← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း(၂၀၅)

ရှောင်ရှန်းသည် အရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းလာပြီး လက်ထဲတွင်လည်း စားလက်စ ကြက်ကင်ကို ကိုင်ထားလေ၏။

ချင်ချန်းနှင့် စူးဝမ်ချင်းတို့မှာ ဘယ် ညာနှစ်ဖက်တွင် နေရာယူထားပြီး ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလား တင်းမာသော အမူအရာများဖြင့် ရှိနေကြသည်။

သူတို့၏ နောက်တွင် ထိပ်တန်း အစောင့် ၁၀ ဦးနှင့် ကြောက်လန့်လွန်း၍ လမ်းမပြရဲဘဲ မဖြစ်မနေ လိုက်ပါလာရသည့် အလုပ်သမားလေးလည်း ပါဝင်သည်။

သူတို့အဖွဲ့သည် တိတ်ဆိတ်နေသော လမ်းမများကို ဖြတ်ကျော်ကာ မြို့အရှေ့ဘက်ရှိ နတ်ကွန်းဆီသို့ ဦးတည်လာခဲ့ကြသည်။

နတ်ကွန်းနှင့် နီးကပ်လာလေလေ၊ အေးစက်သော မြူခိုးငွေ့များမှာ ပို၍ ထူထပ်လာလေ ဖြစ်ပြီး ၊ ယင်း၌ အမွှေးတိုင်နံ့ အနည်းငယ် ပါဝင်ပြီး သီချင်းသံယဲ့ယဲ့ကိုလည်း ကြားနေရ၏။

ဤသို့ဖြင့် နတ်ကွန်းသို့ ရောက်ရှိလာခဲ့သည်။

နတ်ကွန်းတံခါးမှာ ပွင့်နေပြီး ၊ တံခါးဝရှိ ကျောက်ခြင်္သေ့နှစ်ရုပ်၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် အေးခဲနေပုံရသည်။

နတ်ကွန်းအတွင်း၌ အမွှေးတိုင်များကို အလွန်တရာ ထွန်းညှိထားပြီး၊ လက်မောင်းတစ်လုံးစာ အထူရှိသော အမွှေးတိုင်ကြီးများမှာ နတ်တင်သည့် အိုးထဲတွင် ထိုးစိုက်လျက် ရှိနေသည်။ အမွှေးတိုင်မှ ထွက်လာသော မီးခိုးငွေ့များသည် နတ်ကွန်းတစ်ခုလုံးကို နတ်ပြည်အလား ထင်မှတ်စေသည်။

သို့သော်လည်း ဤ “နတ်ပြည်” ထဲတွင် ပြောမပြနိုင်သော ထူးဆန်းမှု နှင့် ကြောက်စရာကောင်းသည့် အငွေ့အသက်များ ရှိနေ၏။

နတ်ကွန်းခန်းမ၏ အလယ်တွင်ရှိသော မြို့စောင့်နတ်မင်း၏ ရုပ်တုမှာ ရွှံ့စေးဖြင့် ပြုလုပ်ထားသော်လည်း ၊ မျက်နှာပေါ်တွင် တောင့်တင်းပြီး ထူးဆန်းသော အပြုံးတစ်ခုကို ဖော်ဆောင်ထားကာ တစ်စုံတစ်ခုကို လှောင်ပြောင်နေပုံရသည်။

ရုပ်တု၏ ရှေ့တွင် ခမ်းနားသော ပြဇာတ်စင်တစ်ခုကို ဆောက်လုပ်ထားသည်။

ပြဇာတ်စင်ပေါ်တွင် ပြဇာတ်ဝတ်စုံ ဝတ်ဆင်ထားသည့် စက္ကူအရုပ်များ ရှိနေပြီး ၊ ၎င်းတို့သည် တောင့်တောင့်ကြီး လျှောက်လှမ်းရင်း လက်များကို ဟိုဟိုဒီဒီ ဝှေ့ယမ်းလျက် မည်သူမှ နားမလည်သည့် ပြဇာတ်ကို သီဆိုကပြနေသည်။

