← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း(၂၀၆) မြို့စောင့်နတ်မင်းကြီး ခင်ဗျားရဲ့ နောက်ခံကို ပြောလိုက်စမ်း

ခန်းမတစ်ခုလုံး၏ အပူချိန်မှာ ထိုအကြည့်တစ်ချက်ကြောင့် ရုတ်ချည်း ထိုးကျသွားသကဲ့သို့ပင်။

ချင်ချန်းနှင့် သူ့နောက်မှ အစောင့်များမှာ ကြက်သီးမွှေးများ ထသွားပြီး ၊ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ကြသည်။ ဤသည်မှာ အလွန်အမင်း သတိထားနေသည့် ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်မှုပင် ဖြစ်သည်။

ချက်ချင်းဆိုသလို မြေအောက်ငရဲမှ ထွက်ပေါ်လာသကဲ့သို့ ကျယ်လောင်သော အသံတစ်ခုသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

“ သာမန်လူသားအိမ်ရှေ့စံအဆင့်နဲ့ ငါ့အလုပ်ကို ဝင်စွက်ဖက်ရဲသလား"

ထိုသို့ ပြောရင်းတန်းလန်း ၊ အလွန်အားကြီးပြီး အေးစက်သော နတ်ဘုရားတစ်ပါး၏ အာဏာစက်သည် မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုသဖွယ် ရှောင်ရှန်းပေါ်သို့ ကျရောက်လာကာ နှိပ်ကွပ်လေတော့သည်။

ဤဖိအားသည် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေပြီး ၊ အထက်လူကြီးသည် အောက်က ငယ်သားအပေါ် ဖိအားပေးနေသကဲ့သို့ပင်။

ချင်ချန်းနှင့် စူးဝမ်ချင်းတို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့၏ စိတ်နှလုံးများမှာ တောင်ကြီးတစ်ခုကို ထမ်းပိုးထားရသကဲ့သို့ တုန်လှုပ်နေ၏။

ချင်ချန်း၏ နောက်တွင် ရှိနေကြသော အစောင့်တပ်သားများမှာ မတ်တပ်ပင် ရပ်မနိုင်တော့ဘဲ အတွင်းအားနည်းသူများမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

အဓိကပစ်မှတ်ဖြစ်သော ရှောင်ရှန်းကိုယ်တိုင်ပင် ပြင်းပြင်းထန်ထန် သက်ရောက်မှု ရှိခဲ့သည်။ သူသည် မမြင်နိုင်သော ဖိအားတစ်ခု၏ သက်ရောက်မှုအောက်တွင် ဟန်ချက်ပျက်သွားကာ မတ်တပ်ရပ်နိုင်ရန်ပင် ခက်ခဲသွားသည်။

သို့သော် သူ၏ အင်္ကျီရင်ဘက်အတွင်း၌ မည်သူမျှ မမြင်နိုင်သော နဂါးတက်တူးသည် ရုတ်တရက် အနည်းငယ် ပူနွေးလာသည်။

တောင်ပြိုကျမတတ် ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဘုရားတစ်ပါး၏ ဖိအားသည် ဤပူနွေးမှုနှင့် ထိတွေ့လိုက်ချိန်တွင် ၊

နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသော နှင်းခဲများသဖွယ် တိတ်ဆိတ်စွာဖြင့် ပျောက်ကွယ်သွားသည်။

ရှောင်ရှန်းသည် ခန်းမထဲတွင် လေပြည်တစ်ချက် တိုးဝှေ့တိုက်ခတ်သွားသကဲ့သို့သာ ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်ပြီး ယားယံနေသော နားရွက်များကို စိတ်မရှည်စွာဖြင့် ပွတ်သပ်ကာ နှုတ်ခမ်းမဲ့လိုက်သည်။

“ဘာတွေလုပ်နေတာလဲ၊ သရဲလိုလို တစ္စေလိုလိုနဲ့ အသံတောင်ပေးလိုက်သေးတယ်"

