အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း(၂၀၈) မတော်တဆ တပည့်တစ်ယောက် ရလိုက်ခြင်း
“ခုထိ ငေးနေတုန်းလား ၊ အရာရှိချုပ် လီဆီမှာ ‘ပျင်းရိခြင်း၏ ဆိုးကျိုးများ’ အကြောင်းကို သုံးရက်သုံးည ဆက်တိုက် တရားနာချင်လို့လား"
“ချင်ချန်း” က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
“တရားနာရမယ်” ဟူသော စကားကို ကြားလိုက်ရသည်နှင့် အိပ်မက်ဆိုး မိစ္ဆာ၏ စိတ်ထဲတွင် အလိုအလျောက်ပင် ကြောက်ရွံ့မှုများ ကိန်းအောင်းသွားသည်။
၎င်းသည် စုတ်တံကို ကောက်ကိုင်ကာ အသည်းအသန် ကူးရေးတော့သည်။
ကူးရေးသည်။ မနားတမ်း ကူးရေးသည်။
အဆုံးမရှိသော စာရွက်စာတမ်းများမှာ တောင်လိုပုံနေ၏။ သူသည် ဘိုးဘေး၏ အကြည့်နှင့် “ချင်ချန်း” ၏ ကြီးကြပ်မှုအောက်တွင် အဆုံးမရှိသော လုပ်ငန်းတာဝန်များကို ထပ်ခါတလဲလဲ လုပ်နေရသည့် သနားစရာ ဝန်ထမ်းလေးတစ်ယောက် ဖြစ်နေသည်။
ဤညှဉ်းပန်းနှိပ်စက်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး ၊ သူ၏ ဖြစ်တည်မှုကို မေးခွန်းထုတ်လာစေသည်။
လက်တွေ့ကမ္ဘာရှိ နတ်ကွန်းတွင် ချင်ချန်းနှင့် စူးဝမ်ချင်းတို့မှာ မျက်စိရှေ့က မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
အိပ်မက်ဆိုး မိစ္ဆာ၏ ခန္ဓာကိုယ်ကြီးသည် တစ်ခါတစ်ရံ တောင့်တောင့်ကြီး ဖြစ်နေပြီး ၊ တစ်ခါတစ်ရံ တုန်ယင်သွားသည်။ ၎င်း၏ ဟောင်းလောင်းပေါက် မျက်နှာပေါ်တွင် ကြေကွဲဖွယ်ရာ အရိပ်အယောင်များ ဖြစ်ပေါ်လို့နေ၏။
“အရှင်…… အရှင့်သား……”
ချင်ချန်း၏ အသံမှာ အနည်းငယ် တုန်နေသည်။
“ငါ ကိုယ်တော်… ငါကိုယ်တော် ဘယ်လို နတ်ဘုရားအတတ်မျိုးကို သုံးလိုက်ပါလိမ့်”
ရှောင်ရှန်းကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေသည်။
' သူက တစ်ခွန်းပဲ ဆဲလိုက်တာလေ...ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ကြီးမားနေတာတုန်း... ဟန်ဆောင်နေတာများလား...'
“ ဒါဘယ်လို နတ်ဘုရားအတတ်မျိုးလဲ၊ ငါက သူ ရုပ်ဆိုးလွန်းလို့ ရွံပြီး ထွက်သွားခိုင်းလိုက်ရုံပါ"
ရှောင်ရှန်းသည် စိတ်ထဲရှိရာ ထုတ်ပြောလိုက်သည်။
သို့သော် သူ၏ စကားပြောစွမ်းရည်သည် လူကို အသေသတ်နိုင်လောက်အောင်ပင် အဆင့်မြင့်သွားပြီလားဟု သူကိုယ်တိုင်ပင် တွေးနေမိသည်။
ထိုအချိန်တွင် ပြင်းထန်စွာ ရုန်းကန်နေသော အိပ်မက်ဆိုး မိစ္ဆာ၏ ခန္ဓာကိုယ်သည် “ဗုန်း”ခနဲ့ ဟူသော အသံနှင့်အတူ ရှောင်ရှန်း၏ ရှေ့တွင် ဒူးထောက်ကျသွားသည်။
မဟုတ်ဘူး ၊ တစ်ကိုယ်လုံး မြေကြီးပေါ်တွင် ဝပ်တွားလိုက်ခြင်း ဖြစ်သည်။
“ခွင့်… ခွင့်လွှတ်ပါ… ကျွန်တော် ကူးရေးပါ့မယ်… နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး… ကျေးဇူးပြုပြီး သခင်ကြီး ခွင့်လွှတ်ပေးပါ……”
“စာရွက်စာတမ်း”၊ “အချိန်ပိုဆင်းခြင်း”၊ “တရားနာရမည်” ကဲ့သို့သော ထူးဆန်းသော စကားလုံးများ ပါဝင်နေသဖြင့် ချင်ချန်းနှင့် စူးဝမ်ချင်းတို့မှာ ဘာမှန်းမသိဘဲ ကြောင်အမ်သွားကြသည်။
ရှောင်ရှန်းသည် ၎င်း၏ သနားစရာကောင်းသော အခြေအနေနှင့် ဘေးနားတွင် အိပ်ပျော်နေသည့် ပြည်သူများကို ကြည့်ပြီး စိတ်ညစ်သွားသည်။
' ငါ သူ့ကို သတ်ပစ်လိုက်ရမလား အဲ့လိုသာဆို သွေးထွက်သံယို ဖြစ်လာလိမ့်မယ်၊ ပြည်ရည်တွေ ထွက်လာရင်လည်း ရွံစရာကောင်းဦးမယ်...'
