အခန်း ၁၃၁
Vol. 7 Ch. 131
အပိုင်း(၁၃၁) မျက်နှာပြောင်တိုက်သူ နောက်တစ်ယောက် တိုးလာခြင်း
"အဟွတ်... အဟွတ်... အဟွတ်"
ဝူကျန့်ရှန်းက ချန်းရီ၏ စကားကြောင့် သီးသွားပြီး မရပ်မနား ချောင်းဆိုးနေတော့သည်။
အတန်ကြာမှသာ ချန်းရီကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။ "မရဏနတ်သမီးရဲ့ သွေးမျက်ရည်ကို မင်းက ဘာမှတ်နေလဲ... လိုချင်သလောက် ရမယ် ထင်နေတာလား"
"အဲလိုမဟုတ်ပါဘူးကွာ... ငါတို့က ညီအစ်ကိုတွေပဲ မဟုတ်ဘူးလား... ကျောင်းတက်တုန်းက မင်း ဒီလောက် ကပ်စေးမနှဲပါဘူး"
"တော်စမ်းပါ... ညီအစ်ကိုဖြစ်တိုင်းလည်း ငါ့တစ်ယောက်တည်းဆီကချည်း ခေါင်းပုံဖြတ်ဖို့ မကြံနဲ့"
"မရဏနတ်သမီးရဲ့ သွေးမျက်ရည် အစက်တစ်ရာတဲ့... ငါ့မှာ အများကြီးရှိတယ် ထင်နေလား... ထွက်သွားတော့... မင်းကို ငါ မလိုတော့ဘူး"
"မလုပ်ပါနဲ့ကွ... ငါတို့ သေချာ တိုင်ပင်ကြရအောင်... ပြီးတော့ ဒီသွေးမျက်ရည်တွေက ငါတစ်ယောက်တည်းအတွက်မှ မဟုတ်တာ... တခြားသူတွေကိုလည်း နည်းနည်းစီ ခွဲပေးရဦးမှာလေ"
"ဥပမာ စွန်းချန်းချန်း... ပြီးတော့ ထယ်ရှီး... တင်းတုံ... သူတို့လည်း ရမှဖြစ်မှာပေါ့"
"ဒီလိုမှမဟုတ်ရင် ငါတို့ဘာသာ အစွမ်းပိုင်ရှင်တွေအဖြစ် ကောင်းကောင်းမွန်မွန် နေလို့ရရက်နဲ့... ဘာလို့ မင်းရဲ့ မရဏနတ် ဂိုဏ်းထဲ ဝင်ပြီး မင်းရဲ့ အုပ်ချုပ်ခံ လုပ်ရမှာလဲ"
"..."
မည်သို့ပင်ဆိုစေ နောက်ဆုံးရလဒ်အနေဖြင့် ချန်းရီက ဝူကျန့်ရှန်းထံမှ မရဏနတ်သမီး၏ သွေးမျက်ရည် (၁၀) ပုလင်း ရရှိသွားခဲ့သည်။
တစ်ပုလင်းလျှင် နှစ်စက်စီ ပါဝင်သည်။
ဆယ်ပုလင်း၏ ခွဲဝေမှုပုံစံမှာ တစ်ယောက်လျှင် နှစ်ပုလင်းစီ ဖြစ်သည်။
ထို့နောက် ချန်းရီက ထိုသူများအားလုံး မရဏနတ် ဂိုဏ်းထဲ ဝင်လာစေရန် စည်းရုံးပေးရမည် ဖြစ်သည်။
"ငါတို့က ဘယ်သူတွေမို့လို့လဲကွ... စိတ်ချလက်ချသာ နေ... ဒီတာဝန်ကို ပြီးမြောက်အောင် ငါ အာမခံတယ်"
ချန်းရီက ဝူကျန့်ရှန်းအား ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများ အပြည့်အဝ ရှိနေသည်။
ဝူကျန့်ရှန်း၏ မျက်နှာအမူအရာကမူ ချန်းရီကို တစ်ချက်လေးပင် ထပ်မကြည့်ချင်တော့သည့်ပုံ ပေါ်နေ၏။
မရဏနတ်သမီး၏ သွေးမျက်ရည်သည် အလွန်အမင်း အဖိုးတန်လှသော နတ်ဆေးတစ်ပါးတော့ မဟုတ်ပေ။
သို့သော်လည်း အလွယ်တကူ ရနိုင်သောအရာမျိုးလည်း မဟုတ်ချေ။
နေ့စဉ် မရဏနတ်သမီးထံ ဆက်သရမည့် အသားမှာ... ရှာဖွေရန် အလွန် ခက်ခဲလှသည်။
ဝူကျန့်ရှန်းက ချန်းရီ၏ အပေးအယူကို သဘောတူလိုက်ရသည့် အကြောင်းရင်းမှာ...
