အခန်း ၆၄
Vol. 4 Ch. 64
အပိုင်း(၆၄) ပထမဆုံး သဘာဝလွန်ပစ္စည်း
လူသန်ကြီးထယ်ရှီးပင် ချန်းရီ၏ ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ အကြည့်များထဲတွင် အားကျမှုတို့ ပြည့်နှက်နေ၏။
ဝိုင်းအုံကြည့်ရှုခြင်း ပြီးဆုံးသွားသောအခါ လူတိုင်း ကိုယ့်နေရာကိုယ် အသီးသီး ပြန်သွားကြသည်။
အားကျနေသော အကြည့်အချို့က ချန်းရီ၏ ကားပေါ်တွင် တွယ်ကပ်နေဆဲ ဖြစ်သည်မှလွဲ၍ ဖြစ်၏။
မတတ်နိုင်ပေ။ ဤကားက ကြည့်ကောင်းရုံသက်သက် အသုံးမဝင်လှသော်လည်း တကယ်ကို ကြည့်ကောင်းနေသည် မဟုတ်ပါလော။
အထူးသဖြင့် ခံ့ညားထည်ဝါသော ကားကိုယ်ထည်ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ်နှင့် တကယ်ကို လိုက်ဖက်လွန်းလှသည်။
အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို ရှုလီနာက ချန်းရီ၏ ရှေ့သို့ လာချပေးသည်။
ရှုလီနာ၏ အနည်းငယ် ရှက်သွေးဖြာနေပြီး တစ်စုံတစ်ခုကို မျှော်လင့်နေသော အကြည့်များကို မြင်လိုက်ရသောအခါ။
ချန်းရီက တကယ်ကို အနည်းငယ် အံ့သြသွားမိသည်။
ဤခေါက်ဆွဲပြုတ်က တော်တော်လေး လက်ရာမြောက်ပြီး သူကိုယ်တိုင် ချက်သည်ထက် အများကြီး ပိုကောင်းကာ အထဲတွင် ကြက်ဥကြော် တစ်လုံးပင် ပါသေး၏။
ထို့ပြင် စိမ်းလန်းသော ဟင်းသီးဟင်းရွက် အရွက်နှစ်ရွက်လည်း ပါသေးသည်။
စိမ်းလန်းတဲ့ ဟင်းရွက် ဟုတ်လား။
ကြက်ဥ ဟုတ်လား။
"ဒီကြက်ဥက"
သူ၏ ရိက္ခာပစ္စည်းများထဲတွင် ကြက်ဥ မပါဝင်ကြောင်း ချန်းရီက မှတ်မိနေသည်။
ကြက်ဥကဲ့သို့သောအရာမှာ အလွန်ရှားပါးသော ပစ္စည်းဖြစ်သည်။ နွေရာသီ ပုံမှန်အပူချိန်တွင် ကြက်ဥကို ခုနစ်ရက်မှ ဆယ်ရက်အထိသာ သိုလှောင်ထားနိုင်ပြီး အကောင်းဆုံး သိုလှောင်နိုင်သည့် ပတ်ဝန်းကျင်၌ပင် တစ်လကျော်သာ ခံသည်။
ယခုကဲ့သို့ ကမ္ဘာပျက်ကပ် အခြေအနေတွင် ကြက်ဥတစ်လုံး၏ တန်ဖိုးမည်မျှ ကြီးမားကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ဤမိန်းမက ကြက်ဥကို ဘယ်ကနေ ရလာမှန်း မသိပေ။
ပြီးတော့ ဒီစိမ်းလန်းနေတဲ့ ဟင်းရွက်တွေ။
ဒီနေရာက သဲကန္တာရလေ။
ဒီလို စိမ်းလန်းတဲ့ ဟင်းရွက်တွေကို ဘယ်ကနေ သွားရှာလာရတာလဲ။
တကယ့်ကို ယုံနိုင်စရာမရှိအောင်ပင်။
ရှုလီနာက ခေါင်းငုံ့ကာ မျက်နှာလေး ရဲလာရင်း...
