေးပမာဏ ရုတ်တရက် ပြန်လည် နာလန်ထူလာပြီး သူ့ကို အန္တရာယ်ပေးလာမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဝမ်ထောင်သည် နောက်ထပ်ပျိုးထောင်အရည် ၉၉ ပုံကို ထပ်ယူကာ ကျန်းရှောင်ရွှယ်၏ ပါးစပ်ထဲသို့ အားလုံး လောင်းထည့်လိုက်တော့သည်။ စုစုပေါင်း ပျိုးထောင်မှုမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်သွားခဲ့ပြီး အချိန်မှာမူ မပြောင်းလဲဘဲ ၁ နာရီ ရှိနေဆဲ ဖြစ်၏။
ကျန်းရှောင်ရွှယ်သည် လက်ရှိတွင် မည်သည့် အန္တရာယ်မျှ မပေးနိုင်တော့ကြောင်း ထပ်မံ အတည်ပြုပြီးနောက် ဝမ်ထောင်သည် နောက်သို့ မှီ၍ မျက်လုံးမှိတ်ကာ အနားယူလိုက်တော့သည်။
သို့သော် ဝမ်ထောင်သည် အိပ်ပျော်နေခြင်း မဟုတ်ဘဲ သူ၏ အရည်အသွေးများနှင့် ကျောပိုးအိတ်ကို လေ့လာနေခြင်း ဖြစ်၏။
သူသည် ယခင်က ဝေကျန့်ကော်နှင့် ဆွေးနွေးခဲ့ဖူးပြီး ဒုတိယအဆင့်စွမ်းရည်ရှင်အဖြစ် အဆင့်တက်ပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုမို ကောင်းမွန်လာပြီး ခွန်အားများ သိသိသာသာ တိုးတက်လာခြင်းအပြင် အခြားသော အကျိုးကျေးဇူးတစ်ခု ရှိနေသေးကြောင်း ရှာဖွေတွေ့ရှိခဲ့သည်..။
. ၎င်းမှာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ လျော့နည်းသွားခြင်း ဖြစ်၏။
သူ၏ မူလ ခန္ဓာကိုယ် အညစ်အကြေးမှာ ၂ ရာခိုင်နှုန်း ဖြစ်သော်လည်း ဒုတိယအဆင့်သို့ တက်လှမ်းပြီးနောက် ၁ ရာခိုင်နှုန်း ဖြစ်သွားခဲ့သည်။
၎င်းတို့ စုစည်းခဲ့သော အမြုတေ အရေအတွက်နှင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေး ပမာဏတို့ကို နှိုင်းယှဥ် လေ့လာပြီးနောက် သူတို့သည် ကောက်ချက်တစ်ခု ချနိုင်ခဲ့ကြသည်... ။
ဒုတိယအဆင့်သို့ တက်လှမ်းပြီးနောက် ခန္ဓာကိုယ် အညစ်အကြေးများသည် ထက်ဝက် လျော့နည်းသွားခြင်း ဖြစ်၏။
ဝမ်ထောင်၏ ခန္ဓာကိုယ် အညစ်အကြေးမှာ အတိအကျဆိုရလျှင် ၂.၂ ရာခိုင်နှုန်း ဖြစ်သော်လည်း ယခုအခါ ဒုတိယအဆင့်သို့ တက်လှမ်းပြီးနောက် ၁.၁ ရာခိုင်နှုန်း ဖြစ်သွားခဲ့သည်။
ဝမ်ထောင်၏ လက်ထဲတွင် အညစ်အကြေးဆေးကြောဆေးရည် ၅ ပုလင်း ရှိပြီး တစ်ပုလင်းစီသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေး ၁ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။ သို့သော် သူ၏ လက်ရှိ ခန္ဓာကိုယ် အညစ်အကြေးမှာ ၁.၁ ရာခိုင်နှုန်း ဖြစ်နေသဖြင့်... တစ်ပုလင်းဆိုလျှင် မလုံလောက်ဘဲ နှစ်ပုလင်းဆိုလျှင်လည်း ဖြုန်းတီးရာ ရောက်နေပေလိမ့်မည်။
