← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း(၂၀၄) မြို့စောင့်နတ်မင်းအတွက် အမွှေးတိုင် ပူဇော်ခြင်း

နတ်ဘုရားတစ်ပါး၏ အမည်ကို အသုံးပြု၍ တစ်မြို့လုံးကို ထောင်နှင့် အမဲလိုက်ရာနေရာအဖြစ် ပြောင်းလဲပစ်လိုက်သည့် မိစ္ဆာတစ်ကောင်ပင် ဖြစ်နိုင်သည်။

ချင်ချန်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး ၊ သူ့ထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် ပို၍ပင် အားကောင်းလာ၏။ သူသည် စားပွဲကို အားပါးတရ ရိုက်ချလိုက်သည်။

“မိစ္ဆာကောင်က သောင်းကျန်းနေတာ၊ တကယ်ကို ရဲတင်းလွန်းတယ် "

သူသည် ရှောင်ရှန်းဘက်သို့ လှည့်ကာ ခွင့်တောင်းလိုက်သည်။

“အရှင့်သား ၊ ဒီလိုမိစ္ဆာကို သာမန်နည်းလမ်းနဲ့ နှိမ်နင်းလို့ မရနိုင်တော့ဘူး ၊ အရေးကြီးဆုံးက တည်းခိုခန်းကို ပိတ်ပြီး အကူအညီ လာတဲ့အထိ ခံစစ်ပြင်ထားဖို့ပဲ"

" မိုးလင်းလို့ ယန်စွမ်းအင် အထွတ်အထိပ်ရောက်တဲ့အခါ ကျွန်တော်မျိုးကိုယ်တိုင် စစ်သည်သုံးထောင်ကို ဦးဆောင်ပြီး ယန်စွမ်းအားတပ်ဖွဲ့တစ်ခု ဖွဲ့စည်းမယ် ၊ ပြီးတာနဲ့ မြို့နတ်ကွန်းကို ဝင်ရောက်စီးနင်းပြီး အဲ့နတ်ဆိုးကောင်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်မယ်"

ဤစကားများသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေပြီး၊ စစ်သည်တစ်ဦး၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသနေသည်။

သို့သော် တိုင်ကို မှီထားသော ရှောင်ရှန်းသည် အားရပါးရ သန်းဝေလိုက်သည်မှာ သူ၏ မျက်ဝန်းထောင့်တွင် မျက်ရည်စက်လေးများပင် ထွက်လာလေ၏။

“ဒီလောက်တောင် ရှုပ်ထွေးတာလား"

သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ရင်း။

" စစ်ကြောင်းတွေ ဘာတွေဖွဲ့ ၊ မိုးလင်းအောင်လည်း စောင့်ရဦးမယ်၊ ချင်စစ်သူကြီး ငါကိုယ်တော် မြို့တော်က ထွက်လာကတည်းက တစ်ညမှ ကောင်းကောင်း မအိပ်ရသေးဘူး"

" အခုမှပဲ အမိုးအကာရှိတဲ့ နေရာရှာတွေ့တာကို တစ်ညလုံး အိပ်ရေးပျက်အောင် လုပ်ဦးမလို့လား"

ချင်ချန်း အံ့ဩသွားသည်။

“ဒါပေမဲ့ အရှင့်သား ၊ မိစ္ဆာက ကိုယ့်ရှေ့မှာ ရှိနေတာလေ...”

“မြို့စောင့်နတ်မင်းအဆင့်လောက်ပဲ မဟုတ်လား"

ရှောင်ရှန်းသည် ပုခုံးတွ့န်ကာ သဘာဝကျသည့် လေသံဖြင့် ပြောလိုက်သည်။

“စဉ်းစားကြည့်ရင် သူကလည်း ငါတို့ သာရှမင်းဆက်က တရားဝင် ပူဇော်ထားတဲ့ နတ်မင်းတစ်ပါးပဲလေ... ပြောရရင် ငါတို့ တော်ဝင်မိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်"