"ရှင်... ရှင် အရင်စားနှင့်ပါ... ကျွန်မ ပြန်ပြီး ထမင်းစားလိုက်ဦးမယ်"
ဤမိန်းမက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားရာ ချစ်ရသူ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသော မိန်းမပျိုလေး တစ်ယောက်နှင့်ပင် တူနေတော့သည်။
ကျောခိုင်းလှည့်ထွက်သွားပြီးနောက်တွင်မူ ရှုလီနာ၏ မျက်နှာပေါ်မှ ရှက်သွေးဖြာနေမှုက ဂုဏ်ယူဝင့်ကြွားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အစမှအဆုံးတိုင် ရှုလီနာက သူမကိုယ်သူမ ဂရုမစိုက်နိုင်ခဲ့ဘဲ ချန်းရီအတွက်သာ ခေါက်ဆွဲ တစ်ပန်းကန် ချက်ပြုတ်ပေးခဲ့ခြင်း ဖြစ်သည်။
သူမက သူမအတွက်ပင် တစ်ချက်လေးမှ ထည့်မတွေးခဲ့ချေ။
ဒါက ချန်းရီ၏ ရင်ထဲတွင် နက်ရှိုင်းသော မှတ်မှတ်ရရ ပုံရိပ်တစ်ခုကို ချန်ရစ်ထားနိုင်လောက်မည်မှာ သေချာသည်။
သူ၏ ရိက္ခာများကိုပင် သက်သာသွားစေခဲ့သေးသည် မဟုတ်ပါလော။
သူမက သူ့အတွက် နှလုံးသားအပြည့်ဖြင့် တွေးတောပေးနေသည်ဟု သူ သေချာပေါက် ခံစားမိသွားပေလိမ့်မည်။
ယောက်ျားတွေဆိုတာ ဒီလောက်တောင် ရိုးအလွန်းတာကိုး။
စောစောက ချန်းရီ၏ မျက်နှာပေါ်မှ အံ့သြသွားမှုကို ပြန်လည် တွေးမိသောအခါ မိန်းမလှလေး၏ မျက်နှာပေါ်ရှိ ဂုဏ်ယူဝင့်ကြွားမှုက ပိုမို နက်ရှိုင်းလာခဲ့သည်။
ရှုလီနာက ချန်းရီကဲ့သို့သော ယောက်ျားမျိုးကို ကိုင်တွယ်ရသည်မှာ စိန်ခေါ်မှု လုံးဝမရှိဟုပင် ခံစားလိုက်ရသေး၏။
ကျောင်းကား ယာဉ်တန်းဆီသို့ ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် မနက်စာ ချက်ပြုတ်ပြီးစီးနေပြီ ဖြစ်သည်။
လောင်လီက ရှုလီနာကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"လီနာ... ချန်းရီရဲ့ ကားက တော်တော် မိုက်တာပဲနော်"
ရှုလီနာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားဘဲ ယဉ်ကျေးစွာ ပြုံးလျက်...
