အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂) စက်ဘီးမှ သုံးဘီးယာဉ်သို့
မိုးကုတ်စက်ဝိုင်းဆီမှ လင်းလက်လာသော မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ချန်းရီက သူ၏ စက်ဘီးကြီး အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။
မူလက ဘီးနှစ်ဘီးသာ ရှိရာမှ ဘီးသုံးဘီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တာယာများမှာလည်း ယခင်ကထက် များစွာ ပိုမိုကျယ်ပြန့်လာပြီး ကြမ်းတမ်းသော တာယာသွားများကြောင့် လမ်းကြမ်းမောင်းယာဉ်တစ်စီး၏ အငွေ့အသက်မျိုးကို ရရှိစေသည်။
ဘီးစပုတ်တံများပင်လျှင် များစွာ ပိုမိုတုတ်ခိုင်လာခဲ့၏။
ပြီးတော့ ကားနောက်ဘက်ရှိ ကုန်တင်ခန်းလေးပင် ဖြစ်သည်။
ဤကုန်တင်ခန်းလေး ပါရှိလာခြင်းကြောင့် ပစ္စည်းတင်ဆောင်နိုင်စွမ်းမှာ ယခင် စက်ဘီးအိုကြီးထက် များစွာ ပိုမိုအားကောင်းလာခဲ့သည်။
စက်ဘီးအိုကြီးသည် သုံးဘီးယာဉ်တစ်စီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ချန်းရီက စမ်းသပ်စီးနင်းကြည့်ရာ စနစ်မှ အဆင့်မြှင့်တင်ပေးထားသော ဤသုံးဘီးယာဉ်သည် ယခင် စက်ဘီးကြီးထက်ပင် အားသက်သာပြီး နင်းရသည်မှာ အလွန် ပေါ့ပါးနေကြောင်း တွေ့ရှိရလေသည်။
သေချာစွာ စစ်ဆေးကြည့်ပြီးမှသာ စနစ်သည် ဤသုံးဘီးယာဉ်တွင် အားသက်သာစေသော စနစ်တစ်ရပ်ကို တပ်ဆင်ပေးထားကြောင်း သူ သိရှိသွားတော့သည်။
"ချန်းရီ... မင်း ဒီယာဉ်ကို ဘယ်ကနေ ရလာတာလဲ"
"ရှောင်ရီ... ညဘက်ကြီး ပစ္စည်းတွေ ထွက်ရှာခဲ့တာများလား... မင်းက တော်တော် ဝီရိယရှိတာပဲ"
"ကျွတ်ကျွတ်... ဒီယာဉ်က ဟိုကားလေးတွေထက်တောင် မညံ့ဘူးပဲ"
မိုးလင်းသွားသောအခါ ချန်းရီ၏ သုံးဘီးယာဉ်သည် လူအများအပြား၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်လုံးများထဲတွင် အားကျမှုများနှင့် မနာလိုမှုများ ပြည့်နှက်နေကြ၏။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် မည်သည့် ရိက္ခာပစ္စည်းမဆို အလွန်တရာ တန်ဖိုးကြီးမားလှသည်။
ထိုသို့သောအခြေအနေတွင် တစ်ချက်ကြည့်ရုံဖြင့် သာမန်မဟုတ်မှန်း သိနိုင်သော ဤသုံးဘီးယာဉ်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
အရေးအကြီးဆုံးအချက်မှာ ဤယာဉ်က ဓာတ်ဆီ အသုံးပြုရန် မလိုအပ်ခြင်းပင် ဖြစ်သည်။
အမှန်တကယ်တော့ ယခင်ကလည်း ကားမောင်းကာ ယာဉ်တန်းထဲသို့ ဝင်ရောက်လာသူများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆီပြတ်သွားသဖြင့် ကားကို လမ်းဘေး၌သာ စွန့်ပစ်ခဲ့ရကြောင်း သိထားသင့်သည်။