အဓိကအားဖြင့် သူသည် မကြာသေးမီက အလွန် အလုပ်များနေခြင်းကြောင့် ဖြစ်သည်။ ချန်ဝမ်ရပ်ကွက်တွင် အခြားသော ထူးဆန်းသည့်အရာများ မျက်စိကျနေပြီဖြစ်ကြောင်း ချူချယ်က အာရုံခံမိထားသည်။
သူ ဝူကျန့်ရှန်းတွင်လည်း ဤသတင်းကို သိရှိနိုင်သော ကိုယ်ပိုင် သတင်းလမ်းကြောင်း ရှိနေသည်။
ဥပမာအားဖြင့် ခုနကမှ မြင်တွေ့လိုက်ရသော မျက်လုံးကြီးပင်။
အသူရာ သွေးမျက်လုံးသည် လူမျက်နှာ ကင်းမြီးကောက်ထက်ပင် ကိုင်တွယ်ရန် ပိုမို ခက်ခဲသော တည်ရှိမှုတစ်ခု ဖြစ်ပြီး မရဏနတ်သမီး ကိုယ်တိုင် ထွက်လာမှသာ ရနိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူ၏ အစွမ်းဖြင့် အသူရာ သွေးမျက်လုံးကို နှင်ထုတ်ရန်မှာ အနည်းငယ် အခက်တွေ့နိုင်ပေသည်။
သူ၏ လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ ဤထူးဆန်းသည့် အရာများကို နှင်ထုတ်ပစ်ရန်ပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အကျိုးဆက်မှာ တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။
သူ့ကိုယ်သူလည်း အပြစ်တင်ရမည်။ ဤတစ်ကြိမ်တွင် လောဘကြီးလွန်းသွားသဖြင့် စခန်းထဲ၌ လူများ အများအပြား တိုးလာခဲ့သည်။
၎င်းက ယခင် ဖန်တီးထားခဲ့သော ဟန်ချက်ညီမှုကို ရုတ်တရက် ကျိုးပျက်သွားစေခဲ့သည်။
လူတစ်ရာကျော်ဆိုသည့် အရေအတွက်သည် ထိုထူးဆန်းသည့် အရာများအား မရဏနတ်သမီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို မေ့လျော့သွားစေရန် လုံလောက်နေသည်။
အကယ်၍ ကောင်းစွာ မဖြေရှင်းနိုင်ပါက ပြဿနာကြီးများ ဖြစ်လာနိုင်ပေသည်။
ချန်းရီက ထွက်ခွာသွားခဲ့ပြီ။
ဤတစ်ကြိမ်တွင် မရဏနတ်သမီး၏ သွေးမျက်ရည် (၁၀) ပုလင်း ရရှိခဲ့သည်။ တစ်ပုလင်းလျှင် နှစ်စက်စီ ပါဝင်ရာ ၎င်းတို့အားလုံးကို အဆင့်မြှင့်တင်ပြီး သန့်စင်လိုက်ပါက မကြာမီ အချိန်အတွင်း လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းနိုင်မည်ဟု ခန့်မှန်းရသည်။
သို့သော် ဆယ်ပုလင်းလုံးကို အသုံးပြုပြီးသည့်တိုင် လမ်းစဉ် အဆင့် (၂) သို့ မရောက်လာခဲ့ပါက...