"ဟုတ်တယ်... ချန်းရီရဲ့ ကားက တကယ်ကို မိုက်တာ... မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်... တော်တော်လေး အထင်ကြီးစရာပဲ"
အသက်သုံးဆယ်အရွယ် လောင်လီ၏ အပြုံးများက ပို၍ပင် ရင်းနှီးဖော်ရွေဟန် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လောင်လီ၏ ခေါင်းက ပို၍ ပြောင်လာသကဲ့သို့ ထင်ရ၏။
အခြား အသက်ရှင်ကျန်ရစ်သူများက ရှုလီနာကို ရှုပ်ထွေးသော အကြည့်များဖြင့် တစ်ချက်ကြည့်လိုက်ကြပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ မိမိတို့၏ အလုပ်များကိုသာ ဆက်လုပ်နေကြသည်။
မနက်ခင်းတွင် မည်သည့်အလုပ်မျှ မလုပ်ရဘဲ အခမဲ့ လာရောက်စားသောက်နိုင်သော ရှုလီနာ၏ အပြုအမူအပေါ်။
မည်သူကမျှ ကန့်ကွက်ပြောဆိုခြင်း မရှိကြပေ။
ရွှီကျောင်းကျောင်းကပင်လျှင် ထခုန်ကာ လှောင်ပြောင်သရော်ခြင်း မပြုခဲ့ချေ။
သူမက တစ်ယောက်တည်း တိတ်ဆိတ်စွာ ကျောခိုင်းသွားပြီး ခေါင်းကို ငုံ့ကာ မျက်နှာပေါ်ရှိ အမူအရာနှင့် လက်ထဲမှ ပန်းကန်လုံးလေးကို ဆံပင်များဖြင့် ဖုံးကွယ်ထားလိုက်၏။
ဤကာလအတွင်း ထိုမိန်းမမှာ တော်တော်လေး ပိန်ကျသွားခဲ့သည်။
ယာဉ်တန်းမှ ထောက်ပံ့ပေးသော ရိက္ခာပစ္စည်းများမှာ အကန့်အသတ် ရှိနေသဖြင့် မည်မျှပင် ဝဖြိုးသူဖြစ်စေ ပိန်ပိန်ပါးပါး ဖြစ်သွားနိုင်သည်ဟု တွေးမိနိုင်သည်။
"အမလီနာ... ဒါက အမအတွက်"
ရှောင်ဖူက ဆန်ပြုတ်ပန်းကန်လုံး အကြီးတစ်လုံးကို ကိုင်ကာ လာပေးသည်။
"ရှောင်ဖူ... ကျေးဇူးပဲနော်"
ရှုလီနာက ပန်းကန်လုံးလေးကို လှမ်းယူလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှု သို့မဟုတ် ကျေးဇူးတင်မှုတို့ကို မတွေ့ရဘဲ ယခင်အတိုင်း ယဉ်ကျေးပျူငှာနေဆဲဖြစ်ကာ လူတိုင်းကို နွေဦးလေညင်းလေးလို နွေးထွေးမှုမျိုး ခံစားရစေ၏။
ပတ်ဝန်းကျင်ရှိ လူများက သူမအပေါ် အများကြီး ပို၍ ခင်မင်ရင်းနှီးလာကြသည်ကို ရှုလီနာက သိသိသာသာ ခံစားသိရှိနိုင်ခဲ့သည်။
ဒါက တရားမျှတပါတယ်။
မိမိက တစ်စုံတစ်ခုကို ပေးဆပ်လိုက်ရသဖြင့် သဘာဝကျကျပင် တစ်စုံတစ်ခုကို ပြန်လည် ရရှိလာနိုင်ခြင်း ဖြစ်သည်။
ထို နှာဘူးအဘိုးကြီးကပင် ဒီနေ့မနက်တွင် သူမကို လာရောက် နှောင့်ယှက်ခြင်း မရှိတော့ချေ။
ယခင်ကဆိုလျှင် မနက်တိုင်း ထို နှာဘူးအဘိုးကြီးက အချိန်မှန် ပေါ်လာတတ်စမြဲ ဖြစ်သည်။
သူ့ဘက်မှ မည်သည့် အခွင့်အရေးမျှ မရခဲ့ဖူးသော်လည်း ဖြေရှင်းရသည်မှာ တော်တော်လေး အလုပ်ရှုပ်လှသည်။
သူမက ချန်းရီကို ပေးခဲ့သော ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥတို့သည် ထို နှာဘူးအဘိုးကြီးဆီမှ လှည့်စားကာ ယူလာခဲ့ခြင်းပင် ဖြစ်သည်။
သူမ၏ လှည့်စားခြင်းကို ခံလိုက်ရမှန်း သိသိကြီးနှင့်ပင် ထိုအဘိုးကြီးက သူမအနားသို့ မကပ်ရဲတော့ပေ။
ရှုလီနာက ထို နှာဘူးအဘိုးကြီးကို လှမ်းကြည့်လိုက်သောအခါ အဘိုးကြီးက ရှုလီနာကို မျက်နှာချိုသွေးသော အပြုံးမျိုးဖြင့်ပင် ပြုံးပြလိုက်သေး၏။
...
