ကမ္ဘာပေါ်သို့ထူးဆန်းသောအရာများ ကျရောက်လာသောအခါ မြို့ကြီးများသည် လူသားတို့အတွက် တားမြစ်နယ်မြေများ ဖြစ်လာခဲ့သည်။ လူတို့သည် သဘာဝလွန်အစွမ်း လမ်းစဉ်များကို အားကိုး၍ အဆက်မပြတ် ရွှေ့ပြောင်းသွားလာနေရပြီး အတည်တကျ နေထိုင်သည့် ဘဝပုံစံမှ ရွှေ့ပြောင်းနေထိုင်ရသည့် ဘဝပုံစံသို့ ပြောင်းလဲသွားလေသည်။ ထိုသို့ ရွှေ့ပြောင်းသွားလာနေစဉ်အတွင်း ချန်းရီက အဆင့်မြှင့်တင်ရေး စနစ် နိုးထလာခဲ့သည်။ သံချေးတက်နေသော စက်ဘီးလေးသည် သူ၏လက်ထဲတွင် သံချပ်ကာ စစ်ကားတစ်စီးအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။ စုတ်ပြဲနေသော တဲလေးသည် ရွေ့လျားခံတပ်ကြီးတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ တခြားသူများက ပေါင်မုန့်ခြောက် တစ်ပိုင်းအတွက် အသက်လုနေကြချိန်တွင် သူ၏ အိမ်ကားကြီးထဲ၌ အလိုအလျောက် ရေသန့်စင်စနစ်နှင့် အသေးစား ဂေဟစနစ် စိုက်ခင်းတို့ အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်နေလေသည်။ သို့သော် တစ်ကယ့် အန္တရာယ်က မြူခိုးများ၏ အနက်ရှိုင်းဆုံး နေရာမှ လာခြင်းဖြစ်ပြီး သေအောင်သတ်၍မရသော ထူးဆန်းသည့် အရာများသည် ရွှေ့ပြောင်းသွားလာနေသော ယာဉ်တန်းများ၏ ဘီးရာများနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ သဘာဝလွန်အစွမ်း လမ်းစဉ်များ မရှိလျှင် ထိုထူးဆန်းသည့် အရာများကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ အံ့မခန်းဖွယ်ရာ သဘာဝလွန်အစွမ်း လမ်းစဉ်များက အမျိုးအစားပေါင်း တစ်ရာကျော်ပင် ရှိနေသေးသည်။ ... ဒီဇာတ်လမ်းက မင်မင် အရင်ပြန်ထားတဲ့ ကမ္ဘာပျက်ခေတ်ရဲ့အရှင်သခင်ထဲက အစွမ်းတွေနဲ့ မတူပဲ ထူးခြားတဲ့ လမ်းစဉ် (Sequence) လို့ခေါ်တဲ့ အစွမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာပျက်ကပ်ဇာတ်လမ်းဖြစ်ပါတယ်။ မတူဘူးဆိုပေမယ့် အရမ်းကြီးကွဲတာတော့မဟုတ်ပါဘူး နောက်ဆုံးအရင်းစစ်လိုက်ရင် အခြေခံက သဘာဝလွန်အစွမ်းတွေပဲဆိုတော့ သိသိသာသာချည်းတော့ ကွဲသွားမှာမဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ချန်းရီက အရင်ဝတ္ထုထဲက လင်းယွမ်ထက် ပိုသတိကြီးပြီး ပိုပြီးသိုသိုသိပ်သိပ်နေတတ်ပါတယ်။ လင်းယွမ်နည်းတူ ချန်းရီမှာ စနစ်ရှိပေမယ့် စနစ်ရဲ့အစွမ်းကို ဇာတ်လမ်းရဲ့သွားနှုန်းနဲ့ ညီမျှအောင် ထိန်းထားလို့လင်းယွမ်လို စနစ်ကြီးရှိရဲ့နဲ့ အသုံးမချတတ်ဘူး ဆိုတဲ့ခံစားချက်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီဇာတ်လမ်းထဲက ကမ္ဘာပျက်ကပ်ဖြစ်ရတဲ့အကြောင်းက ဖုတ်ကောင်တို့ ကပ်ဘေးတို့ထက် ပရလောကနဲ့ပိုပတ်သတ်တဲ့အတွက် တမူထူးခြားပြီး ပိုစိတ်ဝင်စားဖို့ကောင်းမှာပါ။ ဘယ်ဟာနဲ့အနီးစပ်ဆုံးတူလည်းဆိုတော့ Lord of Mysteries ဝတ္ထုထဲက မိစ္ဆာတွေနဲ့နည်းနည်းဆင်ပါတယ်။ ဒီဇာတ်လမ်းက မူရင်းမှာ ဇာတ်သိမ်းထိ ထွက်ထားတဲ့အတွက် Ongoing မီသွားလို့ မဖတ်ရတော့ဘူး ဆိုတာမျိုးဖြစ်မှာ မဟုတ်ပဲ ဇာတ်သိမ်းတဲ့ထိ ဆက်တိုက်ဖတ်လို့ရမှာပါ။ နောက်ပြီး ဒီဇာတ်လမ်းမှာ လူမျိုးရေးခွဲခြားတာတွေ အနောက်တိုင်းသား၊ ဂျပန် တို့ကို ခွဲခြားတဲ့ဟာတွေ တစ်ခုမှမပါပါဘူး။