၎င်းတို့၏ မျက်နှာများပေါ်တွင် အရောင်တင်ထားပြီး ပါးစပ်များမှာ ဟလိုက်ပိတ်လိုက်ဖြစ်နေသော်လည်း မည်သည့်အသံမျှ ထွက်မလာချေ။ ထိုထူးဆန်းသော သီဆိုသံမှာ မည်သည့်နေရာမှ ထွက်လာမှန်း မသိနိုင်ပေ။

ပြဇာတ်စင်အောက်တွင် လူများ ကြိတ်ကြိတ်တိုး စုဝေးနေကြသည်။သူတို့သည် ဖင်အန်းခရိုင်မှ ပျောက်ဆုံးသွားသော ပြည်သူများပင် ဖြစ်သည်။

လူတိုင်း မှင်သက်နေသော မျက်နှာများ၊ အသက်မဲ့နေသော မျက်လုံးများဖြင့် ပြဇာတ်စင်ကို မလှုပ်မယှက် ကြည့်ရှုနေကြသည်။ စိတ်ဝိညာဉ် နုတ်ယူခံလိုက်ရသော အရုပ်များကဲ့သို့ပင်။ သို့သော် သူတို့၏ မျက်နှာပေါ်တွင် စွဲလမ်းနေသော အပြုံးများပင် ရှိနေ၏။

အလုပ်သမားလေးမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် “အား” ဟု အော်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ၏ ဘောင်းဘီတစ်ခုလုံး စိုစွတ်သွားသည်။

ချင်ချန်းနှင့် အစောင့်များမှာ တစ်ကိုယ်လုံး အေးစက်သွားပြီး ဓားကိုင်ထားသော လက်များမှာ အနည်းငယ် တင်းမာလာသည်။

စူးဝမ်ချင်းသည် အဆိပ်လူးထားသော ငွေအပ်များကို အသင့်ကိုင်ထားသည်။

ရှောင်ရှန်း တစ်ယောက်တည်းသာ ဘာမှမဖြစ်သည့်အလား ခန့်ခန့်ကြီး ဝင်ချသွားသည်။

သူသည် အသက်မရှိသော ရုပ်အလောင်းများကဲ့သို့ ဖြစ်နေသည့် ပြည်သူများကို လျစ်လျူရှုထားသည့်အပြင် ပြဇာတ်စင်ပေါ်ရှိ ထူးဆန်းသော စက္ကူအရုပ်များကိုလည်း ဂရုစိုက်ပုံမရချေ။

သူသည် အမွှေးတိုင်အိုးကြီးဆီသို့ တိုက်ရိုက်သွားကာ အိုးထဲမှ အမွှေးတိုင် သုံးတိုင်ကို ဆွဲယူလိုက်သည်။

သူသည် အမွှေးတိုင်ကို ဖယောင်းတိုင်မီးဖြင့် ထွန်းညှိလိုက်ပြီးနောက်၊ ထိုထူးဆန်းသော မြို့စောင့်နတ်မင်း ရုပ်တုရှေ့တွင် ရိုးရာအတိုင်း သုံးကြိမ်တိုင်တိုင် အရိုအသေ ပေးလိုက်သည်။

ခန်းမတစ်ခုလုံး ထိုထူးဆန်းသော ပြဇာတ်သံများနှင့် ရှောင်ရှန်း၏ ရေရွတ်သံမှလွဲ၍ မည်သည့်အသံမှ မကြားရပေ။

“မြို့စောင့်နတ်မင်းကြီး၊ နေကောင်းလား.. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်လို့ နည်းနည်းပါးပါးလေးပဲ ရိုသေလိုက်ပါတယ်"