ချန်းရီက မေးစေ့ကို ပွတ်သပ်ရင်း ရှုလီနာ၏ နွဲ့နှောင်းသော ခါးလေးကို ကြည့်ကာ အကြည့်များက နက်ရှိုင်းတည်ငြိမ်နေသည်။
အများကြီး ဆက်မတွေးတော့ဘဲ တစ်လုတ် မြည်းကြည့်လိုက်ရာ အရသာက မဆိုးလှကြောင်း ခံစားလိုက်ရပြီး သူ၏ လက်ရာထက် အများကြီး ပိုကောင်းနေ၏။
ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ဘေးတစ်ဖက်သို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပန်းကန်ကို ချထားလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မည်သူကမျှ သူ့ကို သတိမထားမိကြဘဲ အားလုံးက မနက်စာ စားနေကြသည်ကို တွေ့လိုက်ရသည်။
ချန်းရီက ထင်းခုတ်ဓား၊ ပျက်စီးနေသော ဒူးလေး၊ မရဏမိုးမခပင်၏ ကိုင်းခက် နှင့် ထို အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားတို့ကို ထုတ်ယူလိုက်သည်။
ခေါက်ဆွဲပန်းကန်ကို ပြန်လည် ကောက်ကိုင်ကာ တရှူးရှူးဖြင့် စားသောက်နေရင်း သူ၏ ဦးနှောက်ထဲတွင် အဆင့်မြှင့်တင်မည့် အစီအစဉ်များကို စတင် စဉ်းစားနေပြီ ဖြစ်သည်။
၎င်းတို့အထဲတွင် အဖိုးတန်ဆုံးအရာမှာ သဘာဝကျကျပင် ဤ အနီရောင် အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားပင် ဖြစ်သည်။
ဤ အရေခွံကို အသုံးပြု၍ အဆင့်မြှင့်တင်မှု အဆင်ပြေချောမွေ့ပါက ကုဒ်နံပါတ် (၂၀၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်း တစ်ခုကိုပင် ရရှိနိုင်ပေမည်။
ဒါက ကုဒ်နံပါတ် (၂၀၀၀) အတွင်းမှာရှိတဲ့ သဘာဝလွန်ပစ္စည်းလေ။
ခေါင်းဆောင်ချူက ထို ခိုးနားထောသည့် ရေဒီယိုအပေါ် မည်မျှ တန်ဖိုးထားကြောင်းကို ကြည့်ရုံဖြင့် ကုဒ်နံပါတ် (၂၀၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကို သိရှိနိုင်သည်။
ပန်းရောင်ဆံပင်နှင့် အရက်စွဲနေသော ခြေတံရှည်ကောင်မလေးလည်း ရှိသေးသည်။ သူမ၏ ဓားမှာ ကုဒ်နံပါတ် (၃၀၀၀) ကျော်တွင် ရှိသည်ဟု ကြားရသော်လည်း ထိုကောင်မလေးက သူမ၏ ဓားနှင့် ခွဲခွာနေသည်ကို ချန်းရီ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ချန်းရီက ခေါက်ဆွဲကို စုပ်ယူစားသောက်နေရင်း သူ၏ အကြည့်များက ရှေ့မှောက်ရှိ ပစ္စည်းလေးခုပေါ်တွင် လှည့်လည်နေ၏။
"စနစ်... အရေခွံဆုတ် တစ္ဆေရဲ့ ဦးရေပြားနဲ့ ထင်းခုတ်ဓားကို ပေါင်းစပ်ပြီး အဆင့်မြှင့်မယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုအပ်မလဲ"
လှည့်ပတ်နေသော အဝိုင်းငယ်လေး တစ်ခုက လျင်မြန်စွာ ပေါ်လာသည်။