သိုးမွေးလာပြန်နုတ်ရဦးမည် (ခေါင်းပုံလာဖြတ်ရဦးမည်) ဟု စိုးရိမ်ရသည်။
ထိုသို့ဆိုလျှင် ယာဉ်တန်းထဲမှ လူများကို မရဏနတ် ဂိုဏ်းထဲသို့ အလွယ်တကူ ဝင်ခွင့်မပြုနိုင်တော့ပေ။ သို့မဟုတ်ပါက နောက်တစ်ကြိမ်တွင် အပေးအယူလုပ်စရာ မရှိတော့ဘဲ မည်သို့ ခေါင်းပုံဖြတ်ရမည်နည်း။
သို့သော် ထိုလူများကို မရဏနတ် ဂိုဏ်းထဲ မဝင်စေရန် တားဆီးဖို့မှာ အနည်းငယ် ခက်ခဲလောက်ပေသည်။
မနေ့က ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်များက လူများစွာကို ကယ်တင်ပေးခဲ့သည်။
ဤလူများသည် မရဏနတ် ဂိုဏ်းအပေါ် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေကြ၏။
ထို့အပြင် စောစောက ရွှီနန် ပြောသည်ကို ကြားခဲ့ရသလောက် မျက်လုံးနှစ်လုံး ဖောက်ထုတ်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူကိုလည်း မရဏနတ် ဂိုဏ်းသားများက ရေရောထားသော သွေးမျက်ရည်များဖြင့် အသက်ကယ်တင်ပေးခဲ့သည်ဟု ဆိုသည်။
မရဏနတ် ဂိုဏ်း၏ နေရာသည် အသက်ရှင်ကျန်ရစ်သူများ၏ ရင်ထဲတွင် ပို၍ပို၍ ကြီးမားလာနေသည်။
သူကိုယ်တိုင်မှာ ပုံမှန်အားဖြင့် ထိုအသက်ရှင်ကျန်ရစ်သူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသည်။ သြဇာအာဏာ လုံလောက်စွာ ရှိသော်လည်း လူအများကို လွှမ်းမိုးသိမ်းသွင်းနိုင်စွမ်းမူ မရှိချေ။
ဤကိစ္စကို သူကိုယ်တိုင် ဝင်ပါလျှင်တောင်မှ ဖြေရှင်းရန် အနည်းငယ် ခက်ခဲပေမည်။
အသင့်တော်ဆုံးသူမှာ သေချာပေါက် ဦးလေးအားပေါင်ပင် ဖြစ်သည်။
သို့သော် ဤဦးလေးအားပေါင်သည် ချူချယ်၏ လူဖြစ်ရာ သူ့ကို သွားရှာခြင်းမှာ ချူချယ်ကို သွားရှာသည်နှင့် အတူတူပင် ဖြစ်နေသည်။
ပြဿနာပဲ...
စောစောက ဝူကျန့်ရှန်းရှေ့တွင် ကိစ္စများကို သူ့ကိုသာ စိတ်ချလက်ချ လွှဲထားရန် ပြောခဲ့သည်။
သို့သော် နောက်လှည့်လိုက်သည်နှင့် ခြေထိုးခံရန် မည်သို့လုပ်ရမည်ကို တွေးနေပြန်သည်။ ဤကဲ့သို့သော အလုပ်မျိုးကို ချန်းရီသာလျှင် လုပ်နိုင်ပေလိမ့်မည်။
ချန်းရီသည် ဤမျှလောက်အထိ မျက်နှာပြောင်တိုက်တတ်လိမ့်မည်ဟု ဝူကျန့်ရှန်းလည်း ထင်မှတ်ထားခဲ့ပုံ မရပေ။
ချန်းရီကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကတည်းက ကြိုသိခဲ့လျှင်...