ထို့ကြောင့် ဝမ်ထောင်သည် အညစ်အကြေးများကို ၂ ရာခိုင်နှုန်းခန့်အထိ စုဆောင်းရန်အတွက် နောက်ထပ် ဒုတိယအဆင့်အမြုတေ အနည်းငယ်ကို ထပ်မံ စုစည်းနိုင်မလား စောင့်ကြည့်ပြီးမှ အညစ်အကြေးဆေးကြောဆေးရည် နှစ်ပုလင်းကို အသုံးပြုမည် ဖြစ်သည်။
အခြားကြောင့်တော့ မဟုတ်ပါ။.. ဝမ်ထောင်သည် ငယ်စဥ်ကတည်းက ဆင်းရဲခဲ့သဖြင့် ခြွေတာတတ်သော အလေ့အထကောင်းတစ်ခု ရှိနေခြင်း ဖြစ်၏။
သူသည် ဒုတိယအဆင့် ဖားပြုတ်ဇွန်ဘီနှင့် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ နှစ်ကောင်ကို သတ်ဖြတ်ခဲ့သဖြင့် စုစုပေါင်း အမြုတေ သုံးခုနှင့် အထုပ်လေးထုပ် ရရှိခဲ့သည်။
ဖားပြုတ်ဇွန်ဘီအတွင်းရှိ အမြုတေမှာ ဒုတိယအဆင့် အဆိပ်ပျော့မြူခိုး အမြုတေ ဖြစ်၏။
[ဒုတိယအဆင့်အမြုတေ - အဆိပ်ပျော့မြူခိုး]
[အရည်အသွေး - ထူးချွန် (၆၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - ခန္ဓာကိုယ်မှ ပြည်ပုပ်များ ထွက်လာလိမ့်မည်)]
[အဆိပ်ပျော့မြူခိုး - အားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်းနှင့် အချိန်ပိုင်းအလိုက် သွေးထွက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သော အစိမ်းရောင် အဆိပ်မြူခိုးများကို ၃ စက္ကန့်ကြာ စတင် ထုတ်လွှတ်နိုင်သည်]
အခြားသော ဒုတိယအဆင့်ဇွန်ဘီ နှစ်ကောင်တွင်လည်း အဆိပ်ပျော့မြူခိုး အမြုတေများ ရှိနေသည်။ တစ်ခုမှာ ကောင်းမွန် (၄၀%) ဖြစ်ပြီး တစ်ခုမှာ ပုံမှန် (၂၀%) ဖြစ်၏။ ၎င်းတို့ကို မော်ကွန်းဝင် အမြုတေတစ်ခုအဖြစ် ပေါင်းစပ်နိုင်သည်။
သို့သော် ဝမ်ထောင်သည် ဤအဆိပ်ပျော့မြူခိုးကို စိတ်မဝင်စားပေ။ သူသည် လက်ရှိတွင် အမြုတေတစ်ခုကိုသာ ထပ်သုံးနိုင်သဖြင့် မိမိနှင့် ကိုက်ညီမည့်အရာကို သေချာရွေးချယ်ရမည်သာမက နောင်တွင် အခြားသော စွမ်းရည်များနှင့် အလွယ်တကူ ပေါင်းစပ်နိုင်မည့်အရာကိုလည်း ရွေးချယ်ရမည် ဖြစ်၏... ။
စွမ်းရည် အမျိုးအစားချင်း တူညီလေလေ၊ ပေါင်းစပ်မှု အောင်မြင်နိုင်ခြေ ပိုမို မြင့်မားလေလေ ဖြစ်သည်ဟု ဝမ်ထောင် ခံစားရသည်။
ဥပမာအားဖြင့် သူ၏ ကိုယ့်ကိုယ်ကိုယ်ကုစားခြင်းနှင့် ကြေးနီအရေပြားနှင့် သံမဏိအရိုးများ ပေါင်းစပ်မှုသည် အခြားသော ပေါင်းစပ်မှုများထက် အောင်မြင်နိုင်ခြေ များစွာ ပိုမို မြင့်မားခဲ့သည် မဟုတ်ပါလား... ။
ထို့နောက် အထုပ်လေးထုပ် ရှိနေပြီး ၎င်းတို့အနက်မှ တစ်ထုပ်မှာ အမြုတေလက်ဆောင်ထုပ် ဖြစ်ကာ အခြားသော သုံးထုပ်တွင်မူ အဆိပ်ပျော့မြူလက်ပစ်ဗုံး ၁၅ လုံးနှင့် ဗုံး ၁၀ လုံးစီ ထုတ်လုပ်နိုင်သော ပုံကြမ်း ၃ စောင် ပါဝင်သည်။
အဆိပ်ပျော့မြူလက်ပစ်ဗုံး၏ အကျိုးသက်ရောက်မှုမှာ စွမ်းရည်နှင့် တူညီသော်လည်း စွမ်းရည်မှာ "စွမ်းအင်ပမာဏ လုံလောက်သရွေ့ အဆိပ်ကို ဆက်တိုက် ထုတ်လွှတ်နိုင်ခြင်း" ဖြစ်၏။ လက်ပစ်ဗုံး၏ အကျိုးသက်ရောက်မှုမှာမူ သုံးမိနစ်ကြာ သည်။