"အခု ငါကိုယ်တော် က အိမ်ရှေ့စံအဖြစ် တိုင်းပြည်ကို လှည့်လည့်ကြည့်ရှုနေတာ... သူ့နယ်မြေကို ဖြတ်သွားမှာဆိုတော့ ဘာအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ရိုးရာအရ သွားရောက်ကန်တော့ပြီး အမွှေးတိုင်တစ်တိုင်တော့ ထွန်းညှိပေးသင့်တယ် မဟုတ်လား"

သူသည် ဂျွတ်ခနဲ့မြည်အောင် အကြောဆန့်လိုက်ရင်း ၊

“သွားကြစို့၊ အခုချက်ချင်း သွားမယ်... ငါကိုယ်တိုင် သူနဲ့ စကားနည်းနည်း ပြောကြည့်မယ်... ညသန်းခေါင်မှာ ဖျော်ဖြေရေးလုပ်တာတွေ ရပ်ခိုင်းလိုက်မယ်၊ ဒါက ပြည်သူတွေရဲ့ အနားယူမှုကို ထိခိုက်စေပြီး ဖင်အန်းခရိုင်ရဲ့ တိုးတတ်မှုကိုလည်း နှောင့်နှေးစေတယ်"

ထိုစကားသံဆုံးသည်နှင့် ဧည့်ခန်းမဆောင်အတွင်းရှိ လေထုမှာ အေးခဲသွားဟန်ရှိသည်။

ချင်ချန်း၊ စူးဝမ်ချင်းနှင့် အနီးအနားရှိ အစောင့်အားလုံး အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ့ကို ငေးကြည့်နေကြသည်။

' မြို့သူမြို့သားအားလုံးကို ဝါးမြိုနေတဲ့ မိစ္ဆာတစ်ကောင်ကို 'စကားသွားပြောမယ်' ဟုတ်လား ၊ ဒါက ဖင်အန်းခရိုင်ရဲ့ တိုးတတ်မှုကို စဉ်းစားပေးတာတဲ့လား...'

“ အရှင့်သား၊ လုံးဝ မဖြစ်ဘူး"

ချင်ချန်းက အလျင်အမြန် လျှောက်တင်လိုက်၏။

“ဒါက ကျားခံတွင်းထဲ သိုးငယ်တစ်ကောင် ဝင်သွားသလိုပဲ ... အဲ့ဒီနတ်ကွန်းထဲမှာ အန္တရာယ်တွေ အပြည့်ရှိနေမှာ ၊ အရှင့်သားရဲ့ ရွှေကိုယ်တော်ကို ဒီလောက် အန္တရာယ်များတဲ့နေရာဆီ ဘယ်လိုလုပ် ဝင်ခိုင်းလို့ဖြစ်မလဲ"

စူးဝမ်ချင်းကလည်း မျက်မှောင်ကြုတ်လျက် ၊ ရှောင်ရှန်း၏ ဘေးနားသို့ တိုးကပ်သွားကာ တိုးတိုးလေး ဆိုလိုက်၏။

“မြို့ထဲက မြူခိုးတွေက ထူးဆန်းတယ်၊ နတ်ကွန်းထဲမှာ ပိုဆိုးမှာသေချာတယ်... သူက ဒီလိုလုပ်ရဲမှတော့ သေချာပေါက် ကျောထောက်နောက်ခံတစ်ခုခု ရှိရမယ်"

" တစ်ဖက်က ဘာမှန်းတောင် ကျွန်မတို့ မသိသေးဘူး ...ခုလို မဆင်မခြင်သွားလုပ်တာ မကောင်းနိုင်ဘူး"

ရှောင်ရှန်းသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်သည်။

' လာနောက်နေတာလား ... ဒီမှာ မိုးလင်းတဲ့အထိ စောင့်ခိုင်းမလို့လား ၊ ညသန်းခေါင်ရောက်မှ အဲ့ဒီ “မြို့စောင့်နတ်မင်း” က စိတ်ကူးပေါက်ပြီး ယွဲ့လိုင်တည်းခိုခန်းကိုပါ ဖျော်ဖြေပွဲကြည့်ဖို့ “ဖိတ်” ခေါ်လာရင် ဘယ်လိုလုပ်မတုန်း...'