မရဏနတ်သမီးကို တံစဉ်ဖြင့် တစ်ချက်တည်း ခုတ်သတ်ခိုင်းလိုက်မည်သာ ဖြစ်သည်။
"သူဌေးချန်း... မျက်နှာလေး ပြုံးဖြီးနေတာပဲ... အမြတ်တွေ အများကြီး ထွက်လာတယ် ထင်တယ်"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်းရီ တစ်ယောက် လန့်ဖျပ်သွားသည်။
လျှောက်လမ်းဘေးတွင် အပြုံးမျက်နှာနှင့် ရပ်နေသော ခေါင်းဆောင်ချူ ခေါ် ချူချယ်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာများ ပေါ်လွင်နေပြီး ကျောဘက်တွင်မူ ကောင်းကင်တစ်ခွင် လွင့်ဝဲကျဆင်းနေသော နှင်းပွင့်ကြီးများ ရှိနေသည်။
တကယ်ပါပဲ... ဒီကောင်ကြီး ခေါင်းဆောင်ချူက တွေးလိုက်တာနဲ့ ပေါ်လာတော့တာပဲ။
"ခေါင်းဆောင်ချူ... မင်း... မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးဗျာ... သူဌေးချန်းများ ဘာတွေ အကူအညီလိုမလဲ လာကြည့်တာပါ... ငါ့ကိုရော ဟင်းရည်လေး တစ်ငုံလောက် တိုက်လို့ မရဘူးလား"
ချူချယ်က ချန်းရီ နောက်သို့ လိုက်လာရသည့် အကြောင်းရင်းမှာ ချန်းရီ ဘာလုပ်ချင်နေသည်ကို သိချင်သောကြောင့် ဖြစ်သည်။
ဤမြေခွေးကောင် ချန်းရီသည် အကြောင်းပြချက်မရှိဘဲ ဝူကျန့်ရှန်းကို သွားရှာမည်မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။
ချန်းရီက မျက်လုံးကို ကလယ်ကလယ် ကစားလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "ခေါင်းဆောင်ချူ... အပေးအယူတစ်ခု လုပ်မလား"
"ဘာ အပေးအယူလဲ"
"ဒီလိုကွ"
ချန်းရီက ဝူကျန့်ရှန်းနှင့် လုပ်ခဲ့သော အပေးအယူအကြောင်းကို တစ်ခေါက် ပြန်ပြောပြလိုက်သည်။
"ခေါင်းဆောင်ချူ... ဝူကျန့်ရှန်းက ငါ့ကို ရေမရောထားတဲ့ သွေးမျက်ရည် လေးပုလင်း ပေးလိုက်တယ်... ငါတို့ အလုပ်ခွဲလုပ်ကြမယ်"
"မင်းက အသက်ရှင်ကျန်ရစ်သူတွေကို တာဝန်ယူ... သူတို့ကို မရဏနတ် ဂိုဏ်းထဲ ချက်ချင်းကြီး ဝင်မသွားအောင် လတ်တလော တားထားပေး... ဝူကျန့်ရှန်းကိုတော့ ငါ တာဝန်ယူမယ်... ဘယ်လိုလဲ"
ချူချယ်က ချန်းရီ၏ ဤစကားကို ကြားလိုက်သည်နှင့် ဤကောင် အကြံကောင်း ကြံစည်နေခြင်း မဟုတ်မှန်း ချက်ချင်း သိလိုက်သည်။ သေချာပေါက် ခေါင်းပုံထပ်ဖြတ်ချင်နေခြင်းပင်။
သို့သော် ခေါင်းဆောင်ဟောင်းကို ဤသို့ တွင်းတူးချောက်ချရသည်မှာ အနည်းငယ် မသင့်တော်သလိုများ ဖြစ်နေမလား။
သေချာသည်ကတော့ ထိုအတွေးသည် ခေါင်းထဲတွင် တစ်ချက်မျှသာ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခြင်း ဖြစ်သည်။
ပစ္စည်းအနည်းငယ်လောက် လှည့်စားရယူရုံမျှသာလေ၊ ကောင်းကင်ကိုလွန်ဆန်ပြီး မတရားလုပ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာ။
