အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း(၂၀၂)
လက်တစ်ဖက်က “ ငါးဆားနယ်” ရထားလုံး၏ လိုက်ကာကို စိတ်မရှည်စွာဖြင့် မ တင်လိုက်သည်။
ရှောင်ရှန်းသည် ရထားလုံးထဲမှ ခေါင်းပြူထွက်လာပြီး သူ့ရှေ့က မြို့သေကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒါ ဘယ်လိုဖြစ်တာလဲ ... ရာစုနှစ်ချီသက်တမ်းရှိတဲ့ ဘဲကင်ဆိုင်ကရော ဘယ်လိုဖြစ်တာလဲ၊ မိုးတောင် မချုပ်သေးဘူး မဟုတ်လား ...အခု ပိတ်သွားပြီလား"
"ဒီဖန်အန်းခရိုင်က စီးပွားရေးသမားတွေရဲ့ ဝန်ဆောင်မှုက အတော်လေး ဆိုးဝါးတာပဲ"
သူ့အမြင်တွင် ဤထူးဆန်းသော တိတ်ဆိတ်မှုသည် ဆိုင်ရှင်များအားလုံး အလုပ်စောဆင်းသွားကြခြင်းနှင့် တူပြီး၊ ဝေးလံသော အရပ်မှ ရောက်လာသော သူ့လို စားသောက်သူ တစ်ဦးကို အလေးမထားရာ ရောက်သည်ဟု မှတ်ယူထားသည်။
“အရှင့်သား၊ အခြေအနေ မကောင်းဘူး"
ချင်ချန်းသည် ရထားလုံးဘေးနားသို့ ရောက်ရှိလာခဲ့သည်။ သူ့နောက်က အစောင့်တပ်သားများမှာလည်း ခုခံကာကွယ်သည့် အနေအထားဖြင့် ဓားကိုင်ကာ သတိရှိရှိ စောင့်ကြည့်နေကြသည်။
“အားလုံး သတိထားကြ"
ချင်ချန်း၏ အသံမှာ မကျယ်လောင်သော်လည်း မာန်ပါသည်။
“ကင်းထောက်တပ်ခွဲ (၂) မြို့ထဲဝင်ပြီး စုံစမ်းခဲ့... အမွှေးတိုင် တစ်တိုင်စာအတွင်း အချက်ပြမှုမရှိရင် ချက်ချင်း ပြန်လာခဲ့ကြ"
“ဟုတ်ကဲ့"
လျင်မြန်သော ကင်းထောက်နှစ်ဦးသည် လေးမှ ပစ်လွတ်လိုက်သော မြှားကဲ့သို့ ထူထဲသော မြူခိုးငွေ့ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြပြီး၊ သူတို့၏ အရိပ်များမှာလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။
ကျန်သူများသည် ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ ညနေဆည်းဆာမှာ ပျောက်ကွယ်သွားပြီး ကမ္ဘာမြေပေါ်သို့ အမှောင်ထုတစ်ရပ် ကျရောက်လာလေ၏။
မြူခိုးငွေ့များသည် ပို၍ထူထဲလာပြီး အရိုးထဲအထိ စိမ့်အေးလာသည်။ စောင့်ဆိုင်းရန် သတ်မှတ်ထားသော အမွှေးတိုင် တစ်တိုင်စာ အချိန်မှာ ကျော်လွန်သွားခဲ့လေပြီ။
စေလွှတ်လိုက်သော ကင်းထောက်များမှာ ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ အသံမကြား၊ လှိုင်းတစ်ချက်မျှပင် ထမသွားဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချင်ချန်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်။
“ဒီမြူခိုးက ထူးဆန်းတယ်"
စူးဝမ်ချင်း၏ အသံသည် ရထားလုံး၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
သူမသည် ငွေအပ်ချောင်းလေးဖြင့် မြူခိုးအနည်းငယ်ကို ယူ၍ နှာခေါင်းနားတွင် အနံ့ခံကြည့်လိုက်ရာ ၊ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားသည်။
“ဒါက လူကို အာရုံခြောက်ခြားစေပြီး စိတ်ကို ထုံထိုင်းစေတဲ့ အကျိုးသက်ရောက်မှု ရှိတယ် ၊ အသက်အန္တရာယ် မရှိပေမယ့် သာမန်လူတစ်ဦးသာ ရေရှည် ရှူရှိုက်မိရင် ရူးသွားနိုင်တယ်"
ရှောင်ရှန်းမှာ သန်းဝေလိုက်၏။
သူသည် ဤအရာများကို ဂရုမစိုက်ပေ။ သူ သိသည်မှာ ဘယ်ကမှန်းမသိ တိုက်ခတ်လာသော လေအေးများကို ခံနေရသည်ထက် သက်သောင့်သက်သာရှိသော အိပ်ရာတွင် လှဲလျောင်းရသည်က ပိုကောင်းပေဦးမည်။
သူသည် နားမလည်နိုင်လောက်အောင် ရှုပ်ထွေးသော ခရိုင်မြို့လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၊
သူ၏ ခမ်းနားသော်လည်း သွားလာရေးအတွက်သာ အသုံးဝင်သော ရထားလုံးကို ကြည့်ကာ စိတ်ထဲတွင် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
အိပ်ဖို့အတွက် ပုံမှန်နေရာတစ်ခု ရှာကိုရှာရမည်။
“မြို့ထဲဝင်မယ်"
ရှောင်ရှန်းသည် လက်ကိုဝှေ့ယမ်းကာ ဆုံးဖြတ်ချက် ချလိုက်သည်။