[အဆိပ်ပျော့မြူလက်ပစ်ဗုံး - အားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်းနှင့် အချိန်ပိုင်းအလိုက် သွေးထွက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သော အစိမ်းရောင် အဆိပ်မြူခိုးများကို ၃ မိနစ်ကြာ ဆက်တိုက် ထုတ်လွှတ်နိုင်သည်]
ပုံကြမ်းများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာမူ ရှားပါးခြင်းမရှိသဖြင့် ဝမ်ထောင်အနေဖြင့် ၎င်းတို့ကို လျင်မြန်စွာ ထုတ်လုပ်နိုင်သည်။
နောက်ဆုံးတွင် အမြုတေလက်ဆောင်ထုပ် ရှိနေ၏။
၎င်းထဲတွင် အမြုတေ ၅ ခု ပါဝင်ပြီး အားလုံးမှာ ဒုတိယအဆင့်များ ဖြစ်ကြသည်။
အဆင့်တက်ခြင်း တစ်ခု၊ ခုန်ပျံခြင်း တစ်ခု၊ လျှာရှည်ကောင် တစ်ခု၊ အဆိပ်ပျော့မြူခိုး တစ်ခုနှင့် စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တစ်ခု ဖြစ်၏။
အဆင့်တက်ခြင်း အမြုတေကို ဝေကျန့်ကော်နှင့် ၎င်းတို့အဖွဲ့အတွက် ချန်ထားခဲ့ပြီး ဝမ်ထောင်သည် ကျန်ရှိနေသေးသော ဒုတိယအဆင့်အမြုတေများကို မိမိအတွက် သိမ်းဆည်းထားလိုက်သည်။
ဝမ်ထောင်သည် ခုန်ပျံခြင်း၊ လျှာရှည်ကောင်နှင့် အဆိပ်ပျော့မြူခိုး အမြုတေများကို ယခင်က မြင်တွေ့ခဲ့ဖူးသော်လည်း စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကိုမူ ယခု ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။
[ဒုတိယအဆင့်အမြုတေ - စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှု]
[အရည်အသွေး - ထူးချွန် (၈၀%)]
[သန့်စင်မှု - ၄ ၅% (ဘေးထွက်ဆိုးကျိုး - ဦးခေါင်းသည် တဖြည်းဖြည်း ပိုမို ကြီးမားလာလိမ့်မည်)]
[စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှု - သက်ရှိသတ္တဝါများ၏ စိတ်ဓာတ်ကို အနည်းငယ် လွှမ်းမိုးနိုင်သည်]
ဤစွမ်းရည်မှာ ကောင်းမွန်ပုံရသည်..။. အဘယ်ကြောင့်ဆိုသော် ဖားပြုတ်ဇွန်ဘီသည် အခြားသော သာမန် အဆိပ်မြူဇွန်ဘီများကို ဦးဆောင်ရန်အတွက် ဤစွမ်းရည်ကို အသုံးပြုခဲ့ပုံရသောကြောင့် ဖြစ်၏။
သို့သော် လက်ရှိတွင် အမြုတေတစ်ခုသာ ရှိသေးသဖြင့် ဘေးထွက်ဆိုးကျိုးကို မဖယ်ရှားနိုင်သေးပေ။ ထို့ကြောင့် ၎င်းသည် ဝမ်ထောင်၏ ပထမဦးဆုံး ရွေးချယ်မှု မဟုတ်ပါ။