ထို့အပြင် ဤတစ်ကြိမ် တွေ့ဆုံရသော ခေါင်းဆောင်ဝူသည် ချူချယ်အား အလွန် သက်သောင့်သက်သာ မရှိသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ ထိုအကြောင်းရင်းကြောင့်ပင် သူ့စိတ်ထဲမှ အပြစ်မကင်းသည့် ခံစားချက်များမှာလည်း များစွာ ပေါ့ပါးသွားခဲ့သည်။
ချူချယ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မရဏနတ်သမီး၏ သွေးမျက်ရည်ကို သူ အသုံးမပြုဖူးသေးသဖြင့် ထိုအရာက လမ်းစဉ် အစွမ်းများကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်စွမ်း ရှိမှန်း သူ မသိသေးပေ။
သို့သော် ရေရောပြီးနောက် ဖြစ်ပေါ်လာသည့် အစွမ်းသတ္တိလေးတစ်ခုတည်းနှင့်ပင် လူကို အလွန် လိုချင်မက်မောသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
သူကိုယ်တိုင် အသုံးမပြုလျှင်တောင်မှ နောင်တစ်ချိန် အပြင်တွင် အပေးအယူ သွားလုပ်ပါက ပစ္စည်းကောင်း အများအပြားနှင့် လဲလှယ်၍ ရနိုင်သေးသည်။
"ဟုတ်လို့လား... ဝူကျန့်ရှန်းက မင်းကို လေးပုလင်းတည်း ပေးလိုက်တာလား"
"ခေါင်းဆောင်ချူရာ... ငါတို့က တစ်ယာဉ်တည်းစီး တစ်ခရီးတည်း သွားနေကြတာလေ... မင်းက ငါ့ကို မယုံသေးဘူးလား... ဝူကျန့်ရှန်းကို ကိုင်တွယ်ရ လွယ်တယ်လို့ မင်း ထင်နေလား... ဒီလေးပုလင်းတောင်မှ ငါနဲ့ သူ့ကြားက ဆက်ဆံရေးကို ထောက်ထားပြီး ပေးလိုက်တာ"
ချူချယ်က သံသယဝင်နေသည်ကို မြင်သောအခါ...
ချန်းရီက တိုက်ရိုက်ပင် သစ္စာဆိုလိုက်သည်။ "ခေါင်းဆောင်ချူ... တကယ် လေးပုလင်းတည်းပါကွ... ထယ်ရှီးရဲ့ နာမည်ကိုတိုင်တည်ပြီး ကျိန်ရဲတယ်... အာ မဟုတ်ဘူး... ငါ့ရဲ့ ဂုဏ်သိက္ခာကို အာမခံပြီး ကျိန်ဆိုရဲတယ်"
နောက်ဆုံးတွင်မူ ချူချယ်သည် ချန်းရီကို ယုံကြည်သွားခဲ့သည်။
ချန်းရီက ရင်ဘတ်ထဲမှ ဖန်ပုလင်းငယ်လေး လေးလုံးကို နှိုက်ယူထုတ်လိုက်သည်။ ဖန်ပုလင်းများထဲရှိ ရဲရဲနီနေသော သွေးများမှာ အသက်ဝင်လှုပ်ရှားနေသော အရာများအလား ထင်မှတ်ရ၏။
"ခေါင်းဆောင်ချူ... ဒါက တကယ့် ပစ္စည်းကောင်းနော်... မင်း သတိထားပြီး သုံး"
"ဒါ ငါသိပါတယ်... မင်း သတိပေးနေစရာ မလိုဘူး"
ချူချယ်က ပုလင်းထဲရှိ အနီရောင် အရည်များကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။
သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြောလိုက်ကြပြီး ဤရိုးရှင်းသော အစီအစဉ်လေးကို ပိုမို ပြည့်စုံအောင် ဖြည့်စွက်လိုက်ကြသည်။ ဝူကျန့်ရှန်းထံမှ သိုးမွေး အနည်းငယ် ထပ်နုတ်နိုင်ရန် ကြိုးစားကြခြင်းပင်။
ဤနေရာတွင်ပင် မျက်နှာပြောင်တိုက်သူ နောက်တစ်ယောက် ထပ်တိုးလာခဲ့ချေပြီ။
ဤကိစ္စများကို ပြောဆိုပြီးစီးသွားသဖြင့် ချန်းရီ အလှည့်အထွက်တွင်...