ဓာတ်ဆီကဲ့သို့သော အရာမျိုးကိုမူ ရှေ့ဆုံးမှ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးထဲရှိ လူများသာ ရှာဖွေနိုင်ကြသည်။
ကောလာဟလများအရ ထိုလမ်းကြမ်းမောင်းကား နှစ်စီးထဲတွင် အလွန်အစွမ်းထက်သော လူအချို့ ပါဝင်သည်ဟု ဆိုကြ၏။
အထူးသဖြင့် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ကောင်မလေး တစ်ယောက်ပင် ဖြစ်သည်။
ထိုစဉ် ယောဂဘောင်းဘီ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လျှောက်လာသည်။
"အစ်ကိုရီ... ညီမကို အစ်ကို့ယာဉ် နောက်ခန်းထဲမှာ လိုက်စီးခွင့်ပြုနိုင်မလား... ဒီရက်ပိုင်း လမ်းလျှောက်ရလွန်းလို့ ညီမ ခြေထောက်တွေ အရမ်းနာနေပြီ"
ထိုသို့ပြောပြီးနောက် အမျိုးသမီးက သူမ၏ ခြေသလုံးသားကို မာယာပါပါ ပွတ်သပ်ပြရာ ပတ်ဝန်းကျင်ရှိ အမျိုးသားအုပ်ကြီးမှာ တံတွေးများ အလီလီ မျိုချနေကြရတော့သည်။
ဤအမျိုးသမီးမှာ လွန်ခဲ့သော ရက်အနည်းငယ်က ရိက္ခာရှာဖွေစဉ် ကယ်ဆယ်လာခဲ့ခြင်းဖြစ်ပြီး ယောကျ်ားအများအပြားက သူမကို ဝိုင်းအုံကာ မျက်နှာချိုသွေးနေခဲ့ကြသည်။
ဤအမျိုးသမီးက လမ်းကြမ်းမောင်းကားကို အလကား လိုက်မစီးချင်၍တော့ မဟုတ်ပေ။
လမ်းကြမ်းမောင်းကားပေါ်မှ လူများက သူမကို ငြင်းပယ်ခဲ့သောကြောင့်သာ ဒုတိယရွေးချယ်မှုအနေဖြင့် ချန်းရီ၏ သုံးဘီးယာဉ်ကို မျက်စိကျလာခြင်း ဖြစ်သည်။
ချန်းရီ၏ သုံးဘီးယာဉ်မှာ ဘီးလေးဘီးပါသော ကားမျိုး မဟုတ်သော်လည်း နောက်ခန်းထဲတွင် အခင်းတစ်ခုသာ ခင်းလိုက်ပါက ကိုယ်တိုင် လမ်းလျှောက်ရခြင်း သို့မဟုတ် စက်ဘီးနောက်ခုံတွင် ထိုင်လိုက်ရခြင်းထက် အဆင်ပြေသက်သာမှု အပိုင်းတွင် သေချာပေါက် အများကြီး ပိုသာနေမည် ဖြစ်သည်။
"မရဘူး"
ချန်းရီက တစ်စက္ကန့်မျှပင် စဉ်းစားမနေဘဲ ချက်ချင်း ငြင်းပယ်ခဲ့သည်။
အမျိုးသမီးမှာ ချန်းရီက ဤမျှ ပြတ်ပြတ်သားသား ငြင်းဆိုမည်ဟု မထင်မှတ်ထားခဲ့သဖြင့် သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ပျက်ယွင်းသွားလေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤအမျိုးသမီး၏ ရုပ်ရည်မှာ အတော်အသင့် လှပသူတစ်ဦးဟု ဆိုနိုင်၏။
ယခုကဲ့သို့ အငြင်းခံရဖူးခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။