“ ငါကိုယ်တော်က လက်ရှိ အိမ်ရှေ့စံမင်းသား ရှောင်ရှန်းပါ... ဒီနယ်မြေကို ဖြတ်သွားတာမို့ ရောက်တုန်းရောက်ခိုက် နှုတ်ဆက်လိုက်ပါတယ်"

သူသည် အမွှေးတိုင်ကို အိုးထဲတွင် စိုက်ထူလိုက်ပြီး လက်ဖဝါးပေါ်မှ ပြာများကို ခါလိုက်ကာ ရုပ်တုကို မော့ကြည့်ရင်း ဆက်ပြောပြန်သည်။

“ အဲ့တာ.... တစ်ခုလောက် တိုင်ပင်စရာရှိလို့ပါ..ခင်ဗျားပဲ စဉ်းစားကြည့်၊ လူတွေက နေ့ခင်းဆိုရင် လယ်လုပ်၊ ဆိုင်ဖွင့်၊ ကုန်တင်ကုန်ချနဲ့ မောနေကြပြီ၊ ညဆိုရင် ကောင်းကောင်း အိပ်ချင်ကြမှာပေါ့"

"ခင်ဗျားက နေ့တိုင်းလိုလို ညသန်းခေါင်မှာ လူတွေကို နှိုးပြီး ပြဇာတ်လာကြည့်ခိုင်းတာ၊ အဲ့ဒါ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား.."

" ဖျော်ဖြေရေးကတော့ ကောင်းပါတယ်၊ ဒါပေမဲ့လည်း အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ဖို့တော့ လိုအပ်တာပေါ့.. ဒီအတိုင်းသာ ဆက်သွားနေရင် နောက်ရက်တွေ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး ၊ ဖင်အန်းခရိုင်ရဲ့ တိုးတတ်မှုအတွက် စိုးရိမ်စရာပဲ မဟုတ်ဘူးလား"

သူ၏ စကားလုံးများမှာ အလွန်လေးနက်ပြီး စိတ်ရင်းစေတနာဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူသည် အိမ်နီးချင်း အဘိုးအိုတစ်ဦးနှင့် စကားပြောနေသည့်အလား ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

ချင်ချန်းမှာ အနောက်ကနေ နားထောင်ရင်း မျက်ခုံးလှုပ်နေကာ အသက်ရှူပင် ရပ်သွားလုနီးပါး ဖြစ်သွားရသည်။

သို့သော် ရှောင်ရှန်း စကားဆုံးသွားသည့် ထိုတစ်ခဏမှာပင် ။

“ယားး——”

ပြဇာတ်စင်ပေါ်မှ ထူးဆန်းသော ပြဇာတ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ခန်းမတစ်ခုလုံးရှိ အပူချိန်သည် ရုတ်တရက် ရေခဲမှတ်အထိ ကျဆင်းသွားသယောင် ထင်ရပြီး ၊ အရိုးထဲထိ စိမ့်ဝင်လာသော အအေးဓာတ်က လူတိုင်းအပေါ် လွှမ်းခြုံသွားခဲ့သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ရွှံ့စေးဖြင့် ပြုလုပ်ထားသော မြို့စောင့်နတ်မင်း ရုပ်တု၏ ရှေ့တည့်တည့်ကိုသာ ကြည့်နေသော မျက်လုံးနှစ်လုံးမှာ ...

“ခရက်" ဟူသော အသံသည် တိတ်ဆိတ်နေသော ခန်းမကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။

ရုပ်တု၏ ခေါင်းမှာ လှုပ်ရှားခြင်းမရှိသော်လည်း၊ သူ၏ မျက်လုံးများသည် အမွှေးတိုင်အိုးရှေ့တွင် ရပ်နေသော ရှောင်ရှန်းထံသို့ ဖြည်းဖြည်းချင်း နှင့် တောင့်တင်းစွာ လှည့်ကြည့်လာခဲ့သည်။

All Chapters