သူသည် ထိုရုပ်တုကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားဘာသာ ဘယ်နတ်ဘုရားဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မှတ်ထား...ဒီဖန်အန်းခရိုင်နယ်မြေက ကျုပ် သာရှမင်းဆက်ရဲ့ နယ်မြေ ..ကျုပ်အဖေ အုပ်ချုပ်တာ"

" အခု သူက ကျုပ်ကို လှည့်လည်စစ်ဆေးဖို့ စေလွှတ်လိုက်တာဆိုတော့ လောလောဆယ် ကျုပ်တာဝန်ပဲ "

"ခင်ဗျားက ကျုပ်နယ်မြေထဲမှာ လာရှုပ်နေတာ... အစိုးရရုံးကိုလည်း အစီရင်ခံစာ မတင်တဲ့အပြင် တော်ဝင်မိသားစုရဲ့ ခွင့်ပြုချက်လည်း မယူထားဘူး၊ ဒီလောက်များတဲ့ ပြည်သူတွေကို ခုလိုစုရုံးထားတာဟာ ဒါ တရားမဝင်စုဝေးမှုပဲ...ခင်ဗျားနားလည်လား"

စကားလုံးတိုင်းသည် ခိုင်လုံပြီး ယုတ္တိရှိကာ အာဏာရှင်တစ်ဦး၏ လေသံပေါက်သည်။

ထိုစကားများထွက်လာသည်နှင့် ၊ မြို့စောင့်နတ် ရုပ်တုပင် မဆိုနှင့် ဘေးတွင် ရှိနေကြသော ချင်ချန်းနှင့် စူးဝမ်ချင်းပင်လျှင် ဆွံ့အသွားသည်။

' ဒါ မိစ္ဆာတစ်ကောင်ကို သာ့ရှမင်းဆက်ရဲ့ ဥပဒေအကြောင်း သင်ပြပေးနေတာလား...'

ရုပ်တုထဲရှိ “မြို့စောင့်နတ်မင်းကြီး" မှာလည်း ရှောင်ရှန်း၏ ထူးဆန်းသော အတွေးအခေါ်ကြောင့် အံ့အားသင့်သွားပုံရသည်။ ၎င်း၏ လေသံထဲတွင် ပထမဆုံးအကြိမ်အဖြစ် အံ့ဩမှုနှင့် ပြင်းထန်သော အမျက်ဒေါသများ ပါဝင်လာခဲ့သည်။

“ အတင့်ရဲလိုက်တာ"

နတ်ဘုရား၏ အာဏာစက်မှာ ထပ်မံ ကျဆင်းလာပြီး ၊ ခန်းမကြီးတစ်ခုလုံးရှိ တိုင်လုံးများမှာ ဤဖိအားကို ခံနိုင်ရည်မရှိသကဲ့သို့ တုန်ခါ‌လာသည်။

လေအေးတစ်ချက် တိုက်ခတ်လာပြီး အမွှေးတိုင်စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးများမှာ ချက်ချင်းဆိုသလို ကြောက်စရာကောင်းသော အစိမ်းရောင်မီးတောက်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် သာမန်လူများကို ထိတ်လန့်စေနိုင်သော ဤဖိအားမှာ ရှောင်ရှန်းအဖို့ ဘာမှမဖြစ်သလိုပင်။ သူသည် အေးအေးလူလူ မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး အရည်အသွေးညံ့ဖျင်းသော ဖျော်ဖြေပွဲကို ကြည့်နေရှုနေသကဲ့သို့ ရှိနေ၏။

ထိုအချိန်တွင် စူးဝမ်ချင်း၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့ပြီး ၊ သူမသည် ဤအခွင့်အရေးကို အသုံးချကာ တိုးတိုးလေး လှမ်းသတိပေးလိုက်သည်။

“အရှင့်သား ၊ သူ့ကိုယ်မှာ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ နတ်မင်းတစ်ပါးရဲ့ ရွှေရောင်အလင်းတန်း မရှိဘူး၊ သူက မိစ္ဆာပဲ"

ရှောင်ရှန်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း သဘောပေါက်သွားသည်။

'တကယ်ကို အတုကြီးပဲ..'