ရရှိလာသော အဖြေက ချန်းရီကို စိတ်လှုပ်ရှားစေသည့် တစ်ချိန်တည်းမှာပင် အလွန်အမင်း စိတ်ပျက်သွားစေခဲ့သည်။
စနစ်မှ ပေးသော အကြောင်းပြန်ချက်မှာ သတ်ဖြတ်မှတ် သုံးသောင်း လိုအပ်ပြီး အချိန် (၈၆) နာရီ၊ ဆိုလိုသည်မှာ သုံးရက်ခွဲ အချိန်ယူရမည် ဖြစ်သည်။
သတ်ဖြတ်မှတ် သုံးသောင်း။ ဒီလောက်များပြားတဲ့ သတ်ဖြတ်မှတ်တွေကို ချန်းရီက ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားပါ့မလဲ။
ယခု လက်ရှိတွင် သူ့ထံ၌ သတ်ဖြတ်မှတ် ရှစ်ထောင်သာ ကျန်ရှိတော့သည်။
စနစ်ကိုပင် သတ်ဖြတ်မှတ် တစ်သောင်း အကြွေးတင်နေသေး၏။
ချန်းရီက အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားနှင့် ဒူးလေးကို ပေါင်းစပ် အဆင့်မြှင့်တင်ရန် စမ်းသပ်ကြည့်ရာ ထိုနည်းတူစွာပင် သတ်ဖြတ်မှတ် သုံးသောင်းနှင့် (၈၆) နာရီ လိုအပ်လေသည်။
ထိုနည်းတူစွာပင် သတ်ဖြတ်မှတ် သုံးသောင်း လိုအပ်သော သဘာဝလွန်ပစ္စည်းမှာ သေချာပေါက် အစွမ်းထက်မြက်ပေလိမ့်မည်။
ချန်းရီက အရေခွံဆုတ် တစ္ဆေ၏ ဦးရေပြားဟူသော သဘာဝလွန်ပစ္စည်း ကုန်ကြမ်းကို အသုံးပြုရန် လက်လျှော့လိုက်ပြီး မရဏမိုးမခပင်၏ ကိုင်းခက်ကို အသုံးပြုကာ အရင် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ဒူးလေးကို ပေါင်းစပ် အဆင့်မြှင့်တင်ရန် မရွေးချယ်ခဲ့ပေ။
ယင်းအစား ချန်းရီက သူ၏ အာရုံကို ထင်းခုတ်ဓားပေါ်သို့ ပြောင်းလဲလိုက်သည်။
ထင်းခုတ်ဓားကို အဆင့်မြှင့်တင်ရသည့် အကြောင်းအရင်းမှာ အနီးကပ် ခုခံကာကွယ်ရေး လက်နက်တစ်ခုကို အလိုရှိသောကြောင့် ဖြစ်သည်။
စနစ်မှ ပြန်လည်ပေးသော အကြောင်းပြန်ချက်မှာ သတ်ဖြတ်မှတ် ငါးထောင်သာ ဖြစ်သည်။
သတ်ဖြတ်မှတ် ငါးထောင်ကိုတော့ ချန်းရီ ပိုင်ဆိုင်ထားသည်။
ချန်းရီက မဆိုင်းမတွပင် သဘောတူညီချက်ကို နှိပ်လိုက်၏။
သဲနာရီ အချိန်မှတ်စနစ် တစ်ခုက ထင်းခုတ်ဓား၏ အထက်တွင် ပေါ်လာသည်။
[၁၁:၅၉:၅၉]
ရုတ်တရက် ချန်းရီက နောက်ထပ် ကိစ္စတစ်ခုကို သတိရသွားသည်။
ခွေးနက်သွေး။
ခွေးနက်သွေးက ထူးဆန်းသောအရာများကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိစေနိုင်သဖြင့် ၎င်းကိုလည်း သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်သင့်ပေသည်။
ခွေးနက်သွေးကို ထုတ်ပြီး စမ်းသပ်ကြည့်ရင်ရော ဘယ်လိုနေမလဲ။
တွေးမိသည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်လိုက်သည်။