ကမ္ဘာပျက်ကပ် ရောက်ရှိပြီးနောက်တွင်လည်း သူမ၏ အလှအပကို အသုံးချကာ ယခုအချိန်အထိ အသက်ရှင်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ပါလျက် ရှေ့မှ ယောကျ်ားက ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်ရက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိချေ။
"ချန်းရီ... ရှင်"
"ကျားကျား... ကိုယ့်စက်ဘီးနောက်မှာ လိုက်မလား... ကိုယ့်စက်ဘီးနောက်ခုံမှာလည်း အခင်းပါတယ်... သက်တောင့်သက်သာဖြစ်စေရမယ်လို့ အာမခံတယ်"
တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦးက အလျင်စလို ဝင်ရောက် မျက်နှာချိုသွေးလေသည်။
ထိုအခါမှသာ အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် ကြည့်ကောင်းသွားပြီး ချန်းရီကို စူးရဲစွာ တစ်ချက် စိုက်ကြည့်ကာ မာနကြီးသော မင်းသမီးလေးတစ်ပါးအလား ထိုအမျိုးသား၏ စက်ဘီးဆီသို့ လှည့်ထွက်သွားတော့သည်။
ထိုအမျိုးသား၏ အမည်မှာ ချန်ဇီ ဖြစ်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီက အားကစားခန်းမ တစ်ခုတွင် ကိုယ်ကာယလေ့ကျင့်ရေးဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကာ ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာလှသည်။
မူလက ထိုအမျိုးသားတွင် ဆိုင်ကယ်တစ်စီး ရှိခဲ့သော်လည်း ဆီပြတ်သွားပြီးနောက် စက်ဘီးတစ်စီးကို ရှာဖွေကာ ယာဉ်တန်းနှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။
ယောဂဘောင်းဘီနှင့် အမျိုးသမီးမှာ အမျိုးသား၏ စက်ဘီးနောက်ခုံတွင် ထိုင်လိုက်ရင်း ညည်းညူလိုက်သည်။
"ရှင့်စက်ဘီးကလည်း အရမ်းဆောင့်တာပဲ... ဘီးလေးဘီးပါတဲ့ ကားတစ်စီးလောက် မရှာနိုင်ဘူးလား"
ချန်ဇီက မျက်နှာချိုသွေးကာ ရယ်မောပြလိုက်သည်။ "ဘီးလေးဘီးကားကတော့ ရှာရလွယ်ပါတယ်... လမ်းတစ်လျှောက်လုံး နေရာတိုင်းမှာ ရှိနေတာပဲ... ဒါပေမဲ့ ဆီဖြည့်ဖို့လည်း အဆင်မပြေဘူး... အားသွင်းဖို့လည်း အဆင်မပြေဘူးလေ... အဲ့ဒီတော့ ကိုယ်တို့ရဲ့ စက်ဘီးကမှ ပိုကောင်းသေးတယ်"
"သူတို့ ကားမောင်းရလို့ ပျော်နေတာကို သွားမကြည့်နဲ့... သိပ်မကြာခင် သူတို့လည်း မောင်းလို့ရမှာ မဟုတ်တော့ဘူး"
အမှန်တကယ်တော့ ချန်ဇီက လေလုံးထွားနေခြင်းသာ ဖြစ်သည်။
ယခင်က လမ်းခရီးတွင် ပိုင်ရှင်မဲ့ ကားငယ်များ ရပ်ထားသည်ကို တွေ့ခဲ့ရသော်လည်း ဤလူက အချိန်အတော်ကြာအောင် ကလိနေခဲ့သော်လည်း လုံးဝ စက်နိုးမလာခဲ့ပေ။
ကျားကျားက မျက်စောင်းထိုးလိုက်ပြီး "ဘီးလေးဘီးကား မရှာနိုင်ရင်လည်း သုံးဘီးယာဉ်လောက် ရှာရမယ်ဆိုတာ မသိဘူးလား... ချန်းရီကိုပဲ ကြည့်လေ."