သူ၏ ရဲစွမ်းသတ္တိမှာ ချက်ချင်းဆိုသလို မြင့်တတ်လာတော့၏။ မူလက တကယ့် နတ်မင်းတစ်ပါး ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သော်လည်း ၊ ယခု ထိုစိုးရိမ်ပူပန်စိတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ချက်ချင်းပင် ခါးထောက်လိုက်ပြီး ရုပ်ထုကို လက်ညိုးငေါက်ငေါက်ထိုးလျက် ကျိန်ဆဲလေတော့၏။

“ လတ်စသတ်တော့ တရားဝင်ရာထူးမရှိတဲ့ လေလွင့်နတ်ကိုး...ခင်ဗျားရဲ့အရည်အချင်းတွေက ဒီလောက်ထိ ညံ့ဖျင်းတာ အံ့သြစရာမရှိတော့ဘူး...ခင်ဗျားက အခြေခံစီးပွားရေးကိုတောင် နားမလည်ဘူးပဲ"

" ငါ ပြောမယ်၊ ငါ့အဖေက လက်ရှိ တိုင်းပြည်ဘုရင်၊ ငါ့ဘိုးဘေးက တည်ထောင်သူဧကရာဇ်မင်း တစ်ပါးပဲ...မင်းရဲ့နောက်ခံကရော ဘယ်သူလဲ "

" နာမည်ထုတ်ပြောလိုက်စမ်း၊ ငါ့ဘိုးဘေးတွေ နတ်ဘုရားတွေကို ဘွဲ့အမည်တွေပေးတုန်းက မင်းလိုကောင်ကို သိလားဆိုတာ ငါကြည့်လိုက်ဦးမယ် "

ဤစကားများသည် အတော်လေး ရက်စက်ပေသည်။

၎င်း၏ အသွင်ယူထားမှုကို ဖော်ထုတ်လိုက်ရုံသာမက “နောက်ခံ"ချင်း ယှဉ်ကာ လူမိုက်ဆန်ဆန်ဖြင့် ဖိနှိပ်လိုက်ခြင်းပင်။

“ဟိန်း——"

လူသံမဟုတ်သော ဟိန်းဟောက်သံကြီးတစ်ခုသည် ရုပ်တုထဲမှ ပေါက်ကွဲထွက်လာသည်။

အတုဖြစ်သော မြို့စောင့်နတ်မင်းမှာ ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သဖြင့် ဒေါသတကြီး ပေါက်ကွဲလာခဲ့သည်။

“ခရက်.. ဗုန်း"

ကြီးမားသော မြို့စောင့်နတ်မင်း ရုပ်တုမှာ ထိပ်မှခြေဖျားအထိ အပိုင်းပိုင်း ကွဲအက်သွားသည်။ ရွှံ့စေးနှင့် ဆေးရောင်ခြယ်ပစ္စည်းများ ပြန့်ကျဲသွားပြီး မီးခိုးငွေ့များကြားမှ ရွံရှာဖွယ်ကောင်းသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ကျန်းသုံးပေကျော်မြင့်သော လူပုံသဏ္ဍာန် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ၊ ခန္ဓာကိုယ်မှ ဝါညစ်ညစ် ပြည်ရည်များ စီးကျနေကာ ပြည်တည်နာများဖြင့် ပြည့်နှက်နေသည်။

၎င်းတွင် မျက်နှာသွင်ပြင် မရှိဘဲ ဟောင်းလောင်းပေါက်ကြီး တစ်ခုသာရှိသည်။ လက်ထဲတွင် နာကျည်းမှု ၊ အငြိုးအတေးများဖြင့် ပြည့်နှက်နေသော အနက်ရောင်စွမ်းအင်များ ရစ်ပတ်နေသည့် တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

အိပ်မက်ဆိုး ၊ ကြောက်ရွံ့မှုနှင့် အိပ်မက်ဆိုးများကို စားသုံးသော မိစ္ဆာ...

မိစ္ဆာကောင် ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံးရှိ ယင်စွမ်းအင်နှင့် နာကျည်းမှုများမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

All Chapters