ဝမ်ထောင် လက်ရှိစုစည်းထားနိုင်သော ဒုတိယအဆင့်အမြုတေများမှာ ဘက်စုံသုံးနို၊ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲနှင့် ခွန်အားတို့သာ ရှိပုံရ၏။ ခွန်အား၏ ဘေးထွက်ဆိုးကျိုးမှာ ခွန်အားသည် ခန္ဓာကိုယ် အရွယ်အစားနှင့် သက်ဆိုင်ခြင်း ဖြစ်သဖြင့် သူ့အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိပြီး ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲနှင့် ဘက်စုံသုံးတို့တွင်မူ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပေ။
အခြား အမြုတေများမှာ သူနှင့်မကိုက်ညီခြင်း သို့မဟုတ် ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများမှာ အလွန်အမင်း ခြောက်ခြားဖွယ်ကောင်းလွန်းလှသည် ဖြစ်ရာ.။
. "ထားလိုက်ပါတော့... ငါ နောက်ထပ် ဒုတိယအဆင့်အမြုတေတွေ ဒါမှမဟုတ် ပထမအဆင့်အမြုတေကောင်းကောင်းလေးတွေကို ရနိုင်မလားဆိုတာ ထပ်ကြည့်ပြီး တောင့်ခံထားလိုက်မယ်... အကယ်လို့ မရခဲ့ရင်တော့ ဘက်စုံသုံးအမြုတေကိုပဲ သုံးရတော့မှာပေါ့..."
ဝမ်ထောင် တွေးတောနေစဥ်မှာပင် တစ်နာရီ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဇွန်ဘီကျန်းရှောင်ရွှယ်၏ ပျိုးထောင်မှု ပြီးဆုံးသွားခဲ့ပြီး သူမ၏ အမြင့်ဆုံး သွေးပမာဏမှာ ၁၀၀၀ တိုးပွားသွားခဲ့ကာ ၁၉၀၀၀ သို့ ရောက်ရှိသွားခဲ့၏။
တစ်ချိန်တည်းမှာပင် အားနည်းခြင်း အခြေအနေ ဆိုးကျိုး ပြီးဆုံးသွားခဲ့ရုံသာမက သူမတွင် သွေးပမာဏ အပြည့်လည်း ရှိနေခဲ့ပြီ ဖြစ်သည်။
"ဂါး......."
ဇွန်ဘီ ကျန်းရှောင်ရွှယ် မျက်လုံးပွင့်လာခဲ့ပြီး သူမ၏ နီမြန်းသော မျက်လုံးများတွင် သွေးဆာခြင်း၊ သွေးရူးသွပ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း အရိပ်အယောင်များ ပေါ်ထွက်နေ၏။
ဝမ်ထောင်၏ မွှေးညင်းနုများ ထောင်ထသွားခဲ့ရသည်... ။
သူ၏ ဆဋ္ဌမအာရုံက သူသည် ဇွန်ဘီ ကျန်းရှောင်ရွှယ်ကို လုံးဝ မယှဉ်နိုင်ကြောင်း ပြောပြနေ။
ထို့ကြောင့် ဝမ်ထောင်သည် တုန့်ဆိုင်းမနေရဲဘဲ ကြိုတင် ပြင်ဆင်ထားသော သန့်စင်ဆေးရည်ကို ကျန်းရှောင်ရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ထိုးသွင်းလိုက်တော့သည်။
စွပ်...
ချက်ချင်းပင် ကျန်းရှောင်ရွှယ်၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားခဲ့ပြီး သူမ မျက်လုံး ပြန်ပိတ်သွား၏။
"နင် ငါ့အသက်ကို ကယ်ခဲ့တာမို့ ငါလည်း မင်းအသက်ကို ကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ... နင် အသက်ရှင်နိုင်မလားဆိုတာကတော့ နင့်ရဲ့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်... ကံကောင်းပါစေ"
---------------------------=
ဤတွင် "ကမ္ဘာပျက်ကပ် - မချောခြောက်ယောက် ကိုယ်တစ်ယောက် "ပထမတွဲ ပြီးဆုံးပါပြီ။
(ဖတ်ရှုအားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကိုကို ဘခက်)