← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) တိတ်ဆိတ်လွန်းသော မြို့လေး

သမားတော်တစ်ယောက်အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုသည် မည်မျှ ခက်ခဲကြောင်း သူမ အသိဆုံး ဖြစ်သည်။

လုပ်ကြံသူများ၏ အခြေအနေကို သာမန် ကိုယ်ခံပညာဖြင့် ရှင်းပြလို့မရချေ။ ဤသည်မှာ ပျော့ညံ့သော လူသားတစ်ယောက်သည် နတ်ဘုရားတစ်ပါး၏ ဘုန်းတန်ခိုးကို တိုက်ရိုက် ကြည့်မိသဖြင့် ဝိညာဉ်များ ပျက်စီးသွားသည့်အလားပင်။

သူမသည် ရှောင်ရှန်း မူးမေ့နေစဉ်က ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသည့် ရွှေရောင် နဂါးတက်တူးကို သတိရသွားသည်။

ဤအမျိုးသား၏ ဘဝတွင် လျှို့ဝှက်ချက်ပေါင်း မည်မျှ ရှိနေသနည်း။

" စူးမိန်းကလေး"

ချန်ချင်း ရောက်ရှိလာကာ အလေးအနက် ပြောလိုက်သည်။

"ဒီနေရာမှာ ကြာကြာ မနေသင့်ဘူး ၊ တခြား တိုက်ခိုက်မှုတွေ ရှိနိုင်သေးတယ်"

စူးဝမ်ချင်း မတ်တတ်ရပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီး ဘယ်လို အစီအစဉ် ရှိလဲ"

"မူလ အစီအစဉ်အတိုင်းဆိုရင် လမ်းမကြီးအတိုင်း ဆက်သွားပြီး ခုနစ်ရက်အတွင်း ကျန်းနမ်ဂိတ်ကို ရောက်မှာ"

ချင်ချန်းက မြေပုံကို ထောက်ပြရင်း ဆက်ရှင်းပြသည်။

" ဒါပေမဲ့ အခုကြည့်ရတာ ဒီလမ်းက အရမ်းပေါ်လွင်နေတော့ ပစ်မှတ်တစ်ခုလို ဖြစ်နေတယ်...ငါ့အထင်တော့ လမ်းကြောင်း ပြောင်းပြီး ရှေ့က ဖင်အန်းခရိုင်ကနေ သွားသင့်တယ်၊ လမ်းကွေ့ပတ်ရမယ်ဆိုပေမယ့် ပိုပြီး လုံခြုံတယ်"

"စစ်သူကြီး ဆုံးဖြတ်တဲ့အတိုင်း လုပ်ဆောင်ကြတာပေါ့"

ဤအတွက် စူးဝမ်ချင်းတွင် မည်သည့်ထင်မြင်ချက်မှ မရှိပေ။

ချန်ချင်းသည် ခေါင်းခါလိုက်ပြီး ရထားလုံးကို ကြည့်ကာ ပြန်ပြောလိုက်သည်။

" ငါတို့ ဒီကိစ္စကို အရှင့်သားကို ခွင့်တောင်းရဦးမယ်"

သူ့အမြင်တွင် ၊ သူ၏ ဆုံးဖြတ်ချက်သည် သာမန်စစ်ရေး အယူအဆသာ ဖြစ်သော်လည်း သို့သော် အိမ်ရှေ့စံမင်းသားသည် အန္တရာယ်အားလုံးကို ကြိုတင် မြင်ထားသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

သူသည် ပြတင်းပေါက်နားသို့ သွား၍ လမ်းကြောင်း ပြောင်းမည့် အစီအစဉ်ကို ရိုသေစွာ တင်ပြလိုက်သည်။

ရထားလုံးအတွင်းတွင် တိတ်ဆိတ်နေသည်။

ရှောင်ရှန်း တစ်ယောက် နေ့လယ်စာ ဘာစားရမည်ကို ထိုင်စဉ်းစားနေ၏။ "ဖင်အန်း" ဆိုသော စကားလုံးကို ကြားလိုက်သည်နှင့် ချက်ချင်း နားစွင့်လေတော့သည်။

ဖင်အန်း (ငြိမ်းချမ်းခြင်း) ၊ ဤနာမည်သည် ကောင်းချီးမင်္ဂလာရှိပုံရပြီး အိပ်စက်ရန် သင့်တော်သော နေရာတစ်ခုလိုပင်။

"ခဏ"

သူသည် တစ်ခုခုကို စဉ်းစားမိပုံရကာ ရုတ်တရက် ထထိုင်လိုက်သည်။

"ခင်ဗျား ပြောသလို ဖင်အန်းခရိုင်မှာ ဘာအစားအစာတွေ နာမည်ကြီးလဲ"

ချန်ချင်းမှာ အံ့အားသင့်သွားပြီး အရှင့်သားအနေဖြင့် အဘယ့်ကြောင့် ဤမေးခွန်းမျိုး မေးလာသည်ကို သူ မသိသော်လည်း အမှန်အတိုင်းသာ ဖြေလိုက်သည်။

" အရှင့်သားကို လျှောက်တင်ပါတယ်၊ ဖင်အန်းခရိုင်က လမ်းမကြီးပေါ်မှာ တည်ရှိတော့ ချမ်းသာကြွယ်ဝပြီး စည်ကားပါတယ်"

" အဲဒီမှာ ပိုင်ဟွာအရက်နဲ့ ဘဲကင်က နာမည်ကြီးပါတယ်"

'ဘဲကင်....'