ချူချယ်က သူ့ကို လှမ်းခေါ်လိုက်သည်။ "ချန်းရီ... ခဏနေဦး"
"ခေါင်းဆောင်ချူ... ကိစ္စရှိသေးလို့လား"
"တကယ် ကိစ္စနည်းနည်း ရှိသေးတယ်"
ချူချယ်၏ မျက်နှာထားက တည်ကြည်လေးနက်သွားသည်။
"လမ်းပြသူ လမ်းစဉ် အဆင့် (၂) ရဲ့ အမှတ်အသားပြုခြင်း အစွမ်းကို မင်း သိတယ်မလား"
"မင်း အရင်က ငါ့ကို ပြောဖူးတယ်မလား... ငါ မှတ်မိတယ်..."
ချန်းရီသည်လည်း အနည်းငယ် တည်ငြိမ်သွားသည်။
ချူချယ်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်... တခြား လမ်းပြသူတွေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို ငါ တွေ့ခဲ့တယ်... ငါတစ်ယောက်တည်းပဲ မြင်နိုင်တာ"
ချူချယ်က သူ မြင်တွေ့ခဲ့ရသော အမှတ်အသား သုံးခုကို ပြောပြလိုက်သည်။
ကျောင်းပေါက်ဝမှ "မြန်မြန် ထွက်ပြေးကြ"
လုံခြုံရေး အစောင့်တဲအတွင်းမှ "သူ ပြောသမျှ စကားတိုင်းကို မယုံကြနဲ့"
ထို့အပြင် တတိယနှစ် အခန်း(၄) စာသင်ခန်းထဲမှ "သူတို့က လူသား စားတယ်"
စသည်တို့ကို ချန်းရီအား အကုန်အစင် ပြောပြလိုက်သည်။
ချန်းရီ မျက်မှောင်ကြုတ်သွားသည်။ "စတုတ္ထနှစ် အခန်း(၃) စာသင်ခန်းရဲ့ ကျောက်သင်ပုန်းပေါ်မှာပဲ ရှိတယ်လို့ မင်း ပြောချင်တာလား"
"ဒါ သိပ်တော့ မဖြစ်နိုင်ဘူးမလား... ဒီသတင်းစကားကို ချန်ထားခဲ့တဲ့ လမ်းပြသူက ငါတို့ စတုတ္ထနှစ် အခန်း(၃) မှာ နေမယ်ဆိုတာကို ကြိုပြီး ဟောကိန်းထုတ်နိုင်ခဲ့လို့လား"
"မင်းတို့ လမ်းပြသူတွေမှာ အနာဂတ်ကို သိနိုင်တဲ့ အစွမ်းများ ရှိနေသေးတာလား"
ချူချယ်က ခေါင်းခါယမ်းလိုက်သည်။ "စာသင်ခန်းတိုင်းရဲ့ ကျောက်သင်ပုန်းပေါ်မှာ အကုန်ရှိနေတာကွ"
"..."
ချူချယ်က ဤကိစ္စကို ချန်းရီအား ပြောပြရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ...