ချန်းရီက ပန်းကန်ကို ထပ်မံ ချထားလိုက်ပြီး ကားနောက်ခန်းထဲသို့ ဝင်ကာ ရှာဖွေလိုက်သည်။
မကြာမီမှာပင် အနည်းငယ် စေးကပ်နေသော ခွေးနက်သွေး အိတ်ငယ်လေးတစ်ခုက သူ့လက်ထဲသို့ ရောက်လာသည်။
သတ်ဖြတ်မှတ် တစ်မှတ်သာ အသုံးပြုလိုက်ရပြီး စစ်ဆေးမှု ရလဒ်ကို ရရှိလာခဲ့သည်။
[ပစ္စည်းအမည် - ခြောက်သွေ့လုနီးပါး ဖြစ်နေသော သာမန် ခွေးနက်သွေး]
[အမျိုးအစား - သာမန် သဘာဝလွန်ပစ္စည်း ကုန်ကြမ်း]
[ဇာစ်မြစ် - ၎င်းမှာ သာမန် ခွေးနက်တစ်ကောင်ထံမှ ထုတ်ယူထားသော သာမန် ခွေးနက်သွေး ဖြစ်သည်]
[သုံးသပ်ချက် - ဤပစ္စည်းသည် ယေဘုယျအားဖြင့် ထူးဆန်းသောအရာများကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိစေနိုင်သော်လည်း ဤကဲ့သို့သော သာမန် ခွေးနက်သွေးကို အသုံးပြု၍ ထူးဆန်းသောအရာများကို သတ်ဖြတ်လိုပါက အိမ်မက်မက်နေခြင်းမျှသာ ဖြစ်ပေလိမ့်မည်]
ချန်းရီက ပြောစရာစကားပင် ဆွံ့အသွားသည်။ ဤပစ္စည်းမှာ ထိုမျှလောက် တန်ဖိုးမကြီးကြောင်းကို သူ သိထားပြီး ဖြစ်သည်။
သို့သော် ဤမျှလောက်အထိ သာမန်ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
စစ်ဆေးမှု ရလဒ် တစ်ခုလုံးတွင် "သာမန်" နှင့် "ယေဘုယျ" ကဲ့သို့သော စကားလုံးများသာ အပြည့်ဖြစ်နေသည်။
ချန်းရီက လက်ရှိ လုပ်ဆောင်နေသော အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်ကို ချက်ချင်း ဖျက်သိမ်းလိုက်သည်။
စနစ်က သဘာဝလွန်ပစ္စည်း ကုန်ကြမ်းဟု သတ်မှတ်ထားပြီးမှတော့ သာမန် သဘာဝလွန်ပစ္စည်း ကုန်ကြမ်းပဲ ဖြစ်နေပါစေတော့။
ဒါကလည်း အဆင့်မြှင့်တင်လို့ ရသင့်ပြီး အတိုင်းအတာတစ်ခုအထိတော့ အသုံးဝင်နိုင်သေးသည်။
ဘာမှမရှိတာထက်စာရင်တော့ ရှိတာက ပိုကောင်းပါသေးသည်။
ခွေးနက်သွေးက ထူးဆန်းသောအရာများအပေါ် သက်ရောက်နိုင်သည့် အာနိသင်ကိုပါ ထိန်းသိမ်းထားနိုင်မည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
သို့ဆိုလျှင် နောက်ပိုင်း၌ ထင်းခုတ်ဓား၏ ဓားသွားပေါ်သို့ ခွေးနက်သွေးကို အမြဲတမ်း သုတ်လိမ်းနေစရာ လိုတော့မည် မဟုတ်ပေ။
ယခင်က ချန်းရီသည် ထင်းခုတ်ဓားကို ခွေးနက်သွေးဖြင့် စိမ်ထားခဲ့သည်။
နောက်ပိုင်းတွင် ခွေးနက်သွေး မလောက်ငတော့သဖြင့် ချန်းရီက ဓားသွားပေါ်သို့ ခွေးနက်သွေးကို သုတ်လိမ်းခဲ့ရသည်။
အချိန်အတိုင်းအတာ တစ်ခုကြာတိုင်း ခွေးနက်သွေးများ ပွတ်တိုက်ပျက်ပြယ်သွားသဖြင့် ပြန်လည် သုတ်လိမ်းရသည်မှာ အလွန် အလုပ်ရှုပ်လှသည်။