“မြို့ထဲမှာ အကြီးဆုံးနဲ့ အခမ်းနားဆုံး တည်းခိုခန်းကို ရှာပြီး တည်းမယ် ... ဒီလောက်ကြီးတဲ့ ခရိုင်မှာ အိပ်ဖို့နေရာတောင် မရှိဘူးဆိုတာ ငါတော့ မယုံဘူး"
ချင်ချန်းမှာ ထိုစကားကို ကြားသည်နှင့် အံ့ဩသွားပြီး တားဆီးရန် ကြံရွယ်လိုက်သော်လည်း၊ ရှောင်ရှန်း၏ ပြတ်သားသော အကြည့်ကြောင့် ပါးစပ်ဖျားအထိ ရောက်ရှိလာသော စကားလုံးများကို ပြန်လည် မျိုချလိုက်ရသည်။
' မဟုတ်မှလွဲရော...အရှင့်သားရဲ့ ဒီလုပ်ရပ်မှာ အခြား နက်နဲတဲ့အဓိပ္ပာယ်များ ရှိနေလိမ့်မလား'
အန္တရာယ်အရှိဆုံးနေရာသည် အလုံခြုံဆုံးနေရာပင် မဟုတ်လော။
ချင်ချန်းတစ်ယောက် သူ့မေးခွန်းသူ သူကိုယ်တိုင်ပင် ပြန်လည် ရှင်းပြနေမိပြီး နောက်ဆုံးတွင် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“အမိန့်ပေးလိုက်၊ တပ်တစ်ခုလုံး တန်းစီကြ... အရှေ့တပ်ကို ရှေ့ပြေးအဖြစ် ၊ အနောက်တပ်ကို အတောင်ပံအဖြစ်ထားပြီး အပြန်အလှန် အကာအကွယ်ပေးကာ မြို့ထဲကို ဝင်ကြမယ်"
လူတိုင်း သတိကြီးစွာဖြင့် မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ဆိတ်ငြိမ်နေသော လမ်းမထက်တွင် လှည်းဘီးများက ကျောက်လမ်းပေါ်တွင် ဖြတ်သန်းသွားတိုင်း ထွက်ပေါ်လာသော ' ခလောက်' ဟူသော အသံများကို ထင်ထင်ရှားရှား ကြားနေရသည်။
လမ်း၏ ဘေးနှစ်ဖက်စလုံးရှိ အိမ်တိုင်း တံခါးများ ပိတ်ထားကြပြီး အမှောင်ထုတစ်ခုတည်းသာ ရှိနေသည်။
သို့သော် ထူးဆန်းသည်မှာ လမ်းပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းအချို့ရှိနေခြင်းပင်။ ဟင်းသီးဟင်းရွက်ခြင်းတောင်းများမှ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များ ပြန့်ကျဲနေသလို ၊ ကုန်သည်တစ်ယောက်၏ ထမ်းပိုးရှိ ပစ္စည်းများ ၊ ကလေးကစားစရာ ပလုတ်တုတ်များနှင့် အလှကုန်ပစ္စည်းများဖြင့် ရှုပ်ယှက်ခတ်နေသည်။
ထို့အပြင် တစ်ဝက်တစ်ပျက် ချုပ်လုပ်ထားသည့် လက်ကိုင်ပဝါ တစ်ထည်သည် အေးစက်သော ကျောက်ပြားပေါ်တွင် ငြိမ်သက်စွာဖြင့် ရှိနေ၏။
ဤမြင်ကွင်းအားလုံးသည် တူညီသော ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြနေသည်။ ဤနေရာတွင် နေထိုင်ကြသော ဒေသခံများအားလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခြင်းပင်။
စူးဝမ်ချင်၏ မျက်လုံးများမှာ ဓားသွားအလား ထက်မြက်နေပြီး ၊ သူမသည် မြင်းဇက်ကြိုးကို ဆွဲကာ ရပ်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ထို့နောက် အိမ်တစ်အိမ်၏ တံခါးဝသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ အရောင်လွင့်နေသော သစ်သားတံခါးပေါ်တွင် သူမသည် လက်သည်းဖြင့် အလျင်စလို ရေးဆွဲထားသော လျှို့ဝှက်သင်္ကေတတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ လခြမ်းပုံစံဖြစ်ပြီး အတွင်းဘက်တွင် မျဉ်းကြောင်းသုံးကြောင်း ပါရှိသည်။ ဤသည်မှာ သူတို့ ဆေးဘုရင်ချိုင့်ဝှမ်း၏ အကူအညီတောင်းခံသည့် လျှို့ဝှက်သင်္ကေတ တစ်ခု ဖြစ်သည်။
သူမ၏ စိတ်နှလုံးသားမှာ ချက်ချင်းဆိုသလို လေးလံသွားသည်။
ယာဉ်တန်းသည် နောက်ဆုံးတွင် ခရိုင်မြို့လယ်ခေါင်ရှိ သုံးထပ် စားသောက်ဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ဆိုင်းဘုတ်တွင် ' ယွဲ့လိုင် တည်းခိုခန်း' ဟူ၍ ကြော့ရှင်းစွာ ရေးထိုးထားသည်။
ဤနေရာမှာလည်း သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေ၏။
“တစ်ဖွဲ့စီ ခွဲပြီး ရှာကြစမ်း"
ချင်ချန်း၏ အမိန့်ပေးမှုအောက်တွင် အစောင့်များသည် တည်းခိုခန်းထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။