ရှောင်ရှန်း၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပသွား၏။

' ရွှေညိုရောင်သန်းနေတဲ့ အသားလေးကို တစ်ချက် ကိုက်ဝါးတိုင်း "ကြွပ်ကြွပ်ရွရွ" အရသာလေး ရမယ့်အပြင် အတွင်းပိုင်း ဘဲသားက နူးညံ့ပြီး အရည်ရွှမ်းရွှမ်းလေး ...ပဲငံပြာရည်လေးနဲ့ တို့ပြီး အရွက်ကလေးနဲ့သာ လိပ်စားလိုက်ရင်ဖြင့်.....'

"အဟွတ် အဟွတ်"

ရှောင်ရှန်း တစ်ယောက် ထွက်ကျလာသော သွားရည်များကို သုတ်လိုက်ပြီး ခိုင်မာသော လေသံဖြင့် အမိန့်ပေးတော့၏။

"ဒါဆို ဘာလို့ စောင့်နေတာလဲ...လမ်းကြောင်း ပြောင်း ၊ ဖင်အန်းခရိုင်ကို ခုချက်ချင်း သွားမယ်"

ဤဆုံးဖြတ်ချက်မှာ ပြတ်သားလွန်းသဖြင့် ချန်ချင်းပင်လျှင် တုန်လှုပ်သွားသည်။

သူသည် ပိတ်ထားသော ပြတင်းပေါက်အား လေးစားကြည်ညိုမှုများဖြင့် စိုက်ကြည့်နေ၏။

' ကြီးမြတ်လိုက်တာ...တကယ်ကို ကြီးမြတ်တာပဲ ၊ အရှင့်သားက အရာရာတိုင်းကို ကြိုတင် သိမြင်ထားတာပဲ '

သူသည် လုပ်ကြံသူများကို အာရုံမစိုက်ဘဲ ဖင်အန်းခရိုင်ကိုသာ အာရုံစိုက်နေသည်။

ဒါ ဘာကို ဆိုလိုတာလဲ...

' လမ်းမကြီးပေါ်မှာ အန္တရာယ်ရှိတယ်ဆိုတာကို အရှင့်သားကိုယ်တိုင်လည်း သိနေတာပဲ...ဒီဖင်အန်းခရိုင်က လမ်းလွှဲတစ်ခုလို့ ထင်ရပေမယ့် တကယ်တော့ တစ်ခုတည်းသော လွတ်မြောက်လမ်း ဖြစ်နေတာပဲ'

'အရှင့်သားရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သာမန်လူသားတွေ မမှန်းဆနိုင်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေခဲ့တာပဲ'

"ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်"

ချန်ချင်းက ကျယ်လောက်စွာ ဖြေကြားလိုက်သည်။

ဤသို့ဖြင့် ရှောင်ရှန်း၏ အစားအသောက် လိုလားမှုနှင့် ချန်ချင်း၏ အလွန်အမင်း တွေးတောမှုတို့ကြောင့် သာရှမင်းဆက်၏ အနာဂတ်ကို ထမ်းပိုးထားသော တပ်ဖွဲ့ကြီးသည် လမ်းမကြီးမှ ထွက်ခွာကာ ဖင်အန်းခရိုင်ဆီသို့ ဦးတည်လာခဲ့ကြသည်။

ယာဉ်တန်းသည် ကွေ့ကောက်သော တောင်ပေါ်လမ်းတစ်လျှောက် ဖြတ်ကျော်သွားလာရင်း အချိန်မှာ မှောင်မိုက်လာခဲ့သည်။ အဝေးမှ အဆောက်အဦးများ၏ အရိပ်ကိုပင် မြင်တွေ့နေရသည်။

ဤသည်မှာ ဖင်အန်းခရိုင်ပင် ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ အိမ်တိုင်း မီးမထွန်းထားဘဲ အေးစက်ကာ တိတ်ဆိတ်နေသည်။ လေအေးတစ်ချက် တိုက်ခတ်သွားတိုင်း သစ်ရွက်ခြောက်များကို သယ်ဆောင်လာတတ်ပြီး ထူထဲသော မြူခိုးများဖြင့် ပြည့်‌နှက်နေသည်။

မီးခိုးရောင် မြူခိုးများသည် အသက်ဝင်နေပုံရပြီး ခရိုင်မြို့တစ်မြို့လုံးကို ဖြည်းဖြည်းချင်း ဖုံးအုပ်ကာ ဝါးမြိုထားဟန်ရှိသည်။

ယာဉ်တန်းမှာ ခရိုင်ဝင်ပေါက်ရှိ တံခါးပေါက်ရှေ့တွင် ရပ်တန့်သွားသည်။

မြိုတံခါးပေါက်ပေါ်ရှိ “ဖင်အန်းခရိုင်" ဟူသော စာလုံးကြီးသုံးလုံးမှာ ထူးဆန်းသော ခရမ်းရောင် အလင်းတန်းအောက်တွင် သွေးအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဝါးဝာားတား ဖြစ်နေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။

ခွေးဟောင်သံ ၊ ကြက်တွန်သံတင်မက ပိုးကောင်များ၏ အော်ဟစ်မြည်တမ်းသံများကိုပင် မကြားရပေ။

လေတစ်ချက် ဝှေ့တိုက်သွားတိုင်း ၊ လမ်းဘေးရှိ သစ်ရွက်ခြောက်များ၏ လူးလိမ့်‌သွားသော တရှဲရှဲ မြည်သံသာလျှင် ကြားရသည်။

ဖင်အန်းခရိုင်တစ်ခုလုံး သေခြင်းတရားဖြင့် ဖုံးလွှမ်းနေသော သင်္ချိုင်းဂူကြီးတစ်ခုအလား တိတ်ဆိတ်နေ၏။

All Chapters