ပေါင်းစပ်လိုက်သော သဘာဝလွန်ပစ္စည်း အသစ်က ခွေးနက်သွေး၏ ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားနိုင်ပါစေဟု မျှော်လင့်ရမည်သာ။
ချန်းရီက ခွေးနက်သွေးကို အစီအစဉ် အသစ်ထဲသို့ ထည့်သွင်းလိုက်သည်။
စနစ်က အကြောင်းပြန်ချက်ကို လျင်မြန်စွာ ပေးပို့လာသည်။
အဆင့်မြှင့်တင်ရန်အတွက် သတ်ဖြတ်မှတ် ငါးထောင့်ငါးရာ လိုအပ်သည်။
သတ်ဖြတ်မှတ် ငါးရာ ပိုများသွားသည်။
သတ်ဖြတ်မှတ် ရှစ်ထောင်ထဲမှ ငါးထောင့်ငါးရာကို အသုံးပြုလိုက်သဖြင့် သူ့ထံတွင် နှစ်ထောင့်ငါးရာသာ ကျန်ရှိတော့သည်။
ဤ နှစ်ထောင့်ငါးရာကလည်း အရေးပေါ် လိုအပ်ချက်များကို ဖြေရှင်းရန် လုံလောက်ပေသည်။
အချိန်ကလည်း ယခင် (၁၂) နာရီမှ (၁၂) နာရီခွဲသို့ ပြောင်းလဲသွားခဲ့သည်။
ဆိုလိုသည်မှာ ယနေ့ည ကိုးနာရီခွဲခန့်တွင် အဆင့်မြှင့်တင်မှု ပြီးဆုံးနိုင်မည် ဖြစ်သည်။
ထင်းခုတ်ဓား၏ အထက်တွင် အဆင့်မြှင့်တင်မှု သဲနာရီ အချိန်မှတ်စနစ်က ပြန်လည် ပေါ်လာသည်။
[၁၂:၂၉:၅၉]
[၁၂:၂၉:၅၈]
"သတိ... သတိ... နောက်ဆယ်မိနစ်နေရင် ထွက်ခွာမယ်"
"နောက်ဆယ်မိနစ်နေရင် ထွက်ခွာမယ်"
ဦးလေးအားပေါင်၏ အသံချဲ့စက်သံက ထပ်မံ ထွက်ပေါ်လာသည်။
ချန်းရီ၏ ခေါက်ဆွဲ တစ်ပန်းကန်လည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ပန်းကန်ဆေးမယ့် ကိစ္စကတော့...
ချန်းရီက ပန်းကန်လုံးထဲသို့ သောက်ရေသန့် အနည်းငယ်ကို လောင်းထည့်လိုက်သည်။
အနည်းငယ် လှုပ်ခါလိုက်ပြီး အရသာ ကျန်ရှိနေသေးသော ပန်းကန်ဆေးရေကို တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်၏။
ဒီနေရာက သဲကန္တာရဖြစ်ပြီး မည်သည့် ရေအရင်းအမြစ် အနည်းငယ်မျှမဆို ယှဉ်ပြ၍ မရနိုင်လောက်အောင် အလွန်တရာ အဖိုးတန်လှသည်။
ကားပြင်သည့် ကိရိယာများနှင့် အခြားပစ္စည်းများကို အနည်းငယ် သိမ်းဆည်းလိုက်ပြီးနောက် ချန်းရီက ကားတံခါးကို ဖွင့်ကာ ယာဉ်မောင်းခန်းထဲသို့ ဝင်ထိုင်လိုက်သည်။
အသစ်စက်စက် ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကား၏ ပထမဆုံးအကြိမ် ကမ္ဘာပျက်ကပ် ရွှေ့ပြောင်းခရီးစဉ်က မကြာမီ စတင်တော့မည် ဖြစ်သည်။
ညရောက်လျှင် သူ့အတွက် ပိုင်ဆိုင်သော ပထမဆုံး သဘာဝလွန်ပစ္စည်းကို ရရှိတော့မည် ဖြစ်သည်။
နေ့သစ်တစ်နေ့သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေတော့သည်။
ဆက်ရန်...