အဓိကအားဖြင့် ချန်းရီသည် လုံလောက်သော တစ်ကိုယ်ကောင်းဆန်မှု ရှိပြီး လူတိုင်းအပေါ် သတိဝီရိယနှင့် စောင့်ကြည့်တတ်သောကြောင့် ဖြစ်သည်။
အကယ်၍ ဤကိစ္စကိုသာ ထယ်ရှီး၊ စွန်းချန်းချန်း သို့မဟုတ် တင်းတုံ တို့အား ပြောပြလိုက်မည် ဆိုပါက...
ဝူကျန့်ရှန်းအပေါ် ယုံကြည်မှုကြောင့် သူတို့သည် ဤကိစ္စကို ဝူကျန့်ရှန်းအား တိုက်ရိုက် သွားပြောပြနိုင်ချေ ရှိသည်။
သို့သော် ချန်းရီကမူ ထိုသို့ လုပ်မည် မဟုတ်ပေ။
ချူချယ်သည် ဝူကျန့်ရှန်း၏ နောက်ခံအစစ်အမှန်ကို သံသယဖြစ်နေခြင်း မဟုတ်ဘဲ ဝူကျန့်ရှန်း ဆိုသည့် လူကို သံသယဝင်နေခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ မတွေ့ရပြီးနောက် ခေါင်းဆောင် ပြောင်းလဲသွားခဲ့ပြီကို ချူချယ် တွေ့ရှိခဲ့ရသည်။
သူ လေးစားခဲ့ရသော ယခင် ခေါင်းဆောင် မဟုတ်တော့ပေ။
ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "မင်း ပြောတဲ့ ဝူကျန့်ရှန်းက အတုကြီးများ ဖြစ်နေမလား... သူကများ"
ထိုမေးခွန်းကို တွေးလိုက်မိသည်နှင့် ချန်းရီ၏ ခေါင်းထဲတွင် မိုက်ခနဲ မူးဝေသွားပြီး သူ၏ သံသယကို ပြန်လည် ချေဖျက်လိုက်မိသည်။ "မဟုတ်ဘူး... ဝူကျန့်ရှန်းက ဝူကျန့်ရှန်းပါပဲ... လူက ဒီလူပါပဲ"
"ထားလိုက်ပါတော့ ခေါင်းဆောင်ချူရာ... ဆက်မတွေးပါနဲ့တော့... အခက်အခဲကြုံလာရင် ထွက်ပေါက်ဆိုတာ ရှိလာမှာပါ"
သူတို့နှစ်ဦးစလုံး ဝူကျန့်ရှန်း၏ ပြဿနာကို ချက်ချင်း စဉ်းစား၍ မရနိုင်သဖြင့် ပြဿနာကို ကိုယ်စီ ရင်ထဲတွင်သာ မှတ်သားထားလိုက်ကြသည်။
ချန်းရီ၏ စိတ်ထဲတွင်မူ အခြားသော အတွေးတစ်ခု ရှိနေခဲ့သည်။
ဘယ်သူပဲဖြစ်ဖြစ် ငါ အသက်ရှင်သန်ဖို့အတွက် တားဆီးလာမယ့်သူ မှန်သမျှဟာ ငါ့ရဲ့ ရန်သူတွေချည်းပဲ။
ငါ့ရဲ့ ညီအစ်ကို ဝူကျန့်ရှန်း... မင်းဖြစ်နေရင်တောင်မှပေါ့။
ငါ မင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး။
သို့သော် ထိုအချိန်မှာပင်...
"အားးးး"
ငြိမ်သက်သွားခဲ့သော ရုံမြို့ အမှတ်(၂) မူလတန်းကျောင်းဝင်းအတွင်းမှ စူးရှသော အော်ဟစ်သံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ် အော်ဟစ်သံသည် အနည်းငယ် ရင်းနှီးနေသလို ရှိပြီး ကောင်မလေးတစ်ဦး ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။
ဆက်ရန်...