' အဲ့ဒီအချိန်ကြမှ အိပ်ကောင်းတုန်း၊ မျက်လုံးဖွင့်လိုက်တာနဲ့ ပြဇာတ်စင်အောက်မှာ ရောက်နေတာကို တွေ့လိုက်ရရင်တော့ ထိတ်လန့်စရာတွေ ဖြစ်ကုန်တော့မှာပဲ ..အဲ့ထက်စာရင် ကိုယ်တိုင်ပဲ အရင်သွားတာက ပိုကောင်းတယ်'

သူ စဉ်းစားထားသည်မှာ ဤသို့ ဖြစ်သည်။

' အရင်ဆုံး သံတမန်ရေးရာနဲ့ စမ်းကြည့်ပြီး မရမှ အတင်းအကြပ် လုပ်ရမယ်...တစ်ဖက်လူက တကယ်ကို တရားမျှတတဲ့ နတ်မင်းတစ်ပါး ဖြစ်နေပြီး ဝါသနာအရ ပြဇာတ်ကြိုက်တာလည်း ဖြစ်နေနိုင်တာပဲလေ...'

' အဲ့လိုသာဆို အိမ်ရှေ့စံမင်းသား တစ်ယောက်အနေနဲ့ သွားရောက်ဆွေးနွေးရင် ဒီကိစ္စက ပြေလည်သွားနိုင်တယ် ၊ တကယ်လို့ မပြေလည်ဘူးဆိုရင်... စကားပြောလို့မရတော့တဲ့အချိန်ကြမှ ချင်ချန်းကို ထပ်ခိုင်းလည်း နောက်မကျသေးဘူး ၊ အဓိကကတော့ အခုသွားရင် ပြဇာတ်တစ်ပွဲလောက် အလကား ကြည့်ခွင့်ရနိုင်‌လောက်တယ်'

“ငါကိုယ်တော် ဆုံးဖြတ်ချက် ချပြီးပြီ"

ရှောင်ရှန်းသည် ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး ကိစ္စတိုင်းကို တွက်ချက်ပြီးသားဟန်ဖြင့် ပြန်ပြောလိုက်၏။

“ ငါ သာရှမင်းဆက်ရဲ့ မြို့စောင့်နတ်မင်းက ဘယ်လိုလုပ်ပြီး အကြောင်းပြချက်မရှိဘဲ ခုလို လုပ်ဆောင်မှာလဲ ၊ တကယ်လို့ မိစ္ဆာကောင်က နတ်မင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာဆိုရင်တော့ ..."

" ငါကိုယ်တော် အဲ့ကိုသွားတာက တိုင်းပြည်နဲ့ ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး မိစ္ဆာတွေကို ရှင်းလင်းဖို့အတွက်ပဲ ၊ ခင်ဗျားတို့က ဘာကို ကြောက်နေတာလဲ"

ချင်ချန်းသည် ရှောင်ရှန်း၏ “ငါအကုန်လုံးကို မြင်ပြီးသား” ဟူသော မျက်နှာပေးကို ကြည့်ပြီး ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားလာပြန်သည်။

' မဖြစ်နိုင်တာ... အရှင့်သားက ဒီမိစ္ဆာရဲ့ နောက်ကြောင်းကို အစောကြီးကတည်းက သိနေတာလား ၊ အဲ့ဒီကိုသွားတာက မဆင်မခြင်လုပ်တာမဟုတ်ဘဲ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေလို့လား...'

' ပြီးတော့ “စကားပြောမယ်” ဆိုတာကလည်း တကယ်တော့ သာမန်လူတွေ နားမလည်နိုင်တဲ့ မိစ္ဆာနှိမ်နင်းနည်းတစ်ခုလား...'

ချင်ချန်းတစ်ယောက် သူ့အတွေးနဲ့သူ ထပ်မံ ယုံကြည်သွားပြန်၏။

“ကျွန်တော်မျိုး... အမိန့်ကို နာခံပါတယ်"

“ကျွန်တော်မျိုး အရှင့်သားရဲ့ လုံခြုံရေးကို အသက်ပေးပြီး ကာကွယ်ပါ့မယ်"

ဤသို့ဖြင့် ညသန်းခေါင်ယံတွင် သူတို့သည် အဖွဲ့ငယ်လေးတစ်ခု အဖြစ် ချီတတ်ခဲ့ကြသည်။

All Chapters