"ချန်ဇီ... ချန်းရီရဲ့ သုံးဘီးယာဉ်ကို ကျွန်မတို့ သွားလုရရင် မကောင်းဘူးလား"
ကျားကျားက အသံကိုနှိမ့်ကာ ချန်ဇီ၏ နားနားကပ်၍ ပြောလိုက်သည်။
ချန်ဇီက ချန်းရီ၏ ခါးတွင် ချိတ်ဆွဲထားသော လက်ကိုင်ဒူးလေးကို မြင်သောအခါ မျက်နှာပေါ်တွင် စိုးရိမ်ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။ "ကျားကျား... ထားလိုက်ပါကွာ... ချန်းရီကို ရန်သွားစလို့ မကောင်းဘူး"
"ပြီးတော့ သူ့ဆီမှာ လက်ကိုင်ဒူးလေးလည်း ရှိသေးတယ်"
"ဟွန့်... သတ္တိကလည်း နည်းလိုက်တာ"
ယောဂဘောင်းဘီနှင့် အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားဆက်မပြောတော့ပေ။
ချန်းရီက သူ၏ လက်ကိုင်ဒူးလေးကို ခါးတွင် ချိတ်ဆွဲလိုက်ပြီးနောက် အထုပ်ကြီးကို နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ယခင်က ဤအထုပ်ကြီးကို စက်ဘီးနောက်ခုံတွင် တင်ထားရသည်မှာ အတော်လေး အဆင်မပြေ ဖြစ်ခဲ့ရသည်။
ယခု သုံးဘီးယာဉ်၏ နောက်ခန်းထဲတွင် ထည့်ထားလိုက်သောအခါ နေရာလွတ်များပင် အများအပြား ကျန်ရှိနေသေး၏။
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ယနေ့ ခရီးသွားနှုန်းမှာ ယမန်နေ့ကထက် များစွာ ပိုမိုမြန်ဆန်နေခဲ့သည်။
ကံကောင်းသည်မှာ သုံးဘီးယာဉ်တွင် အားစိုက်ရသက်သာစေသော စနစ် တပ်ဆင်ထားသဖြင့် နင်းရသည်မှာ ယခင် စက်ဘီးကြီးထက်ပင် ပိုမို ပေါ့ပါးနေသေးသည်။
ဘေးနားမှ စက်ဘီးနင်းနေကြသူများမှာမူ ချွေးသံတရွဲရွဲ ဖြစ်နေကြလေသည်။
သို့သော် ချန်းရီမှာမူ အလွန် အေးအေးလူလူ ရှိနေပုံရ၏။
ချန်ဇီသည် စက်ဘီးကို အားကုန်ထုတ်၍ နင်းနေရပြီး ကျောဘက်တစ်ခုလုံး ချွေးများဖြင့် ရွှဲနှစ်နေပြီ ဖြစ်သည်။
ချန်ဇီ၏ နောက်ခုံတွင် ထိုင်နေသော ယောဂဘောင်းဘီနှင့် အမျိုးသမီး ကျားကျားက ချန်းရီကို ကြည့်လာသော အကြည့်များမှာ ပို၍ပင် အငြိုးအတေး ကြီးမားလာတော့သည်။
"အိမ်တွေ... ရှေ့မှာ အိမ်တွေ ရှိတယ်"
ယာဉ်တန်းထဲမှ လူတစ်ယောက်က ရုတ်တရက် အကျယ်ကြီး အော်ဟစ်လိုက်သည်။
ဤအသံသည် ငြိမ်သက်နေသော ရေကန်ပြင်ပေါ်သို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်လှိုင်းများ ရိုက်ခတ်သွားစေခဲ့သည်။
ယခင်က ခေါင်းငုံ့ကာ ခရီးဆက်နေကြသူများမှာ အဝေးဆီသို့ ရုတ်တရက် မော့ကြည့်လိုက်ကြ၏။
ဖြူရော်နေသော မျက်နှာများထက်တွင် လောဘရမ္မက်များနှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများ ပြည့်နှက်နေပြီး အနည်းငယ်သော ကြောက်ရွံ့ထိတ်လန့်မှုများပင် ပါဝင်နေသေးသည်။