' ဒီအတိုင်း လွှတ်ပေးလိုက်ရမလား ဒါပေမဲ့ နောက်တစ်ခါ ထပ်ပြီး ဒုက္ခလာပေးရင် ဘယ်လိုလုပ်မလဲ'
သေချာ စဉ်းစားလိုက်ပြီးနောက် " ပြသနာမရှာချင်သော” အတွေးက အနိုင်ရသွားခဲ့သည်။
“ရပြီ ရပြီ”
ရှောင်ရှန်းသည် ယင်ကောင်ကို မောင်းထုတ်လိုက်သကဲ့သို့ လက်ခါပြလိုက်သည်။
“မင်းလည်း သနားစရာပါပဲ၊ နောက်တစ်ခါ ဒုက္ခမရှာနဲ့တော့၊ ငြိမ်ငြိမ်လေး နေလိုက်”
ဤစကားမှာ ၎င်းကို ထွက်သွားစေချင်၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုသို့ပြောပြီးသည်နှင့် ၊ ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲရှိ “အိပ်မက်မဟာကျမ်း" ၏ နိယာမစွမ်းအားများသည် အလိုအလျောက် လှုပ်ရှားလာသည်။
သူ၏ ပေါ့ပေါ့တန်တန် ပြောလိုက်သော စကားများသည် မမြင်နိုင်သော စာချုပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အိပ်မက်ဆိုး မိစ္ဆာ၏ ဝိညာဉ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
အိမ်မက်ဆိုးမိစ္ဆာ၏ ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားပြီး ၊ ၎င်၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် ရှောင်ရှန်း၏ ပိုင်ဆိုင်မှုဖြစ်သော ငါးဆားနယ်တစ်ကောင်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော တံဆိပ်တစ်ခုကို အတင်းအကျပ် ခတ်နှိပ်ခဲ့သည်။
၎င်းသည် လွတ်လပ်သော မိစ္ဆာတစ်ကောင်မှ ယခုတွင် တရားဝင် အလုပ်ခန့်ထားခံရသော အိပ်မက်ကမ္ဘာ၏ အစေခံ ဖြစ်သွားခဲ့ချေပြီ။
စာချုပ်ချုပ်ဆိုပြီးသည်နှင့် အိမ်မက်ဆိုးမိစ္ဆာ၏ ကြောက်ရွံ့မှုသည် စိတ်နှလုံးသားထဲမှ ပေါက်ဖွားလာသော အရိုအသေပေးမှုနှင့် အညံ့ခံမှုအဖြစ် ပြောင်းလဲသွားသည်။
၎င်းသည် မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး တုန်ယင်ခြင်းမရှိတော့ဘဲ ယဉ်ကျေးသော ခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားလေ၏။
မိစ္ဆာကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီးနောက် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော ဆိုးညစ်သော စွမ်းအားများသည် ဒီရေအလား ဆုတ်ခွာသွားခဲ့သည်။
စင်အောက်ရှိ ရုပ်သေးရုပ်ကဲ့သို့ မှင်သက်နေသည့် ပြည်သူများလည်း တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြသည်။
“အင်.. ငါ ဘာလို့ ဒီနေရာ ရောက်နေတာလဲ"
“ထူးဆန်းလိုက်တာ၊ ငါ အိမ်မှာ အိပ်နေတာ မဟုတ်ဘူးလား"
“အို… ငါ့ခါး၊ အကြာကြီး ထိုင်ထားမိလို့ ထင်တယ်…”
လူတိုင်း ဘာဖြစ်မှန်း မသိဘဲ ရှုပ်ထွေးနေကြသည်။ သူတို့သည် မြို့စောင့်နတ်ကွန်းထဲသို့ ဘာကြောင့် ရောက်ရှိနေမှန်း မသိကြဘဲ ပြဇာတ်နားထောင်ရင်း အိပ်မက်ရှည်ကြီး တစ်ခုကို မက်လိုက်ရသည့်အလား ခံစားနေရသည်။
ဤသို့ဖြင့် ပြသနာကြီးသည် ထူးဆန်းစွာပင် ပြေလည်သွားခဲ့သည်။
ချင်ချန်းသည် ရှောင်ရှန်းကို ကြည့်နေပြီး ၊ သူ၏ အကြည့်များမှာ လေးစားမှုမှ အံ့ဩရိုသေမှုအဖြစ် ပြောင်းလဲသွားပြန်သည်။
စစ်သည်တစ်ယောက်မှ မပါ၊ ဓားသုံးစရာပင် မလိုဘဲ စကားအနည်းငယ်ဖြင့် သူ့ကို ဒုက္ခပေးနေသော မိစ္ဆာကောင်ကြီးကို အညံ့ခံစေခဲ့သည်။
မိမိတို့အရှင့်သား၏ အဆင့်အတန်းမှာ သာမန်လူသားများ ခန့်မှန်းနိုင်သော အရာ မဟုတ်တော့ပေ။
“မင်း၊ ဒီကို လာခဲ့စမ်း"
ရှောင်ရှန်းသည် မြေပြင်တွင် ဝပ်နေသော မိစ္ဆာကို လက်ညှိုးထိုးလိုက်သည်။
မိစ္ဆာကောင်သည် ရှေ့တိုးလာ၏။ သူသည် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို လူတစ်ရပ်စာလောက်အထိ ကျုံ့လိုက်သည်။
“ပြောစမ်း၊ မင်းကို ဘယ်သူ စေခိုင်းတာလဲ.. ဒီမှာ ဘာတွေ လုပ်နေတာလဲ”
ရှောင်ရှန်းက မေးလိုက်သည်။
မိစ္ဆာကောင်မှာ မဖုံးကွယ်ရဲတော့ဘဲ အချက်အလက်များကို သူတို့၏ စိတ်ထဲသို့ တိုက်ရိုက် ပို့ပေးလိုက်သည်။