ချန်းရီ မော့ကြည့်လိုက်သောအခါ လမ်းဘေးတွင် အဆောက်အအုံများ တန်းစီနေသည်ကို တွေ့လိုက်ရပြီး သိပ်မကြီးမားလှသော မြို့ငယ်လေး တစ်မြို့နှင့် တူနေလေသည်။
ချန်းရီ တစ်ယောက်တည်း ထိုသို့ ဖြစ်နေခြင်း မဟုတ်ဘဲ ယာဉ်တန်းထဲရှိ လူတိုင်းက ထိုအဆောက်အအုံစုကြီးဆီသို့ ငေးကြည့်နေကြသည်။
မြို့လေးတစ်မြို့ ရှိနေခြင်းက ရိက္ခာပစ္စည်းများ ရှိနေခြင်းကို ကိုယ်စားပြုနေ၏။
ယာဉ်တန်းထဲရှိ လူအများအပြားမှာ ရိက္ခာပစ္စည်းများ ကုန်ခမ်းနေပြီ ဖြစ်သည်။
ချန်းရီကိုယ်တိုင်ပင်လျှင် ကျောပိုးအိတ်ထဲ၌ ရိက္ခာ သိပ်များများစားစား မရှိတော့ပေ။
ကမ္ဘာပျက်ကပ် ရောက်ရှိပြီးနောက် မြို့ရွာအများစုမှာ လူသားတို့အတွက် တားမြစ်နယ်မြေများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
လူဦးရေ များပြားသော မြို့ကြီးများဖြစ်လေ ပို၍ အန္တရာယ်ကြီးလေပင် ဖြစ်သည်။
ဥပမာအားဖြင့် ရှန်ဟိုင်းကဲ့သို့သော နိုင်ငံတကာအဆင့်မီ မြို့တော်ကြီးဆိုလျှင် တွေးကြည့်ရုံဖြင့် ထိုနေရာသည် မည်မျှ ကြောက်စရာကောင်းမည်ကို သိနိုင်ပေသည်။
ကျန်းချန်မြို့မှ အလွန်ခက်ခဲစွာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသူများအနက် မည်သူကမျှ ထိုကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့်အရာများကို ထပ်မံ မရင်ဆိုင်လိုကြတော့ပေ။
အကယ်၍ ညဘက်သာဆိုလျှင် ယာဉ်တန်းသည် ဤကဲ့သို့သော မြို့မျိုးနှင့် ကြုံတွေ့ရပါက တတ်နိုင်သမျှ အဝေးဆုံးသို့သာ ရှောင်ရှားသွားကြမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်တော့...
ပုံမှန်အခြေအနေအရ နေ့ခင်းဘက်တွင် ထူးဆန်းသည့်အရာများ ပေါ်ထွက်လာလေ့မရှိသဖြင့် ဤအချက်ကပင် အသက်ရှင်ကျန်ရစ်သူများအား မြို့ရွာများအတွင်းသို့ ဝင်ရောက်ကာ ရိက္ခာရှာဖွေရန် အခွင့်အရေး ပေးစွမ်းနေခြင်း ဖြစ်သည်။
ယာဉ်တန်းထဲမှ လမ်းကြမ်းမောင်းကားများမှာ သိသိသာသာပင် အရှိန်မြှင့်တင်သွားကြသည်။
ချန်းရီက သူ၏ လက်ကိုင်ဒူးလေးကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး မတ်တတ်ရပ်ကာ သုံးဘီးယာဉ်ကို နင်းလျက် မြို့လေးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားလေသည်။
ဘေးနားရှိ စက်ဘီးစီး အသက်ရှင်ကျန်ရစ်သူ အများအပြားကို အနောက်တွင် ချန်ရစ်ထားခဲ့၏။
လူအများအပြားက အားကျသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။
"ဒီသကောင့်သား... ဒီလောက်တောင် မြန်ရသလား"
တစ်စုံတစ်ယောက်က ချန်းရီ၏ အနောက်မှနေ၍ မကျေမချမ်းဖြင့် ကျိန်ဆဲလိုက်သည်။
"တောက်... ဘုရားစူး... သူ့ဘာလို့ ဝင်မတိုက်မိပါလိမ့်"
"အဲ့ဒီ... မြို့လေးထဲမှာ ထူးဆန်းတဲ့အရာတွေ ရှိနေမှာတော့ ဆိုးတယ်"
"တောက်... ထူးဆန်းတဲ့အရာ ရှိရှိမရှိရှိ ဂရုမစိုက်တော့ဘူး... စားစရာရှာမတွေ့ရင် ငါတို့ အရင် ငတ်သေရလိမ့်မယ်"
"သတ္တိရှိတဲ့သူက ဗိုက်ဝပြီး သေလိမ့်မယ်... ကြောက်တတ်တဲ့သူကတော့ ငတ်ပြီး သေလိမ့်မယ်"
"သွားမယ်ဟေ့... အရင်ရောက်တဲ့သူ အရင်ရမယ်"
ယာဉ်တန်းတစ်ခုလုံးသည် စိတ်ကြွဆေး ထိုးခံထားရသကဲ့သို့ ဖြစ်သွားပြီး အားအင်ကုန်ခမ်းနေပြီဖြစ်သော ခြေလျင်လျှောက် အသက်ရှင်ကျန်ရစ်သူများပင်လျှင် သွေးဆူလာကြတော့သည်။
မြို့ငယ်လေးအနီးသို့ ရောက်ရှိလာပြီးနောက် မြို့ထဲမှ ပျံ့လွင့်လာသော ထူးဆန်းကျောချမ်းဖွယ် လေထုကို ခံစားလိုက်ရမှသာ လူအုပ်ကြီး၏ ပူထူနေသော ခေါင်းများမှာ အနည်းငယ် ကြည်လင်သွားကြသည်။
မြို့လေးအနီးသို့ မရောက်မီမှာပင် ကြက်သီးမွေးညင်းထဖွယ်ရာ အန္တရာယ်ငွေ့သက်များကို အထပ်ထပ် ခံစားနေကြရ၏။
လမ်းဘေးတွင် တည်ရှိနေသော မြို့လေးသည် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သားရဲကြီး တစ်ကောင်နှင့် တူနေသည်။
နေ့ခင်းကြောင်တောင် အချိန်ကြီး ဖြစ်သော်လည်း မြို့တစ်ခုလုံးသည် ဆောင်းရာသီ၏ ညသန်းခေါင်ယံကဲ့သို့ အေးစက်မှောင်မိုက်နေသည်ဟု ခံစားရသည်။
အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား တစ်စီးက အမြန်ဆုံး ပြေးလာပြီး မြို့လေးထဲသို့ ဝင်ရောက်ခါနီးတွင် ရုတ်တရက် ဘရိတ်အုပ်လိုက်ရာ တာယာများသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော အနက်ရောင် အရာနှစ်ကြောင်း ချန်ရစ်ခဲ့ပြီး နားကွဲမတတ် ဘရိတ်အုပ်သံကြီး ထွက်ပေါ်လာသည်။
အနောက်မှ လိုက်ပါလာသော အခြားကားများကလည်း နားကွဲမတတ် ဘရိတ်အုပ်သံများ ထွက်ပေါ်လာကြ၏။
ဆူညံနေသော အသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
တစ်စုံတစ်ယောက်က အသံပိတ်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေ၏။
ချန်းရီက ကားအရှိန်ကို လျှော့ချလိုက်ပြီး ထိုဘီးလေးဘီးကားများ၏ နောက်မှလိုက်ကာ မြို့လေး၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ရှေ့မှ မြို့လေးကို သေချာစွာ မြင်တွေ့လိုက်ရသောအခါ သူ၏ အူများကို မျက်မြင်မရသော လက်ကြီးတစ်ဖက်က ဆုပ်နယ်ထားသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်လှသော ကြောက်ရွံ့ထိတ်လန့်မှုကြီးတစ်ခုက ခြေဖဝါးမှသည် ဆံပင်အဖျားအထိ တရှိန်ထိုး တက်လာတော့သည်။
ဆက်ရန်...